← Chapters

အခန်း (၁၂၅)

Vol. 12 Ch. 125

အခန်း (၁၂၅)

Vol. 12 Ch. 125

နှစ်ဆုံးစစ်ဆေးမှု မတိုင်မီ ရက်သတ္တပတ် နှစ်ပတ်အလိုတွင် ဂူဖုန်းသည် မှော်ဆေးရည်ဌာနမှ အလယ်အလတ်အဆင့် ကျောင်းသားတစ်ဦးကို ခေါ်ဆောင်၍ ယွင်ရှန်းထံ ရောက်ရှိလာသည်။

"ငါ့ကို မှော်ဆေးပညာအသင်းထဲဝင်ဖို့ ဖိတ်ခေါ်တာလား။ ဂူဖုန်း... ငါ အရင်ကတည်းက ပြောပြီးသားပဲ။ ငါက လူမှုရေးသိပ်မလုပ်တတ်တဲ့သူ ပြီးတော့ အကယ်ဒမီထဲက ဘယ်ကျောင်းသားအဖွဲ့အစည်းကိုမှလည်း စိတ်မဝင်စားဘူး"

ယွင်ရှန်း၏ အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်မှာ လူကြီးတစ်ဦးဖြစ်ရာ ဆယ်ကျော်သက်အရွယ် ကလေးတွေနှင့်အတူ အသင်းအဖွဲ့ လှုပ်ရှားမှုများ လုပ်ဆောင်ရန် သူမ စိတ်မပါလှပေ။

ယခင်က တိုက်ခိုက်ရေးအသင်းနှင့် ပတ်သက်ခဲ့ရသော အတွေ့အကြုံမှာလည်း အလွန်ဆိုးရွားခဲ့သဖြင့် ဂူဖုန်းက မှော်ဆေးရည် ဝါသနာပါသူများအသင်းထဲဝင်ရန် အကြံပြုလာသည်နှင့် ယွင်ရှန်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"ယွင်ရှန်း... မှော်ဆေးရည်ဌာနရဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ငါတို့အားလုံးက ဂုဏ်ယူစရာရှိရင်အတူတူ အရှက်ရစရာရှိရင်အတူတူပဲလေ။ ဒီနှစ်ဆုံးစစ်ဆေးမှုအတွက် နင် နည်းလမ်းတစ်ခုခု စဉ်းစားပေးရမယ်။ ကျေးဇူးပြုပြီး မှော်ဆေးပညာအသင်းကို ကူညီပေးပါဦး"

ဂူဖုန်းဘေးမှ အားကိုးရာမဲ့နေပုံရသော မှော်ဆေးရည်ကျောင်းသားက အလေးအနက် ပြောဆိုလာသည်။

သူသည် အသက် ၁၃ နှစ်၊ ၁၄ နှစ်ခန့် ရှိပုံရပြီး ခေါင်းပေါ်တွင် ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ဆံပင်များနှင့်အတူ ခန္ဓာကိုယ်မှလည်း ဓာတုဆေးနံ့များ ထွက်ပေါ်နေသည်။ ဤပုံစံမှာ တစ်နေ့ကုန် မှော်ဆေးရည်ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်ဆုံးနေလေ့ရှိသော ပုံမှန် ဓာတုဗေဒ လူဆန်းတစ်ဦး၏ ပုံစံပင် ဖြစ်သည်။

ဂူဖုန်းသည် မှော်ဆေးရည်ဌာနတွင် လူသိများသူမဟုတ်သော်လည်း မှော်ဆေးရည်ပညာကို အလွန်စိတ်ဝင်စားသည်။ ထို့ကြောင့် တော်ဝင်မှော်အကယ်ဒမီသို့ ဝင်ရောက်ပြီး မကြာမီမှာပင် အကယ်ဒမီအတွင်းရှိ အသင်းငယ်လေးတစ်ခုဖြစ်သော မှော်ဆေးပညာအသင်းသို့ ဝင်ရောက်ခဲ့သည်။

အဖွဲ့ဝင် တစ်ရာကျော်ရှိသော မှော်တိုက်ခိုက်ရေးအသင်းနှင့် နှိုင်းယှဉ်လျှင် မှော်ဆေးပညာအသင်းမှာ အမှန်တကယ် သေးငယ်လှသည်။ ဂူဖုန်းနှင့် ယခုရောက်နေသော ဥက္ကဋ္ဌ အန်ကျဲအပါအဝင် အသင်းဝင် စုစုပေါင်း ၅ ဦးထက် မပိုပေ။ ၎င်းမှာ အကယ်ဒမီအတွင်း အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန် လိုအပ်သော အနည်းဆုံး အဖွဲ့ဝင်အရေအတွက်ပင်။

"ယွင်ရှန်း... တကယ်ကို တခြားနည်းလမ်းမရှိတော့လို့ ဥက္ကဋ္ဌ အန်ကျဲကို ခေါ်ပြီး နင့်ကို လာဖိတ်တာပါ။ အကယ်၍ နင်သာ အသင်းထဲဝင်မယ်ဆိုရင် ဥက္ကဋ္ဌ အန်ကျဲက နင့်ကို ဥက္ကဋ္ဌအဖြစ်တောင် တာဝန်လွှဲပေးဖို့ သဘောတူထားတယ်။ နင်သာ မဝင်ရင် မှော်ဆေးပညာအသင်းက ဖျက်သိမ်းခံရတော့မှာ။ နင် ငါတို့ကို ကူညီရမယ်... ဆရာမမေလီကလည်း ဒီအသင်းရဲ့ ဂုဏ်ထူးဆောင် အကြံပေးပုဂ္ဂိုလ်လေ"

ဂူဖုန်းက စိတ်မကောင်းစွာဖြင့် တောင်းပန်တိုးလျှိုးလိုက်သည်။

ဂူဖုန်းသည် ယွင်ရှန်း၏ မှော်ဆေးဖော်စပ်မှု ရလဒ်များကို မြင်တွေ့ခဲ့ရသည့် အချိန်ကတည်းက သူမကို အသင်းထဲဝင်ရန် ဖိတ်ခေါ်ချင်ခဲ့ခြင်းဖြစ်သော်လည်း ယွင်ရှန်းကမူ အကြိမ်ကြိမ် ငြင်းဆိုနေခဲ့ခြင်း ဖြစ်သည်။

တော်ဝင်မှော်အကယ်ဒမီ၏ ရိုးရာအစဉ်အလာအရ အသင်းအဖွဲ့တိုင်းသည် နှစ်ဆုံးစစ်ဆေးမှုတွင် ပြီးခဲ့သောတစ်နှစ်တာ၏ ရလဒ်များကို တင်ပြကြရသည်။ သို့မှသာ လာမည့်နှစ်တွင် ယခင်နှစ်စွမ်းဆောင်ရည်အပေါ် မူတည်၍ အကယ်ဒမီထံမှ ဘဏ္ဍာရေးထောက်ပံ့မှုများကို ရရှိနိုင်မည်ဖြစ်သည်။

တိုက်ခိုက်ရေးအသင်းအတွက်မူ ၎င်းသည် ဆရာ၊ ကျောင်းသားအားလုံး၏ရှေ့မှောက်တွင် တိုက်ခိုက်ရေးမှော်ပညာအသစ်တစ်ခုကို သရုပ်ပြသခြင်းဖြစ်သည်။ မှော်ဆေးပညာအသင်းအတွက်မူ ဆေးဖော်စပ်မှုအသစ်တစ်ခုကို လူမြင်ကွင်းတွင် လက်တွေ့လုပ်ဆောင်ပြသခြင်း ဖြစ်သည်။

လွန်ခဲ့သောနှစ်များတွင် မှော်ဆေးပညာအသင်းသည် ဆေးရည်အသစ်များ ဖော်စပ်ရာတွင် ထူးခြားသောစွမ်းဆောင်ရည် မရှိခဲ့သဖြင့် ရန်ပုံငွေမှာ အမြဲတမ်း ပြတ်လပ်နေခဲ့သည်။

တိုက်ခိုက်ရေးဌာနကမူ မှော်ဆေးပညာအသင်းသည် ထူးခြားသောအကျိုးပြုမှုမရှိဘဲ အကယ်ဒမီ၏ အကန့်အသတ်ရှိသော လှုပ်ရှားမှုအခန်းများနှင့် ရန်ပုံငွေများကို ရယူထားသည်ဟု စွပ်စွဲကာ အသင်းအား ဖျက်သိမ်းပေးရန် အကြိမ်ကြိမ် လျှောက်ထားခဲ့သည်။ ကျောင်းအာဏာပိုင်များကလည်း ယခုတစ်ကြိမ်တွင် ထူးခြားသောစွမ်းဆောင်ရည် မပြနိုင်ပါက ဖျက်သိမ်းပစ်မည်ဟု အရိပ်အယောင်ပြထားပြီး ဖြစ်သည်။

ဤသတင်းကို ကြားရပြီးနောက် အန်ကျဲ၊ ဂူဖုန်းနှင့် အခြားသူများစွာ ဆွေးနွေးခဲ့ကြပြီး ဆရာမမေလီ၏ တိတ်တဆိတ် လမ်းညွှန်မှုဖြင့် နောက်ဆုံးတွင် မှော်ဆေးရည်အသစ်တစ်ခုကို ဖော်စပ်နိုင်ခဲ့ကြသည်။ သူတို့သည် အကယ်ဒမီ၏ နှစ်ဆုံးစစ်ဆေးမှုတွင် ထိုဆေးရည်ဖြင့် အားလုံးကို အံ့အားသင့်စေရန် စီစဉ်ထားကြသည်။

"ဆေးရည်အသစ် ရှိပြီးသားပဲဥစ္စာ... ငါ ပါဝင်တာ မပါဝင်တာက ဘာထူးမှာလဲ"

ယွင်ရှန်းက မေးလိုက်သည်။ သူမသည် မလိုအပ်ဘဲ အာရုံစိုက်ခံရမည်ကို စိုးရိမ်သဖြင့် သူမ၏ မှော်ဆေးပညာပါရမီကို လူအများရှေ့တွင် အလွန်အကျွံ ထုတ်မပြလိုပေ။

"ငါတို့ရဲ့ မှော်ဆေးပညာရှင်တစ်ယောက်က မနေ့က တိုက်ခိုက်ရေးမှော်အတန်းမှာ သူ့လက်ကို ထိခိုက်မိသွားလို့ နောက်ရက်အနည်းငယ်အထိ မှော်ပညာ သုံးလို့မရတော့ဘူး။ ဒီဆေးရည်ကို ဖော်စပ်ဖို့ လူငါးယောက် လိုအပ်တာ အခုတော့ တစ်ယောက် လိုနေပြီ"

အန်ကျဲက အလေးအနက် ပြောသည်။ ဤသည်မှာလည်း တိုက်ခိုက်ရေးဌာန၏ ယုတ်မာသော လက်ချက်ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ယွင်ရှန်း၏ ညွှန်ကြားချက်အတိုင်း ဂူဖုန်းသည် ယွင်ရှန်းက အဆင့်မြင့် လျင်မြန်ခြင်းဆေးရည် ဖော်စပ်နိုင်ကြောင်း အန်ကျဲကို မပြောပြခဲ့ပေ။ သို့သော် ယွင်ရှန်းသည် မှော်ဆေးရည် တည်ငြိမ်မှုပိုင်းတွင် အထူးထူးချွန်ကြောင်းကိုမူ အရိပ်အမြွက် ပြောပြထားသည်။

အားလုံးသိကြသည့်အတိုင်း မှော်ဆေးရည်ကို တည်ငြိမ်အောင် ပြုလုပ်ခြင်းမှာ ဆေးဖော်စပ်မှု၏ နောက်ဆုံးအဆင့်ဖြစ်ပြီး အခက်ခဲဆုံးလည်း ဖြစ်သည်။

မှော်ဆေးပညာနှင့် ရှေးဟောင်းဆေးပညာတို့သည် အာနိသင်ပိုင်းတွင် ဆင်တူသော်လည်း ဖော်စပ်ပုံမှာ များစွာကွာခြားသည်။

ရှေးဟောင်းဆေးပညာသည် ခေတ်သစ်တရုတ်တိုင်းရင်းဆေးပညာနှင့် ဆင်တူပြီး အဓိကပါဝင်ပစ္စည်းနှင့် အရန်ပါဝင်ပစ္စည်းများကြား မျှတမှု၊ ယင်နှင့်ယန် လိုက်ဖောညီထွေဖြစ်မှုတို့ကို အလေးပေးသည်။ မှော်ဆေးပညာမှာမူ ဆေးဖက်ဝင်ပစ္စည်းအမျိုးမျိုးကို မှော်စွမ်းအင်

ဓာတ်များနှင့် ပေါင်းစပ်ခြင်းအပေါ်တွင်သာ အဓိကထားခြင်းဖြစ်သည်။

မှော်ဆေးရည် တည်ငြိမ်အောင် ပြုလုပ်ခြင်း၏ နောက်ဆုံးအဆင့်မှာ အမျိုးမျိုးသော မှော်ဓာတ်များကို ပေါင်းစပ်၍ နောက်ဆုံးအဆင့် ဆေးရည်အဖြစ် ဖော်စပ်ခြင်းဖြစ်သည်။ ဤသည်မှာ အခက်ခဲဆုံး အဆင့်ဖြစ်ပြီး မှော်ဆေးပညာရှင်အနေဖြင့် မှော်ဓာတ်များနှင့် ဆေးဖက်ဝင် ပစ္စည်းများအပေါ် တိကျစွာ ထိန်းချုပ်နိုင်စွမ်း ရှိရန် လိုအပ်သည်။ သို့မှသာ အဆုံးသတ်တွင် မှော်ဓာတ်တစ်ခုချင်းစီကို အောင်မြင်စွာ စီမံနိုင်ပြီး ဓာတ်များ ကမောက်ကမဖြစ်ကာ ဆေးရည်ပေါက်ကွဲခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

မှော်ဆေးပညာအသင်းမှ ဒဏ်ရာရသွားသော ကျောင်းသားမှာ မူလက ဤနောက်ဆုံးအဆင့်ကို တာဝန်ယူရသူဖြစ်သည်။ ယခုအခါ သူ ဒဏ်ရာရသွားပြီး ယွင်ရှန်းသည် ဤအပိုင်းတွင် အထူးကျွမ်းကျင်ကြောင်း အန်ကျဲ ကြားသိလိုက်ရသဖြင့် သူမကို စိုးရိမ်တကြီး လာရောက်ရှာဖွေခြင်း ဖြစ်သည်။

"ငါတို့ရဲ့ ပြိုင်ဘက်က တိုက်ခိုက်ရေးအသင်း မဟုတ်လား။ ငါမှတ်မိသလောက်ဆိုရင် သူတို့ရဲ့ အကြံပေးက ဆန်စုန်းမဟုတ်လား"

ယွင်ရှန်းနှင့် တိုက်ခိုက်ရေးအသင်းကြားတွင် ရန်ငြိုးက ကြာလှပြီဖြစ်သည်။

ရန်သူ့မိတ်ဆွေသည် ရန်သူပင်။ ယခုတစ်ကြိမ်တွင် ဂူဖုန်း၏ မျက်နှာကို မထောက်ထားလျှင်ပင် ဆရာမမေလီကိုတော့ သူမ လေးစားရပေမည်။

"ကောင်းပြီလေ... ဒီဆေးဖော်စပ်မှုမှာ ပါဝင်ဖို့ ငါသဘောတူတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌ အန်ကျဲ... နင့်ရဲ့ ရာထူးကို စွန့်လွှတ်စရာ မလိုပါဘူး။ ငါက ပျင်းရိတတ်တဲ့သူမို့လို့ ဘယ်လို ဥက္ကဋ္ဌ တာဝန်ကိုမှ မယူချင်ဘူး။ အရင်ဆုံး ပြောပြပါဦး... ဘယ်လို မှော်ဆေးရည်မျိုးကို ဖော်စပ်ဖို့ စီစဉ်ထားသလဲ"

ယွင်ရှန်းက သူတို့၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။

"ငါတို့ ဘယ်ဆေးရည်ကို ဖော်စပ်မလဲဆိုတာ အခုထိ မဆုံးဖြတ်ရသေးဘူး"

သူတို့နှစ်ဦးစလုံးက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်ကြသည်။

နှစ်ဆုံးစစ်ဆေးမှုအတွက် ရက်သတ္တပတ် နှစ်ပတ်သာ လိုတော့သည့်အချိန်အထိ ဤဆေးရည်ရူးလေးနှစ်ယောက်မှာ ဘာဖော်စပ်ရမှန်း မသိသေးတာလား။

ယွင်ရှန်းက ဝေဖန်ချင်စိတ်ကို ထိန်းလိုက်ပြီး "ဒါဆိုရင် ငါ့မှာ တိုက်ဆိုင်လို့ သိထားရတဲ့ ဆေးနည်းတစ်ခု ရှိတယ်။ အဲဒါက မှော်ဝိညာဉ်ကို ပြုပြင်ပေးနိုင်တဲ့ လနတ်သမီး၏ ချီးမွမ်းခြင်းဆိုတဲ့ ဆေးရည်ပဲ"

လနတ်သမီးဝိညာဉ်ရေစင်သည် အဆင့်မြင့်မှော်ဆေးရည်တစ်မျိုးဖြစ်ပြီး ၎င်း၏အာနိသင်မှာ စစ်သည်တော်များ အသုံးပြုသည့် အရိုးခြင်ဆီသန့်စင်ဆေးလုံးနှင့် ဆင်တူသည်။ ကွာခြားချက်မှာ လနတ်သမီးရေစင်က မှော်ဆရာများအတွက်ဖြစ်ပြီး၊ အရိုးခြင်ဆီသန့်စင်ဆေးလုံးမှာ စစ်သည်တော်များအတွက် ဖြစ်သည်။

မှော်ဆေးပညာအသင်း စတင်တည်ထောင်ချိန်မှစ၍ အဆင့်မြင့်မှော်ဆေးရည်ကို တစ်ခါမျှ မဖော်စပ်ဖူးသဖြင့် ယခုတစ်ကြိမ်တွင် တစ်သင်းလုံး တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေကြပြီး နှစ်ဆုံးစစ်ဆေးမှုတွင် နာမည်ကျော်ကြားရန် ပြင်ဆင်နေကြတော့သည်။

ထို့နောက် ယွင်ရှန်းက ဆေးညွှန်းကို အန်ကျဲထံ ကမ်းပေးလိုက်ရင်း "တစ်ခုတော့ မှတ်ထားပါ... ဒီဆေးညွှန်းကို ဘယ်သူ့ဆီမှ လုံးဝ မပေါက်ကြားစေနဲ့" ဟု သတိပေးလိုက်သည်။

ဆေးညွှန်းသည် ဆေးရည်တစ်မျိုး၏ အနှစ်သာရဖြစ်ပြီး ပေါက်ကြားသွားပါက ထိုဆေးရည်၏ တန်ဖိုးမှာ များစွာ လျော့ကျသွားမည်ဖြစ်သည်။ အန်ကျဲက ဆေးညွှန်းပေါ်မှ ပါဝင်ပစ္စည်းများကို ကြည့်လိုက်ရာ ထူးထူးခြားခြား ပြဿနာမရှိသည်ကို တွေ့ရသဖြင့် သိမ်းဆည်းထားလိုက်သည်။

ဆယ်ရက်ကျော် ကြာပြီးနောက်... တော်ဝင်မှော်အကယ်ဒမီ၏ တစ်နှစ်တာ အရေးကြီးဆုံးဖြစ်သော နှစ်ဆုံးစစ်ဆေးမှုကြီး စတင်ခဲ့သည်။

ယွင်ရှန်း၊ ဂူဖုန်းနှင့် ချီ သုံးဦးစလုံးသည် အခြေခံဆေးရည်ဖော်စပ်မှု၊ အခြေခံမှော်ပညာ နိဒါန်းနှင့် မှော်တိုက်ခိုက်ရေး ဘာသာရပ်များကို ဆက်တိုက် ဖြေဆိုခဲ့ကြသည်။ လက်တွေ့စစ်ဆေးမှုများတွင် ဂူဖုန်းသည် လျှပ်စီးငါးရှဉ့် ဝိညာဉ်ကျောက်တုံးနှင့် ပေါင်းစပ်ထားသဖြင့် သူအမြဲတမ်း ခေါင်းခဲရသော မှော်တိုက်ခိုက်ရေးဘာသာရပ်ကို အခက်အခဲမရှိ ဖြတ်ကျော်နိုင်ခဲ့သည်။

နှစ်ဆုံးစာမေးပွဲ နှစ်ရက်တာ ပြီးဆုံးသွားပြီးနောက်... နောက်ထပ် လာမည့်အစီအစဉ်မှာတော့ မှော်ဆေးပညာအသင်း နှင့် မှော်တိုက်ခိုက်ရေးအသင်းတို့၏ ထိပ်တိုက်ရင်ဆိုင်ပွဲပင်။

All Chapters