အခန်း (၁၂၀)
Vol. 12 Ch. 120
တော်ဝင်မှော်အကယ်ဒမီ၏ စာကြည့်တိုက်သည် မဟာကျိုးမြို့တွင် မှော်စာအုပ်အစုံလင်ဆုံးသော ရတနာတိုက်အဖြစ် လူသိများသည်။ သို့သော် ၎င်းမှာ နာမည်ကြီးရုံသာဖြစ်ကြောင်း ယွင်ရှန်းက စာကြည့်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် သတိပြုမိလိုက်သည်။ မဟာကျိုးမြို့၏ မှော်ပညာမှာ အခြားနိုင်ငံများထက် အနည်းငယ်နောက်ကျနေသည်ဖြစ်ရာ စုဆောင်းထားသောစာအုပ်များ မည်မျှပင်စုံလင်စေကာမူ သူမအတွက် ထူးခြားထွေပြားမှု မရှိလှပေ။
စာကြည့်တိုက်ကို အထပ်နှစ်ထပ် ခွဲခြားထားသည်။ ပထမထပ် မှာ အများပြည်သူ ဖတ်ရှုရာနေရာဖြစ်ပြီး တိတ်ဆိတ်အေးချမ်းကာ ကျော့ရှင်းလှသည်။ နေ့ညမရွေး လင်းထိန်နေသည့် အလင်းရောင်မှော်ခင်းကျင်းမှုနှင့် စမ်းချောင်းလေးစီးဆင်းသကဲ့သို့ စိတ်ကိုငြိမ်သက်စေသည့် မှော်ခင်းကျင်းမှုများကြောင့် တစ်စာကြည့်တိုက်လုံးမှာ ခန့်ညားထည်ဝါနေသည်။
ယွင်ရှန်းသည် ပထမထပ်တွင် ပတ်ကြည့်သော်လည်း သူမရှာဖွေနေသည့် မှောင်မိုက်နတ်ဆိုးပိုးကောင်များကို နှိမ်နင်းမည့် အချက်အလက်များကို မတွေ့ရှိရသဖြင့် စိတ်ပျက်သွားသည်။ ဤပိုးကောင်များမှာ အလွန်သေးငယ်လွန်းသဖြင့် သာမန်မှော်ပညာကိုသုံးပါက ဖယ်ရှားနိုင်မည်မဟုတ်သည့်အပြင် ဆေးပင်များကိုပါ ထိခိုက်စေနိုင်သည်။
သူမ ဒုတိယထပ်သို့ တက်ရန်ပြင်လိုက်စဉ် စာကြည့်တိုက်မှ နည်းပြတစ်ဦးက တားဆီးလိုက်သည်။
"ဒုတိယထပ်ကို သာမန်သင်တန်းသားတွေ ဝင်ခွင့်မရှိဘူး။ နည်းပြတစ်ယောက်ယောက်ဆီက ခွင့်ပြုချက်ရမှ တက်လို့ရမယ်"
ထိုနည်းပြက ယွင်ရှန်းကိုကြည့်ကာ ပြောလိုက်သည်။ သူမသည် မှော်ဆေးရည်ဌာနမှ ဖြစ်ကြောင်း သိသွားသောအခါ သူ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။
နည်းပြတစ်ယောက်ဆီက ခွင့်ပြုချက်တဲ့လား။
ယွင်ရှန်း အခက်တွေ့သွားသည်။ သူမအနေဖြင့် ဆေးပင်စိုက်ခင်းထဲတွင် နတ်ဆိုးပိုးကောင်များ တွေ့ရှိသည့်ကိစ္စကို ဆရာမမေလီကို မပြောပြချင်ပေ။ အထူးသဖြင့် သူမတွင် မှောင်မိုက်မှော်ဝိညာဉ် ရှိနေသည့်ကိစ္စကို သူမ၏ဖခင်မှလွဲ၍ မည်သူ့ကိုမျှ မသိစေလိုခြင်းကြောင့် ဖြစ်သည်။
"ယွင်ရှန်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ယွင်ရှန်း စဉ်းစားနေစဉ် နောက်ဘက်မှ ရွှင်ပြသော အသံတစ်ခု ထွက်ပေါ်လာသည်။ လှည့်
ကြည့်လိုက်သောအခါ ဖန်းကုက ပါးစပ်ကြီးဖြဲကာ ပြုံးရွှင်လျက် သူမနှင့်မလှမ်းမကမ်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဖန်းကု၏ ပုံစံမှာ ခန့်ညားသော ဤစာကြည့်တိုက်နှင့် လုံးဝ လိုက်ဖက်မှု မရှိလှပေ။
ယွင်ရှန်းသည် တစ်ချက်စဉ်းစားလိုက်ပြီးမှ သူမ၏မျက်မှောင်များ ပြေလျော့သွားသည်။ ဟုတ်သားပဲ ဖန်းကုဆီကနေ အကူအညီတောင်းရင် ရတာပဲ။
ယွင်ရှန်းသည် ဖန်းကုကို မျက်ရိပ်ပြကာ ဘေးသို့ ခေါ်ထုတ်သွားလိုက်သည်။
ယွင်ရှန်းက စာကြည့်တိုက်၏ ဒုတိယထပ်သို့ တက်ရောက်လိုသည့်အကြောင်း ဖန်းကုကို ပြောပြလိုက်သောအခါ သူသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
သူသည် ယွင်ရှန်းကို နားမလည်နိုင်သလို ကြည့်ကာ "မင်း ဒုတိယထပ်မှာ ဘာလုပ်မလို့လဲ။ အဲဒီမှာက နည်းပြတွေ သင်ကြားပြသရာမှာ ကိုးကားဖို့အတွက် အလယ်အလတ်အဆင့် မှော်ပညာတွေနဲ့ တားမြစ်မှော်ပညာအချို့ကိုပဲ ထားရှိတာလေ" ဟု မေးလိုက်သည်။
ဝူကျိတိုက်ကြီးပေါ်တွင် မှော်ပညာများကို မှတ်တမ်းတင်ရန် နည်းလမ်းများစွာရှိပြီး အသုံးအများဆုံးမှာ မှော်စာအုပ်များနှင့် မှော်အလင်းဝင်ရိုးများ ဖြစ်ကြသည်။
၎င်းတို့နှစ်ခုကို နှိုင်းယှဉ်လျှင် မှော်အလင်းဝင်ရိုးမှာ ပိုမိုလက်တွေ့ကျသည်။ ၎င်းသည် မှော်ပညာ၏ အဓိကအချက်များကို မှတ်တမ်းတင်ရုံသာမက မှော်ကျင့်စဉ်ဆိုင်ရာ ပုံရိပ်ယောင်များကိုပါ ထည့်သွင်းထားလေ့ရှိသဖြင့် လေ့လာသူများအနေဖြင့် ဂါထာရွတ်ဆိုခြင်းနှင့် မှော်ခင်းကျင်းမှုများ ရေးဆွဲခြင်းအပါအဝင် မှော်ပညာတစ်ခုလုံး၏ အနှစ်သာရကို ရှင်းလင်းစွာ သဘောပေါက်နိုင်သည်။
မှော်စာအုပ်များမှာမူ အတော်လေး ခက်ခဲလှသည်။ ၎င်းတို့တွင် နားလည်ရခက်သော မန္တန်များနှင့် မရှင်းလင်းသော မှော်ခင်းကျင်းမှု ရေးဆွဲနည်းများကိုသာ မှတ်တမ်းတင်ထားသည်။ လုံလောက်သော အစွမ်းရှိပြီး ထူးကဲသော နားလည်နိုင်စွမ်းရှိသည့် မှော်ဆရာများသာလျှင် မှော်စာအုပ်များမှတစ်ဆင့် မှော်ပညာကို တိုက်ရိုက် သဘောပေါက်နိုင်ကြသည်။
ယွင်ရှန်းသည် မှော်အကယ်ဒမီသို့ အသစ်ဝင်ရောက်ထားသော မှော်ပညာရှင်လေးတစ်ဦးသာ ဖြစ်ပြီး အခြေခံမှော်ပညာများကို သင်ယူနိုင်ခြင်းမှာပင် သူမအတွက် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ ဒုတိယထပ်ရှိ မှော်စာအုပ်များသည် သူမအတွက် ကြည့်လိုက်ရုံနှင့်ပင် အလွန်ခက်ခဲနေပေလိမ့်မည်။
ထို့အပြင် ဒုတိယထပ်ရှိ စာအုပ်များမှာ အားလုံးက တိုက်ခိုက်ရေးမှော်ပညာများသာ ဖြစ်သည်။ မှော်ဆေးရည်ဌာနမှ သင်တန်းသူဖြစ်သော ယွင်ရှန်းက ထိုနေရာတွင် စာအုပ်သွားဖတ်မည်ဆိုပါက ဖန်းကုအတွက် သံသယဖြစ်စရာ ဖြစ်လာပေလိမ့်မည်။
"နောက်လအနည်းငယ်မှာ နောက်ဆုံးစစ်ဆေးမှုရှိတော့မယ်လေ။ ဆရာမမေလီကလည်း ကျွန်မတို့ကို အသေအချာ ပြင်ဆင်ထားဖို့ ပြောထားတယ်။ ပြီးတော့... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မ တိုက်ခိုက်ရေးဌာနက သင်တန်းသားတချို့ကို ရန်စမိထားလို့ပါ"
ယွင်ရှန်းက အခက်တွေ့နေသည့် ပုံစံမျိုးဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
"အင်း... ဟုတ်သားပဲ။ မင်းရဲ့ မျက်ရည်ကျလုမတတ် ဖြစ်စေတဲ့ နတ်ခေါ်သားရဲကိုလည်း သူများရှေ့မှာ အလွယ်တကူ ထုတ်မပြသင့်ဘူး။ နှမြောစရာကောင်းတာက ငါက ဒီရက်ပိုင်း အလုပ်များနေလို့ မင်းကို မသင်ပြပေးနိုင်တာပဲ။ ကောင်းပြီလေ... ငါ အဲဒီနည်းပြနဲ့ သွားပြောပေးမယ်။ မင်းကို တစ်နာရီ နှစ်နာရီလောက် တက်ကြည့်ခွင့်ပေးဖို့ပေါ့"
ဖန်းကုက ပွင့်လင်းစွာ ပြန်ပြောလိုက်သည်။
သူသည် တိုက်ခိုက်ရေးဌာနမှ နည်းပြတစ်ဦး ဖြစ်သော်လည်း တော်ဝင်မှော်အကယ်ဒမီအတွင်း အနိုင်ကျင့်စော်ကားမှုများ ရှိနေကြောင်း ကြားသိထားပြီး ဖြစ်သည်။
သူသည် သဘာဝအတိုင်း ပွင့်လင်းရိုးသားသူဖြစ်ရာ ထိုကဲ့သို့သော ကိစ္စများကို မကြည့်ရက်သော်လည်း နည်းပြတစ်ဦးအနေဖြင့် ဆိုးသွမ်းသော သင်တန်းသားများကို အပြစ်ပေးရန်မှာ မသင့်တော်ပေ။
ဖန်းကုက ကြားဝင်ပြောဆိုပေးလိုက်သဖြင့် ယွင်ရှန်း၏ ပြဿနာမှာ ချက်ချင်းပင် ပြေလည်သွားတော့သည်။
ယွင်ရှန်း အပေါ်ထပ်သို့ မတက်မီ စာကြည့်တိုက်နည်းပြက သူမကို ထပ်မံ သတိပေးလိုက်သည်။
"စာအုပ်အများစုကို ကြည့်ခွင့်ရှိပေမဲ့ တချို့ကတော့ အကယ်ဒမီက တားမြစ်ထားတဲ့ စာအုပ်တွေပဲ။ အထူးလိုအပ်ချက်မရှိရင် အဲဒီစာအုပ်တွေကို အလွယ်တကူ မလှန်လှောကြည့်ပါနဲ့"
ယွင်ရှန်း၏ စိတ်ထဲတွင် တစ်ချက် လှုပ်ခတ်သွားသည်။ ထိုတားမြစ်ထားသော စာအုပ်များမှာ သူမ ရှာဖွေနေသည့် မှောင်မိုက်မှော်စာအုပ်များ ဖြစ်နိုင်သည်ဟု သူမ တွေးလိုက်မိသည်။
သူမသည် ခေါင်းငြိမ့်ပြလိုက်ပြီး ဒုတိယထပ်သို့ တက်လှမ်းသွားတော့သည်။
စာကြည့်တိုက်၏ ဒုတိယထပ် အခင်းအကျင်းမှာ ပထမထပ်နှင့် ဆင်တူသော်လည်း အကျယ်အဝန်းမှာ သုံးပုံတစ်ပုံခန့်သာရှိပြီး စာအုပ်စင်အရေအတွက်လည်း နည်းပါးလှသည်။
နံရံများတွင် အလင်းရောင်မှော်ခင်းကျင်းမှုများအစား စာဖတ်သူများ၏ စိတ်ဝိညာဉ်စွမ်းအားကို ပိုမိုအာရုံစူးစိုက်နိုင်စေရန် ကူညီပေးသည့် ပိုမိုဆင့်ကဲမြင့်မားသော အာရုံစူးစိုက်မှု မှော်ခင်းကျင်းမှုများကို တပ်ဆင်ထားသည်။
ယွင်ရှန်းသည် အစပိုင်းတွင် စာအုပ်အချို့ကို လှန်လှောကြည့်ရှုခဲ့သည်။ မှတ်တမ်းတင်ထားသော မှော်ပညာများမှာ အမျိုးမျိုးရှိသော်လည်း တိတ်တဆိတ် နှိုင်းယှဉ်ကြည့်လိုက်သောအခါ ဆရာမမေလီ လက်ဆောင်ပေးခဲ့သော မှော်အလင်းဝင်ရိုးထဲရှိ မှော်ပညာများလောက် စွမ်းအားမကြီးမားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် အလယ်အလတ်အဆင့် မှော်ပညာအများစုမှာ နားလည်ရခက်ခဲပြီး ကြည့်လိုက်ရုံနှင့် သဘောပေါက်ရန် မလွယ်ကူလှပေ။
အရာရာကို အတင်းအကျပ် လောမကြီးသင့်မှန်း သိထားသဖြင့် ယွင်ရှန်းသည် ထိုစာအုပ်များကို ဘေးဖယ်ထားလိုက်ပြီး တားမြစ်စာအုပ်များဟု ခေါ်ဆိုကြသည့် စာအုပ်များကို စတင်ရှာဖွေတော့သည်။
သူမ၏ အကြည့်မှာ နောက်ဆုံးအတန်းရှိ စာအုပ်စင်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် "မှော်တားမြစ်စာအုပ်များ သုတေသနပြုရန်အတွက်သာ" ဟု ရေးသားထားသော သတိပေးချက်တစ်ခုကို အထင်အရှား တွေ့လိုက်ရသည်။
၎င်းမှာ မှောင်မိုက်မှော်ပညာနှင့် သက်ဆိုင်သော အချက်အလက်များ ပါဝင်သည့် စာအုပ်တန်းတစ်ခု ဖြစ်သည်။ သို့သော် အကြောင်းအရာ အများစုမှာ အတ္ထုပ္ပတ္တိများ နှင့် ဆင်တူနေပြီး မှောင်မိုက်မှော်ဂါထာများကို အသေးစိတ် ဖော်ပြထားခြင်း မရှိဘဲ မှောင်မိုက်မှော်ပညာ ဖွံ့ဖြိုးတိုးတက်လာပုံ သမိုင်းကြောင်းများကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
တော်ဝင်မှော်အကယ်ဒမီရှိ ဤမှောင်မိုက်မှော်စာအုပ် အနည်းငယ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယွီကျင်းမြို့မှ စာအုပ်ရောင်းဝယ်ရေးသမားကြီး တစ်ဦးက လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ အကယ်ဒမီက စစ်ဆေးပြီးနောက် မှောင်မိုက်မှော်ပညာ အသေးစိတ်များ မပါဝင်ကြောင်း အတည်ပြုပြီးမှသာ နည်းပြအချို့ အတန်းထဲတွင် အသုံးပြုနိုင်ရန် သာမန်ကာလျှံကာ ထားရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သင်တန်းသားလူငယ်များအနေဖြင့် မှောင်မိုက်မှော်ဆရာများ၏ သမိုင်းကြောင်းကြောင့် လမ်းမှားမရောက်စေရန်အတွက် ဤစာအုပ်များကို တားမြစ်စာအုပ်များအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ပုဂ္ဂလိက ငှားရမ်းခွင့်ကိုလည်း တင်းကျပ်စွာ ပိတ်ပင်ထားသည်။
ယွင်ရှန်းသည် မှောင်မိုက်မှော်ပညာ သမိုင်းကြောင်းများကို စိတ်ဝင်တစားမရှိဘဲ စာမျက်နှာအချို့ကို လှန်ကြည့်လိုက်သည်။ သူမ စာအုပ်ကို ပြန်ထားတော့မည့် အချိန်မှာပင် စာအုပ်အတွင်းမှ မှတ်စုစာရွက်လေးတစ်ရွက် လွင့်ထွက်ကျလာသည်။
ထိုစာရွက်လေးမှာ သစ်ရွက်တစ်ရွက်ခန့်သာ အရွယ်အစားရှိပြီး သက်တမ်းရင့်နေသဖြင့် ဝါကျင်ကျင် ဖြစ်နေပြီ ဖြစ်သော်လည်း ၎င်းပေါ်တွင် ရေးသားထားသော ရှုပ်ထွေးပွေလီသည့် မှော်သင်္ကေတများမှာမူ တောက်ပနေဆဲပင်။
ထိုအနီရောင် သင်္ကေတများသည် ညှီစို့စို့ အနံ့တစ်ခုကို သယ်ဆောင်လာသကဲ့သို့ ခံစားရပြီး ၎င်းတို့ကို ကြည့်လိုက်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှသည်။
လက်ရေးလက်သားကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ကမန်းကတန်း ကူးရေးထားပုံရသည်။ ၎င်းပေါ်ရှိ မှော်သင်္ကေတများမှာ စနစ်တကျမရှိဘဲ ရှုပ်ထွေးနေကာ မှော်သင်္ကေတများ၏ ပုံမှန်ပုံစံမျိုး မရှိပေ။
ပထမဆုံး ကြည့်လိုက်ပါက မူးဝေသည့် ခံစားချက်ကို ပေးစွမ်းပြီး တရားမှတ်ရန်ပင် အာရုံစူးစိုက်ရန် ခက်ခဲစေသည်။
ဤမှတ်စုကို ယခင်က အခြားသူများလည်း ဖတ်ရှုခဲ့ဖူးပုံရသော်လည်း အများစုမှာ ၎င်းပေါ်ရှိ မှော်သင်္ကေတများကို နားမလည်ခဲ့ကြပေ။ သို့သော် ယွင်ရှန်းသည် ဤသင်္ကေတများကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းအိမ်ထဲတွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။
အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော သူမ၏ မှောင်မိုက်မှော်ဝိညာဉ်မှာ ရုတ်တရက် နိုးကြားလာပြီး လှုပ်ရှားလာတော့သည်။
မှောင်မိုက်မှော်ဝိညာဉ်၏ လှုပ်ခတ်မှုက သူမ၏ ရှေ့မှ စာရွက်ပေါ်ရှိ ထူးခြားသော အချက်များကို သတိပေးနေခြင်း ဖြစ်သည်။
ယွင်ရှန်းသည် သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ဤစာရွက်ငယ်လေးထဲတွင် သူမ ရှာဖွေနေသည့်အရာ ဖုံးကွယ်နေနိုင်ကြောင်း သူမ နားလည်လိုက်သည်။
ယွင်ရှန်း၏ မျက်စိသူငယ်အိမ်မှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ မည်သည့် အမူအရာမျှ မပြဘဲ စာအုပ်ကို ပိတ်ကာ မူလနေရာတွင် ပြန်ထားလိုက်သည်။ သို့သော် စာအုပ်ထဲတွင် ရှိနေခဲ့သော ထိုစာရွက်ငယ်လေးမှာမူ ယခုအခါ သူမ၏ သားရဲဘာသာစကား လက်စွပ်ထဲသို့ တိတ်တဆိတ် ရောက်ရှိသွားပြီ ဖြစ်သည်။