← Chapters

သတိပြုမိသွားပြီ

Vol. 1 Ch. 329

သတိပြုမိသွားပြီ

Vol. 1 Ch. 329

တမလွန်တောအုပ်သည် အလွန်ကျယ်လေသည်။

တောအုပ်တစ်ခုလုံး၏ အကျယ်အဝန်းသည် ရှန်မိနိုင်ငံ၏ ဆယ်ပုံတစ်ပုံဝန်းကျင်အထိ ကျယ်သည်။ အနှီတောအုပ်သည် ဟေးမိမြို့တောင်ဘက်မှ စတင်၍ နယ်မြေ၏ တောင်ဘက်တစ်ဝှမ်းအား နေရာယူထားသည်။ ၎င်းသည် နယ်မြေ၏ အကြီးဆုံးတောအုပ် သုံးခုထဲမှ တစ်ခုဖြစ်ပြီး အန္တရာယ်အများဆုံးသော နေရာဆယ်ခုထဲမှ တစ်နေရာလည်းဖြစ်သည်။ ထိုတောအုပ်၏ အနက်ပိုင်းတွင် ဗာဂျရာအဆင့်များတောင် မဝင်ရောက်ရဲသည့် တားမြစ်နယ်မြေတစ်ခုရှိသည်ဟူသော ကောလဟာလများလည်း ရှိလေသည်။

ရှန်မိနိုင်ငံ၏ တော်ဝင်မြို့တော် ရှန်မိမြို့သည် တောင်ဘက်ပိုင်းတွင်ရှိသည်။ ရှားယွိမြို့မှ ရှန်မိနိုင်ငံသို့ ပြန်မည်ဆိုလျှင် တမလွန်တောအုပ်ကို ဖြတ်၍ဖြစ်စေ တောအုပ်ကို ကွေ့ပတ်၍ဖြစ်စေ သွားမှသာ တောင်ဘက်သို့ ရောက်သည်။

ဘေးကင်းလုံခြုံချင်သည်ဆိုပါက ဟေးမိမြို့၏ အနောက်တောင်ဘက်သို့ ဦးတည်၍ တောင်ဘက်သို့ ပြန်ကွေ့ကာ ခရီးဆက်နိုင်သည်။ သို့သော် ထိုခရီးသည် အလွန်ကြာပေလိမ့်မည်။

ယွင်လု တမလွန်တောအုပ်ကို ဖြတ်သန်းသွားမည်ဆိုပါက ကျန်းရီတို့အဖွဲ့သည် အစီအစဉ်ကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်လိမ့်မည်။ သူတို့သည် တမလွန်တောအုပ်ထဲ ပုန်း၍စောင့်ကာ ယွင်လုဖြတ်သွားသည်နှင့် ချက်ချင်းသတ်ပစ်နိုင်သည်။ ထို့နောက် တောအုပ်ထဲသို့ ပြန်ဆုတ်၍ အလွယ်တကူ ပြန်လည်ထွက်ခွာနိုင်သည်။

အရာရာကို သေချာမပြောနိုင်သေးဘဲ ထပ်ဆွေးနွေးနေ၍ အကျိုးမရှိပေ။ ကျန်းရီတို့အဖွဲ့သည် ဘာမှစဉ်းစားမနေတော့ဘဲ နေ့မနားညမနား ခရီးဆက်နေကြသည်။ ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် လမ်းတစ်လျှောက်တွင် ကျင့်ကြံရင်း လိုက်ပါလာကြသောကြောင့် သူတို့အတွက် နေ့ရက်များသည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့သည်။

ချမ်ဝမ်ကွမ်သည် ခါးသီးလှသော အတွေ့အကြုံကို ခံစားနေရသည်။ ကျုံးဝူသားရဲသည် တည်ငြိမ်သည့်အနေအထားဖြင့် သွားနေသော်လည်း ခုန်ခြင်း၊ တိုက်ခြင်း အနည်းငယ်တော့ ရှိလေသည်။ ထို့ပြင် ချမ်ဝမ်ကွမ်မှာ မင်းသားတစ်ပါးနှယ် နေထိုင်ရခြင်းကို အသားကျနေပြီဖြစ်သော်လည်း ဗိုက်ဆာသောအခါတွင် ရိက္ခာခြောက်များကိုသာ စားရပြီး အိပ်ချင်သောအခါ ဟွမ်ကြီး၏ ဆူးချွန်ကြီးများကိုသာ ဖက်၍ ငိုက်ရရှာသည်။ ဤရက်များအတွင်း သူသည် ကီလိုဂရမ်အနည်းငယ် ဝိတ်ကျသွားသော်လည်း ပြင်းပြသော စိတ်ဓာတ်ကြောင့် အထွန့်တက်လာခြင်း မရှိခဲ့ပေ။

ခြောက်ရက်မြောက်နေ့တွင် နှစ်နိုင်ငံနယ်စပ်သို့ သူတို့ရောက်သွားခဲ့သည်။ ယွင်လုသည် လမ်းမှာပင် ရှိသေးရာ သူတို့၏ စစ်သည်များသည် အချိန်မရွေး တိုက်ခိုက်နိုင်ရန် ခြုံခို၍ စောင့်ဆိုင်းနေကြသည်။

ကျန့်ဝူရွှမ်းသည် နေရာတစ်ဝိုက်ကို ထောက်လှမ်းရန် လူများ စေလွှတ်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ထို့နောက် သူသည် ရှန်မိနိုင်ငံ၏ နယ်နိမိတ်ဘက်မှ အခြေအနေများကို စုံစမ်းရန် စွမ်းအားမြင့်သူများ လွှတ်နေပြန်သည်။ ချမ်ဝမ်ကွမ်သည် ထိုအရာများကို စိတ်ပူမနေဘဲ အိပ်စက်ရန် ဂူတစ်ခုအတွင်း ဝင်သွားခဲ့သည်။

ကျန်းရီ၏ သတင်းပေး တံဆိပ်ပြားမှာလည်း မကြာမကြာ လင်းလက်လာနေပြီး ယွင်လု၏ တည်နေရာကို အချိန်နှင့်အညီ အသိပေးနေလေသည်။ သို့နှင့် ယွင်လုသွားမည့် လမ်းကြောင်းကို ခန့်မှန်းရန် ပိုမိုလွယ်ကူလာခဲ့သည်။ သူတို့ ကြိုတင်ခန့်မှန်းထားခဲ့သည့်အတိုင်း ယွင်လုသည် ဟေးမိမြို့ကို ဖြတ်သန်း၍ ရှန်မိမြို့သို့ ပြန်လိမ့်မည်။

သုံးရက်ကြာသည်အထိ ယွင်လု၏ သွားရာလမ်းကြောင်းသည် ကျန်းရီတို့ ခန့်မှန်းချက်အတွင်း ရှိနေသောကြောင့် သူတို့အဖွဲ့သည် တမလွန်တောအုပ်အတွင်း ဝင်ရောက်၍ ပြင်ဆင်စရာရှိသည်တို့ ပြင်ဆင်ကြလေသည်။

ယွင်လုနှင့် သူ့လူများကို သတ်ခြင်းမှာ ပြဿနာကြီး မဟုတ်သော်လည်း ပြဿနာရှိသည်မှာ နောက်ပြန်ဆုတ်မည့် လမ်းကြောင်းဖြစ်သည်။ ဟေးမိမြို့သည် ရှန်မိနိုင်ငံ အရှေ့ဘက်ရှိ မြို့ကြီးများထဲမှ တစ်မြို့ဖြစ်သည်။ ထို့မြို့တွင် စစ်သည်သောင်းဂဏန်းအထိ ရှိပြီး အနည်းဆုံး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်တစ်ထောင်ခန့် ရှိလိမ့်မည်။ ဟေးမိမြို့မှ စစ်သည်များ အမြန်ဆုံးနှုန်းဖြင့် ချီတက်လာပါက တမလွန်တောအုပ်ထဲသို့ နေ့ဝက်အတွင်း ရောက်လာနိုင်လေသည်။

ကျန်းရီတို့ သုံးယောက်သည် ခရီးဆက်ရန် မြေအောက်သို့ ပြန်ဝင်လိုက်ကြပြီး သူတို့၏ စစ်သည်သုံးထောင်မှာ ရှန်မိနိုင်ငံနယ်မြေအတွင်း တိတ်တဆိတ် စတင် ဝင်ရောက်ကြသည်။ ကျန်းရီသည် လူတစ်ယောက်တစ်လေကိုမှ မမြင်မိပေ။ သို့သော် ထိုလူများသည် အန္တရာယ်များလှသော တာဝန်ကို ထမ်းဆောင်ရန် စေလွှတ်ခံရသူများဖြစ်ရာ လူတော်များထဲမှ လူတော်များသာ ဖြစ်လိမ့်မည်။ အင်အားကြီးဂိုဏ်းနှစ်ခုမှ သေချာလေ့ကျင့်ပေးခံထားရသူများ ဖြစ်ရာ သူတို့အား ရှန်မိနိုင်ငံ၏ ကင်းထောက်များ သတိထားမိသွားမည်ကို စိုးရိမ်နေစရာ မလိုချေ။

တစ်ရက်ကြာပြီးနောက် ကျန်းရီတို့သည် တမလွန်တောအုပ်အတွင်း ရောက်ရှိသွားခဲ့ပြီး သူတို့လူများလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ ကျန့်ဝူရွှမ်းသည် စတင်၍ ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်သည်။ ကျန်းရီသည် သူ၏ စစ်သည်များအား တည်တည်ငြိမ်ငြိမ် အမိန့်ပေးနေပုံကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ဂိုဏ်းကြီးများမှ သခင်လေးများသည် အမှန်ပင် သာမန်ထက် ထူးခြားကြသည်။ သူတို့သည် စစ်သည်များကို တကယ့် တိုက်ပွဲအတွင်း ဦးဆောင်ဖူးခြင်း မရှိကြသော်လည်း သူတို့၏ စစ်ရေးစစ်ရာ အတွေ့အကြုံများမှာ ထူးချွန်လှသည်။ သူတို့သည် သူတို့ဂိုဏ်းများ၏ အထောက်အပံ့ မပါဘဲ စစ်တပ်အတွင်း ဝင်ရောက်လျှင်တောင် ကျန်လူများထဲ ထင်းနေကာ မြန်မြန်ဆန်ဆန် ရာထူးများ တက်လာနိုင်သည်။

ချမ်ဝမ်ကွမ်သည်လည်း အလုပ်များနေရာ ကျန်းရီသည် သူတို့အား အနှောင့်အယှက် သွားမပေးပေ။ သူသည် သတင်းအချက်အလက်များ ထောက်ပံံ့ပေးရန်နှင့် နောက်ဆုံးအချိန်တွင် ရန်သူများကို သတ်ဖြတ်ပေးရန်သာ တာဝန်ယူထားရသည်။

စုလောရွှယ်သည် ယွင်လု၏ ရှန်မိနိုင်ငံသို့ အပြန်ခရီးအကြောင်း သတင်းများအား မကြာမကြာ အကြောင်းကြားလေသည်။ အရာရာသည် ချောချောမွေ့မွေ့ ဖြစ်နေလျှင် နှစ်ရက်အတွင်း ယွင်လုတို့ တောအုပ်ထဲမှ ဖြတ်သွားကြလိမ့်မည်။ ကျန့်ဝူရွှမ်းနှင့် သူ့လူများသည် နောက်ပြန်ဆုတ်ရန် လမ်းကြောင်းများပင် စီစဉ်ပြီးနေချေလေပြီ။ သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များအား မြေအောက်ဥမင်များစွာ တူးခိုင်းထားခြင်းဖြစ်သည်။ ယွင်လုနှင့် သူ့စစ်တပ်အား သတ်ဖြတ်ပြီးသည်နှင့် သူတို့သည် ဥမင်များထဲမှတစ်ဆင့် ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။

ရှန်မိနိုင်ငံမှ စစ်ကူများ အမြန်ဆုံးနှုန်းနှင့် ရောက်လာလျှင်တောင် သူတို့အား ခြေရာခံရန် ရက်အနည်းငယ်လိုလိမ့်မည်။ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ အစွမ်းအစများဖြင့်ဆိုလျှင် ထိုရက်ပိုင်းအတွင်း သုံးထောင်သော စစ်သည်များမှာ ခြေရာလက်ရာမကျန်ပဲ ပြန်လည်ပျောက်ကွယ်သွားလိမ့်မည်။

ကျန်းရီသည် ထိုင်၍ ကျင့်ကြံနေခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့ ပြန်ရောက်လာကြသည့်အခါ နှစ်ယောက်လုံးမှာ ယုံုကြည်ချက်အပြည့်နှင့် ဖြစ်သည်။ ကျန့်ဝူရွှမ်းမှ အရင်စကားစလာခဲ့သည်။

"အကုန်လုံးက အစီအစဉ်အတိုင်းဆိုရင် မနက်ဖြန်ပြီးရင် နောက်တစ်ရက်က ယွင်လုသေမယ့်နေ့ပဲ"

"အင်း"

ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး ဆက်လက်ကျင့်ကြံနေလိုက်သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် တိုက်ပွဲအတွက် အားမွေးရန် စတင်အနားယူကြသည်။

သုံးရက်မြောက်နေ့တွင် ကျန်းရီတို့သုံးယောက်သည် စောစောထကာ စားကောင်းသောက်ဖွယ်တို့ စားသောက်ကြသည်။ ထို့နောက် တောအုပ်အတွင်းတွင် ပုန်းအောင်း၍ ယွင်လုတို့ အလာကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

"သတင်းပို့ပါတယ်...ပစ်မှတ်က ဒီနေရာနဲ့ မိုင်တစ်ရာဝန်းကျင်အကွာမှာ ရှိပါတယ်၊ ခြောက်နာရီအတွင်း သူတို့ရောက်ပါလိမ့်မယ်"

"သတင်းပို့ပါတယ်...ပစ်မှတ်က ဒီနေရာနဲ့ မိုင်သုံးဆယ်ဝန်းကျင်အကွာမှာ ရှိပါတယ်၊ နှစ်နာရီအတွင်း သူတို့ရောက်ပါလိမ့်မယ်"

ကင်းထောက်များသည် ဆက်တိုက်ဆိုသလို သတင်းပို့နေ့ကြသည်။ ကျန်းရီသည် ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ လူတစ်ထောင်ခန့်ကိုသာ တွေ့ရပြီး စွမ်းအားမြင့်သူများကိုလည်း မမြင်မိပေ။ သူသည် မနေနိုင်တော့ဘဲ အံ့သြတကြီးမေးလိုက်မိသည်။

"ဝူရွှမ်း...မင်းရဲ့လူတွေ ဘယ်မှာ ပုန်းနေကြတာလဲ။ သူတို့တွေ လွတ်မသွားလောက်ဘူးဆိုတာ မင်းသေချာလား"

ကျန့်ဝူရွှမ်းသည် မပီမသပြုံးကာ ပြောလာသည်။

"စိတ်မပူနဲ့၊ သူတို့တွေ နေရာတိုင်းမှာ ရှိနေကြတယ်။ မင်းအရင် မလှုပ်ရှားနဲ့...မဖြစ်မနေ လိုအပ်လာမှ မင်းဝင်ပါရမယ်"

"ကောင်းပြီ"

ယွင်လုတွင် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်  အမြင့်ဆုံးနှစ်ယောက်နှင့် ပဉ္စမအဆင့် အရေအတွက်နည်းနည်းသာ ပါလာသည့်အတွက် ကျန်းရီတစ်ယောက် စိတ်အေးလက်အေးဖြစ်နေခဲ့သည်။ ရန်သူများအား သူတို့မသတ်နိုင်သောအခါမှ သူဝင်တိုက်ခိုက်လျှင်လည်း နောက်မကျလောက်ပေ။

ဗုန်း...ဗုန်း...

နှစ်နာရီကြာပြီးနောက် မြေပြင်သည် တုန်ခါလာခဲ့သည်။ စစ်မြင်းများ၏ ခွာသံပြင်းပြင်းများ ထွက်ပေါ်လာသော်လည်း လျင်မြန်ကြခြင်း မရှိပေ။ ထိုသူများသည် ရှေ့ပြေးတပ်ဖြစ်ပြီး ပတ်ဝန်းကျင်အား သေချာအကဲခတ်နေကြသည်။

ဘန်း...ဘန်း...ဘန်း...

မြေပြင်သည် ပွင့်ထွက်သွားခဲ့ပြီး အနက်ရောင်အရိပ်များစွာ ထွက်လာခဲ့သည်။ ထိုသူများသည် တစ်ကိုယ်လုံး အနက်ရောင်အဝတ်များသာ ဝတ်ဆင်ထားကြပြီး အားလုံးမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြသည်။ လူတိုင်းသည် ကောင်းကင်အဆင့် လက်နက်များ ကိုင်ဆောင်ထားကြပြီး ရှေ့ပြေးတပ်အား ချက်ချင်း သတ်ဖြတ်လိုက်ကြသည်။

ဝှစ်...ဝှစ်...

တစ်ချိန်တည်းတွင် တောအုပ်ထဲမှ အနက်ရောင်အဝတ်အစားများ ဝတ်ထားကြသူများ ပြေးထွက်လာကြသည်။ သူတို့အားလုံးသည် နတ်ဘုရားသတ်ဖြတ်ခြင်းလေးများ ကိုင်ဆောင်ထားကြပြီး အသက်ရှင်နေသေးသူများအား အပြတ်ရှင်းနေကြသည်။ သူတို့၏ လှုပ်ရှားများမှာ အလွန်ချောမွေ့နေပြီး ပူးပေါင်းတိုက်ခိုက်မှုမှာလည်း စည်းဝါးကိုက်လှသည်။ ရှေ့ပြေးတပ်မှ စစ်သည်များအားလုံးသည် မူလတည်းက သတိကြီးကြီး မထားကြရာ အချက်ပြမီးရှူးများပင် လွှတ်တင်ချိန် မရဘဲ သေဆုံးသွားကြသည်။

ဝှစ်...ဝှစ်...

ကျန့်ဝူရွှမ်းနှင့် ကျန်းရီတို့၏ အနောက်ဘက်မှ လူတစ်ရာခန့် ပြေးထွက်လာကြပြီး စစ်မြေပြင်အား ရှင်းလင်းလိုက်ကြသည်။ မြေအောက်မှ ထွက်လာ၍ တိုက်ခိုက်ကြသူများသည် အလျင်အမြန်ပင် မြေအောက်ထဲ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

ဆယ့်ငါးမိနစ်အတွင်းတွင် အလောင်းများ စစ်မြင်းများအားလုံး မြင်ကွင်းထဲမှ ကွယ်ပျောက်သွားခဲ့ပြီး မြေပြင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ လေထဲမှ သွေးညှီနံ့များမှာလည်း ဘာမှမဖြစ်ခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။ ကျန်းရီမှာ အခြေအနေအားကြည့်ကာ ဆွံ့အနေခဲ့သည်။

သူတို့ရောက်လာကြပြီ....

တစ်နာရီ ကြာပြီးနောက်တွင် အရှေ့မြောက်ဘက်မှ မြေပြင်မှ တုန်ခါလာခဲ့သည်။ မကြာခင်တွင် အနက်ရောင်စစ်မြင်းများမှာ မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။ ကျန်းရီတို့သည် အသက်အောင့်၍ ရန်သူများ ထောင်ချောက်အတွင်း ကျရောက်မည်ကို စောင့်ဆိုင်းနေကြသည်။

"ရပ်"

ရုတ်တရက် စစ်တပ်၏ အရှေ့ဘက်မှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် မြင်းကိုဆွဲလှည့်၍ အော်ဟစ်လိုက်သည်။

"ပြန်လှည့်ကြ၊ ခြုံခိုပြီးစောင့်နေကြတဲ့သူတွေ ရှိတယ်...ချက်ချင်စစ်ကူတောင်းတဲ့ မီးရှူးလွှတ်လိုက် "

ရှန်မိနိုင်ငံမှ စစ်သည်များသည် မှင်သက်သွားကြသော်လည်း ချက်ချင်းတုံ့ပြန်လိုက်ကြသည်။ သူတို့အားလုံးသည် နောက်ပြန်လှည့်ကြပြီး အချက်ပြမီးရှူးအချို့မှာ ကောင်းကင်ထံ ပျံတက်သွားခဲ့သည်။

ဝှစ်...

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူနှစ်ယောက်သည် စစ်သည်များအကြားမှ ခုန်ထွက်လာကြပြီး စစ်တပ်ကို ချန်ရစ်ခဲ့၍ ထိတ်လန့်နေသော ယွင်လုကို သယ်ဆောင်သွားလေသည်။ သူတို့သည် အမြန်ဆုံးနှုန်းနှင့် ဟေးမိမြို့ထံ ပြေးနေကြသည်။

"သူတို့ ဘယ်လိုလုပ် သတိပြုမိသွားတာလဲ...သစ်ပင်တွေကတစ်ဆင့် အာရုံခံနိုင်တဲ့ သစ်သားစိတ်နယ်လွန်ခန္ဓာပိုင်ရှင် တစ်ယောက်ယောက်များ ပါလာတာလား"

ကျန့်ဝူရွှမ်းသည် ရေရွတ်ရင်း ချက်ချင်းထရပ်၍ လက်တစ်ဖက်မြှောက်ကာ အမိန့်ပေးလိုက်သည်။

"အားလုံး တိုက်ခိုက်ကြ...ယွင်လုကို သတ်ကြ"

ဝှစ်...ဝှစ်...ဝှစ်...

ဘက်ပေါင်းစုံမှ စစ်သည်များ ထွက်လာကြပြီး စစ်တပ်ကို ဝန်းရံ၍ သတ်ဖြတ်ကြသည်။ ယွင်လုနှင့် သူ့သက်တော်စောင့်နှစ်ယောက် ပြေးသွားသည့်ဘက်တွင် စစ်သည်တစ်ရာခန့် ပုန်းအောင်းနေကြသည်။ သူတို့သည် ချက်ချင်း မြေထဲမှ ထွက်လာကာ လူသုံးယောက်အား ဝန်းရံလိုက်ကြသည်။

"ယွင်လုနဲ့ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် နှစ်ယောက်ကို ငါ့တာဝန်ထား"

ကျန်းရီသည် ထရပ်လိုက်သည်။ သူ့မျက်လုံးများမှာ လူသတ်ငွေ့များ အတိုင်းသား ထွက်ပေါ်နေလေသည်။ ယွင်လုအား အသက်ရှင်လျက် ပြန်သွားခွင့် သူမပေးနိုင်ပေ။ မဟုတ်ပါက ယွင်ဖေး အန္တရာယ်ရှိလာမည်ဖြစ်ပြီး သူတို့အားလုံး၏ အားထုတ်မှုများ သဲထဲရေသွန် ဖြစ်ကုန်လိမ့်မည်။ သူသည် အနက်ရောင်အဝတ်စကို မျက်နှာထက် ဆွဲတင်လိုက်သည်။ ထို့နောက် သူ့ကိုယ်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး နေရာမှ ကွယ်ပျောက်သွားခဲ့သည်။

*****

All Chapters