အစီအစဉ် ကျရှုံးမှာ မဟုတ်ဘူး
Vol. 1 Ch. 327
"ယွင်လုကို သတ်ရမယ်"
ကျန်းရီ၏ မျက်ခုံးတန်းနှစ်ဖက် မြင့်တက်သွားခဲ့ပြီး မျက်နှာမှာ တည်တံ့သွားခဲ့သည်။ ညီလာခံ ခန်းမတွင် ယွင်လုကို သတ်မည်ဟု သူပြောခဲ့သော်လည်း ပြောရုံပြောလိုက်ခြင်းသာဖြစ်ပြီး တကယ်သတ်ရန် မရည်ရွယ်ပေ။
စစ်ပွဲမှာ ပြီးဆုံးသွားခါစပင် ရှိသေးပြီး ရှားနိုင်ငံသည် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ရှားနိုင်ငံတွင် စစ်သည်တစ်သိန်းကျော်ရုံလေးသာ ရှိခဲ့ပြီး တစ်ဝက်ကျော်သည် အသတ်ခံလိုက်ရသည်။ ရှားနိုင်ငံမှ ပြည်သူများ၏ စိတ်သည် မတည်ငြိမ်ကြသေးသည့်အပြင် ပြန်လည်ထူထောင်ရန် နေရာများစွာ ကျန်နေသေးသည်။ အချို့နေရာများတွင် သူခိုးဓားပြများပင် ထကြွသောင်းကျန်းနေကြသည်။ နောက်ထပ်စစ်ပွဲသာ ထပ်ဖြစ်ပါက ရှားနိုင်ငံသည် ရန်သူများ မတိုက်ခိုက်မလာခင်တည်းက ပျက်စီးသွားနိုင်လေသည်။
ယွင်လုသည် ယွင်ဟဲ၏ ညီဖြစ်သည်။ ယွင်ဟဲသည် ထီးနန်းဆက်ခံနိုင်ချေ အရှိဆုံးသူဟု သတင်းများ ထွက်နေခဲ့သော်လည်း ကျန်းရီ၏ လက်ထဲတွင် သေသွားခဲ့သည်။ သို့သော် ထိုကိစ္စမှာ နိုင်ငံအဆင့်ပြိုင်ပွဲထဲတွင် ဖြစ်ခဲ့သောကြောင့် အသတ်ခံရနိုင်သည်မှာ ပုံမှန်ဖြစ်သည်။
ယွင်လုသည် စုလောရွှယ်၏ နန်းတက်ပွဲကို ရှန်မိနိုင်ငံ၏ သံတမန်အဖြစ် စေလွှတ်ခံရသည်။ ကျန်းရီသာ ယွင်လုကို သတ်လိုက်ပါက ရှန်မိနိုင်ငံ၏ ဘုရင်သည် ဒေါသအမျက်ချောင်းချောင်း ထွက်လိမ့်မည်။ ထိုသူ စစ်ချီ၍ တိုက်ခိုက်လာပါက ရွှေယို့လန်၊ ကျူးကော့ချမ်ယွမ်နှင့် အခြားလူများ ဝင်တားဆီးကြမည်မဟုတ်။ နတ်ဆိုးဧကရီသည်လည်း နောက်ထပ်သော လူသားများ၏ အတွင်းရေးတွင် ဝင်ပါမည် မဟုတ်ချေ။
ကျန်းရီ သေသေချာချာ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။ သူသည် တစ်ခဏ စဉ်းစားပြီးနောက် မေးလိုက်သည်။
"အဲ့ဒီမှာ ယွင်ဖေး အန္တရာယ်ရှိနေလို့လား...ယွင်လုမသေရင် ယွင်ဖေး အသက်အန္တရာယ် ကြုံရမှာလား"
"အမှန်ပဲ"
ကျန့်ဝူရွှမ်း၏ မျက်နှာပေါ်မှ သွေးကြောများ ထောင်ထလာပြီး အံကြိတ်၍ ပြောလာလေ၏။
"ယွင်ဟဲသေသွားတော့ သူတို့သွေးဆက်ရဲ့ သြဇာက ကျဆင်းသွားတယ်။ ယွင်ဖေးပြန်ရောက်သွားတော့ မင်ဂိုဏ်း၊ ဟောင်ဂိုဏ်းနဲ့ တခြားဂိုဏ်းတွေရဲ့ အထောက်အပံ့ကိုရပြီး သူမရဲ့ အဆင့်အတန်းက ချက်ချင်းမြင့်တက်သွားတယ်။ ရှန်မိနိုင်ငံရဲ့ ဘုရင်က ယွင်ဖေးရဲ့မောင်ကို အိမ်ရှေ့စံရာထူး အပ်နှင်းတော့မလို့ဘဲ...ဒါပေမယ့် ယွင်လုက ရုတ်တရက်ကြီး ရှန်မိနိုင်ငံ အင်အားအကြီးဆုံးဂိုဏ်း၊ စုန်းနတ်ဘုရားဂိုဏ်းရဲ့ အထောက်အပံ့ကို ရသွားတယ်။ အခြေအနေက ချက်ချင်း ပြောင်းပြန်ဖြစ်သွားခဲ့ပြီး ယွင်ဖေးက အကျယ်ချုပ် ချခံရတယ်။ ယွင်လုကို အိမ်ရှေ့စံအဖြစ် သတ်မှတ်လိုက်ရင် သူ့စိတ်နေစိတ်ထားအရဆို ယွင်ဖေးတို့ မောင်နှမ သေရမှာ အသေအချာပဲ"
"ဒါက..."
ကျန်းရီသည် မျက်မှောင်ကျုံ့၍ နားမလည်နိုင်စွာ မေးလိုက်သည်။
"ရှန်မိနိုင်ငံရဲ့ ဘုရင်က ဒေါသမထွက်ဘူးလား၊ သူက မွေးချင်းတွေ အချင်းချင်း သတ်နေကြတာကို ဘာလို့ထိုင်ကြည့်နေတာလဲ...ဘုရင်တစ်ပါးအနေနဲ့ အိမ်ရှေ့စံကို ဘာလို့ စောစောသတ်မှတ်မထားတာလဲ၊ ရှန်မိနိုင်ငံရဲ့ ဘုရင်က စုတိဝမ်ထက်ပိုပြီး သူရဲဘောကြောင်လို့လား"
"အဲ့လိုမျိုး မဟုတ်ဘူး"
ချမ်ဝမ်ကွမ်သည် ကြားဝင်၍ ရှင်းပြလာလေ၏။
"ရှန်မိနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ရှုပ်ထွေးတယ်။ သူတို့ဆီမှာ အိမ်ရှေ့စံရွေးချယ်တဲ့ ကိစ္စကို ဘုရင်က ဆုံးဖြတ်တာမဟုတ်ဘဲ အင်အားအကြီးဆုံး ဂိုဏ်းဆယ်ခုက အဆုံးအဖြတ်ပေးတယ်။ ဂိုဏ်းကြီးတွေရဲ့ အထောက်အပံ့အများဆုံးရတဲ့ မင်းသားကို အိမ်ရှေ့စံအဖြစ် ရွေးချယ်ကြတယ်...စုန်းနတ်ဘုရားဂိုဏ်းက ဂိုဏ်းချုပ်ကို အစ်ကိုကြီး တွေ့ပြီးပြီထင်တာပဲ"
"ရှန်မိနိုင်ငံက လာတဲ့ အဲ့ဒီဗာဂျရာအဆင့် သိုင်းပညာရှင်လား"
ငွေရောင်ဆံပင်နှင့် အဘွားကြီး၏ ပုံရိပ်တစ်ခုသည် ကျန်းရီ၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ထိုခဏတွင် စုန်းနတ်ဘုရားဂိုဏ်းသည် ယွင်ဖေး၏မောင် ထီးနန်းတက်မည်ကို ဆန့်ကျင်၍ ယွင်လုကို ထောက်ပံ့ပေးသော အကြောင်းအရင်းကို သူ ခပ်ရေးရေး သဘောပေါက်လာခဲ့သည်။ ထိုအချက်မှာ သူ့နှင့် သက်ဆိုင်နေပုံရလေသည်။
ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းမှာ ချစ်သူများဖြစ်ကြပြီး ကျန့်ဝူရွှမ်းမှာ သူ့ညီအစ်ကိုဖြစ်သည်။ ရှန်မိနိုင်ငံသည် သူ့အား သတ်ချင်နေသည်။ သူတို့သည် သုံးနှစ်အကြာတွင် ကျန်းရီသေချာပေါက် သေလိမ့်မည်ဟု ယူဆနေကြပြီး ထိုဗာဂျရာအဆင့် သိုင်းပညာရှင်သည် သူ့ကြောင့်နှင့် ယွင်ဖေး၏မောင် အိမ်ရှေ့စံဖြစ်ရန် မထောက်ပံ့ချင်တော့ခြင်း ဖြစ်သည်။
သူသည် တိတ်ဆိတ်သွားခဲ့ပြီး အချိန်အတော်ကြာမှ စကားစလိုက်သည်။
"ယွင်လုကို သတ်ပြီးရင် ယွင်ဖေးရဲ့မောင် အိမ်ရှေ့စံရာထူးရမယ်ဆိုတာ သေချာလား"
"ခြောက်ဆယ်ရာနှုန်းပဲ"
ကျန့်ဝူရွှမ်းက ပြန်ဖြေလိုက်ပြီး ချမ်ဝမ်ကွမ်ကလည်း ခေါင်းငြိမ့်၍ ဝင်ပြောလာ၏။
"ယွင်ဟဲတို့ မျိုးရိုးက ယွင်ဟဲနဲ့ ယွင်လုတို့ နှစ်ယောက်ကိုပဲ အိမ်ရှေ့စံအလောင်းအလျာအနေနဲ့ မွေးထုတ်နိုင်ခဲ့တာ...ယွင်ဖေးမှာက သစ်သားစိတ်နယ်လွန်ခန္ဓာရှိပြီးတော့ သူ့မောင်ကလည်း အရည်အချင်း၊ အမူအကျင့်နဲ့ စစ်ဗျူဟာ အကုန်လုံးမှာ ယွင်လုထက် အပြတ်အသတ်သာတယ်"
"ကောင်းပြီ"
ကျန်းရီသည် စားပွဲအား ရိုက်ချလိုက်ပြီး ပြောလိုက်သည်။
"ဒါဆို ယွင်လုကို သတ်ကြမယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့အတွက် ခြေရာလက်ရာ မကျန်ရအောင် ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခု လိုတယ်။ ပြီးတော့ သူ့လူတွေ တစ်ယောက်မှ လွတ်သွားလို့မဖြစ်ဘူး...သူလာတာ လူဘယ်နှစ်ယောက် ခေါ်လာခဲ့လဲ"
ကျန့်ဝူရွှမ်း၏ မျက်လုံးများ တောက်ပသွားကာ ပြုံး၍ ပြောလာလေ၏။
"သူက လူတစ်ထောင်လောက် ခေါ်လာတယ်၊ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်က အယောက်သုံးဆယ်ပါတယ်....ဝမ်ကွမ်နဲ့ငါက လူသုံးထောင် ခေါ်လာတယ်...စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ရာ ပါတယ်"
"ဘာ..."
ကျန်းရီသည် ပါးစပ်အဟောင်းသား ဖြစ်သွားကာ အံ့သြတကြီး မေးလိုက်သည်။
"မင်းတို့နှစ်ယောက် ဘယ်လိုလုပ်ပြီး လူအများကြီး ခေါ်လာနိုင်တာလဲ၊ မင်းတို့ရဲ့ဂိုဏ်းတွေက ထောက်ပံ့ပေးတာလား...ပြီးတော့...မင်းတို့မှာ လူအများကြီးပါလာတာကို ဘာလို့ ငါ့အကူအညီလိုတာလဲ၊ ငါမပါရင်တောင် မင်းတို့ ယွင်လုကို အပြတ်ရှင်းနိုင်တယ်လေ"
"အင်း"
ကျန့်ဝူရွှမ်းသည် ခေါင်းငြိမ့်ကာ စကားဆက်လာ၏။
"ဒီတစ်ခေါက် ငါ့အဖေနဲ့ ဦးလေးချမ်က သဘောတူပေးခဲ့တယ်။ ဒီလူသုံးထောင်က ငါတို့ဂိုဏ်းနှစ်ခုရဲ့ လျှို့ဝှက်အင်အားစုတွေပဲ...သူတို့အကြောင်း ပေါ်သွားရင်တောင် ငါတို့ဂိုဏ်းတွေက သူတို့နဲ့မဆိုင်ဘူးလို့ ငြင်းချက်ထုတ်လို့ရတယ်။ ငါတို့က မင်းရဲ့အကူအညီကိုပဲတောင်းတာ...မင်းကိုဝင်ပါဖို့ ပြောတာမဟုတ်ဘူး။ မင်းက အခု ရှားနိုင်ငံရဲ့ ကိုယ်စားအုပ်ချုပ်သူဆိုတော့ ယွင်လုရောက်နေတဲ့နေရာကို လွယ်လွယ်သိနိုင်တယ်။ အခု ရှားနိုင်ငံရဲ့ မြို့တွေအားလုံး ပျက်စီးသွားပြီဆိုတော့ ငါတို့ဂိုဏ်းတွေရဲ့ ကင်းထောက်တွေက မရှိတော့ဘူး...မင်းမပါဘဲ ယွင်လုကို သတ်ဖို့ ငါတို့ဘယ်လိုအကွက်ချရမလဲ "
"ကိစ္စက ဒီလိုကိုး"
ကျန်းရီ၏ကိုယ်မှာ ပေါ့ပါးသွားခဲ့သည်။ သူသည် သူ့အသက်ကိုရင်း၍ ကျန့်ဝူရွှမ်းကိုယ်စား ယွင်လု၏ လူအားလုံးကို သတ်ပေးရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။ သူတို့နှစ်ယောက်သည် အစီအစဉ်ချပြီးသားဖြစ်ပြီး သတင်းရရန်သာ သူ့အကူအညီလိုကြောင်း ယခုမှ သူနားလည်သွားခြင်းဖြစ်ဝည်။
သူသည် ထိုနှစ်ယောက်အား ကြည့်လိုက်ပြီး မယုံနိုင်စွာ မေးလိုက်သည်။
"ဦးလေးကျန့်နဲ့ ဦးလေးချမ်က မင်းတို့နှစ်ယောက်ကို ထောက်ပံ့ဖို့နဲ့ ဘာလို့ ဒီလောက်ရင်းနှီးလိုက်တာလဲ၊ ဒီကိစ္စ ကျရှုံးသွားလို့ မင်းနှစ်ယောက်ပါကြောင်း ပေါ်သွားခဲ့ရင် မင်းတို့ကို သူတို့ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ဟူး..."
ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ ကျန့်ဝူရွှမ်းသည် အပြင်သို့ တစ်ချက်ကြည့်လိုက်ပြီး အသံနှိမ့်၍ ပြောလာလေ၏။
"ကျန်းရီ...မြေခွေးလေးကို ပြန်ပေးဆွဲတဲ့ အမှုရဲ့ ကြိုးကိုင်သူကို မင်းခန့်မှန်းပြီးသားလို့ ငါထင်တယ်။ မင်းကြီးက အရည်အချင်းရှိပြီး ရည်မှန်းချက်ကြီးသလို အနောက်ဘက်နယ်စပ်မြို့စား လော့ကဲအရှင်ကလည်း သူ့ရဲ့နံပါတ်တစ် သစ္စာခံအဖြစ် အရင်တည်းက ကျိန်ဆိုပြီးသား...သူတို့နှစ်ယောက်လုံးက နယ်မြေကိုအုပ်စိုးဖို့ ရည်မှန်းချက်ထားနေကြတယ်"
"ငါတို့ဂိုဏ်းတွေက အဲ့ဒါကို ဆန့်ကျင်ကြတယ်။ ဒီလိုလုပ်ဖို့ အချိန်ကောင်းလို့ ငါတို့ကမထင်ဘူး...ဒါပေမယ့် မင်းကြီးနဲ့ လော့ကဲအရှင်က စိတ်ဆုံးဖြတ်ပြီးနေကြပြီ။ ဒါကြောင့် ငါတို့ဂိုဏ်းတွေက ထွက်ပေါက်တစ်ခု စီစဉ်နေကြတယ်...ယွင်ဖေးက ထွက်ပေါက်တွေထဲက တစ်ခုပဲ"
"ငါသဘောပေါက်ပြီ"
ကျန်းရီသည် ယခုမှ ရှင်းလင်းသွားခဲ့သည်။ ရှားထင်ဝေ့နှင့် ကျန်းပိုင်လီသည် နယ်မြေကို အုပ်စိုးချင်နေသော်လည်း ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းက မျှော်လင့်ချက် များများစားစား မထားကြပေ။ သူတို့သည် ရှန်ဝူနိုင်ငံ ဖျက်စီးခံလိုက်ရမည်ကို ကြောက်နေကြပြီး ထွက်ပေါက်များ စတင်စီစဉ်နေကြခြင်းဖြစ်သည်။
ကျန့်ဂိုဏ်းကဲ့သို့ ထူးခြားသော ဂိုဏ်းနှင့် ချမ်ဂိုဏ်းကဲ့သို့ နိုင်ငံတစ်ခုနှင့်ပင် ယှဉ်နိုင်လောက်အောင် ကြွယ်ဝချမ်းသာသောဂိုဏ်းတို့သည် မည်သည့်နိုင်ငံတွင်မဆို အခြေချနိုင်ကြသည်။ ယွင်ဖေး၏မောင် အိမ်ရှေ့စံဖြစ်လာပါက သူတို့တွင် သွားစရာနေရာ မရှိတော့လျှင်တောင် ရှန်မိနိုင်ငံသို့ သွားလျှင် မြန်မြန်ဆန်ဆန် ပြန်လည်တိုးတက်လာနိုင်သည်။
"ကောင်းပြီ"
ကျန်းရီသည် ဆုံးဖြတ်ချက်ချလိုက်ပြီး မေးလိုက်သည်။
"မင်းတို့ ဘယ်အချိန် လှုပ်ရှားဖို့ စီစဉ်ထားလဲ၊ နေရာကရော"
ကျန့်ဝူရွှမ်းသည် လူသတ်ငွေ့များကို ဖုံးကွယ်မထားဘဲ ပြောလာလေ၏။
"အချိန်က ကိစ္စမရှိဘူး...နေရာကတော့ ရှားနိုင်ငံထဲမှာ မဟုတ်ဘူး။ ငါတို့ ယွင်လုရောက်နေတဲ့နေရာကို သိဖို့လိုတယ်...သူရှားနိုင်ငံကထွက်ပြီး ရှန်မိနိုင်ငံရဲ့ နယ်စပ်ကိုရောက်ရင် ငါတို့သူ့ကို ချက်ချင်းသတ်ရမယ်။ သူခေါ်လာတဲ့လူတွေ အကုန်လုံးကိုလည်း သတ်ရမှာပေါ့"
"အင်း"
ကျန်းရီသည် ထရပ်လိုက်ပြီး အပြင်သို့ လျှောက်သွားလိုက်သည်။ သူသည် တံခါးဝအရောက်တွင် ပြုံး၍ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ဒီမှာ အရင်နားကြဦး...ငါ့ဆီက သတင်းကို စောင့်နေကြ"
ကျန်းရီသည် ရွှယ်လော့နန်းဆောင် အပြင်ဘက်သို့ ထွက်လာခဲ့ပြီး ညီလာခံခန်းမရှိရာသို့ ဦးတည်လိုက်သည်။
နန်းတက်ပွဲ အခမ်းအနားသည် ပြီးဆုံးသွားပြီဖြစ်ပြီး စုလောရွှယ်သည် ပြည်သူများ၏ ကောင်းချီးကို ခံယူရန် မြို့ထဲသို့ ထွက်သွားပြီဖြစ်သည်။ ကျန်းရီသည် စစ်တပ်တွင် အာဏာအရှိဆုံးသော စစ်သူကြီးလုကို ဆင့်ခေါ်လိုက်သည်။ ထိုစစ်သူကြီးအိုကြီးမှာ ကျန်းရီအယုံကြည်ဆုံး စစ်သူကြီးလည်း ဖြစ်သည်။
စစ်သူကြီးလု ရောက်လာသည်နှင့် ကျန်းရီသည် အကြောင်းပြချက် တစ်ခုပေးကာ ယွင်လု၏ တည်နေရာကို စုံစမ်းခိုင်းလိုက်သည်။ စစ်သူကြီးလုသည် သံသယမဝင်ဘဲ ယွင်လုပြဿနာထပ်ရှာမည်ကို ကျန်းရီစိုးရိမ်နေခြင်း ဖြစ်မည်ဟု တွေးကာ စုံစမ်းခိုင်းရန် ခပ်သွက်သွက် ထွက်သွားခဲ့သည်။
သတင်းသည် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ယွင်လုသည် မြို့ထဲမှ ထွက်ကာ မြို့ပြင်တွင် စခန်းချနေခဲ့သည်။ ယခုသူသည် သူ့လူများကို ဦးဆောင်ကာ ရှန်မိနိုင်ငံသို့ စတင်ထွက်ခွာနေပြီဖြစ်သည်။
"သူတို့နောက်ကို နောက်ယောင်ခံဖို့ လူလွှတ်ထားလိုက်...ပြီးတော့ သူတို့မရိပ်မိစေနဲ့။ နှစ်နာရီကြာတိုင်း သတင်းပို့...သူ ရှားနိုင်ငံနယ်နိမိတ်ထဲက ထွက်ရင် ဆက်လိုက်ဖို့ မလိုတော့ဘူး။ ဒီအကြောင်းကို ဘုရင်မကလွဲပြီး ဘယ်သူမှမသိစေနဲ့"
ကျန်းရီသည် သတင်းရသည်နှင့် စစ်သူကြီးလုအား နောက်အမိန့်တစ်ခု ထပ်ပေးလိုက်သည်။ စစ်သူကြီးလုကလည်း မြန်ဆန်စွာ စီစဉ်စရာရှိသည်တို့ စီစဉ်လေ၏။ ဤတစ်ကြိမ်သည် ကျန်းရီ ကိုယ်စားအုပ်ချုပ်သူ ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် တာဝန်ပေးခြင်းဖြစ်ရာ စစ်သူကြီးလုသည် ပြဿနာ မတက်စေချင်ပေ။
စစ်သူကြီးလု ထွက်သွားသော် ကျန်းရီသည် ရွှယ်လော့နန်းဆောင်ထံ ပြန်သွားပြီး အပြုံးတစ်ခုနှင့် အသိပေးလိုက်သည်။
"ယွင်လုက ရှန်မိနိုင်ငံကို ပြန်တဲ့လမ်းမှာ...သူ အခုလေးမှ ထွက်ခွာရုံပဲရှိသေးတယ်။ မင်းတို့လူတွေ အခု လှုပ်ရှားလို့ရပြီ။ ဟုတ်သား...မင်းတို့လည်းသွားကြမှာလား...မင်းတို့သွားရင် ငါလည်းလိုက်မယ်။ ငါပါရင် အစီအစဉ် ကျရှုံးမှာ မဟုတ်တော့ဘူး"
*****