တမလွန်တောအုပ်
Vol. 1 Ch. 328
"ငါသေချာပေါက်သွားရမှာပေါ့"
ကျန့်ဝူရွှမ်းသည် အခိုင်အမာ ဆိုလိုက်သည်။ ဤအရေးကြီးစစ်ဆင်ရေးသာ ပေါ်ပေါက်သွားပါက ရှန်ဝူနိုင်ငံသည် ဖိအားကို ငြိမ်ခံနေမည်မဟုတ်ချေ။ ထိုကိစ္စအား ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းအား ဖြေရှင်းခိုင်းလိမ့်မည်။ ထို့ကြောင့် ကျန့်ဝူရွှမ်း စိတ်မအေးနိုင်ပေ။ သူသည် ချမ်ဝမ်ကွမ်နှင့် ကျန်းရီအားကြည့်ကာ အလေးအနက်ဆိုလာခဲ့သည်။
"မင်းတို့နှစ်ယောက် နေခဲ့တာ ပိုကောင်းလိမ့်မယ်။ ငါ့မှာ လူအများကြီးပါတာပဲ...ဘာပြဿနာမှ မရှိလောက်ဘူး"
"ခွီး..."
ချမ်ဝမ်ကွမ်သည် မျက်လုံးမှေးမှေးများ ပျောက်သွားသည်အထိ ပြုံးလိုက်သည်။
"အစ်ကိုဝူရွှမ်း...စစ်တပ်ကို ဦးဆောင်တဲ့နေရာမှာ မင်းက ငါ့ထက် ပိုတော်ရင်တော်လိမ့်မယ်။ ပရိယာယ်နဲ့ ထောင်ချောက်ဆင်တဲ့နေရာမှာဆိုရင် ငါကမင်းထက် အများကြီး ပိုတော်တယ်...ငါပါလိုက်ရင် အစီအစဉ်ကို ဟာကွက်မရှိအောင် လုပ်နိုင်မယ်လို့ ငါယုံတယ်"
ကျန်းရီသည်လည်း လက်မြှောက်ကာ အခိုင်အမာ ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ တော်ပြီ၊ ငါတို့သုံးယောက်လုံး သွားမယ်...လောရွှယ်ပြန်ရောက်တာနဲ့ ငါတို့ချက်ချင်း ထွက်ခွာမယ်။ မင်းတို့ရဲ့လူတွေ ရှားနိုင်ငံနဲ့ ရှန်မိနိုင်ငံ နယ်စပ်ကို သွားဖို့ သွားစီစဉ်တော့...သူတို့ကို လျှို့လျှို့ဝှက်ဝှက်နဲ့ ရှားနိုင်ငံက ကင်းထောက်တွေ သတိမထားမိအောင် လှုပ်ရှားခိုင်း"
"ဟီးဟီး"
ချမ်ဝမ်ကွမ်သည် ရယ်လိုက်ရင်း ပြောလာခဲ့သည်။
"ရှားနိုင်ငံမှာ စစ်သည်တစ်သောင်းကျော်ပဲ ကျန်တော့တာ ကင်းထောက်အများကြီးလည်း မရှိတော့ဘူး။ ကျွန်တော်တို့လူတွေက မြို့တွေထဲက ဖြတ်မသွားဘဲ ဓားပြတွေအဖြစ် ရုပ်ဖျက်ပြီး အုပ်စုခွဲပြီး သွားကြမှာ...တစ်ယောက်ယောက်က သူတို့ကို သတိထားမိသွားရင်တောင် ကိစ္စမရှိဘူး"
"ကောင်းတယ်"
ကျန်းရီခေါင်းငြိမ့်လိုက်သည်။ ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းသည် အကြည့်ချင်းဖလှယ်လိုက်ကာ အဆင့်မြင့်သတင်းပို့ တံဆိပ်ပြားကိုယ်စီထုတ်၍ သူတို့လူများကို နှစ်နိုင်ငံ နယ်စပ်ဆီ ထွက်ခွာကြရန် အမိန့်ပေးလိုက်သည်။ ရှားယွိမြို့သည် ရှန်မိနိုင်ငံနှင့် ရှစ်ရက်ခရီးအကွာအဝေးတွင် ရှိသည်။ ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသော ယွင်လုသည် နေ့မနား၊ ညမနား ခရီးသွားနိုင်မည်မဟုတ်ရာ သူတို့အတွက် အစီအစဉ်ဆွဲရန် အချိန်ပိုရလေသည်။
"အရှင်မ ပြန်ရောက်ရှိလာပါပြီ"
မကြာခင်တွင် အပြင်ဘက်မှ သွက်လက်သော ခြေသံများ ပေါ်ထွက်လာခဲ့သည်။ ကုန်းကုန်းလျှို၏ အသံသည်လည်း အပါအဝင်ပင်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် အလန့်တကြား ထရပ်လိုက်ကြသော်လည်း ကျန်းရီကမူ အေးအေးလူလူ ဆက်ထိုင်နေလေသည်။ အခြားသူများအဖို့ သူမသည် ရှားနိုင်ငံ၏ မြင့်မြတ်တော်ဝင်သော အုပ်ချုပ်သူဖြစ်သော်လည်း သူ့အတွက်မူ သူမသည် သူချစ်သော မိန်းကလေးသာဖြစ်သည်။
ကုန်းကုန်းတစ်အုပ်နှင့် နန်းတွင်းအပျိုတော်လေးများ စီတန်းလိုက်ကြပြီး အနောက်မှ စုလောရွှယ်သည် သိမ်မွေ့သော ခြေလှမ်းများနှင့် လျှောက်လာခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ဦးညွှတ်၍ နှုတ်ဆက်လိုက်ကြသည်။
"ဘုရင်မလောရွှယ်ကို နှုတ်ခွန်းဆက်ပါတယ်"
"မင်းတို့အားလုံး သွားနိုင်ပြီ"
စုလောရွှယ်သည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်ရာ မြင့်မြတ်တော်ဝင်သော အငွေ့အသက်များ ထွက်ပေါ်နေသော်လည်း မိန်းကလေးတစ်ယောက်၏ သိမ်မွေ့သော အငွေ့အသက်တို့ပါ ရှိနေလေသည်။ သရဖူနှင့် ဖီးနစ်ဆံထိုးတို့ကိုပါ ပေါင်းစပ်လိုက်သော် သူမ၏မျက်ဝန်းများထဲသို့ မည်သူမှ တည့်တည့်မကြည့်ရဲလောက်အောင် လှပနေသည်။
"တော်ကြတော့"
နန်းတွင်းအစေခံလေးများနှင့် ကုန်းကုန်းများ ထွက်သွားသော် ကျန်းရီသည် လက်ကာပြကာ ရယ်မောရင်း ပြောလိုက်သည်။
"ငါတို့က သူစိမ်းတွေမှ မဟုတ်တာ...မင်းတို့တွေ အရမ်းကြီး တရိုတသေ လုပ်နေဖို့ မလိုပါဘူး"
စုလောရွှယ်သည်လည်း တခစ်ခစ် ရယ်မောလိုက်သည်။ သူမသည် ချမ်ဝမ်ကွမ်နှင့် ကျန့်ဝူရွှမ်းတို့ မျက်စိများ ကျိန်းသွားလောက်အောင် တောက်တောက်ပပ ပြုံးလိုက်ရင်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
"ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်...မင်းတို့က ကျန်းလန်ရဲ့ ညီအစ်ကိုတွေပဲ။ ထုံးတမ်းစဉ်လာတွေ လုပ်မနေကြနဲ့...ဒီနေရာကို ကိုယ့်အိမ်လိုပဲ သဘောထားကြ"
ချမ်ဝမ်ကွမ် သူ့နောက်မှ ကျန်းရီကို တိတ်တဆိတ် လက်မထောင်ပြရင်း ပြုံးလိုက်သည်။
"ဘုရင်မလောရွှယ်...ကျွန်တော်က ဆရာမစုလို့ ခေါ်ရတာကို အသားကျနေပြီ။ ဒါပေါ့...အခုဆို မရီးလို့ စခေါ်ရတော့မယ်"
"ဖက်တီးချမ်...မင်းက အမြဲ အရိုက်ခံချင်နေတော့တာပဲ"
စုလောရွှယ်၏ မျက်နှာသည် သွေးရောင်လွှမ်းသွားခဲ့သည်။ သူမသည် သူမ၏ အိပ်ခန်းအတွင်း ဝင်သွား၍ သာမန်နန်းတွင်းဝတ်စုံတစ်စုံ လဲလှယ်ပြီး ပြန်ထွက်လာခဲ့သည်။ ထို့နောက် ကျန်းရီသည် သူမအား ယွင်လုကို သတ်မည့်အကြောင်း ပြောပြလိုက်သည်။
ကျန်းရီသည် ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်တို့နှင့် လိုက်သွားချင်လျှင် ယွင်လု၏တည်နေရာအကြောင်း အချိန်နှင့်အညီ သိနိုင်ရန် စုလောရွှယ်မှာ သူတို့နှင့် ပူးပေါင်းရန် လိုအပ်သည်။ စုလောရွှယ်သည် ရှားနိုင်ငံ၏ ဘုရင်မဖြစ်၍ သူမ အလွယ်တကူ လုပ်နိုင်သော အရာများစွာ ရှိသည်။
စုလောရွှယ်သည် နားထောင်ပြီးနောက် တစ်ခဏကြာသည်အထိ တွေးတောနေရာ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့ စိတ်လှုပ်ရှားလာကြသည်။ ကျန်းရီသည် ကူညီရန် သဘောတူထားသော်လည်း စုလောရွှယ်ကပါ ကူညီမည်ဟု မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ရှားနိုင်ငံအား ပြဿနာထဲ ဆွဲသွင်းသလိုပါ ဖြစ်သွားနိုင်သည်။
"ကောင်းပြီ"
မမျှော်လင့်ထားစွာ စုလောရွှယ်သည် ခေါင်းငြိမ့်၍ ဆုံးဖြတ်ချက်ကို ထုတ်ပြောလာခဲ့သည်။
"ခဏနေရင် မင်းတို့ သွားကြတော့၊ ကျန်တဲ့ကိစ္စတွေကို ငါ့တာဝန်ထားလိုက်။ ယွင်လုရဲ့ နေရာကို သတင်းတစ်ခါရတိုင်း ငါအကြောင်းကြားပေးမယ်။ မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ဖုံးကွယ်ပေးဖု့ိလည်း ငါကူညီမယ်"
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ဝမ်းသာသွားကြသည်။ ကျန်းရီကမူ မအံ့သြမိချေ။ စုလောရွှယ်သည် အပေါ်ယံတွင် စိတ်ဓာတ်မာကျောသယောင် ထင်ရသော်လည်း သူမ၏ စိတ်သဘောထားမှာ အလွန်ပျော့ပျောင်းသည်။ ကျန်းရီ ဆုံးဖြတ်ပြီးသော ကိစ္စတစ်ခုခု ဆိုပါက သူမ ငြင်းမည်မဟုတ်ဘဲ အပြည့်အဝ ထောက်ပံ့ပေးလိမ့်မည်။
ကျန်းရီတို့အဖွဲ့သည် အစားအသောက်တို့ စားသောက်ပြီးနောက် ကျန်းရီသည် ကျန်းရှောင်နူနှင့် မြေခွေးလေးအား နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့ ထွက်ခွာလာကြသည်။
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် စစ်သည်သုံးထောင် ခေါ်လာခဲ့ရာ ရန်သူများထက် အင်အားသုံးဆ ပိုများလေသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်းအင်အား အကူအညီနှင့်ဆိုလျှင် သူတို့သည် ရန်သူများကို ကြက်ကလေး၊ ငှက်ကလေးများပမာ သတ်နိုင်လေသည်။ သူတို့ သုံးယောက်သည် မည်သည့်ဖိအားကိုမှ မခံစားမိဘဲ ရှန်မိနိုင်ငံနယ်စပ်တွင် ယွင်လုနှင့် သူ့လူများကို အသာလေး သတ်နိုင်မည်ဟု အလွန်ယုံကြည်ချက် ရှိနေကြသည်။
သုံးယောက်သားသည် နန်းတော်ထဲမှ မြေအောက်မှတစ်ဆင့် ထွက်ခွာလာခဲ့သည်။ ကျန်းရီတွင် မျဉ်းဖြောင့်အတိုင်း ခရီးသွားနိုင်သည့် ကျုံးဝူသားရဲရှိရာ ခရီးမပန်းပဲ သက်သက်သာသာ သွားနိုင်လေသည်။ ထို့ပြင် ချမ်ဝမ်ကွမ်သည် အားနည်းရာ သူတို့ အရှိန်မြှင့်၍ ခရီးဆက်ပါက အနှီဖက်တီးမှာ သေလောက်အောင် ပင်ပန်းလိမ့်မည်။
ရှားနိုင်ငံနှင့် ရှန်မိနိုင်ငံ နှစ်ခုလုံးမှာ ကောင်းကင်ကြယ်တာရာနယ်မြေ၏ အနောက်တောင်ဘက်တွင် ရှိသည်။ စုလောရွှယ်သည် ကျန်းရီမြေအောက်မှ သွားနိုင်အောင် မြေအောက်အကာအကွယ် အစီအရင်များကို ရပ်တန့်ထားစေခဲ့သည်။
"ဝိုး...အစ်ကိုကြီး၊ မင်းရဲ့ ဝိဉာဉ်သားရဲက တော်တော်မိုက်တာပဲ။ သူ့ရဲ့ပြေးနှုန်းကလည်း အတော်မြန်တယ်...မြေအောက်မှာတောင် လေအလျင်နဲ့ သွားနိုင်တယ်"
ဤတစ်ကြိမ်သည် ချမ်ဝမ်ကွမ်အတွက် ကျန်းရီနှင့်အတူ တိုက်ခိုက်ရမည့် ပထမဆုံးအကြိမ်ဖြစ်ရာ ဖက်တီးတစ်ယောက် အတော်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ကျင့်ကြံဆင့်သည် နိမ့်လွန်း၍ အဆင့်မြင့်ဝိဉာဉ်သားရဲအား ယဉ်ပါးအောင် မလုပ်နိုင်သော်လည်း သူသည် အဆင့်နိမ့်သားရဲအား ဝိဉာဉ်သားရဲအဖြစ် မလိုချင်ပေ။ ထို့ကြောင့် သူ့တွင် ယခုတိုင်အောင် ဝိဉာဉ်သားရဲ မရှိသေးပေ။ လက်ရှိန်အချိန်တွင် ချမ်ဝမ်ကွမ်တစ်ယောက်သည် ပြင်ပလောကကို မမြင်ဖူးသော တောသားတစ်ယောက်ပမာ ပြုမူနေလေသည်။ သူသည် ကျုံးဝူသားရဲပေါ်တွင် ထိုင်ရင်း ဆူးချွန်ကြီးများ၊ အကြေးခွံကြီးများကို ပွတ်သပ်ကာ အံ့သြတကြီး ဖြစ်နေလေသည်။
ရှပ်...ရှပ်...
ရှေ့ရှိ မြေပြင်ပေါ်မှ အသံလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ မျက်လုံးများမှာ အေးစက်သွားခဲ့ပြီး သူ့လက်ထဲတွင် မီးနဂါးဓား ပေါ်ထွက်လာလေ၏။ ကျန့်ဝူရွှမ်းသည် လက်ကာပြ၍ ပြောလာခဲ့သည်။
"ကျန်းရီ...စိတ်မလောနဲ့၊ သူတို့က ငါတို့ဂိုဏ်းတွေရဲ့ လျှို့ဝှက်သက်တော်စောင့်တွေ"
ချမ်ဝမ်ကွမ်၏ သတင်းပို့တံဆိပ်ပြားသည် လင်းလက်လာခဲ့သည်။ သူသည် တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။
"ဟုတ်တယ်...သူတို့က ကျွန်တော်တို့ရဲ့ လူတွေ"
မကြာခင်တွင် မြေပြင်သည် ပွင့်သွားခဲ့ပြီး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်နှစ်ယောက် ရောက်ရှိလာလေ၏။ သူတို့သည် ကျန်းရီအားမြင်သော် လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လာခဲ့သည်။
"သခင်လေးရီနဲ့ သခင်လေးနှစ်ယောက်ကို နှုတ်ခွန်းဆက်ပါတယ်"
"အင်း"
ကျန်းရီသည် ခေါင်းငြိမ့်ပြ၍ ပြောလိုက်သည်။
"ငါတို့က ရက်နည်းနည်းလောက် ခရီးဆက်ရဦးမယ်၊ ဘာလို့ ဟွမ်ကြီးအပေါ်မှာ အတူလာမထိုင်ကြတာလဲ"
"ရပါတယ်"
နှစ်ယောက်ထဲမှ တစ်ယောက်သည် ဦးညွှတ်၍ ပြောလာခဲ့သည်။
"ကျွန်တော်တို့က အရှေ့တစ်ယောက်၊ အနောက်တစ်ယောက် လိုက်ပါ့မယ်။ ကျွန်တော်က ရှေ့ကသွားပြီး ဘေးကင်းအောင် လမ်းရှင်းပါ့မယ်"
ကျန်းရီ ပြန်မပြောနိုင်ခင်တွင် နှစ်ယောက်သားသည် ကောင်းကင်အဆင့် လက်နက်များကို ဝှေ့ယမ်းရင်း မြေအောက်ထဲသို့ ခရီးဆက်ကြလေ၏။ သူတို့နှစ်ယောက်လုံးသည် အားကောင်းကြပြီး ကောင်းကင်အဆင့် လက်နက်များ အထောက်အပံ့နှင့်ဖြစ်ရာ မြေအောက်ထဲတွင် မြေပြင်ပမာ သွားလာနိုင်ကြလေသည်။
"သွားစို့...ကျန်းရီ"
ကျန့်ဝူရွှမ်းသည် ကျန်းရီအား ထိုလူများကို စိတ်ထဲမထားရန် ပြောလိုက်သည်။ ကျန်းရီသည်လည်း ခေါင်းငြိမ့်၍ ကျုံးဝူသားရဲအား ခရီးဆက်စေလိုက်သည်။
"ဝမ်"
နေ့တစ်ဝက်အကြာတွင် ကျန်းရီ၏ ဝတ်ရုံထဲမှ တံဆိပ်ပြားတစ်ခုသည် လင်းလက်လာခဲ့သည်။ ၎င်းမှာ သူတို့မထွက်ခွာခင်တွင် စုလောရွှယ် သူ့အား ပေးလိုက်သော အထူးသတင်းပို့ တံဆိပ်ပြား ဖြစ်လေသည်။ သူမသည် နာရီအနည်းငယ်ကြာတိုင်း ယွင်လု၏ တည်နေရာကို သူတို့အား အကြောင်းကြားလိမ့်မည်။
ယွင်လုတို့ လူစုသည် ခဏခဏနားရင်း ပျော်ပျော်ကြီး သွားလာနေကြသည်။ သူတို့သည် ညရောက်လျှင် မြို့တစ်မြို့မြို့တွင်ဝင်၍ အိပ်စက်အနားယူကြသည်။ ယွင်လု နှစ်နိုင်ငံ နယ်စပ်နေရာသို့ရောက်ရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာလိမ့်မည်။ တစ်ဖက်တွင် ကျန်းရီတို့လူစုသည် နေ့မနား၊ညမနားသွားလျှင် ငါးရက်မှ ခြောက်ရက်ခန့်သာ ကြာလိမ့်မည်။
အရာရာသည် စီစဉ်ထားသည့်အတိုင်းသာ။
သုံးရက်မြောက်နေ့တွင် ကျန်းရီသည် စုလောရွှယ်ထံမှ သတင်းတစ်ခု ရရှိခဲ့သည်။ သူသည် မီးဝိဉာဉ်ပုလဲထဲမှ မြေပုံတစ်ခုကို ထုတ်၍ နေရာတစ်ခုကို ထောက်ပြကာ ပြောလိုက်သည်။
"ယွင်လုတို့တွေက ရှန်မိနိုင်ငံထဲကို ရှားရွှေမြို့ကနေ ဝင်လိမ့်မယ်။ သူတို့ကို ရှန်မိနိုင်ငံ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဟေးမိမြို့ရဲ့ တောင်ဘက်မိုင်တစ်ထောင်အကွာက တမလွန်တောအုပ်မှာ ခြုံခို တိုက်ခိုက်ကြမလား"
"တမလွန်တောအုပ်"
ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း ပြောလာခဲ့သည်။
"အစ်ကိုကြီးနဲ့ ကျွန်တော် အတွေးတူတယ်။ ဒီတမလွန်တောအုပ်က အကောင်းဆုံးနေရာပဲ။ ကျွန်တော်တို့ အဲ့တောအုပ်ထဲဝင်ပြီး အရင်ထောက်လှမ်းရမယ်။ ယွင်လု တမလွန်တောအုပ်ထဲက ဖြတ်သွားမှာ သေချာရင် သူ့ကို အဲ့နေရာမှာ သတ်ကြတာပေါ့"
*****