‘ဪ’ လို့သာ ရေရွတ်နိုင်တော့သည်
Vol. 8 Ch. 96
ချောင်လီက ဖျော်ဖြေပြီးသည့်နောက်တွင် စင်ပေါ်ကဆင်းလာခဲ့သည်။ ရှန်းမူမူက သူတို့ကို မိတ်ဆက်ပေးပြီးနောက်တွင် ဆင်ခြေပေးကာ အစောကြီး ထွက်သွားခဲ့သည်။
ကျန်သည့်အရာတွေက ကံကြမ္မာပေါ် မူတည်သည်။
သူမက ကားပေါ်တက်ခဲ့ပြီး ချက်ချင်းမထွက်ခဲ့ပေ။ ထိုအစား သူမက ဖုန်းကိုထုတ်ကာ ကုမ္ပဏီတွင် အလုပ်လုပ်နေသည့် ချီမော့ကို ယနေ့ဖြစ်ပျက်သမျှကို မျှဝေလိုက်သည်။
“လီလီနဲ့ ချန်ကျိုးက ဒီနေ့ဆုံကြတယ်၊ ရှင်က ဒီည ကျွန်မကို အပြင်ခေါ်ပြီးမုန့်ကျွေးမလို့လို့ လိမ်ပြောပြီး အစောကြီးထွက်ခဲ့လိုက်တယ်၊ ကျွန်မ မတော်ဘူးလား။”
သူမက ပြုံးပြီး ပို့သည်ကို နှိပ်လိုက်သည်။
သူမက စာပို့ပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။
ထူးဆန်းတယ်။
ဖြစ်ပျက်သမျှကို သူ့ကိုပြောပြနေတာ ဘယ်တုန်းက အသားကျသွားတာလဲ။
သူမလက်ထဲက ဖုန်း၏တုန်ခါမှုက သူမရဲ့ အတွေးတွေကို လက်ရှိကို ပြန်ရောက်လာစေခဲ့သည်။
ချီမော့။ “တော်တယ်၊ အမှတ်၁၀၀။”
“ဟားဟား။” ရှန်းမူမူက အသံထွက်ကာရယ်ခဲ့သည်။
သူမက အီမိုဂျီ ပြန်ပို့မည့်အချိန်တွင် ဖုန်းက ယောက်ျားဟူသော နာမည်ဖြင့် မီးလင်းကာ ထပ်တုန်ခါလာခဲ့သည်။
ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားကာ ချီမော့၏ ဆွဲဆောင်မှုရှိသည့် အသံခပ်တိုးတိုး ထွက်လာခဲ့သည်။
“ဘယ်မှာလဲ၊ လာကြိုမယ်။”
ရှန်းမူမူက ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။ “ဟမ်။”
ချီမော့က အနည်းငယ် ရယ်လိုက်ပုံရကာ သူ့အသံက အနည်းငယ် ရွှင်မြူးနေသည်။ “မင်းက သူတို့ကိုပြောခဲ့မှတော့ ကိုယ်တို့ ညစာအပြင်ထွက်စားရမှာပေါ့။”
ရှန်းမူမူ။ “...”
အား..ကြည့်ပါဦး ဆင်ခြေပေးတာနဲ့ အမှန်တရားကိုတောင် မခွဲခြားနိုင်တဲ့လူတစ်ယောက် ရှိနေတယ်။
၃ရက်ကြာပြီးသည့်နောက်တွင်ဖြစ်သည်။
ရှန်းမူမူက ချောင်လီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
ချန်ကျိုးနှင့် အံ့ဖွယ်ကောင်းသည့် စကားဝိုင်းဖြစ်ခဲ့ရကြောင်း ရှန်းမူမူကို သူမက ပြောပြခဲ့သည်။
အန်တီဖုန်း၏ စီစဉ်မှုကို ကျော်လွှားရန် သူတို့နှစ်ဦးက ဟန်ဆောင်စုံတွဲလုပ်ရန် သဘောတူခဲ့သည်။
သိပ်မကြာခင်တွင် ဖုန်းယောင်ချင်က ချောင်လီက ရည်းစားရခြင်းကို သိလိုက်ရကာ အလွန်ပျော်ရွှင်နေသည်။
ချောင်လီတင်ထားသည့် စုံတွဲပုံကိုကြည့်ပြီးနောက် သူမက အလွန်အူမြူးနေခဲ့သည်။ သူမက ချောင်လီ ရည်းစားရသွားခြင်းကို ယုံကြည်သွားပြီး ချန်ကျိုးကို ညစာစားဖို့ခေါ်လာခိုင်းခဲ့သည်။
သူမက ချီမော့နှင့် ရှန်းမူမူကို အချိန်ဖယ်ထားရန် ပြောခဲ့သည်။
“ဟုတ်ကဲ့အမေ၊ အချိန်ဖယ်ထားလိုက်ပါ့မယ်။” ရှန်းမူမူက သဘောတူခဲ့သည်။
ဘလိုင်းဒိတ်စီစဉ်ပေးသူအနေဖြင့် ချောင်လီနှင့်ချန်ကျိုးက စုံတွဲအတုဖြစ်ပါစေ သူမ ပျော်နေမိသည်။
သူတို့တွေ တကယ့်စုံတွဲဖြစ်လာမည်ဟု သူမ ခံစားနေရသည်။
ဖုန်းချပြီးသည့်နောက်တွင် ရှန်းမူမူက WeChat groupကို ဖွင့်လိုက်သည်။
သူတို့တွေက အသစ်ထွက်မည့် ရုပ်ရှင်အကြောင်း ဆွေးနွေးနေကြသည်။
[‘အလွန်ပြင်းစွာ လှည့်စားခြင်း’ ရုပ်ရှင်ရဲ့ လက်မှတ်က ရဖို့ခက်တယ်၊ အဆက်အသွယ်ရှိတာတောင် ဝယ်လို့မရခဲ့ဘူး။]
[ဟမ်း၊ နာမည်ကျော် ဒါရိုက်တာကတော့ နာမည်ကျော် ဒါရိုက်တာပါပဲ၊ ကျွန်မတို့အဖွဲ့တောင် လက်မှတ် မရခဲ့ဘူး၊ ရှားပါးလိုက်တာ။]
[မတတ်နိုင်ဘူးပေါ့၊ သနားစရာလေး၊ အဲရုပ်ရှင်ကို တကယ်ကြည့်ချင်နေခဲ့တာ။]
[ဒါရိုက်တာချိုးရဲ့ ရုပ်ရှင်က ရိုက်တာ ၃နှစ်ကြာခဲ့တယ်၊ သူ့ရဲ့ပြောင်မြောက်တဲ့လက်ရာတစ်ခုလည်းဖြစ်တယ်၊ အွန်လိုင်းပေါ်မှာလည်း အရမ်းနာမည်ကြီးတာ။]
[လက်မှတ်ရတဲ့လူတွေကို မနာလိုဘူး။]
ရှန်းမူမူက WeChatထဲကြည့်ပြီးနောက် သိပ်အာရုံမစိုက်ဘဲ ပြန်ထွက်လိုက်သည်။
ချန်ကျိုး ညစာလာစားသည့်နေ့တွင် ရုပ်ရှင်နာမည်ကို ထပ်ကြားခဲ့ရသည်။
“ချန်အာ နင်နဲ့လီလီက အခုမှစတွဲတာဆိုတော့ ဆက်ဆံရေး ပိုတိုးတက်အောင် အပြင်တွေသွားသင့်တယ်။” ဖုန်းယောင်ချင်က ချန်ကျိုးကို ပြုံးပြနေကာ သူမ တူမ၏ ကောင်လေးကို အလွန်စိတ်ကျေနပ်နေပုံရသည်။
သူမက စကားပြောပြီးသည်နှင့် အိတ်ကပ်ထဲက လက်မှတ်နှစ်စောင်ကိုထုတ်ကာ ကမ်းပေးလိုက်သည်။ “ဒါ အခုတလော နာမည်ကြီးနေတဲ့ ရုပ်ရှင်လက်မှတ်လေ၊ နာမည်က…”
ချီရှောင်ပိုင်၏ မျက်လုံးများက လက်သွားကာ သတိပေးလိုက်သည်။ “‘အလွန်ပြင်းစွာ လှည့်စားခြင်း’လေ”
“ဟုတ်တယ်၊ အဲနာမည်။” ဖုန်းယောင်ချင်က လက်မှတ်ကို ချောင်လီလက်ထဲ ထည့်ပေးလိုက်သည်။ “လီလီ ချန်အာနဲ့ သွားကြည့်လိုက်၊ ဒီလက်မှတ်က ရဖို့ ခက်တယ်တဲ့၊ လောင်ရယ်ရဲ့ သမီး အဆက်အသွယ်နဲ့မှ ဒါကိုရလာတာ။”
သူမ စကားပြောပြီးသည်နှင့် ချောင်လီနှင့် ချန်ကျိုးက အချင်းချင်း ကြည့်လိုက်သည်။
သူတို့နှစ်ဦးက ဖွင့်ပြောစရာမလိုဘဲ အချင်းချင်းနားလည်နေကာ တစ်ညီတည်းပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အန်တီ။”
ထမင်းဝိုင်း၏လေထုက ညီညွှတ်မှုရှိနေသည်။
ဖုန်းယောင်ချင်၏ စကားကိုကြားပြီးနောက် ချီမော့၏ အမူအရာ ခဏလောက် တောင့်ခဲသွားသည်ကို ရှန်းမူမူသာ သတိထားမိခဲ့သည်။
လောင်ရယ်က ဘယ်သူလဲဟု သူမ တွေးနေခဲ့သည်။
ထို့ကြောင့် သူမက အနားကပ်ကာ စားပွဲအောက်က ချီမော့၏ အင်္ကျီအစကို ဆွဲလိုက်သည်။
ချီမော့က သူမဘက် နားကပ်ပေးကာ နူညံ့စွာပြောလိုက်သည်။ “ဟမ်၊ ဘာဖြစ်လို့လဲ။”
သူမက အသံတိုးကာ ရှင်းပြခဲ့သည်။ “လောင်ရယ်ဆိုတာ အကအဖွဲ့ထဲက အမေ့သူငယ်ချင်း။”
သူမ လေသံက အနည်းငယ်ဂုဏ်ယူသံပါနေသည်။
ယခုလူတွေထဲမှာ ထိုအကြောင်းကို သူမ တစ်ယောက်တည်းသာ သိခြင်း ဖြစ်သည်။
ချီမော့က ခဏလောက် ကြက်သေသေသွားပြီးမှ သူ့မျက်လုံးထဲက မည်းမှောင်သည့်အရိပ်များအစား ရယ်ချင်စိတ်များ ပိုများလာခဲ့သည်။
“နင်တို့က ဘာတွေတီးတိုးပြောနေတာလဲ။”
ဖုန်းယောင်ချင်က သူတို့၏ တီးတိုးပြောဆိုမှုကို ဖြတ်ပြောလိုက်သည်။ သူမက ဘယ်ကရမှန်းမသိသည့် လက်မှတ်နှစ်စောင်ကို ထပ်ထုတ်ပေးလိုက်သည်။
“နင်တို့အတွက်လည်း ပါပါ့။”
ချောင်လီက ယဉ်ကျေးသိမ်မွေ့သည့် အမူအရာကို ထိန်းသိမ်းကာ ပြုံးပြီးပြောလိုက်သည်။ “အန်တီက အရမ်းတော်တာပဲ၊ ဒီလက်မှတ်တွေက အပြင်မှာရဖို့ခက်တယ်၊ ပိုက်ဆံနဲ့တောင် ဝယ်လို့မရဘူး။”
ချန်ကျိုးက ချောင်လီ၏ ကောင်လေး ဇာတ်ခုံကို မှတ်ထားကာ သဘောတူစွာ ခေါင်းငြိမ့်ပြလိုက်သည်။
စကားပြောနေရင်း ရှန်းမူမူက လက်မှတ်ပါ အချက်အလက်များကို ဖတ်လိုက်သည်။
ရုပ်ရှင်အတူတူကြည့်ဖို့ မည်သူ့ကိုခေါ်ရမည်နည်းဟု သူမက စတင်တွေးတောခဲ့သည်။
ညနေတုန်းက ချီမော့က စာဖတ်ခန်းထဲတွင် ပိတ်ရက် လုပ်ငန်းခရီးထွက်စရာရှိကြောင်း ဖုန်းပြောနေသည်ကို သူမ ကြားခဲ့သည်။
ရုပ်ရှင်ကလည်း ပိတ်ရက်ပြမည်ဖြစ်နေသည်။
သူမ တွေးတောနေစဉ်မှာပဲ သူမ လက်ထဲက လက်မှတ်ကို ဖြူဖွေးသွယ်လျသည့် လက်တစ်စုံက ယူသွားလေသည်။
“တနင်္ဂနွေနေ့ ည၈နာရီ။” ချီမော့က ခေါင်းငုံကာ အချိန်ကို အတည်ပြုလိုက်သည်။
သူက ကြည့်ပြီးသည်နှင့် သူမကို ပြမ်ပေးလိုက်သည်။
ရှန်းမူမူ။ “အဲနေ့ ရှင်အားလား။”
ချီမော့က အနည်းငယ်မျက်မှောင်ကြုတ်ပြီး မတုန့်မဆိုင်း ပြန်ဖြေခဲ့သည်။ “ဒါပေါ့။”
ရုတ်တရက်ပင် ညည်းငြူသည့် လေသံ ထွက်လာခဲ့သည်။
“အဖွား၊ ကျွန်တော့်အတွက်ကရော။”
အသံလာရာကိုလှမ်းကြည့်လိုက်ပြီး ချီမော့၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
ချီရှောင်ပိုင်က သူ့အဖွား လက်မှတ်တစ်စောင်ပြီးတစ်စောင် ထုတ်ပေးနေသည်ကို စောင့်နေခဲ့သည်။
သူ့အလှည့်ကို မရောက်လာဘူးဟု သူ မထင်ခဲ့ပေ။
ဖုန်းယောင်ချင်က အိတ်ကပ်ထဲ မွှေနှောက်ရှာနေသည်ကို သူတွေ့ခဲ့သည်။
“အို…မရှိတော့ဘူး၊ လောင်ရယ်က လက်မှတ် လေးစောင်ပဲ ပေးလိုက်တာ။”
ဖုန်းယောင်ချင်က သူ့မြေးကို ပျော်ရွှင်စွာ စနောက်နေပြီး ချီရှောင်ပိုင်မှလွဲ၍ ကျန်သည့်လူအားလုံးက ရယ်နေကြသည်။
သူတို့ရယ်လေလေ ချီရှောင်ပိုင်၏ မျက်ဝန်းထဲ နာကျင်မှုက ပိုတိုးလာသည်။
ဒါရိုက်တာချိုးက တရုတ်ပြည်၏ နာမည်ကြီး ဒါရိုက်တာဖြစ်သည်။ သူ၏ လူသတ်ကား၊ သဘာဝလွန်ကားများက နက်နဲကာ သူ့အကြိုက်ဖြစ်သည်။
သူစိတ်ဓာတ်ကျနေသည့်အချိန်မှာပဲ ပုခုံးပုတ်ခံလိုက်ရလေသည်။
သူ့မျက်လုံးထဲ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့သည်။
သူ့ကို လက်မှတ်ပေးတော့မှာလား။
ဒါပဲနေမှာပေါ့။
မျှော်လင့်ချက်များ ပိုအားကောင်းလာခဲ့သည်။
သူ၏ မျှော်လင့်ချက် ပြည့်နေသည့် မျက်ဝန်းအောက်တွင် ရှန်းမူမူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဇာတ်ကား တနင်္ဂနွေနေ့ဖြစ်ပြီး ညသန်းခေါင် မတိုင်ခင်အထိ ပြီးမှာ မဟုတ်ဘူး၊ တနင်္လာနေ့ကျရင် လပတ်စာမေးပွဲရှိတာ မှတ်မိလား။”
ချီရှောင်ပိုင်။ “...”
သူ့မျက်လုံးထဲက အလင်းရောင်များက ပျောက်ကွယ်သွားခဲ့သည်။
တခြားဘာများပြောနိုင်ဦးမှာလဲ။
သူက အော် ဟုသာ ပြန်ဖြေခဲ့သည်။
ရှန်းမူမူ၏ မှတ်ဉာဏ်ကို ထာဝရ ယုံကြည်လို့ ရသည်။
သူ့ထက်တောင် စာမေးပွဲအချိန်ဇယားကို တိတိကျကျ မှတ်မိနေသေးတယ်။
အားးးးး (ရင်တွင်းအသံတိတ်အော်သံ)
***