Crush
Vol. 8 Ch. 98
ချီရှောင်ပိုင်က အချိန်ကိုကြည့်လိုက်သည်။
ည ၈:၂၅ ရှိပြီဖြစ်သည်။
ရုပ်ရှင်ရုံဝင်ပေါက်တွင် လူတွေနည်းသထက် နည်းလာခဲ့သည်။
လူအများစုက လက်မှတ်စစ်ဆေးအတွက် သွားလိုက်ပြီဖြစ်သည်။
သူက အလျင်စလိုဖြင့် ဝေကျောက်နန်ကို ဖုန်းဆက်လိုက်သည်။
“မင်း ဘယ်မှာလဲ။”
“အိမ်သာထဲမှာပဲ ရှိသေးတယ်၊ ငါ အချိန်မှီ မရောက်မှာစိုးတယ်…”
ချီရှောင်ပိုင်။ “မင်း။”
“တောင်းပန်ပါတယ်ကွာ။”
ချီချောင်ပိုင် ဒေါသထွက်နေသည်ဟုထင်ကာ ဝေကျောက်နန်က အမြန် တောင်းပန်လိုက်သည်။
သို့သော် မထင်မှတ်ထားစွာပင် ချီရှောင်ပိုင်က ဒေါသကိုထိန်းလိုက်သည်။
သူ၏စိတ်မရှည်သည့်လေသံထဲတွင် ဂရုစိုက်သံ ပါနေသည်။ “အခြေအနေဆိုးလား၊ ဒီအဖေ မင်းကို လာကြည့်ရဦးမလား။”
ဝေကျောက်နန်က ဖြေလိုက်သည်။ “အခြေအနေ မဆိုးဘူး၊ သာမာန်လောက်ပါပဲ၊ မစိုးရိမ်နဲ့၊ ရုပ်ရှင်က စတော့မှာ အထဲဝင်တော့လေ၊ မင်းရဲ့ ခန္ဓာကိုယ်ကို မစိုးရိမ်ပါနဲ့။”
ဝေကျောက်နန် စနောက်နိုင်သေးသည်ကိုမြင်တော့ ချီရှောင်ပိုင်က ဆက်မပြောတော့ပေ။ အကြံတချို့ပေးပြီးနောက် သူက ဖုန်းချလိုက်သည်။
သူက ရုပ်ရှင်ဝင်ပေါက်ကို လမ်းလျှောက်ဝင်သွားခဲ့သည်။
သူက အိတ်ကပ်ထဲက လက်မှတ်နှစ်စောင်ကိုကိုင်ရင်း အနည်းငယ် နောင်တရနေသည်။
လက်မှတ်တစ်စောင်တော့ အလကားဖြစ်သွားပြီ။
လမ်းလျှောက်နေရင်း သူက ခေါင်းငုံ့ထားကာ ဘေးဘယ်ညာကို မကြည့်ဘဲ သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်ကိုသာ ကြည့်နေသည်။
ရုတ်တရက်ပင် သူ့အနီးအနားက ဖုန်းပြောသံကို ကြားလိုက်ရသည်။
အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်သည်။
“အင်း၊ သူနဲ့ မတွေ့ဘူး။”
“ငါက လက်မှတ်မှောင်ခိုသည်နဲ့ တွေ့မယ်ထင်ပြီး ကံလာစမ်းတာ။”
ကောင်မလေးက သက်ပြင်းချလိုက်သည်။ “ဒါရိုက်တာချိုးရဲ့ ရုပ်ရှင်တွေက အရမ်းနာမည်ကြီးတာ၊ လက်မှတ်ပြန်ရောင်းတဲ့လူ ရှိမယ်လို့ ငါ မထင်ပါဘူး။”
ချီရှောင်ပိုင်က ဘေးကို သာမာန်ကာလျှံကာ ကြည့်လိုက်သည်။
သူ့ဘေးကလူက sneakersအဖြူ ဝတ်ထားကာ ဖြူဖွေးကြော့ရှင်းသည့် အသွင်ရှိသည်။
ချီရှောင်ပိုင်က ယဉ်ကျေးစွာပင် အကြည့်လွှဲလိုက်ပြီး အနည်းငယ် မော့ကြည့်လိုက်သည်။
ထိုအချိန်မှာပင် တစ်ဖက်မိန်းကလေးက သူငယ်ချင်းနှင့်ဖုန်းပြောနေသည်ကို အဆုံးသတ်လိုက်သည်။ သူမ၏ စိတ်ဓာတ်ကျနေသည့်အသွင်ဖြင့် ချီရှောင်ပိုင်ဖြင့် အကြည့်ချင်းဆုံခဲ့သည်။
သူ့အကြည့်ကို ခံစားမိသဖြင့် ချီရှားက မော့ကြည့်ခဲ့သည်။
သူမ၏ တောက်ပသည့်မျက်လုံးများက ပုတ်ခတ် ပုတ်ခတ်ဖြစ်နေကာ ရှည်လျားသည့် မျက်တောင်များက လေထဲ လှပစွာ ဝဲနေသည်။
သူတို့နှစ်ဦးလုံးက ခဏလောက် တောင့်ခဲသွားခဲ့သည်။
လေပြေလေးက ဖြတ်တိုက်သွားခဲ့သည်။
လေပြေလေးက ကောင်လေး၏ အင်္ကျီအစွန်းနှင့် ကောင်မလေး၏ စကပ်ကို အနည်းငယ် ဝေ့သွားခဲ့သည်။
သူက မတ်စ်တပ်ထားသော်လည်း ချီရှားက သူ၏တသီးတခြားနေတတ်သည့် မျက်ဝန်းကိုမြင်ရုံဖြင့် မှတ်မိသည်။
ယခုအကြိမ်က ဘယ်နှကြိမ်မြောက် တွေ့ဆုံခြင်းလည်းဆိုတာ ချီရှား မမှတ်မိတော့ပေ။
ပေကျင်းမြို့ရှိ အမှတ်၁အလယ်တန်းကျောင်းတွင် သူက သူမကို အထက်တန်းဝင်ခွင့်စာမေးပွဲဖြေရန် လမ်းပြပြီးကတည်းက သူတို့ နေရာအများအပြားတွင် အကြိမ်များစွာ ဆုံခဲ့သည်။
သူက သူမကို သတိထားမိရဲ့လားဆိုတာ သူမ မသိပေ။
သို့သော် ချီရှားက သူ့ကို အကြိမ်တိုင်း မှတ်မိခဲ့သည်။
သူက စကားနည်းကာ မျက်ဝန်းများက အေးစက်ပြီး ပမာမခန့် အမူအရာ ရှိသည်။
သူ့မျက်နှာတွင် ခံစားချက် မရှိသည့်အခါ တော်တော် ကြည့်ရဆိုးသည်။
သူ၏ တက်ကြွသော သူငယ်ချင်းများနှင့် စကားပြောရာတွင်လည်း ဝတ်ကျေတန်းကျေသာ ပြုံးသည်။
ပထမဆုံး တွေ့ဆုံခြင်းက သူမ မကြာခဏသွားသည့် စာအုပ်ဆိုင်တွင်ဖြစ်သည်။
သူတို့က စာအုပ်စင် လေးစင်၊ ငါးစင်လောက် ခြားသည်။
သူမက သင်္ချာလေ့လာရေး စင်အတန်းရှေ့တွင်ရပ်ကာ သူက အင်္ဂလိပ်စာ နားထောင်မှု စင်တန်းရှေ့တွင် ရပ်နေသည်။
သူမက သူ့ကို မှတ်မိသွားကာ ယခင်တစ်ခေါက်က လမ်းပြပေးသည့်အတွက် ကျေးဇူးတင်ကြောင်း သွားပြောမည့်အချိန်တွင် သူက ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တည်းတွင် လွယ်ထားကာ စာအုပ်ယူ၍ အောက်ဆင်းသွားခဲ့သည်။
နောက်တစ်ကြိမ်က သူမနှင့် သူမ သူငယ်ချင်း ကော်ဖီဆိုင်သွားသည့်အချိန်တွင် ဆုံခဲ့ခြင်း ဖြစ်သည်။
သူမ ဝင်လိုက်သည်နှင့် အလယ်တန်းကျောင်းဝတ်စုံဝတ်ထားသည့် ယောက်ျားလေးနှစ်ယောက်နှင့်အတူ သူက ထောင့်ခုံတွင် ထိုင်နေသည်ကို သူမ မြင်ခဲ့သည်။
သူက လက်ပိုက်ကာ ပျင်းရိပျင်းတွဲဖြင့် ထိုင်ခုံကို မှီထိုင်ပြီး မျက်လုံးတစ်ဝက် မှေးကျဉ်းထားကာ မျက်မှောင်ကြုတ်နေသည်။
ကျန်သည့်ယောက်ျားလေးနှစ်ယောက်က ဘတ်စကက်ဘောအကြောင်း ဆွေးနွေးနေကာ သူက ဝင်မပြောဘဲ စိတ်မဝင်စားဟန်ရှိသည်။
သူ့သူငယ်ချင်းက သူ့ကို ချီရှောင်ဟု ခေါ်လိုက်သည်ကို ချီရှား ကြားလိုက်သည်။
သူမက မထိန်းနိုင်ဘဲ ခပ်ဖွဖွ ရယ်လိုက်မိသည်။
ချီရှောင် ဘယ်လိုတောင် ထူးဆန်းတဲ့နာမည်ပဲ။
တစ်ခုခု အံ့ဖွယ်ကောင်းတာနဲ့များ ပတ်သက်နေလို့လား။
ကော်ဖီဆိုင်က လူများနေသဖြင့် အောက်ထပ်တွင် ဝိုင်းအလွတ် မရှိသဖြင့် သူမနှင့် သူမ သူငယ်ချင်းက အပေါ်ထပ်ကို တက်သွားခဲ့သည်။
အပေါ်ထပ်ဝိုင်းတွင် ထိုင်ပြီးသည့်နောက်တွင် အောက်ထပ်က အချောလေးကိုတွေ့လားဟု သူမ သူငယ်ချင်းက သူမ အင်္ကျီစကိုဆွဲကာ စိတ်လှုပ်ရှားစွာ မေးခဲ့သည်။
ချီရှားက ခေါင်းငြိမ့်ပြလိုက်သည်။ “အဲဒါ ဟိုတစ်ခါက ငါနင့်ကို ပြောပြတဲ့တစ်ယောက်လေ၊ အထက်တန်းဝင်ခွင့်ဖြေဖို့ လမ်းပြပေးတဲ့လူလေ။”
ထိုစကားကြားတော့ သူငယ်ချင်းက စပ်စုစွာမေးခဲ့သည်။ “ဒါ ကံကြမ္မာပဲ ချီရှားရေ။”
ကံကြမ္မာ။ မဟုတ်ဘူး ထင်တယ်နော်။
ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။
ချီရှားက သူနှင့် မကြာခဏ ဆုံတွေ့ကြောင်း ပြန်ပြောပြသည့်အခါ သူမ သူငယ်ချင်းက ပို၍ ယုံကြည်မှု မြင့်တက်သွားခဲ့သည်။
“ရှာ့ရှာ့ရယ် နင်တို့ မကြာခဏတွေ့ဆုံပုံကလည်း ဝတ္ထုတောင်ရေးလို့ရတယ်၊ အဲဒီ မှုန်ကုတ်ကုတ်ကောင်လေးက ကောင်ကင်ဘုံက ကြိုသတ်မှတ်ပေးတဲ့ နင်သဘောကျတဲ့လူထင်တယ်။”
ထိုအချိန်တုန်းက ချီရှားက သဘောကျစွာ ပြုံးရုံသာ ပြုံးခဲ့သည်။ “အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ငါတို့က သိတောင် မသိဘူး။”
ထို့အပြင် ထိုကောင်လေးက မှုန်ကုပ်ပုံလည်း မရပေ။
သူမ သူငယ်ချင်းက ပြောခဲ့သည်။ “သုံးခါ ဆုံခဲ့ပြီး နောက်တစ်ကြိမ် ထပ်ဆုံတယ်ဆိုရင် အဲဒါ ကံကြမ္မာပဲတဲ့၊ နင်ယုံလား။”
သူမက ခွက်ထဲကရေခဲတွေကို ပိုင်ဖြင့် မွှေနေခဲ့သည်။
ဆောင်းဦးပိုင်းကို ကူးပြောင်းသည့် နွေည၏ အပူချိန်က ကျဆင်းခဲ့သည်။
သန့်ရှင်းလတ်ဆတ်သည့်လေက သူတို့ကြား ဖြတ်တိုက်နေသည်။
ချီရှောင်ပိုင်က ခြေလှမ်းကိုရပ်လိုက်ပြီး ကောင်မလေး၏ ဖြူဖွေးနူးညံ့သည့် မျက်နှာကို ကြည့်ခဲ့သည်။
သူမကို သူမှတ်မိသည်။
သူမကို သူက လမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။
သူမနှင့် ထပ်ဆုံပြန်လေသည်။
ယနေ့ပါ ပါဝင်ပါက လေးကြိမ်ရှိပြီဖြစ်သည်။
လွန်ခဲ့သည့် နှစ်ကြိမ်ကိုလည်း သူမှတ်မိသည်။
တစ်ကြိမ်က စာအုပ်ဆိုင်မှာဖြစ်ကာ သူက အင်္ဂလိပ်စာနားထောင်ဖို့ ရွေးနေခြင်းဖြစ်သည်။
ညဖြစ်သည့်အတွက် စာအုပ်ဆိုင်တွင် လူသိပ်မများပေ။
သင်္ချာလမ်းညွှန်းစာအုပ်ရှေ့တွင် ရပ်နေသည့်သူမကို တွေ့ဖို့လွယ်သည်။
အင်္ဂလိပ်စာနားထောင်ဖို့ ရွေးနေသည့် ချီရှောင်ပိုင်၏ လက်များက ရပ်တန့်သွားခဲ့သည်။
အကြောင်းတချို့ကြောင့် ထိုမိန်းကလေးကို သူတွေ့ခဲ့ဖူးသည်။
ကိုယ်ပိုင်စာကြည့်ချိန် ပြီးသည့်အချိန်တောင် ပစ္စည်းများဝယ်နေသဖြင့် သူမက ထူးချွန်သည့်ကျောင်းသူတော့ ဖြစ်ပုံမရပေ။
သူက အကြောင်းတချို့တွေးပြီးနောက် အောက်ထပ်ဆင်းသွားခဲ့သည်။
နောက်တစ်ကြိမ်က ကော်ဖီဆိုင်တွင်ဖြစ်သည်။
ဘေးအတန်းက လီဝေနှင့် ဝေကျောက်နန်က NBAအကြိုရာသီပွဲတွင် အရှေ့ပိုင်းနှင့် အနောက်ပိုင်းက အဖွဲ့က မည်သူတွေက နာမည်ကြီးကြောင်း ဆွေးနွေးပြောဆိုနေကြသည်။
ဝေကျောက်နန်က မီယာမီဟိ ပရိသတ်ဖြစ်ကာ လီဝေက ဒန်ဗာနာ့ဂတ် ပရိသတ် ဖြစ်သည်။ သူတို့က စကားပြောရင်း သူတို့က ကိုယ်ပိုင်အသင်း၏ ရည်အသွေးကို ဖော်ကျူးနေကြသည်။
ဘတ်စကက်ဘောစွဲလမ်းမှု ပြန်ရှင်သန်လာမည်စိုးသဖြင့် ချီရှောင်ပိုင်က လက်ပိုက်ကာ ဝတ်ကျေတန်ကျေ ပြန်ဖြေရင်း ခဏလောက်သာ ဝင်ပြောလေ့ရှိသည်။
နောက်ဆုံးတော့ သူက မျက်လုံးမှိတ်ကာ သူတို့ဆွေးနွေးသည်ကို နားထောင်နေခဲ့သည်။
ထိုအချိန်မှာပင် ကော်ဖီဆိုင်တံခါးဖွင့်လိုက်ခြင်းကြောင့် တံခါးထက်တွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေးက အသံမြည်ခဲ့သည်။
ချီရှောင်ပိုင်က မျက်လုံးဖွင့်ကာ အသံလာရာကို လှမ်းကြည့်ရင်း သူ့အကြည့်များ ရပ်တန့်သွားခဲ့သည်။
“ချီရှောင် ဒီနှစ် ဘယ်သူ ပိုကောင်းမယ်ထင်လဲ၊ ဟိလား နာ့ဂတ်လား။”
ဝေကျောက်နန်က သူ့ကို ရုတ်တရက် မေးလိုက်သည်။
“အကုန်ကောင်းတယ်။” ချီရှောင်ပိုင်က ပျင်းရိစွာ ပြန်ဖြေလိုက်သည်။ 76ers အဖွဲ့ကသာ အကောင်းဆုံးဟု သူထင်သည်။
သူအကြည့်ရွှေ့လိုက်တော့ ထိုကောင်မလေး၏ မျက်လုံးက ကွေးညွတ်သွားသည်ကို မြင်လိုက်သည်။
မည်သည့်စကားကြား၍ ပြုံးသွားသည်ကို သူ မသိပေ။
***