အစ်မရှန်း ကျွန်တော်တို့အချင်းချင်း ပြောတဲ့ နူးညံ့ခြင်းဆိုတာက မတူညီကွဲပြားပုံရတယ်
Vol. 8 Ch. 95
ရှန်းမူမူက သူမ ပြောထားသည်ကို လုပ်တတ်သည်။ ထို့ကြောင့် သူမက ချောင်လီနှင့် ချန်ကျိုး တွေ့ဆုံဖို့ကို အမြန်ဆုံး စီစဉ်ခဲ့သည်။
သူမ ရေချိုခန်းထဲက ထွက်လာကတည်းက မူမမှန်သည်ကို ချီမော့က သတိထားမိခဲ့သည်။ ရှန်းမူမူက အိပ်ရာထက် လှဲကာ အသံမက်ဆေ့ချ်ပို့ရင်း ပျော်ရွှင်နေသည်ကို သူသတိထားမိခဲ့သည်။
“လီလီ သူ့နာမည်က ချန်ကျိုးတဲ့၊ အရပ်က ၁.၈မီတာရှည်ပြီး ရုပ်ရည်က ချောမောပြီး ပါးချိုင့်လေးနှစ်ဖက် ပါသေးတယ်။”
သူမက ပို့ပြီးသည်နှင့် အသံမက်ဆေ့ကို ထပ်နားထောင်လိုက်သည်။
သူမက သူမရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်သွားပြီး လူးလိမ့်ပြီးနောက် ထပ်ပြောလိုက်လေသည်။
“ချန်ကျိုး ဓာတ်ပုံရှိရင် ပို့ပေးဦး၊ မရှိရင် အခုရိုက်လိုက်။”
ချီမော့က ဆံပင်ရေသုတ်နေရင်း ချန်ကျိုးဟူသော အသံကိုကြားတော့ သူ့မျက်လုံးးက အနည်းငယ် မီးတောက်သွားခဲ့သည်။
တဘက်ကိုင်ထားသည့် သူ့လက်တွေက တောင့်တင်းသွားခဲ့သည်။
သူက အရင်တစ်ခေါက်က ချန်ကျိုးနှင့်ပြောခဲ့သည့် စကားများကို ပြန်တွေးလိုက်သည်။
ချန်ကျိုးက သူမ၏ နောက်ခံကို မည်သို့ အတည်ပြုမည်ကို သူသိချင်ခဲ့သည်။
ထိုအရာက သိပ်တော့ကြာမည် မဟုတ်ပေ။
တကယ်လို့ သူမသာ တကယ်ပဲ ချန်မိသားစုဝင်ဆိုပါက သူမ ထွက်သွားမည်လား။
ထိုသို့တွေးပြီးနောက် ချီမော့က မျက်မှောင်ကြုတ်ခဲ့သည်။
ဖြစ်နိုင်ခြေရှိသည့် အတွေးများစွာ သူ့စိတ်ထဲ ဖြစ်ပေါ်လာပြီးသည့်နောက်တွင် သူ့မျက်လုံးများ မည်းမှောင်သွားခဲ့သည်။
ရုတ်တရက်ပင် မကျေနပ်သည့် လေသံကို ကြားလိုက်ရလေသည်။
“ဒါ ဘာကြီးလဲ၊ ငါက နင့်ပုံတောင်းတာ၊ ကလေးတုန်းကပုံ တောင်းတာ မဟုတ်ဘူး။”
ရှန်းမူမူက ညည်းညူသည့်အသံမက်ဆေ့အား ပို့ပြီးသည့်နောက်တွင် ဖုန်းကိုယူကာ ခေါင်းသုတ်နေသည့် ချီမော့ထံ သွားခဲ့သည်။
“ကြည့်ဦး၊ သူ ဘယ်လို ပုံစံ ရှိလဲဆိုတာ လီလီ ကြည့်ရအောင်လို့ ပုံတောင်းတဲ့ဟာကို ဒါကြီး ပို့လာတယ်တဲ့။”
ချီမော့က ဖုန်းကြည့်ပြီးသည့်နောက်တွင် ခပ်ဖွဖွ ရယ်ခဲ့သည်။
ပုံထဲတွင် ကလေးသုံးယောက်က ကလေးစီးကားထဲ ထိုင်နေသည်။
ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
ဘယ်ဘက်ရှိ အရပ်အရှည်ဆုံးကလေးက မိဘတွေ အတင်းတက်ခိုင်းသောကြောင့် ကလေးစီးကားထဲရောက်နေပုံရကာ နှုတ်ခမ်းက စူပုပ်နေသည်။
ထိုလူက ဖန်ချန်းအုပ်စု၏ဥက္ကဌ ချန်ကျိုး၏အစ်ကို ချန်ရှင်း ဖြစ်မည်ဟု ချီမော့က ခန့်မှန်းလိုက်သည်။
ချီမော့၏ မျက်လုံးက အလယ်က ကလေးကို ကြည့်ပြီးနောက် အကြည့်တွေ ရပ်တန့်သွားခဲ့သည်။
အဝါဖျော့ဖျော့ ဝတ်စုံကိုဝတ်ကာ ရေခဲမုန့်ကိုင်ထားသည့် ကလေးမလေးက ခေါင်းစောင်းကာ ပါးချိုင့်နှစ်ခု ပေါ်အောင်ပြုံးပြီး ကင်မရာကို ကြည့်နေသည်။
ညာဘက်က အရပ်အပုဆုံး ကလေးကတော့ ငြိမ်ငြိမ်မနေနိုင်ဘဲ လက်ကိုဝေ့ယမ်းကာ သူ့အစ်ကိုနှင့် အစ်မကို သူ့ကိုကြည့်စေချင်နေပုံရသည်။
ချီမော့က မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
ထိုပုံကို ပို့ရသည့် ချန်ကျိုး၏ ရည်ရွယ်ချက်က အလွန်သိသာသည်။
သူက ချန်မောင်နှမသုံးယောက်၏ပုံကို ရှန်းမူမူကို တွေ့စေချင်ခြင်း ဖြစ်သည်။
ချီမော့က ဆံပင်သုတ်ခြင်းကို ရပ်ကာ သူမရဲ့ မျက်လုံးကိုကြည့်ကာ စူးစမ်းနေသည်။
ရှန်းမူမူက ပြောင်းလဲသွားမှုကို သတိမထားမိဘဲ ဖုန်းကိုကြည့်ကာ စနောက်နေသည်။
“ချန်ကျိုးက ကလေးပုံပြပြီး မိန်းကလေးဆီက အမှတ်ကောင်း ယူချင်နေတာလို့ထင်လား။”
ရှန်းမူမူထံက ထူးဆန်းသည့် အမူအရာကို မတွေ့ရမှ ချီမော့က ခပ်ဖွဖွရယ်ကာ ပြောခဲ့သည်။ “အမ်၊ သူက သိပ်ဉာဏ်ကောင်းပုံ မရဘူး။”
ရှန်းမူမူက သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။ “အင်း။”
သူက အိပ်ထက် ပြန်မလဲခင် ချန်ကျိုးကို ခြိမ်းခြောက်လိုက်သည်။ “သာမာန်ဆန်တဲ့ ဓာတ်ပုံ မရှိရင် နင့် Idက ပုံပဲ ပို့လိုက်တော့မယ်။”
ရှန်းမူမူက လူနှစ်ယောက်ကြားက ဆက်ဆံရေးကို အလွန်စိတ်အားထက်သန်နေသည်ကိုမြင်တော့ ချီမော့က ခပ်ဖွဖွ ရယ်လိုက်မိသည်။
အိပ်ရာမဝင်ခင်တွင် ရှန်းမူမူက ချီမော့ကို အမှန်အတိုင်းပြောပြခဲ့သည်။
“တကယ်တော့ ချောင်လီက အမေစီစဉ်ပေးတဲ့ ဘလိုင်းဒိတ်က လွတ်အောင် ဟန်ဆောင်ရည်းစား ရှာနေတာ။”
အိပ်ရာခေါင်းရင်းကိုမှီကာ စီးပွားရေး မဂ္ဂဇင်းဖတ်နေသည့် ချီမော့က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ “ဟန်ဆောင်ဖို့။”
“အင်း၊ ဟန်ဆောင်ဖို့။” ရှန်းမူမူက ဆက်ပြောခဲ့သည်။ “ကျွန်မတို့လိုပေါ့။”
သူမ စကားကြောင့် မဂ္ဂဇင်းလှန်နေသည့် ချီမော့၏ လက်များ ရပ်တန့်သွားကာ သူ့မျက်လုံးများ မှေးမှိန်သွားခဲ့သည်။
ဖုန်းသုံးနေသည့် ရှန်းမူမူက သူ့အမူအရာကို မမြင်ဘဲ ဆက်ပြောခဲ့သည်။ “အလုပ်ဖြစ်သွားရင် ကောင်းတာပေါ့၊ တကယ်လို့ အလုပ်မဖြစ်ရင်လည်း ကျွန်မတို့လို ဖြူစင်သန့်ရှင်းပြီး တဏှာမပါတဲ့ သဘောတူညီမှုဆိုလည်း ကောင်းတာပဲလေ။”
စာရွက်လှန်သံက လုံးဝရပ်တန့်သွားပြီး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ချီမော့၏ လေသံခပ်တိုးတိုး ထွက်လာခဲ့သည်။ “အောင်မြင်ဖို့က လူပေါ်မူတည်တယ်။”
ထိုစကားကြားတော့ ရှန်းမူမူက ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။
သူက တခြားလူအတွက် ထင်မြင်ချက်ပေးသည်မှာ ရှားပါးကာ ယခုတော့ တမူထူးခြားစွာ သူ့အမြင်ကို ပြောနေလေသည်။
အနည်းငယ် ထူးဆန်းနေသည်။
သိချင်စွာဖြင့် ရှန်းမူမူက လှည့်ကြည့်လိုက်သည်။
ထိုလူ၏ပုံစံက ခက်ထန်နေကာ ပြတ်သားနေသည်။ သူမ ကြည့်နေသည်ကိုမြင်တော့ ချီမော့က ပြန်ကြည့်ကာ မေးလိုက်သည်။ “မင်းကော ဘယ်လိုထင်လဲ။”
ထိုမေးခွန်းကြောင့် ရှန်းမူမူက ထိတ်လန့်သွားကာ သူ့အမူအရာက သိပ်မွေ့နေပြီး ထိုမေးခွန်းနောက်မှာ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ရှိနေသကဲ့သို့ သူမ ခံစားနေရသည်။
အချိန်ခဏ စဉ်းစားပြီးသော်လည်း သူ့အတွေးကို မဖော်ထုတ်နိုင်ခဲ့သောကြောင့် ရှန်းမူမူ၏ အဖြေက အနည်းငယ်နောက်ကျနေသည်။
“ပြောဖို့ခက်တယ်၊ ချန်ကျိုးရဲ့ လုပ်ဆောင်မှုပေါ် မူတည်မှာပေါ့။”
သူမအဖြေကြောင့် ချီမော့၏ အကြည့်က နူးညံ့သွားကာ ပြန်ပြောလိုက်သည်။ “မှန်တာပေါ့။”
၃ရက်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။
ချန်ကျိုးနှင့်ချောင်လီက တွေ့ဆုံကြတော့မည်ဖြစ်သည်။
သူတို့နှစ်ဦးတွေ့ရန်အတွက် ချောင်လီဖျော်ဖြေသည့် ဘားတွင်သာ ရှန်းမူမူက စီစဉ်ခဲ့သည်။
ဘားသို့သွားသည့်လမ်းတွင် ရှန်းမူမူက ချောင်လီအကြောင်းကို ချန်ကျိုးကို ပြောပြနေသည်။
“ငါ့ဝမ်းကွဲညီမက ဟန်ဆောင်ရည်းစား ရှာချင်နေပေမယ့် သူ သွားတွေ့ခဲ့တဲ့ ဘလိုင်းဒိတ်အားလုံးက ထူးထူးဆန်းဆန်းတွေချည်းပဲ။”
ဘလိုင်းဒိတ်က အခြေအနေဆိုးရွားကြောင်းတွေကို အွန်လိုင်းပေါ်တွင် ချန်ကျိုးတွေ့ခဲ့သဖြင့် မိန်းကလေးချောင်က ထိုအတွေ့အကြုံမှ စိတ်ဒဏ်ရာ ရသွားကြောင်း သူခန့်မှန်းမိသည်။
သူက ရယ်လိုက်သည်။ “နားလည်ပါတယ်၊ ကျွန်တော်ကလည်း ဒီနေ့ ဘလိုင်းဒိတ် လာလုပ်တယ်လို့ မတွေးပါဘူး၊ အစ်မရှန်းရဲ့ ဝမ်းကွဲညီမနဲ့ မိတ်ဆွေလာဖွဲ့တယ်လို့ပဲ တွေးပါတယ်။”
ထို့အပြင် အနာဂတ်တွင် မိသားစုတွေဖြစ်လာနိုင်မည်လားကို မည်သူက သိမည်နည်း။
သူတို့နှစ်ဦးက ဘားထဲကိုလမ်းလျှောက်သွားရင်း စကားပြောနေသည်။ “အင်း၊ နင်တို့တွေက သက်တူရွယ်တူတွေဆိုတော့ ပျော်ပျော်ရွှင်ရွှင် စကားပြောကြပေါ့၊ ငါ့ဝမ်းကွံညီမရဲ့ အကျင့်စရိုက်ကို နင့်ကို ပြောပြမယ်။”
ချန်ကျိုးက ဘလိုင်းဒိတ်လုပ်ဖို့လာခြင်း မဟုတ်ဘဲ ရှန်းမူမူနှင့် ပို၍စကားပြောချင်သောကြောင့် လာခြင်းဖြစ်သည်။
သူက ခေါင်းငြိမ့်ပြလိုက်သည်။ “ကောင်းသားပဲ။”
ရှန်းမူမူက ပြောလိုက်သည်။ “သူက နူးညံ့ပြီး ဣန္ဒြေရှိတယ်၊ သူက ဂီတကို သဘောကျတယ်….”
စကားတစ်ဝက်လောက် ပြောပြီးသည့်နောက်တွင် ဘားထဲဝင်လိုက်သည်။
ပတ်ဝန်းကျင်ရှိ သီချင်းသံက ပိုကျယ်လာခဲ့သည်။
ချန်ကျိုးက ရှန်းမူမူ နှုတ်ခမ်းလှုပ်နေသည်ကိုသာမြင်ပြီး အသံကို ရှင်းလင်းစွာ မကြားရတော့ပေ။
မိန်းကလေးချောင်းက ဂီတကိုနှစ်သက်ပြီး စန္ဒယားတီးရသည်ကို နှစ်သက်သည်ဟု ပြောမည်ဟုသာ ထင်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း မိန်းကလေးချောင်က နူးညံ့ကာ အေးချမ်းသူဖြစ်သည်။
ဘားထဲကလေထုက မြူးကြွနေသည်။
ချန်ကျိုးက နေရာအလွတ်ကို ရှာဖွေနေရင်း စင်မြင့်ထက်က rock band ဖျော်ဖြေနေသည်ကို သတိမထားမိခဲ့ပေ။
ရှန်းမူမူက သူ့အနားကပ်ပြီး စင်ပေါ်ကိုကြည့်ကာ ဂုဏ်ယူစွာ အော်ပြောလိုက်သည်။
“စင်ပေါ်မှာ သီချင်းဆိုနေတာ ငါ့ဝမ်းကွဲညီမလေ။”
ချန်ကျိုးက စင်ပေါ်ကို မကြည့်ခင် အနည်းငယ် ကြက်သေသေသွားခဲ့သည်။
ရုတ်တရက်ပင် အံ့ဩစွာ မျက်လုံးပြူးသွားခဲ့သည်။
စင်ပေါ်တွင် ချောင်လီက ဖြူဖွေးသည့် လက်တစ်ဖက်ဖြင့် မိုက်ထောက်တိုင်ကို ကိုင်ထားသည်။
သူမက ပျင်းရိပျင်းတွဲဟန်ဖြင့် မျက်လုံးကို အပေါ်ပင့်ထားသည်။
သူမ၏ ကိုယ်ဟန်အနေအထားက ပေါ့ပါးနေကာ အနေတော်ဖြစ်သည်။
သူမက ဝိုင်ရောင်အင်္ကျီ ဂါဂိုဘောင်းဘီ ဘွတ်ဖိနပ်ဝတ်ဆင်ထားကာ အလွန်မိုက်နေသည်။
ချန်ကျိုး၏ မျက်လုံးထဲတွင် ထိတ်လန့် အံ့ဩမှုတို့ရှိနေသည်။
သူက ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
“အစ်မရှန်း ကျွန်တော်တို့က နူးညံ့ခြင်းဆိုတဲ့ဟာကို နားလည်မှု လွဲနေပြီထင်တယ်။”
***