အခန်း (၁၂၁)
Vol. 12 Ch. 121
စာကြည့်တိုက်မှ တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်ခွာလာခဲ့သော်လည်း ယွင်ရှန်း၏ ရင်ထဲတွင်မူ ဗုံတီးနေသကဲ့သို့ တဒိတ်ဒိတ် ခုန်နေသည်ကို မည်သူမျှ မသိနိုင်ကြပေ။ အကြောင်းမှာ သူမ၏ သားရဲဘာသာစကား လက်စွပ်ထဲတွင် ရှိနေသော ထိုမှတ်စုစာရွက်ငယ်လေးကြောင့်ပင်။
ကျောင်းသားဆောင်မှာ လူရှုပ်ပြီး ဆူညံနေမည်ကို စဉ်းစားကာ သူမသည် အများသုံး ဆေးပင်
စိုက်ခင်းဆီသို့ တိုက်ရိုက် ထွက်လာခဲ့သည်။
ဆေးပင်စိုက်ခင်းကို ပြုစုစောင့်ရှောက်ရာတွင် အဆင်ပြေစေရန်အတွက် အကယ်ဒမီက ထိုနေရာ၌ ပစ္စည်းသိုလှောင်သည့် အခန်းငယ်လေးတစ်ခု ဆောက်လုပ်ပေးထားသည်။
ထိုအခန်းငယ်အတွင်းသို့ ရောက်သည်နှင့် ယွင်ရှန်းသည် စောစောက ရရှိခဲ့သော မှတ်စုစာရွက်လေးကို ထုတ်ယူလိုက်သည်။
စာရွက်ကို လက်ထဲတွင် ကိုင်လိုက်သည်နှင့် ယွင်ရှန်း၏ ခန္ဓာကိုယ်အတွင်းရှိ မှောင်မိုက်မှော်
ဝိညာဉ်မှာ ဆူပွက်နေသော ရေထဲသို့ လောင်စာထည့်လိုက်သကဲ့သို့ ထိန်းမနိုင်သိမ်းမရ လှုပ်ရှားလာတော့သည်။
သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာ အာရုံခံအာယတနများကဲ့သို့ပင် လက်ထဲရှိ စာရွက်ငယ်လေးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
ဤအခိုက်အတန့်တွင် ယွင်ရှန်းကို တစ်စုံတစ်ယောက်က မြင်တွေ့လိုက်ပါက ကျိန်းသေပေါက် ထိတ်လန့်သွားပေလိမ့်မည်။
သူမ၏ နဂိုနက်မှောင်သော မျက်ဝန်းအိမ်မှာ သာ၍ပင် နက်မှောင်သွားပြီး မျက်လုံးများမှာ ထူးဆန်းစွာ ကြီးမားလာကာ သူငယ်အိမ်မှာ အနက်ရောင်တွင်းနက်ကြီး နှစ်ခုအလား ဖြစ်နေသည်။
သူမ၏ နဖူးပေါ်မှ ဆံပင်စလေးများအောက်တွင် သေးငယ်သော မျက်နှာလေးမှာ အဖိုးတန် ကျောက်စိမ်းတစ်ခုကဲ့သို့ ကြည်လင်နေပြီး အံ့ဩစရာကောင်းလောက်အောင် လှပသော၊ နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုရှိသော အသွင်ကို ဖော်ပြနေသည်။
စာရွက်ပေါ်ရှိ မှော်သင်္ကေတများသည် ရှုပ်ထွေးရာမှ စနစ်တကျ ပြောင်းလဲသွားပြီး များမကြာမီမှာပင် ဂါထာအသစ်တစ်ခုမှာ သူမ၏ စိတ်ထဲတွင် ပေါ်ပေါက်လာတော့သည်။
"မှော်ဆူးခက် အခြေခံ မှောင်မိုက်မှော်ပညာ။ ပျော့ပြောင်းပြီး မမြင်ရနိုင်ကာ ခြေရာဖျောက်
နိုင်ပြီး ရန်သူများနှင့် နတ်ဆိုးသားရဲများကို အသံတိတ် သတ်ဖြတ်နိုင်စွမ်းရှိသည်"
ယွင်ရှန်း၏ လက်ဖဝါးများတွင် မသိစိတ်မှ ချွေးများ စို့လာသည်။ ဤသည်မှာ သူမအနေဖြင့် မှောင်မိုက်မှော်ပညာနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်းပင်။
သူမတွင် ဓာတ်ငါးပါးမှော်ဝိညာဉ် ရှိနေသော်လည်း ဖခင်ဖြစ်သူ ယန်ခန်းဟိုင်၏ သတိပေးချက်ကြောင့် မှောင်မိုက်မှော်ပညာကို တစ်ခါမျှ မလေ့လာခဲ့ဖူးပေ။ သူမ၏ စိတ်ထဲတွင်မူ ၎င်းမှာ လျှို့ဝှက်ဆန်းပြားသော မှော်အမျိုးအစားတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။
ယွင်ရှန်း ဝေခွဲမရဖြစ်နေစဉ်မှာပင် ထိုမှတ်စုစာရွက်ပေါ်တွင် မှော်ပညာဆိုင်ရာ အယူအဆအသစ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းမှာ မှော်ဂုဏ်သတ္တိများနှင့်အပြန်အလှန် ဆန့်ကျင်ဘက်
ဖြစ်ခြင်း နိယာမပင်။
သဘာဝဓာတ်ကြီးလေးပါး နတ်ဆိုးသားရဲများထဲတွင် ရေနှင့်မီးသည် တစ်ခုနှင့်တစ်ခု ပျက်စီးစေပြီး မြေနှင့်လေသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်ကြသည်။
ပို၍အရေးကြီးသည်မှာ အလင်းဂုဏ်သတ္တိနှင့် မှောင်မိုက်ဂုဏ်သတ္တိရှိသော နတ်ဆိုးသားရဲများသည် သဘာဝဓာတ်ကြီးလေးပါးမှော်ပညာများကို အတော်အတန် ခုခံနိုင်စွမ်းရှိကြသော်လည်း ၎င်းတို့အချင်းချင်း ပြန်လည်တိုက်ခိုက်ရာတွင်မူ ထိခိုက်မှုမှာ နှစ်ဆတိုးသွားတတ်သည်။
ဒါကို ဖတ်ပြီးနောက် ယွင်ရှန်းက မှောင်မိုက်မှော်ပညာကို ကျိန်းသေပေါက် သင်ယူရမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သူမ၏ ဆေးပင်စိုက်ခင်းထဲမှ နတ်ဆိုးပိုးကောင်များကို နှိမ်နင်းနိုင်မည် မဟုတ်ပေ။
ယွင်ရှန်းသည် နားလည်နိုင်စွမ်း မြင့်မားသူဖြစ်ပြီး အခြေခံမှော်ပညာအချို့ကိုလည်း လေ့လာဖူးပြီးသားဖြစ်ရာ ဤမှောင်မိုက်မှော်ပညာကို လျင်မြန်စွာ တတ်မြောက်သွားခဲ့သည်။
သူမသည် အများသုံးဆေးပင်စိုက်ခင်း၏ အပြင်ဘက်ရှိ ကွင်းပြင်တစ်ခုသို့ ထွက်လာခဲ့သည်။
ယွင်ရှန်းသည် လျှို့ဝှက်ဆန်းပြားသော မှောင်မိုက်မှော်ပညာမှာ သာမန်မြေဓာတ်မှော်ပညာနှင့် ဘယ်လိုကွာခြားလဲဆိုတာကို စမ်းသပ်ကြည့်ချင်သည်။
မှော်မှတ်တမ်းများအရ မှောင်မိုက်မှော်ဆူးခက် ဟုခေါ်သော ဤအခြေခံမှောင်မိုက်မှော်ပညာမှာ ယွင်ရှန်း တတ်မြောက်ထားပြီးဖြစ်သော မြေစူးနှင့် သိပ်ပြီး မကွာခြားလှပုံရသည်။
ယွင်ရှန်းသည် အရွယ်အစားတူသော ကျောက်တုံးနှစ်တုံးကို ရှာဖွေလိုက်ပြီး မြေစူးနှင့် မှောင်မိုက်မှော်ဆူးခက်တို့၏ ကွာခြားချက်ကို စမ်းသပ်နှိုင်းယှဉ်ရန် ပြင်ဆင်လိုက်သည်။
ယွင်ရှန်းသည် မြေစူးကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ဖူးပြီး ဂါထာရွတ်ဆိုခြင်းမှာလည်း အလွန်ကျွမ်းကျင်လှသည်။ မကြာသေးမီက မှော်မျှော်စင်တွင် လေ့ကျင့်ခဲ့သဖြင့် သူမ၏ မှော်
စွမ်းအားမှာလည်း တိုးတက်လာခဲ့ရာ မြေစူးကို နှစ်ကြိမ်ဆက်တိုက် ချက်ချင်းထုတ်ဖော်လိုက်သောအခါ မြေပြင်မှာ တုန်ခါသွားပြီး ညိုဝါရောင်မြေစူးများက ကျောက်တုံးကို တစ်ခုပြီးတစ်ခု ထိုးဖောက်သွားကာ ကီလိုဂရမ် ဆယ်ဂဏန်းလေးသော ကျောက်တုံးကြီးမှာ ချက်ချင်းပင် လေးပိုင်းကွဲသွားတော့သည်။
ယခုအခါ အသစ်သင်ယူထားသော မှောင်မိုက်မှော်ပညာကို စမ်းသပ်ရန် အလှည့်ရောက်ပြီဖြစ်သည်။
ယွင်ရှန်းသည် ဂါထာကို ရွတ်ဆိုလိုက်သည်။ အသံမထွက်ဘဲ ခပ်ဖျော့ဖျော့ အသံလေးတစ်ခု ထွက်ပေါ်လာပြီးနောက် အနည်းငယ်သော တုန်ခါမှုကိုသာ သူမ ခံစားလိုက်ရသည်။
ရှေ့တည့်တည့်မှ ကျောက်တုံးကြီးမှာ မည်သို့မျှ မလှုပ်မယှက်ဘဲ ငြိမ်သက်နေဆဲ ဖြစ်သည်။
မှောင်မိုက်မှော်ပညာက မြေစူးထက်ပင် အာနိသင် ပိုနည်းနေခြင်းလော။
ယွင်ရှန်း စိတ်ပျက်သွားကာ ဘာဖြစ်သွားတာလဲဟု အနီးကပ်ကြည့်ရန် လျှောက်သွားလိုက်သည်။
သူမက ထိုကျောက်တုံးကြီးကို လက်ဖြင့် တို့လိုက်ရုံမျှရှိသေးသည်။ နဂိုက တစ်ခဲတည်းရှိနေသော ကျောက်တုံးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး ပြာပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဟမ်…."
ယွင်ရှန်း လန့်သွားမိသည်။ သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ပါက ကျောက်တုံးကြီးတစ်ခုလုံး ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားလိမ့်မည်ဟု ဘယ်သောအခါမျှ ယုံကြည်မည်မဟုတ်ပေ။
ဤမျှ လွှမ်းမိုးနိုင်စွမ်းရှိသော မှောင်မိုက်မှော်ဆူးခက်မှာ သူမ ပထမဆုံးအကြိမ် စမ်းသပ်သုံးစွဲခြင်းသာ ရှိသေးသည်။ အကယ်၍ သူမ ကျွမ်းကျင်သွားပါက ကျောက်တုံးကိုသာမက နတ်ဆိုးသားရဲ တစ်ကောင်ကိုပင် မျက်တောင်တစ်ခတ်အတွင်း အတွင်းပိုင်းမှနေ၍ ထိုးဖောက်ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ယွင်ရှန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာသည်။ ဤမှော်ဆူးခက်၏ နိယာမမှာ သူမ၏ ဆေးပညာဝိညာဉ် အပ်စိုက်ပညာနှင့် အနည်းငယ် ဆင်တူနေသလားဟု တွေးမိခြင်းဖြစ်သည်။ အကယ်၍ ထိုနှစ်ခုကို ပေါင်းစပ်နိုင်ပါက ဘယ်လို ရလဒ်ထွက်လာနိုင်မလဲ။ ၎င်းတို့ကို တစ်သားတည်း ဖြစ်အောင် လုပ်နိုင်လျှင် မှောင်မိုက်မှော်ပညာ၏ ခြေရာလက်ရာများကိုပါ ကောင်းစွာ ဖုံးကွယ်နိုင်ပေလိမ့်မည်။
သို့သော် ယခုလောလောဆယ်တွင် ယွင်ရှန်းမှာ ထိုနှစ်ခုကို ပေါင်းစပ်ရန် မလောသေးပေ။ သူမ ပိုမို သိချင်နေသည်မှာ အသစ်သင်ယူထားသော ဤမှောင်မိုက်မှော်ပညာက ဆေးပင်စိုက်ခင်းထဲမှ မှောင်မိုက်နတ်ဆိုးပိုးကောင်များကို နှိမ်နင်းရာတွင် ထိရောက်မှု ရှိမရှိ ဆိုသည့်အချက်ပင်။
အစောပိုင်းက ယွင်ရှန်းသည် မြေစူးနှင့် အခြားမှော်ပညာများကို သုံး၍ နတ်ဆိုးပိုးကောင်များကို သတ်ရန် ကြိုးစားခဲ့ဖူးသော်လည်း ဆေးပင်များကိုသာ ပျက်စီးစေပြီး နတ်ဆိုးပိုးကောင်များမှာမူ မည်သို့မျှ မဖြစ်ခဲ့ကြပေ။
ယခုမူ သူမအနေဖြင့် မှောင်မိုက်မှော်ဆူးခက်ကိုသာ အားကိုးကြည့်ရန် ရှိတော့သည်။
အများသုံး ဆေးပင်စိုက်ခင်းသို့ ချဉ်းကပ်ကာ ယွင်ရှန်းသည် မှောင်မိုက်မှော်ဆူးခက် ဂါထာကို ရွတ်ဆိုလိုက်ရာ မမြင်နိုင်သော မှောင်မိုက်စွမ်းအားလှိုင်းတစ်ခု ဆေးပင်များအတွင်းသို့ စီးဝင်သွားသည်။
ဆံပင်မျှင်ထက်ပင် သေးငယ်သော မှောင်မိုက်မှော်ဆူးခက်လေးများသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတန်းတစ်ခုအလား ဆေးပင်များအတွင်းသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ဆေးပင်များ၏ အမြစ်နှင့် ပင်စည်များအတွင်း၌ ခိုအောင်းနေသော ထိုခေါင်းမာသည့် နတ်ဆိုးပိုးကောင်များသည် မှော်ဆူးခက်များ၏ ထိုးနှက်မှုကို ခံလိုက်ရပြီး နေရောင်အောက်ရှိ မြူနှင်းများကဲ့သို့ပင် ပျောက်ကွယ်သွားကြတော့သည်။
နတ်ဆိုးပိုးကောင်များ မှော်ဆူးခက်ဖြင့် အထိုးခံရသည့် ခဏချင်းမှာပင် ယွင်ရှန်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ မှောင်မိုက်မှော်စွမ်းအင်များ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။
ဤခံစားချက်မှာ တရားမှတ်ခြင်းမှတစ်ဆင့် ရရှိသော မှော်စွမ်းအင်များနှင့် ဆင်တူလှသည်။ သုတ်သင်ခံလိုက်ရသော နတ်ဆိုးပိုးကောင်များထံမှ ထွက်ပေါ်လာသည့် မှောင်မိုက်မှော်စွမ်းအားများသည် မှော်ဆူးခက်များကို အသုံးပြုမှုနှင့်အတူ ယွင်ရှန်း၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်သွားခဲ့သည်။
ယွင်ရှန်းမှာ အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ မှော်ဆူးခက်များတွင် ဤမျှ ကောင်းမွန်လှသော အသုံးဝင်ပုံမျိုး ရှိလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ၎င်းသည် နတ်ဆိုးပိုးကောင်များကို သတ်နိုင်ရုံသာမက သေဆုံးသွားသော သားရဲများအတွင်းရှိ မှော်စွမ်းအင်များကိုပါ သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူပေးနိုင်ခြင်းပင်။
နတ်ဆိုးပိုးကောင် တစ်ကောင်ချင်းစီထံမှ ရရှိသော မှော်စွမ်းအင်မှာ မများလှသော်လည်း ဤဧကအနည်းငယ်ရှိသော စိုက်ခင်းအတွင်း၌ ပိုးကောင်များမှာ အလွန်ပင် များပြားလှသည်။ ထပ်ခါတလဲလဲ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ယွင်ရှန်း၏ ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်များမှာ လျော့နည်းမသွားသည့်အပြင် သူမ၏ မှောင်မိုက်မှော်ဝိညာဉ်မှာပင် အနည်းငယ် ကြီးထွားလာခဲ့သည်။
မှော်ဆူးခက်များသည် မည်သည့်ဂုဏ်သတ္တိရှိသော မှော်သတ္တဝါအပေါ်မဆို ထိရောက်မှု ရှိ မရှိ စမ်းသပ်ရန်အတွက် ယွင်ရှန်းသည် စမ်းသပ်မှုအချို့ကို ထပ်မံပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် စိုက်ခင်းမြေကြီးအောက်မှ မြေပုတ်သင်ညိုတစ်ကောင် ခုန်ထွက်လာသည်။ ယွင်ရှန်း၏ စိတ်ကူးလိုက်ရုံဖြင့်ပင် မှော်ဆူးခက်များသည် ပုတ်သင်ညို၏ ဝမ်းဗိုက်ကို ချက်ချင်း ထိုးဖောက်လိုက်ပြီး အားနည်းသော မြေဓာတ်မှော်စွမ်းအင်တစ်ခုမှာ ယွင်ရှန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သည်။
ထို့နောက် သူမသည် ကျောက်တုံးများ၊ သစ်ပင်များ၊ စမ်းချောင်းများနှင့် အခြားသော သက်ရှိ၊ သက်မဲ့ အရာဝတ္ထုများပေါ်တွင် ဆက်တိုက် စမ်းသပ်ခဲ့သည်။ များမကြာမီမှာပင် ယွင်ရှန်းသည် အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့သည်။
မှော်ဆူးခက်များသည် ရန်သူကို မမြင်နိုင်အောင် သတ်ဖြတ်နိုင်ရုံသာမက မည်သည့်မှော်သတ္တဝါထံမှမဆို မှော်စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း အသက်မဲ့သော အရာဝတ္ထုများပေါ်တွင်မူ စုပ်ယူနိုင်စွမ်းမရှိဘဲ ၎င်းတို့ကို ရိုက်ခွဲပစ်ရုံသာ တတ်နိုင်သည်။
ဤမှောင်မိုက်မှော်ပညာသည် လူသားများအပေါ် သက်ရောက်မှု ရှိမရှိကိုမူ ယွင်ရှန်း မသိသေးပေ။ နှစ်လယ်စစ်ဆေးမှုရန် အချိန် သိပ်မကျန်တော့သဖြင့် ထိုစစ်ဆေးမှုအတွင်းမှာပင် မှော်ဆူးခက်၏ အာနိသင်ကို စမ်းသပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
နေဝင်ရိုးရီအချိန်၌ အများသုံးဆေးပင်စိုက်ခင်းရှိ ဆေးပင်များမှာ ပြန်လည်စိမ်းလန်းစိုပြေလာသည်ကို ကြည့်ရင်း သူမအတွင်းရှိ ကြီးထွားလာသော မှောင်မိုက်မှော်ဝိညာဉ်ကို ခံစားရင်း ယွင်ရှန်းက အေးစက်စွာ ပြုံးလိုက်သည်။
"မှော်တိုက်ခိုက်ရေးအသင်း... ဒီတစ်ခါတော့ နင်တို့အားလုံးကို အရှက်တကွဲနဲ့ သေရအောင် ငါ လုပ်ပေးမယ်"
စိုက်ခင်းအတွင်းရှိ နတ်ဆိုးပိုးကောင်များကို တိတ်တဆိတ် သုတ်သင်လိုက်သည့်ကိစ္စကို ချန်လျန်လျန်နှင့် အခြားသူများ လုံးဝ မသိရှိကြသေးပေ။ ထိုညတွင် စိုက်ခင်းအနီးသို့ လူရိပ်တစ်ခု ခိုးကြောင်ခိုးဝှက် ရောက်ရှိလာသည်။
ထိုသူမှာ မှော်တိုက်ခိုက်ရေးအသင်းမှ ချူစန်းဖြစ်ပြီး သူသည် လေဓာတ်မှော်ဆရာတစ်ဦး ဖြစ်သည်။ ချန်လျန်လျန်တို့၏ အမိန့်အရ စိုက်ခင်းအတွင်းရှိ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ရန် ရောက်လာခြင်း ဖြစ်သည်။
လရောင်အောက်တွင် ဧကနှင့်ချီသော ဆေးပင်စိုက်ခင်းမှာ ပိုးမွှားဖျက်ဆီးခံရသည့် လက္ခဏာ တစ်စုံတစ်ရာမျှ မရှိဘဲ ကျန်းမာသန်စွမ်းစွာ တည်ရှိနေသည်ကို သူ တွေ့လိုက်ရလေသည်။