မိန်းကလေး မင်းက နည်းနည်းနုံအနေတုန်းပဲ
Vol. 8 Ch. 94
မကြာသေးမီက ချောင်လီလည်း အလားတူ ပြဿနာများ ကြုံခဲ့သည်။
ဖုန်းယောင်ချင်က အောင်သွယ်ပေးသည့် ဝက်ဆိုဒ်တွင် ဗီအိုင်ပီ အဖွဲ့ဝင်ခဲ့သည်။
သူမက ချောင်လီအတွက် ချစ်သူရှာပေးရန် အောင်သွယ်တော်အား အလျင်စလိုတိုက်တွန်းခဲ့သည်။
ပထမတစ်ယောက်က တက္ကသိုလ် ပါမောက္ခဖြစ်သည်။
သူက ပညာတတ်တစ်ဦးဖြစ်ကာ ယဉ်ကျေးပြီး ချောင်လီထက် ခုနှနှစ်ကြီးသည်။
သူတို့က ဂျပန်စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့သည်။
ထိုလူ မေးခွန်းမမေးခင်အထိ စကားဝိုင်းက ပုံမှန်ဖြစ်ခဲ့သည်။
“လက်မထပ်ခင် မင်းရဲ့ ဟိုတယ် check inတွေကို စစ်လို့ရမလား။”
ချောင်လီက ထိတ်လန့်သွားကာ မယုံကြည်နိုင်ဖြစ်ခဲ့သည်။
ဟေး ဒါကြီးကို ပထမဆုံး တွေ့ဆုံတဲ့အချိန်မှာ ထုတ်ပြောတာတော့ တရားမလွန်လွန်းဘူးလား။
တစ်ဖက်လူက သူမရဲ့ မနှစ်မြို့မှုကို သတိထားမိတော့ ထိုလူက ပြုံးကာရှင်းပြခဲ့သည်။
“မိန်းကလေးချောင် စိတ်မရှိပါနဲ့၊ ကျွန်တော်က ဘလိုင်းဒိတ် လုပ်လာတာ ကြာပြီဆိုပေမယ့် သင့်လျော်တဲ့ လက်တွဲဖော်ကို မတွေ့သေးဘူး၊ အမှန်အတိုင်းပြောရရင် မင်းကို ကိုယ်တော်တော် သဘောကျတာကြောင့် ဒီလိုမေးလိုက်ရတာပါ၊ တကယ်လို့ တခြားလူသာဆိုရင်တော့ ကိုယ်မေးဖို့တောင် တွေးမှာ မဟုတ်ဘူး။”
“ကျွန်မ ရှင့်ကို မကြိုက်ဘူး။” ချောင်လီက ဖြတ်ပြောလိုက်သည်။ “စည်းဘောင်မရှိတဲ့လူတွေ ကျွန်မနဲ့ အဝေးဆုံးမှာ နေပေးပါ။”
သူမက စကားပြောပြီးသည်နှင့် အိတ်ကို ယူကာ ထွက်သွားခဲ့သည်။
ဒုတိယတစ်ယောက်က ကျန်းမာရေးလေ့ကျင့်ခန်းနည်းပြ ဖြစ်သည်။
သူက ချောင်လီနှင့် အသက်အတူတူဖြစ်ကာ ရုပ်ရည်ကြည့်ကောင်းပြီး ခန္ဓာကိုယ် အချိုးကျသည်။
သူမ ထိုလူကို သွားတွေ့သည့်အချိန်က band လေ့ကျင့်ရေး စတူဒီယိုက ထွက်လာသည့်အချိန်ဖြစ်သည်။
သူမက တမင်တကာ အလှမပြင်ခဲ့ပေ။ သူမရဲ့ ဖြူဖွေးနူးညံ့သည့် မျက်နှာက သဘာဝဆန်သည်။
မမျှော်လင့်ထားစွာပင် တစ်ဖက်လူနှင့်ဆုံသည့်အခါ တစ်ဖက်လူ ပြောလိုက်သည့်စကားက သူမကို ထိတ်လန့်စေခဲ့သည်။
ထိုလူက မျက်မှောင်ကြုတ်ကာ အထက်အောက် အဆုန်အဆန်ကြည့်ပြီး ရှုပ်ထွေးသည့် အသံဖြင့် ပြောလိုက်သည်။
“ဘာလို့ မိတ်ကပ် မလိမ်းလာတာလဲ။”
ချောင်လီ၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။ “???”
ဒီလူ ယဉ်ကျေးမှုမှ ရှိရဲ့လား။
ထိုလူက သူမ၏ မနှစ်မြို့သည့်ပုံကို သတိထားမိခဲ့ပုံရသည်။ သူက အထက်အောက် အစုန်အဆန် ထပ်ကြည့်ပြီး ပြောခဲ့သည်။ “မင်းက အချက်အလက်ထဲမှာတော့ အရပ်က ၁.၇မီတာ ရှည်တယ်လို့ ရေးထားပေမယ့် ငါ့အမြင်မှာတော့ အဲလောက် မရှိဘူးနော်၊ ငါက ၁.၈မီတာ အရပ်အမောင်းရှိတယ်။”
ချောင်လီက သူ့ကို ရင်ထဲက ကျိန်ဆဲနေခဲ့သည်။
ဘယ်သူက မေးလို့လဲ။
အပြင်ပန်းတွင်တော့ သူမက တည်ငြိမ်မှုကို ထိန်းသိမ်းကာ ပြောခဲ့သည်။ “ရှင်လည်း ၁.၈မီတာ အရပ်ရှည်ပုံ မရဘူးနော်၊ ချဲ့ကားပြောဆိုထားတာလား။”
တစ်ဖက်လူက ပို၍စိတ်မရှည်ဖြစ်လာကာ အမြန်ပြောလိုက်သည်။ “တကယ်၊ မနေ့ကတောင် တိုင်းခဲ့သေးတယ်။”
ချောင်လီက ပုခုံးတွန့်ပြလိုက်သည်။ “အဲလိုဆိုတော့လည်း ထားပါတော့။”
တစ်ဖက်လူက ဆက်လက်ငြင်းချင်သေးသော်လည်း ချောင်လီက စားပွဲထိုးလေးကို စားစရာများမှာနေကာ သူ့ကို လျစ်လျူရှုထားခဲ့သည်။
အာရုံစိုက်ခံချင်တဲ့လူဖြစ်ချင်နေတာလား။ ငယ်ပါသေးတယ်။
ချောင်လီက ဆယ်မိနစ်တောင် မကြာသေးခင်မှာပင် စားသောက်လို့ ပြီးသွားခဲ့သည်။
သူမက ပါးစပ်သုတ်ပြီး အိတ်ကိုယူကာ ထိုင်ခုံကို တွန်းပြီး ထရပ်လိုက်သည်။
သူမ ထွက်သွားတော့မည်ကိုမြင်တော့ တစ်ဖက်လူကလည်း ခုံမှ ထရပ်ခဲ့သည်။
“ငါပိုက်ဆံရှင်းလိုက်ဦးမယ်၊ ကားနားမှာ သွားစောင့်နေ၊ အပြင်က Mercedes-Benzက ငါ့ကားလေ။”
ချောင်လီက ယဉ်ကျေးစွာ ပြုံးပြပြီး ပြောခဲ့သည်။ “ကျွန်မ ဖုန်းနဲ့ ရှင်းပြီးသွားပြီ။”
ထိုလူက အံ့ဩစွာကြည့်ပြီး ပြောလိုက်သည်။ “အို အဲလိုလား၊ ဒါဆို ညကျ မုန့်စားတဲ့အချိန် ငါရှင်းမယ်။”
ချောင်လီ။ “...”
ထိုလူက သူမက ညအထိ သူနှင့်နေမည်ဟု ထင်နေပုံရသည်။
သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲလှသည်။
“ညစာ အစာပြေမုန့် ကျွေးစရာမလိုပါဘူး၊ အခုပဲ အိမ်ပြန်တော့မှာ။”
ထိုလူက ကြက်သေသေသွားပြီးနောက် ပြောလိုက်သည်။ “ငါကရော...။”
ချောင်လီက ရိုးအသော အသွင်ဖြင့် မျက်တောင်လေး ပုတ်ခတ်ပြကာ ပြောခဲ့သည်။ “အာ၊ ရှင့်မှာ အိမ် မရှိဘူးလား။”
သူမက လူကြီးမိဘများရှေ့တွင် ယဉ်ကျေးလိမ္မာသည့် သမီးအဖြစ် ကောင်းကောင်း ပြုမူတတ်သည်။ သူမ၏ ဖြူစင်ကာ ရှုပ်ထွေးနေသည့် အမူအရာလေးက အနေတော်ဖြစ်သည်။
သူမက လှောင်ပြောင်သည့်စကားက တစ်ဖက်လူကို မပျော်မရွှင် ဖြစ်စေသော်လည်း ပြန်တိုက်ခိုက်လို့လည်း မရပေ။
တစ်ဖက်လူက ဆွံ့အသွားပြီးနောက် ချောင်လီက သူ့ကို စိတ်မဝင်စားသည်ကို သဘောပေါက်သွားခဲ့သည်။
ဆက်လက်၍ မျက်မှာမပျက်စေရန်အတွက် သူက မျက်ခုံးပင့်ကာ ပြောခဲ့သည်။ “ကောင်းပြီ၊ အိမ်ပြန်ကြတာပေါ့၊ ဒီနေ့ ဘလိုင်းဒိတ်က စိတ်ကျေနပ်ဖို့ မကောင်းဘူးလို့ထင်တယ်။”
”အိုခေ၊ ဘိုင့်။” ချောင်လီက ဝတ်ကျေတန်းကျေ ပြန်ဖြေပြီးနောက်တွင် အိတ်ကိုဆွဲကာ တံခါးဆီ ထွက်သွားခဲ့သည်။
ခြေလှမ်း အနည်းငယ် လှမ်းပြီးသည့်နောက်တွင် တစ်ဖက်လူက တွေ့တွေ့ချင်း သူမ၏ အရပ်ကို လှောင်ပြောင်ခဲ့ပုံကို ပြန်မချေပရသေးကြောင်း သတိရသွားခဲ့သည်။
သူမက ချက်ချင်း ရပ်တန့်ပြီး ပြန်လှည့်ကြည့်ပြီးနောက် အားတုံ့အားနာအပြုံးဖြင့် ပြောခဲ့သည်။ “ဟုတ်သားပဲ၊ ဪ ပြောဖို့ မေ့နေတာ၊ ရှင့်sneakersက အတုနဲ့ တူတယ်နော်။”
သူမ၏ အသံက အတော်အသင့်ကျယ်သဖြင့် ဘေးဝိုင်းတွေ ကြားနိုင်သည်။
ဘေးဝိုင်းက လူများ၏ စပ်စုသည့် အကြည့်များက ထိုလူ၏ sneakersပေါ် ရောက်သွားခဲ့သည်။ ထိုလူ၏ မျက်နှာက နီရဲသွားပြီး သူ့ကိုယ်သူ ပြန်ခုခံချင်ခဲ့သည်။
ချောင်လီက သူ့ပြန်ဖြေသံကို မစောင့်ဘဲ ဟိတ်ဟန်ကြီးဖြင့် လမ်းလျှောက်ထွက်သွားခဲ့သည်။
ယောက်ျားတစ်ယောက်အတွက် ထိုစကားတစ်ခွန်းက တစ်ညလုံး စိတ်ထိခိုက်နေစေမည်ကို သူမ သိသည်။
အဟား ခံစားချက်လေးကောင်းလိုက်တာ။
သူမက စားသောက်ဆိုင်က ထွက်ပြီးသည့်နောက်တွင် ထိုကိစ္စများကို ရှန်းမူမူကို ပြန်ပြောပြဖို့ မစောင့်နိုင်တော့ပေ။
သူတို့နှစ်ဦးက ရက်အနည်းငယ်အတွင်း အတူတူပြဿနာ ကြုံနေရသဖြင့် နှစ်ဦးကြားက ဆက်ဆံရေးက ယခင်ကထက် ပိုကောင်းလာခဲ့သည်။
ချောင်လီ။ “ယောက်မ ဒီနှစ်ရက်အတွင် ကျွန်မ ဘလိုင်းဒိတ်မှာ ဘယ်လို ကြောင်တောင်တောင်တွေနဲ့ ဆုံခဲ့မှန်း မသိပါဘူး။”
ရှန်းမူမူက ချက်ချင်းပြန်ဖြေခဲ့သည်။ “ကျွန်မမှာ နားတွေပါတယ်၊ အကုန်ကြားချင်နေပြီ။”
ချောင်လီ။ “@$#?@$”
အကုန်လုံးနားထောင်ပြီးသည့်နောက်တွင် ရှန်းမူမူက မတ်တပ် မရပ်နိုင်သည်အထိ ရယ်ခဲ့သည်။
ချောင်လီက စိတ်ဆင်းရဲနေသည့် အီမိုဂျီ ပို့ခဲ့သည်။
ချောင်လီ။ “ကောင်းကင်ပေါ်ကနေ သာမာန်ဆန်တဲ့ အမျိုးသားတစ်ယောက် ပြုတ်ကျလာပြီး ကျွန်မ ရည်းစားအဖြစ် ဟန်ဆောင်ပေးပြီး အန်တီ့ရဲ့အစစ်အဆေးတွေကြားထဲက လွတ်အောင် ကူညီပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။”
ရှန်းမူမူက မစ်တီး သောက်နေခြင်းဖြစ်သည်။ သူမရဲ့ စာကိုမြင်ပြီးသည့်နောက်တွင် သီးသွားတာ ချောင်းဆိုးခဲ့လေသည်။
ချီး။
လူကြီးတွေက ဘလိုင်းဒိတ် စီစဉ်ပေးတော့ ဟန်ဆောင်ရည်းစား ရှာချင်နေပြီပေါ့ ဟမ်။
“အစ်မရှန်း ချောင်းဆိုးနေတာလား။”
ချန်ကျိုးက ရုံးခန်းရှေ့က ဖြတ်သွားရင်း ချောင်းဆိုးသံကြားလိုက်သဖြင့် တံခါးဖွင့်ကာ ခေါင်းပြူပြီး မေးလိုက်သည်။
ရှန်းမူမူက ရင်ဘတ်ကိုပုတ်ပြီး အသက်ရှူလိုက်သည်။
ချန်ကျိုးကို မြင်ပြီးသည့်နောက်တွင် ရှန်းမူမူ၏ မျက်လုံးထဲ အလင်းရောင်ဖြတ်ပြေးသွားခဲ့သည်။
သူမ ချောင်းဆိုးရပ်သွားသည်ကိုမြင်တော့ ချန်ကျိုးက လှည့်ထွက်ကာ အလုပ်သွားလုပ်ဖို့ ပြင်လိုက်သည်။
“ချန်ကျိုး နေဦး။”
ရှန်းမူမူက သူ့ကို ရုတ်တရက် ခေါ်လိုက်သည်။
သူလှည့်ကြည့်လိုက်တော့ ရှန်းမူမူက သူ့ကို ပြုံးကြည့်နေကာ လက်ယက်ခေါ်နေသည်ကို တွေ့လိုက်သည်။
“လာ၊ ထိုင်ဦး။”
ချန်ကျိုးက ရှုပ်ထွေးသွားခဲ့သည်။ သူမ အပြုံးက ထူးဆန်းနေသည်ကို သိသော်လည်း နာခံစွာပင် သူမရှေ့က ခုံကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ အစ်မရှန်း၊ အလုပ်ကိစ္စလား။”
“ငါမှတ်မိသလောက်ဆိုရင် နင်က အသက်၂၇ မလား။”
ချန်ကျိုးက ခေါင်းငြိမ့်ပြခဲ့သည်။
အသက်အရွေးမေးခြင်းက ရှန်းမူမူ၏ နောက်ခံကို မေးဖို့ အကောင်းဆုံးအခွင့်အရေးဟု ချန်ကျိုးက တွေးလိုက်သည်။
သူက ပြန်ဖြေရင်း မေးခွန်းထည့်မေးလိုက်သည်။ “ဟုတ်တယ်၊ ကျွန်တော်က xxနှစ်ရဲ့ ဒီဇင်ဘာလမှာ မွေးတာ၊ အစ်မရှန်းက ကျွန်တော့်ထက် တစ်နှစ်ကြီးတော့ နှစ်တစ်နှစ်ရဲ့ အစောပိုင်းမှာ မွေးတာလား။”
ရှန်းမူမူက ထိုမေးခွန်းကြောင့် ထိတ်လန့်သွားခဲ့သည်။
သူမက မူလပိုင်ရှင်၏ မွေးနေ့ကို သတိမထားမိခဲ့ပေ။
သူမက မျက်မှောင်ကြုတ်ကာ မူလပိုင်ရှင်၏ IDက အချက်အလက်များကို ပြန်တွေးလိုက်သည်။
“အင်း၊ နှစ်အစောပိုင်းပဲ။”
သူမက ပြန်လည်တွေးတောနေသဖြင့် သူမ၏ လေသံက နှေးနေသည်။
ထိုနှေးကွေးမှုက ချန်ကျိုး၏ အမြင်မှာတော့ မတူညီသည့် အဓိပ္ပာယ် ဖြစ်နေသည်။
အစ်မရှန်းက သူ့မွေးနေ့ကို သေသေချာချာ မသိတာများလား။
ဒါက သူ့ကို ရှန်းမိသားစုက မွေးစားခဲ့တာကြောင့်ပဲဖြစ်မယ်။
သူက သူ့အစ်မ ဖြစ်နိုင်ခြေ ပိုများလာပြီ။
ချန်ကျိုး၏ မျက်နှာတွင် ပျော်ရွှင်သည့်အရိပ်လေး ပေါ်လာခဲ့သည်။ သူက မေးမြန်းခဲ့သည်။ “အစ်မက ဘာလို့ အသက်ကို မေးတာလဲ။”
ရှန်းမူမူ၏ မျက်လုံးတွေက ဝင်းလက်သွားပြီး ပြုံးကာ ပြောလိုက်သည်။ “နင့်ကို အရမ်းမိုက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်၊ ဘယ်လိုလဲ။”
***