မူလတန်းကျောင်းသားလေးတွေလို စကားများရန်ဖြစ်
Vol. 8 Ch. 100
ရုပ်ရှင်ရုံ၏အရှေ့တန်းတွင်ဖြစ်သည်။
ချီရှောင်ပိုင်၏ အကြည့်တွေက အေးစက်နေကာ ပိတ်ကားကို ကြည့်နေသည်။
သူ့ဘေးပတ်ပတ်လည်မှ နှာရှုံ့သံများ ပိုကြားလာရသည့်အခါ သူက ဟိုဘက် ဒီဘက် လှည့်ကြည့်ခဲ့သည်။
သူက ဘာကြောင့် ငိုနေမှန်း မသိသဖြင့် ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။
ရုပ်ရှင်လှည့်ကွက်က သူမျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်သည်။
ဒါရိုက်တာက ကင်မရာရိုက်ချက်များမှတစ်ဆင့် အသိပေးကာ ရုပ်ရှင်နောက်ခံတေးကိုပင် ပြောင်းခဲ့သေးသည်။
စေ့စပ်သေချာသည့် မြှုပ်ကွက်များ၊ ကြာရှည်စွာ မြှုပ်နှံထားသည့် လှည့်ကွက်များက တခြားသော ပရိသတ်တွေကို သနားစေကာ ဝမ်းနည်းစေခဲ့သည်။
ဇာတ်လမ်းအတက်အကျအပေါ် စိတ်ခံစားချက်ဖြစ်ရမည်ထက် သူက အသေးစိတ်များမှ ဖြစ်နိုင်ခြေရှိသည့်ရလဒ်ကို ရှာခဲ့သည်။
ထို့ကြောင့် သူက ထိုဒါရိုက်တာကို လေးစားခြင်း ဖြစ်သည်။
ချီရှောင်ပိုင်က ခေါင်းလှည့်သည့်အခါ သူ့မိဘများ သူ့ကိုတွေ့သွားမည်စိုးသဖြင့် သူက နှာခေါင်းစွပ်ကို အပေါ်ကိုဆွဲတင်ပြီး မျက်လုံးထောင့်မှ ပတ်ဝန်းကျင်ကို သတိထားစွာ ကြည့်ခဲ့သည်။
သူ၏ အေးစက်သည့် မျက်ဝန်းများက ရုတ်တရက် တောင့်ခဲသွားခဲ့သည်။
မထင်မှတ်ထားစွာပင် သူ့ဘေးရှိ မိန်းကလေးကလည်း သူ့ကဲ့သို့ အေးစက်တည်ငြိမ်နေသည်။
နောက်ဆုံးတော့ ရုပ်ရှင်ပြီးသွားကာ ရုံထဲ မီးလင်းလာသည်။
ရုပ်ရှင်ရုံထဲတွင် လက်ခုပ်သံများညံနေသည်။
လက်ခုပ်သံများကြားမှ ရုပ်ရှင်ဇာတ်ကောင်များ၊ အရေးကြီးသည့်အခန်းမှ ပံ့ပိုးပေးသူများ၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့က စင်နောက်မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူတို့က လူတိုင်းကို လက်ဝေ့ယမ်းပြကာ နှုတ်ဆက်ခဲ့သည်။
ဝန်ထမ်းက စင်ပေါ်သို့ ထိုင်ခုံများနှင့် မိုက်များကို ယူသွားခဲ့သည်။
ရုပ်ရှင်ပြီးသည့်နောက်တွင် မိတ်ဆက်ပွဲလုပ်ကြသည်။
ဒါရိုက်တာက ထိုရုပ်ရှင်ရိုက်ရသည့် မူလရည်ရွယ်ချက်ကို ပြောခဲ့ပြီး သရုပ်ဆောင်များက ရိုက်ကူးနေစဉ် ကြုံခဲ့သည့် ဟာသအဖြစ်အပျက်များကို ပြောပြနေသည်။
နောက်ဆုံးတော့ မိုက်က ထုတ်လုပ်သူ လက်ထဲရောက်သွားခဲ့သည်။ ကြေငြာပေးသူက ပရိသတ်များထဲက တစ်ယောက်ကိုရွေးပြီး စင်ပေါ်တက်ကာ မေးခွန်းများမေးဖို့ ရွေးမည်ဖြစ်သည်။
အခြေအနေ မဟန်တော့သည်ကို ချီရှောင်ပိုင်တွေ့တော့ ဦးထုတ်အမြန်ဆောင်းလိုက်သည်။
အရှေ့တန်းက ထိုင်နေသူများက တက်ကြွစွာ ပါဝင်ချင်ကြသော်လည်း သူက ခေါင်းငုံ့ကာ တိတ်တဆိတ် ထွက်ပေါက်သို့ သွားခဲ့သည်။
ချီရှားက ရှုပ်ထွေးသွားခဲ့သည်။
သူက ရုပ်ရှင်ကြည့်သည့် တစ်လျှောက်လုံး အဘယ်ကြောင့် ဦးထုတ်နှင့် မတ်စ် တပ်ထားကြောင်း သိချင်နေခဲ့သည်။
စောစောစီးစီး ထွက်သွားခြင်းက ပို၍ ကို့ရို့ကားယားနိုင်နေသည်။
စင်ပေါ်တွင် ထုတ်လုပ်သူက မိုက်ကိုမြှောက်ကာ ပရိသတ်တစ်ဦးချင်းဆီကို ကြည့်နေသည်။
တစ်စုံတစ်ခုကိုမြင်လိုက်သဖြင့် ရုတ်တရက် မျက်လုံးပြူးသွားသည်။
ထုတ်လုပ်သူက လျင်မြန်စွာပင် သူ့အမူအရာက မူလအတိုင်းပြန်ဖြစ်သွားသည်။ သူက အရှေ့တန်းက စိတ်အားထက်သန်နေသည့် ပရိသတ်တစ်ဦးကိုရွေးကာ မေးခွန်းမေးစေခဲ့သည်။
သူတို့ ရုပ်ရှင်ရုံထဲက ထွက်လာပြီးသည့်နောက်တွင် ရောက်ခါစကလို လေထုက လတ်ဆတ် မနေတော့ပေ။
လေကောင်းလေသန့် မရဘဲ မိုးရွာခါနီး ဖြစ်နေသည်။
ရှန်းမူမူက ချီမော့၏ ကုတ်အင်္ကျီကို ဝတ်ထားဆဲဖြစ်ကာ သောက်လို့မကုန်သေးသည့် လိမ္မော်ဖျော်ရည်ကို ကိုင်ထားသည်။
ချန်ကျိုးက ဗိုက်ကိုကိုင်ကာ လူတိုင်းကို မေးလိုက်သည်။ “နည်းနည်းဗိုက်ဆာနေတယ်၊ အတူတူ တစ်ခုခုသွားစားကြမလား။”
“ကောင်းတယ်။” ရုပ်ရှင်လှည့်ကွက်ကြောင့် ဝမ်းနည်းထားရကာ ဗိုက်ဆာနေသဖြင့် အားပြန်ဖြည့်ရန် စားကောင်းသောက်ကောင်းလိုနေသဖြင့် သူမက ပထမဆုံး ချန်ကျိုး၏ စကားကို ထောက်ခံလိုက်သည်။
ရှန်းမူမူနှင့် ချီမော့ကလည်း ခေါင်းငြိမ့်လိုက်သည်။
အနီးအနားတွင် ကွမ်းတုံစားသောက်ဆိုင်ရှိကြောင်း ချန်ကျိုးက မှတ်မိသဖြင့် ထိုသို့သွားရန် အကြံပြုလိုက်သည်။
သွားရမည့်နေရာက နီးသဖြင့် သူတို့က ကားနှင့်မသွားဘဲ လမ်းလျှောက်သွားခဲ့သည်။
လမ်းတွင် ချောင်လီနှင့် ချန်ကျိုးက အရှေ့မှလျှောက်နေသည်။
ချန်ကျိုးက ရုပ်ရှင်ရုံတွင် ငိုခဲ့သည့် ချောင်လီကို စနောက်နေကာ ချန်ကျိုးက မငိုနိုင်အောင် အသည်းမာကြောင်း ချောင်လီက ပြန်ချေပနေသည်။
တစ်ယောက်နှင့် တစ်ယောက် ငြင်းခုန်ရင်း အချင်းချင်း ကကောက်ကဆ စဖြစ်ခဲ့သည်။
သူတို့အနောက်တွင် ရှိနေသည့် ရှန်းမူမူက သူတို့၏ စကားများသံကြောင့် တိတ်တခိုး ရယ်မောခဲ့သည်။
သူမက ခေါင်းငုံ့ကာ ဘေးကလူကို ပြောလိုက်သည်။ “သူတို့က မူလတန်းကလေးတွေ ရန်ဖြစ်နေတာနဲ့ မတူဘူးလား၊ ဘယ်လိုထင်လဲ။”
သူမ စကားကြောင့် ချီမော့က အရှေ့ကနှစ်ယောက်ကို ကြည့်လိုက်သည်။
ချီမော့က ရှန်းမူမူ၏ စကားကို ထောက်ခံလိုက်သည်။
ရှန်းမူမူက ရယ်မောလျက် လက်ထဲက လိမ္မော်ဖျော်ရည်ကို သောက်လိုက်သည်။
လိမ္မော်ဖျော်ရည်ကို သောက်ကုန်ပြီးသည့်နောက်တွင် သူမက ဘေးကိုကြည့်လိုက်သည်။
အမှိုက်ပုံး မတွေ့သဖြင့် သူမက ခွက်ကို ဆက်ကိုင်ထားလိုက်သည်။
သိပ်မကြာခင်တွင် သူမဘေးကလူက လက်မြှောက်ကာ အချက်ပြသဖြင့် ဘာမှမတွေးပဲ ခွက်အလွတ်ကို ကမ်းပေးလိုက်သည်။
ချီမော့က သူမထံက ခွက်အလွတ်ကို ယူသွားခဲ့သည်။
သူက လက်ကိုနောက်ပြန်ထားကာ ဘာမှမဖြစ်သကဲ့သို့ ရှေ့ဆက်လျှောက်ခဲ့သည်။
သူက နူးညံ့တိုးလျသည့်အသံဖြင့် မေးခဲ့သည်။ “ရုပ်ရှင်က ကောင်းလား။”
ရှန်းမူမူက စကားထဲစိတ်ဝင်စားနေကာ သူမက ခွက်အလွတ်ကို ကမ်းပေးလိုက်သည်ကို သတိမထားမိဘဲ သူမက ပြန်ဖြေလိုက်သည်။ “ရုပ်ရှင်ဇာတ်ကွက် အကူးအပြောင်းတွေနဲ့၊ နောက်ခံတေးတွေကိုလည်း သဘောကျတယ်။”
ချီမော့က သူမ ခြေလှမ်းအတိုင်း လိုက်နှေးလိုက်သည်။
သူ့အသံက ပေါ့ပါးနေသည်။ “အင်း၊ ကိုယ်လည်း အဲ့လိုထင်တယ်။”
ရှန်းမူမူက ရုပ်ရှင်နှင့် ပတ်သက်သည့် စိတ်ခံစားချက်များအားမျှဝေပြီး လက်တစ်ချောင်းထောင်ကာ အသားပေးပြောလိုက်သည်။ “အကောင်းဆုံး အပိုင်းကတော့…”
“ရုတ်တရက် ဖြစ်သွားတဲ့ အဆုံးသတ်။” ချီမော့က လှည့်ကြည့်ကာ သူမရဲ့ စကားကို ဆုံးအောင်ပြောပေးပြီး သူ့မျက်ဝန်းက ရယ်ချင်စိတ်သန်းနေသည်။
“ကျွန်မ ဒါပြောမယ်ဆိုတာ ရှင်က ဘယ်လိုသိတာလဲ။” ရှန်းမူမူက မယုံကြည်နိုင်စွာ မျက်တောင်ခတ်လိုက်သည်။ “အဆုံးသတ်က ကောင်းတယ်၊ တွေးတောစရာတွေ ချန်ခဲ့တယ်၊ လူတိုင်း ကြိုက်သလို တွေးနိုင်တယ်၊ ကျွန်မ အဲဒါကို သိပ်ကြိုက်တာပဲ။”
ချီမော့၏ နှုတ်ခမ်းတွေက အနည်းငယ် ကွေးသွားကာ ညမှာ သူ၏ ချောမောသည့် ပုံရိပ်က ထင်းနေသည်။
“အင်း ဒါလည်း ကိုယ် အကြိုက်ဆုံးအပိုင်းပဲ။”
သူတို့နှစ်ဦးက လမ်းလျှောက်ရင်း စကားပြောနေသည်။
ရုပ်ရှင်အကြောင်းများမှ မနက်ဖြန် ချီရှောင်ပိုင်ဖြေရမည့် စာမေးပွဲအကြောင်းတွေအထိ ပြောခဲ့ကြသည်။
အမှိုက်ပုံးနားက ဖြတ်သွားသည့်အခါ ချီမော့က ခွက်အလွတ်ကို ပစ်ခဲ့သည်။
ထိုအခါမှ ရှန်းမူမူက နားလည်သွားခဲ့သည်။
ဘယ်အချိန်က ခွက်အလွတ်ကို ယူသွားတာလဲ။
ထူးဆန်းလိုက်တာ၊ သူမ သတိတောင်မထားမိဘူး။
ချန်ကျိုးပြောသည့် ကွမ်းတုံစားသောက်ဆိုင်တွင် ချောင်လီက ဒိုင်ခံကာ စားစရာများ မှာခဲ့သည်။
သူမက အစားအသောက်မှာသည့်နေရာတွင် တော်သောကြောင့် မဟုတ်ဘဲ သူမ ဝမ်းကွဲအစ်ကို ဇနီးမောင်နှံက စကားပြောနေသောကြောင့် ဝင်မနှောက်ယှက်ချင်၍ဖြစ်သည်။
ချီရှောင်ပိုင်၏ စာမေးပွဲအကြောင်းမှ ရုပ်ရှင်အကြောင်း ပြန်ရောက်သွားခဲ့သည်။
ဟင်းပွဲများ ရောက်လာသည့်အခါ ရှန်းမူမူက မေးထောက်ကာ ပါးကို လက်ဖြင့် တောက်ရင်း တွေးနေသည်။
သူမက မျက်မှောင်ကြုတ်ပြီး ချီမော့ကို မေးလိုက်သည်။ “ဒီရုပ်ရှင်ကို ဘယ်လောက် ရင်းနှီးမြှုပ်နှံထားတယ်လို့ထင်လဲ။”
ထိုစကားကြားတော့ ဇွန်းခရင်းအထုတ်အား ဖောက်နေသည့် ချန်ကျိုး၏ လက်များ ရပ်တန့်သွားခဲ့သည်။
တူညီသည့် စိတ်ခံစားချက်ကို ရနေသည်။
အစ်မရှန်းက အစ်မရှန်းသာ ဖြစ်သည်။
သူမက ရုပ်ရှင်ကြည့်လျှင်တောင် စီးပွားရေးတန်ဖိုးကို တွေးဖို့ မမေ့ပေ။
ထိုသို့သော စီးပွားရေးကို ဦးဆောင်နိုင်သည့် အစွမ်းက လေးစားအတုယူဖို့ကောင်းသည်။
ချီမော့၏ ပုံစံက ပျင်းရိပျင်းတွဲဖြင့် ထိုင်ခုံကိုမှီထိုင်ထားသည်။
သူ၏ မျက်လုံးထဲ ဝေဖန်သုံးသပ်ခြင်းနှင့် ရယ်ချင်စိတ်လေး သန်းနေသည်။
“၃ လောက်ပေါ့။”
ထိုအချိန်တွင် ကွမ်းတုံစားသောက်ဆိုင်သို့ ရိုက်ကူးရေးအဖွဲ့များ ရောက်လာခဲ့သည်။
စားပွဲဝိုင်းရှိလူတွေက လှည့်ကြည့်လိုက်သည်။
ချီမော့မှလွဲ၍ ကျန်သည့်သုံးယောက်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ထင်ဟပ်နေသည်။
ညစာစားရင်း နာမည်ကျော်အနုပညာရှင်များဖြင့် ဆုံရမည်ဟု မထင်ထားမိခဲ့ပေ။
ကံကောင်းလိုက်တာ။
စားပွဲအောက်တွင် ချောင်လီက ရှန်းမူမူ၏ လက်ကို ညှစ်လိုက်သည်။
“အစ်မရေ ဒါရိုက်တာချောင်ဆီက လက်မှတ်လိုချင်လိုက်တာ၊ ကျွန်မက သူ့ပရိသတ်လေ။”
ရှန်းမူမူက သူမ လက်ကို ပြန်ဆုပ်ကိုင်ခဲ့သည်။ “သရုပ်ဆောင်တွေရဲ့ လက်မှတ်လည်း လိုချင်တယ်၊ သူတို့တွေက နာမည်ကြီးဖြစ်လာနိုင်တယ်။”
လက်မှတ်တွေက အလွန်ဈေးရနိုင်သည်။
ထိုအချိန်မှာပင် ရုပ်ရှင်အဖွဲ့ထဲကတစ်ယောက်က သူတို့ကိုတွေ့သွားကာ သူ့မျက်လုံးများ တောက်ပသွားခဲ့သည်။
အနောက်ရှိလူများကို စကားပြောပြီးနောက် ထုတ်လုပ်သူ၊ ဒါရိုက်တာနှင့် အဓိကသရုပ်ဆောင်များက သူတို့ဆီ လာနေလေသည်။
အနားနီးလေလေ ရှန်းမူမူနှင့် ချောင်လီတို့၏ လက်က ပို၍ တင်းကြပ်စွာ ကိုင်ထားလေသည်။
ရှန်းမူမူက အသံတိုးကာ ပြောလိုက်သည်။ “လီလီ စောနက ငါတို့ အကျယ်ကြီး ပြောလိုက်မိတာလား၊ သူတို့ ကြားသွားတာများလား။”
ချောင်လီ၏ လက်ကလည်း ချွေးအနည်းငယ်ထွက်နေသည်။
“ရင်တုန်လိုက်တာ အစ်မရေ၊ သူတို့က ဒီကို လာနေတာ။”
ထုတ်လုပ်သူက အနားရောက်တော့ တည်ငြိမ်လှသည့်လူကို လေးစားစွာ ပြုံးပြခဲ့သည်။
“ဥက္ကဌချီကို စောနကတည်းက ပရိသတ်တွေကြားထဲ တွေ့လိုက်ရလို့ အလန့်တကြားဖြစ်နေတာ၊ အခုလို ထပ်ဆုံရမယ်လို့ မထင်ထားမိဘူး၊ ဒီရုပ်ရှင်မှာ မြှုပ်နှံပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။”
***