ချွေးမလေးက ချစ်ဖို့ကောင်းတယ်
Vol. 8 Ch. 103
“ဘာ၊ မပြင်ရသေးဘူး ဟုတ်လား။”
ရှန်းမူမူက သူမ ယောက္ခမထံ ပဲနီလေးနှင့်သကြားတစ်ဝက် milk tea ကို သွားပေးရင်း ဧည့်ခန်းက အသံကို ကြားလိုက်လေသည်။
ဝင်ပေါက်ကိုဖြတ်သွားသည့်အချိန်မှာပင် ဖုန်းယောင်ချင်က ဖုန်းချလိုက်သည်။
သူမ၏ ချွေးမဖြစ်သူ ဝင်လာသည်ကိုမြင်တော့ ဖုန်းယောင်ချင်က ပြောပြလေသည်။ “မူမူ၊ ဘောက်စ်က မပြင်ရသေးဘူးတဲ့၊ ဒီနေ့လည်း သွားကလို့ မရသေးဘူး။”
ရှန်းမူမူက ဖောက်ပြီးသားသည့် milk tea ဘူးကို ပေးလိုက်သည်။
“အမေ စိတ်ရှုပ်နေတာတွေ ပျောက်အောင် အချိုသုံးဆောင်ပါဦး။”
ဖုန်းယောင်ချင်က စိတ်တိုနေပုံရသော်လည်း milk tea ကို ယူကာ အနည်းငယ် သောက်လိုက်သည်။
မကခုန်ရပါက ဘဝက ပျင်းဖို့ကောင်းသည်။
ချွေးမလေးက အချိုရည်လေးယူလာပေးလို့ တော်သေးသည်။
သူမက အအေးသောက်နေရင်း တစ်ခုခုကို တွေးမိသွားသကဲ့သို့ မျက်လုံးအရောင်လက်သွားလေသည်။
“ဟုတ်သားပဲ၊ မေးဖို့ မေ့နေတာ၊ မနေ့က ရုပ်ရှင် ဘယ်လိုလဲ၊ လီလီနဲ့ ချန်အာကော အဆင်ပြေရဲ့လား၊ သူတို့ ရေရှည်မြဲနိုင်လား။”
သူမ ယောက္ခမ၏ မျှော်လင့်ချက်ပြည့်နေသည့်မျက်နှာ၊ လူငယ်မျိုးဆက်အပေါ် စိုးရိမ်နေပုံကိုမြင်တော့ ရှန်းမူမူက အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရလေသည်။
လီလီနှင့် ချန်အာက ဟန်ဆောင်တွဲနေကြောင်းကို သူမ ပြောလို့ မရပေ။
သူတို့ဆက်ဆံရေးက အဆင်ပြေကြောင်းလည်း လိမ်လို့ မရပေ။
ရှန်းမူမူက တွေးတောပြီးနောက် ပြန်ဖြေလိုက်သည်။ “အမေ လီလီကို စိတ်မပူပါနဲ့၊ သူက ငယ်သေးတယ်၊ အလျင်မလိုပါနဲ့၊ အခြေမကျခင် လူတွေနဲ့ ဒိတ်တာက ပုံမှန်ပဲ မဟုတ်လား၊ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းမှန်မှန် ရွေးသင့်တယ်။”
ရှန်းမူမူ၏ စကားတွေက အဓိပ္ပာယ်ရှိသည်ဟု ဖုန်းယောင်ချင်က ခံစားမိပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ “မှန်ပါတယ်လေ၊ လီလီက ၂၅တောင် မရှိသေးဘူး၊ ငါက အလျင်လိုနေတာ။”
သူမက စကားပြောပြီးနောက်တွင် milk teaဘူးကို စားပွဲပေါ်တင်ပြီး ရှန်းမူမူလက်ကိုကိုင်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။ “လီလီထက်စာရင် ငါနင့်ကို ပိုစိတ်ပူတယ် မူမူ။”
ရှန်းမူမူ၏ ကိုယ်ခန္ဓာက တောင့်တင်းသွားခဲ့သည်။ “....”
ဘုရားရေ ငါ့ဘက်လှည့်လာပြီ။
ယခုတော့ စကားခေါင်းစဉ်က “အလျင်စလို အိမ်ထောင်ချပေးခြင်း”မှ “အလျင်စလို ကလေးယူစေခြင်း” သို့ ပြောင်းခဲ့လေသည်။
ယခင်တစ်ခေါက်က သူမ ကလေးမယူသည့်အကြောင်းကို သူမယောက္ခမကို စကားလမ်းကြောင်းလွှဲခဲ့ကာ ယခုတော့ မလွတ်နိုင်တော့ပေ။
“မူမူ ဒါကို နင့်အမေက မပြောလောက်ဘူး၊ တကယ်က ကလေးစောယူတာက ပိုကောင်းတယ်။”
ဖုန်းယောင်ချင်က စိုးရိမ်စွာကြည့်ပြီး သူမ လက်ကို ပုတ်လိုက်သည်။
ရှန်းမူမူက ခပ်မှိန်မှိန်ပြုံးကာ အသံတိတ်၍ စကားလမ်းကြောင်း မည်သို့ပြောင်းရမည်ကိုတွေးနေသည်။
ဖုန်းယောင်ချင်။ “နင်လည်း ငယ်သေးတော့ ငါက ကလေးကူထိန်းပေးလို့ ရတယ်၊ ရှောင်ပိုင်က ငါနဲ့ ကြီးလာတာ မဟုတ်တော့ ငါ့ကို သိပ်မရင်းနှီးဘူး၊ ငါ ဒါကို နောင်တရမိတယ်၊ ဒါကြောင့် နင့်ကလေးကိုတော့ ကြီးတဲ့အထိ ငါထိန်းပေးချင်တယ်။”
ဖုန်းယောင်ချင်က အားတက်သရော ပြောခဲ့သည်။
သူမက အတွေ့အကြုံကြောင့် သူမရဲ့ သားနှင့် ချွေးမ ကလေးရရေးအတွက် အလွန်စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
အတိတ်တုန်းက လက်ထပ်ပြီးခါစ နှစ်အနည်းငယ်အထိ သူမ ကလေးမယူချင်ခဲ့ပေ။ သူမ ကလေးလိုချင်သည့်အချိန်တွင်တော့ သူမ ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ရန် မသင့်တော်တော့သဖြင့် ကလေးမွေးစားခြင်းကိုသာ လုပ်ခဲ့ရသည်။
သို့သော်လည်း သူမတို့မိသားစုက လိုက်လျောညီထွေရှိကာ ချီမော့ကလည်း သူမရဲ့ ကလေးအရင်းနှင့် မခြားနားပေ။
သို့သော်လည်း သူမ အရွယ်ရှိစဉ်က ကျန်းမာရေး ဂရုစိုက်ခဲ့လျှင် ကိုယ့်သွေးသား နှစ်ယောက်၊ သုံးယောက်လောက် မွေးနိုင်မည်ဟူသော အတွေးတွေးခြင်းကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။
သူမ၏ ခင်ပွန်းက ထုတ်မပြောခဲ့သော်လည်း ကိုယ့်သွေးသားအရင်းကို လိုချင်နေမည်ကို သူမ သိသည်။
သူမရဲ့ နောင်တတရားက ယခုဘဝတော့ ပြန်ပေးဆပ်လို့ မရတော့ပေ။
သူမ၏ ချွေးမလေးက အလုပ်ရှုပ်လှသဖြင့် ကလေးယူလို့ရမည့်အချိန်ကို မလွတ်သွားစေချင်ပေ။
အချိန်ခဏလောက်တွေးပြီးသည့်နောက်တွင် ရှန်းမူမူက အဖြေရှာတွေ့သွားခဲ့သည်။
သူမက သူမ ယောက္ခမလက်ထဲက သူမလက်ကို ပြန်ဆွဲထုတ်ပြီး သူမယောက္ခမရဲ့ ပုခုံးကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “အမေ ကျွန်မမှာ အကြံရှိတယ်။”
ဖုန်းယောင်ချင်။ “ဘာအကြံလဲ။”
“အမေ ဒီညနေ အက သွားကလို့ ရအောင် ဘောက်စ်အသစ်ဝယ်လို့ရတယ်မလား။” ရှန်းမူမူက ပြောလိုက်သည်။ “အမေတို့အဖွဲ့ ကဖို့ ကျွန်မက စပွန်ဆာပေးမယ်၊ ဘယ်လိုလဲ။”
ဖုန်းယောင်ချင်က ကြက်သေသေသွားခဲ့သည်။ “....”
အို၊ သူမ ဘာဖြစ်လို့ ဘောက်စ်အသစ်ဝယ်ဖို့ကို မတွေးမိခဲ့ပါလိမ့်။
သူမက ဘောက်စ်အသစ် မဝယ်ဘဲ ကရမည့်နေ့ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သေးသည်။
“ကောင်းလိုက်တဲ့အကြံ။”
ဖုန်းယောင်ချင်၏ အမူအရာကိုကြည့်ပြီးနောက်တွင် ရှန်းမူမူက သူမရဲ့ အစီအစဉ် အလုပ်ဖြစ်သွားကြောင်း သိလိုက်သည်။ သူမ၏ ယောက္ခမက အာရုံပြောင်းသွားပြီဖြစ်သည်။
ဖုန်းယောင်ချင်၏မျက်နှာက ဝင်းလက်နေကာ ထိုသတင်းကောင်းကို အကအဖွဲ့၏ wechatထဲ မျှဝေလိုက်လေသည်။
ဖုန်းမျက်နှာပြင်တစ်ခုလည်း စာစောင်များဖြင့် ပြည့်သွားလေသည်။
[အခုညနေ ငါတို့ ကလို့ရပြီ၊ ဖုန်းအာရဲ့ ချွေးမလေးကို ကျေးဇူးတင်ပါတယ်။]
[အိုး… အန်တီရေ အန်တီ့ချွေးမလေးကို ကျေးဇူးတင်ပါတယ်ရှင်]
[အခုပဲ ညနေတစ်ရေးနိုးနိုးခြင်း သတင်းကောင်းကြားလိုက်ရတာပဲ၊ အစ်မဖုန်းရဲ့ ချွေးမလေးကို ကျေးဇူးတင်ပါတယ်နော်။]
“ကြည့်… လူတိုင်းက နင့်ကို ကျေးဇူးတင်နေတယ်။” ဖုန်းယောင်ချင်က ပြုံးကာ ရှန်းမူမူကို ဖုန်းပြလိုက်သည်။
ရှန်းမူမူက ကိစ္စမရှိကြောင်းကို အသံဖိုင်ဖြင့် ပို့ကာ ပြန်ပြောကြားခဲ့သည်။
ထို့နောက် ဖုန်းယောင်ချင်၏ ဖုန်းဖြင့် စာပို့လိုက်သည်။
[အန်တီတို့ ဦးလေးတို့ နေကောင်းကျန်းမာကြပါစေရှင့်။ မစိုးရိမ်ပါနဲ့နော်။]
လေသံက group chat ထဲကစာတွေနှင့် ကိုက်ညီနေသည်။
ည၇နာရီလောက်တွင် ရှန်းမူမူက ဖုန်းယောင်ချင်ကို အဖော်ပြုကာ ပန်းခြံကို သွားခဲ့သည်။
ယာဉ်မောင်းသမားက ဘောက်စ်အသစ်ကို ထုတ်ယူကာဖောက်လိုက်သည်။
ထို့နောက် ချိန်ညှိစရာများကို ချိန်ညှိပြီး ဘေးရှိ ဦးလေး၊ အန်တီများကို ရှင်းပြလိုက်သည်။
“ဦးလေး၊ အန်တီတို့ ဒါက AIစနစ် ပါတာကြောင့် သီချင်းပြောင်းချင်ရင် စကားနဲ့ ပြောပြီး ပြောင်းလို့ ရတယ်။”
လက်တွေ့ပြသမှုထဲဝင်ကာ ရှန်းမူမူက စကားပြောလိုက်သည်။ “ရှောင်အိုင်။”
ဘောက်စ်ထံမှ စက်ရုပ်သံ ထွက်လာသည်။ “ရှိပါတယ်။”
ရှန်းမူမူ။ “အကအဖွဲ့အတွက် သီချင်းဖွင့်ပေး။”
“ကောင်းပါပြီ။ အဖွဲ့လိုက်အကအတွက် နာမည်ကြီးသီချင်း အပုဒ် ၁၀၀ ဖွင့်ပေးလိုက်ပါတယ်။”
ထို့နောက် ရင်းနှီးသည့် သံစဉ် ထွက်လာခဲ့သည်။ “ဘယ်လောက်ပဲ ပျံသန်းနိုင်ပါစေ ဒီလို ပန်းတွေပြည့်နေတဲ့ ကမ္ဘာကနေ ထွက်မသွားနိုင်ဘူး၊ ငါက ရစ်မူးနေတဲ့ လိပ်ပြာလေးပဲ။”
လူအုပ်ကြီးက မျက်လုံးပြူးကာ တီးတိုးပြောကြလေသည်။
“ဝေါင်း။”
“နည်းနည်းတိုးတယ်။”
“လောင်လီ နားမကောင်းဘူးလား၊ ရှောင်အိုင်လို့ခေါ်တာ။”
“ဪ ရှောင်ဝေ။”
“ရှောင်အိုင်ပါဆို။”
“အို ရှောင်မင်။”
ရှန်းမူမူက စကားတွေကို နားထောင်ကာ ပြုံးနေသည်။
ဦးလေး၊ အန်တီတို့က ချစ်ဖို့ကောင်းကြသည်။
“ဘယ်လိုသုံးရမလဲသိတယ်၊ အိမ်မှာလည်း တစ်ခု ရှိတယ်။” ဦးလေးတစ်ယောက်က ထွက်လာကာ ပြောလိုက်သည်။ “ရှောင်အိုင် အနောက်ပင်လယ်ရဲ့ အချစ်သီချင်း ဖွင့်လိုက်။”
“ဦးလေးဟူ အဲ့သီချင်းက ဟောင်းနေပြီ။” အန်တီတစ်ဦးက ဖြတ်ပြောလိုက်သည်။ “ရှောင်အိုင် မှော်ဆန်တဲ့အဆိပ် သီချင်းဖွင့်လိုက်။”
သီချင်းသံက ပျံ့လွင့်နေသည်။
“အိုး… လူငယ်တွေ သိလိမ့်မယ်။”
“အင်း အိမ်မှာ ၇နှစ်အရွယ်မြေးလေးက တစ်ချိန်လုံးဆိုနေလို့ ကျွန်မတောင် သိနေပြီ။”
“ဒါဆို တစ်ကြောင်းဆိုပြ။”
“ဘာခက်လို့လဲ၊ မှော်ဆန်တဲ့အဆိပ်ရည် တစ်ခွက်ပေးပါ…”
“ပုလင်းလိုက် ယူမလား အစ်မယန်၊ အိုးလိုက်ယူမလား။”
ပန်းခြံထဲတွင် ရယ်သံတွေ ပျံ့လွင့်နေလေသည်။
အဝေးကကြည့်ကာ နားထောင်ပါက ထိုအသက်၆၀ကျော် ဦးလေး၊ အန်တီတို့ကလည်း လမ်းထဲစုကာ ကစားနေသည့် ကလေးတွေနှင့် မခြားပေ။
အသက်သာ ကြီးလာသော်လည်း စိတ်နေစိတ်ထားက ငယ်ရွယ်နုပျိုဆဲဖြစ်သည်။
***