ဒီကိစ္စကို ငါ တာဝန်ယူပေးမယ်
Vol. 36 Ch. 427
လျိုဇီဂျင်းရဲ့ ဇာတ်ကြောင်းစုံ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
"အင်း ငါ နားလည်ပြီ ဖန်းချိုးယောင်ကို သွားခေါ်ခဲ့လိုက်"
လျိုဇီဂျင်း ခဏ မှင်သက်သွားလေသည်။
အစ်ကိုကြီးက အနည်းဆုံးတော့ အခြေအနေတွေကို ကြားပြီးနောက် ဘယ်လိုဖြေရှင်းရမလဲဆိုတာ နည်းနည်းလောက် စဉ်းစားလိမ့်မယ်လို့ သူမ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူ့မျက်နှာထားကို ကြည့်ရတာ ဖြေရှင်းနည်း စဉ်းစားပြီးသားပုံ ပေါက်နေလေသည်။
ဒါပေါ့ အစ်ကိုကြီးက အသေးစိတ် အချက်အလက်တွေ ထပ်မေးဖို့ ချိုးယောင်ကို ခေါ်ခိုင်းတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ပထမအချက် ဖြစ်နိုင်ခြေ ပိုများတယ်လို့ လျိုဇီဂျင်း ခံစားမိလေသည်။
ဘာလို့လဲဆိုတော့ ဒီလောကကြီးမှာ အစ်ကိုကြီးကို အခက်တွေ့စေမယ့်အရာ ဘာမှမရှိဘူးလို့ သူမ ခံစားရလို့ပါပဲ။
လျိုဇီဂျင်း ကြောင်တောင်တောင် ရပ်နေတာ မြင်တော့ ကျန်းပေရန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။
"သွားလေ ဘာလို့ ငေးနေသေးတာလဲ"
သူ ဒီလိုပြောလိုက်တာနဲ့ လျိုဇီဂျင်းရဲ့ ခေါင်းထိပ်ကနေ ခြေဖဝါးအထိ ကျဉ်တက်သွားသလို ခံစားလိုက်ရလေသည်။
တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားလေသည်။
‘ဟုတ်တယ်... ဒီခံစားချက်ပဲ
ဒါက ငါ စောင့်မျှော်နေခဲ့တဲ့အရာပဲ’
အစ်ကိုကြီး ပြန်လာတာကို မြင်ရတာ သေချာပေါက် ပျော်စရာ ကိစ္စ ဖြစ်ပေမယ့် လျိုဇီကျင်း တစ်ခုခု လိုနေသလို အမြဲ ခံစားနေရခဲ့တာ။
အခု အစ်ကိုကြီး ဒီစကားလုံးတွေ ပြောလိုက်တော့မှ အဲ့ဒီ ဟာတာတာ ခံစားချက်ကြီး နောက်ဆုံးတော့ ပြည့်သွားသလို ခံစားလိုက်ရလေသည်။
အသက်ပြင်းပြင်း ရှူလိုက်ပြီး လျိုဇီဂျင်း တိုးတိုးလေး ညည်းညူချင်စိတ်ကို အောင့်ထားလိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ ကျွန်မ အခုပဲ သွားလိုက်ပါ့မယ်"
ဇီဂျင်း အမြန် ထွက်သွားတာ မြင်တော့ ယွီညီအစ်မသုံးယောက်လည်း လိုက်သွားကြလေသည်။
သို့သော် ယွီကွေ့ရွှေကတော့ နောက်ပြန်လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်နေလေသည်။
တကယ်တော့ သူမလည်း အစ်ကိုကြီးကို ပြောချင်တာတွေ အများကြီး ရှိနေသေးပေမယ့် အစ်မချိုးယောင်ရဲ့ ကိစ္စက လောလောဆယ် ပိုအရေးကြီးတယ်လို့ တွေးလိုက်မိလို့ပါ။
ဒါကြောင့် နောက်ဆုံးတစ်ခေါက် လှည့်ကြည့်ပြီးနောက် တခြားသူတွေနဲ့အတူ နောက်ဘက်တောင်ကနေ ထွက်ခွာသွားလိုက်လေသည်။
အမွှေးတိုင်တစ်ဝက်စာလောက် ကြာပြီးနောက် လျိုဇီဂျင်းနဲ့ တခြားသူတွေက ဖန်းချိုးယောင်ကို နောက်ဘက်တောင်ဆီ ခေါ်လာကြလေသည်။
မတွေ့ရတာ ကြာပြီဖြစ်တဲ့ အစ်ကိုကြီးကို မြင်လိုက်ရတဲ့အခါ ပျော်ရွှင်ရမယ့်အစား ဖန်းချိုးယောင် အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။
အဲ့ဒီနေ့တုန်းက အစ်ကိုကြီးက သူမအသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်ဖို့အတွက် ပိုသန်မာလာဖို့ သူမ အမြဲတမ်း စိတ်အားထက်သန်ခဲ့တာ ရှင်းနေတာပဲ။
ဒါပေမဲ့ အခုတော့ အသက်ကယ်ကျေးဇူး မဆပ်နိုင်သေးတဲ့အပြင် အစ်ကိုကြီးကို နောက်ထပ် ဒုက္ခလာပေးနေရပြန်ပြီ။
"ဒီကို လာခဲ့"
ဖန်းချိုးယောင် ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း စိတ်ခံစားမှု ကင်းမဲ့ပုံရတဲ့ အစ်ကိုကြီးရဲ့ စကားသံ သူမနားထဲ ဝင်ရောက်လာလေသည်။
အလိုအလျောက် တုံ့ပြန်သလိုမျိုး ဖန်းချိုးယောင် ချက်ချင်း "ဟုတ်ကဲ့" လို့ ဖြေလိုက်ပြီး လျိုဇီဂျင်းနဲ့ တခြားသူတွေရဲ့ စောင့်ကြည့်နေမှုအောက်မှာ အစ်ကိုကြီးရှေ့ တောင့်တောင့်ကြီး လျှောက်သွားလိုက်လေသည်။
"ကိစ္စကို ငါ ကြားပြီးပြီ မင်းကို မေးစရာ တစ်ခု ရှိတယ်"
အသက်ရှူသံကို ထိန်းညှိလိုက်ပြီး ဖန်းချိုးယောင် ပြန်ဖြေလိုက်လေသည်။
"အစ်... အစ်ကိုကြီး မေးပါရှင့်"
"လျိုဇီဂျင်း ပြောပြချက်အရ ဆိုရင် အဲ့ဒီ ရွှန်းမိသားစုက မဟာယာနလျှို့ဝှက်ရေစင် ကို ပိုစိတ်ဝင်စားပုံ ရတယ် မင်းက လက်မထပ်ချင်ဘူး ဆိုရင် မင်းအဖေကို အကြောင်းပြချက် တစ်ခုခု ရှာခိုင်းပြီး ဒီပြဿနာ ပြေလည်သွားအောင် မဟာယာနလျှို့ဝှက်ရေစင် ကို ရွှန်းမိသားစုဆီ ပေးလိုက်ဖို့ ဘာလို့ မပြောခဲ့တာလဲ"
"အဖေက ရွှန်းမိသားစုဝင်တွေကို အဲ့ဒီအတိုင်း ပြောခဲ့ပါတယ် ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် ရိုးသားတဲ့ သဘောထား အနေနဲ့ မဟာယာနလျှို့ဝှက်ရေစင် ကို ရွှန်းမိသားစုဆီ ပေးဖို့ ဆန္ဒရှိပါတယ်လို့ ပြောခဲ့ပေမယ့်..."
"သူတို့ ငြင်းလိုက်တာလား"
"အင်း" ဖန်းချိုးယောင် ခေါင်းညိတ်လိုက်လေသည်။
"အဲ့ဒီ ရွှန်းယင် က မောက်မောက်မာမာနဲ့ ပြောသေးတယ် သူက ပစ္စည်းရော၊ လူရော... လူကိုရော လိုချင်တာတဲ့"
'မောက်မာလိုက်တာ... ထင်တဲ့အတိုင်းပဲ ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားပြီးနောက် သူ ဟန်တောင် မဆောင်တော့ဘူးပဲ'
ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း အဓိပ္ပာယ် ရှိနေပြန်တယ်။
ဒါက သူ သိထားတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ကောင်လေး အမျိုးအစားပဲလေ။
တစ်ကြိမ် ပိုးပန်းလို့ မရရုံနဲ့ ဒီကောင်က ဆက်ပြီး မျက်နှာချိုသွေးနေလိမ့်မယ်လို့ တကယ် မျှော်လင့်လို့ ရပါ့မလား။ အဲ့ဒါက ဖန်းချိုးယောင်ရဲ့ အဆင့်အတန်း မြင့်မားနေမှသာ ဖြစ်နိုင်မှာပါ။
ဒါပေါ့ သူများတွေကို မျက်နှာချိုသွေးရတာ ကြိုက်တဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် ကောင်လေးတွေလည်း အများကြီး ရှိပါတယ်။
စိတ်နှလုံးပြန်ဂိုဏ်း မှာတောင် အဲ့လိုကောင်မျိုးတွေ ကျန်းပေရန် တော်တော်များများ မြင်ဖူးလေသည်။
သူ ပြောနိုင်တာကတော့ လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ်မှု ရှိကြတယ် ဆိုတာပါပဲ။
ပြီးတော့ ဒီ ရွှန်းယင် က လူဆိုး ဖြစ်ဖို့ ရွေးချယ်လိုက်ပြီ ဆိုမှတော့ လူဆိုး တစ်ယောက်က တခြား လူဆိုး တစ်ယောက်ရဲ့ နှိပ်စက်တာ ခံရရင် ဘယ်လိုနေမလဲ ဆိုတာ သူ့ကို နားလည်အောင် လုပ်ပေးရတော့မှာပေါ့။
"ဒါဆို ကိုင်တွယ်ရ လွယ်သွားပြီ ဒီလိုဆိုရင် မင်းအဖေကို မဟာယာနလျှို့ဝှက်ရေစင် ငါ့ဆီ ပေးခိုင်းလိုက် ငါ ဒီကိစ္စကို မင်းအတွက် ဖြေရှင်းပေးမယ် စိတ်မပူပါနဲ့ ငါက သူတို့လို မဟုတ်ဘူး ငါက ပစ္စည်းကိုပဲ လိုချင်တာ လူကို မလိုချင်ဘူး"
"..."
အစ်ကိုကြီးက ဒီကိစ္စကို သူမအတွက် ဖြေရှင်းပေးနိုင်တယ် ဆိုတာ ကြားရလို့ ပျော်ရွှင်နေပေမယ့် ဖန်းချိုးယောင် ရင်ထဲမှာ တော်တော်လေး နေရခက်သွားလေသည်။
'လူကို မလိုချင်ရင် မလိုချင်ဘူးပေါ့... ဘာလို့ အလေးအနက် ထပ်ပြောနေရတာလဲ ငါကပဲ ကိုယ့်ကိုယ်ကိုယ် အတင်း ပုံအပ်ချင်နေသလိုလို ဘာလိုလိုနဲ့'
ဒါပေမဲ့ ဒီမကျေနပ်ချက်က ခဏတာ အတွေးလေး တစ်ခုပါပဲ။
လပေါင်းများစွာ သူမကို လွှမ်းခြုံထားတဲ့ အမှောင်ထုကြီး နောက်ဆုံးတော့ ပျောက်ကွယ်သွားတော့မယ် ဆိုတာ တွေးမိလိုက်တဲ့ အခိုက်အတန့်မှာ သူမ ရင်ဘတ်ထဲက ကျောက်တုံးကြီး 'ဘုန်း' ဆိုပြီး ကြေမွသွားခဲ့လေသည်။
ဘာလို့လဲဆိုတော့ သူမက အစ်ကိုကြီးကို လုံးဝ ယုံကြည်လို့ပါပဲ။
အစ်ကိုကြီးက ဖြေရှင်းနိုင်တယ်လို့ ပြောသရွေ့ သေချာပေါက် ပြေလည်သွားမှာ ဖြစ်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
သူမဘဝ မျှော်လင့်ချက်တွေနဲ့ ပြန်လည် ပြည့်နှက်လာတာ ခံစားလိုက်ရပြီး ဖန်းချိုးယောင် ကျန်းပေရန်ကို လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။
"ကောင်းပြီ ဒီနေ့တော့ ဒီလောက်ပဲ ကိစ္စပြီးရင် စက္ကူစွန်နဲ့ ငါ အကြောင်းကြားလိုက်မယ် လင်းတန်း သွားကြစို့" ပြောပြီးနောက် ကျန်းပေရန် လှည့်ထွက်သွားပြီး ကြာကန်ဘက် ထွက်ခွာသွားလေသည်။
အစ်ကိုကြီးရဲ့ နောက်ကနေ ကပ်လိုက်သွားတဲ့ ရှဲ့လင်းတန်းကို ကြည့်ပြီး ဖန်းချိုးယောင် ခဏတာ မနာလို မဖြစ်ဘဲ မနေနိုင်တော့ပေ။
ဒါပေမဲ့ သူမ စိတ်အခြေအနေကို အမြန် ပြန်ထိန်းလိုက်ပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်ကာ အော်ဟစ်လိုက်လေသည်။
"အစ်ကိုကြီး သက်တော်ရာကျော် ရှည်ပါစေ"
လွန်ခဲ့တဲ့ ခဏလေးကမှ နွမ်းလျနေတဲ့ ဖန်းချိုးယောင်ဟာ သူမရဲ့ မူလ တက်ကြွတဲ့ ပုံစံအတိုင်း ချက်ချင်း ပြန်ရောက်လာတာ မြင်တော့ လျိုဇီဂျင်းနဲ့ တခြားသူတွေလည်း လိုက်မအော်ဘဲ မနေနိုင်တော့ပေ။
"အစ်ကိုကြီး သက်တော်ရာကျော် ရှည်ပါစေ"
လပေါင်းများစွာ စုဆောင်းထားတဲ့ စိတ်ဖိစီးမှုတွေကို အကုန် ဖွင့်ထုတ်လိုက်ပြီးနောက် ဖန်းချိုးယောင် လျိုဇီဂျင်းကို ဖက်လိုက်ပြီး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်မဇီဂျင်း"
ဖန်းချိုးယောင်ရဲ့ ကျောကို လှမ်းပုတ်ပေးရင်း လျိုဇီဂျင်း ပြုံးပြီး ပြောလိုက်လေသည်။
"ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ ငါ ဘာမှ လုပ်ပေးတာ မဟုတ်ပါဘူး"
"မဟုတ်ဘူး"
ဖန်းချိုးယောင် လျိုဇီဂျင်းရဲ့ ပခုံးပေါ် ခေါင်းမှီရင်း ခေါင်းခါလိုက်လေသည်။
"စောစောက နင်တို့ ပြောခဲ့တဲ့ ငါ့ဘေးနားမှာ အမြဲ ရှိနေမယ် ဆိုတဲ့ စကားတွေကလည်း ငါ့အတွက် အရမ်း အရေးကြီးပါတယ်" ဒီလိုပြောရင်း ဖန်းချိုးယောင် ခေါင်းမော့ပြီး ယွီညီအစ်မ သုံးယောက်ကို ကြည့်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အဲ့ဒီစကားတွေက ငါ့အတွက် တကယ် အဓိပ္ပာယ် ရှိပါတယ်"
ဒါကို ကြားတော့ ယွီညီအစ်မ သုံးယောက်လည်း ပြုံးလိုက်ကြပြီး လျှောက်လာကာ ဝိုင်းဖက်လိုက်ကြလေသည်။
"ငါတို့ တသက်လုံး ညီအစ်မကောင်းတွေ ဖြစ်ကြမယ်လို့ ပြောထားပြီးသားပဲ မဟုတ်လား"
"အင်း"
ဖန်းချိုးယောင် အားပါးတရ ခေါင်းညိတ်လိုက်လေသည်။
နွေးထွေးစွာ ပွေ့ဖက်ပြီးနောက် အခုမှ စိတ်တည်ငြိမ်သွားတဲ့ ဖန်းချိုးယောင်က ဇဝေဇဝါနဲ့ မမေးဘဲ မနေနိုင်တော့ပေ။
"ဒါပေမဲ့ အစ်ကိုကြီးက တကယ်တမ်း ဘယ်သူလဲဟင် အနက်ရောင်ဧကရာဇ် ပါဝင်ပတ်သက်နေတဲ့ ကိစ္စကိုတောင် သူက အေးအေးဆေးဆေး ကိုင်တွယ်နိုင်တယ် အဲ့ဒါက အရမ်း အံ့သြစရာ ကောင်းလွန်းတယ်"
"ဟုတ်တယ် ငါတို့ အရမ်း သိချင်တာပဲ"
ယွီညီအစ်မ သုံးယောက်က သူတို့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကို ပြူးကျယ်ရင်း ပြိုင်တူ အော်ဟစ်လိုက်ကြလေသည်။
"အဟမ်း"
ဒီအချိန်မှာ လျိုဇီဂျင်း ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်လေသည်။
"'အစ်ကိုကြီးနဲ့ ဆက်ဆံနည်း လမ်းညွှန်' ထဲက စည်းကမ်း အမှတ် ၁၈ ကို မှတ်မိကြသေးလား"
တခြား လေးယောက်က သူတို့ ပါးစပ်တွေကို အမြန် ပိတ်လိုက်ပြီး တီးတိုး ပြောလိုက်ကြလေသည်။
"အစ်ကိုကြီးရဲ့ ဇာစ်မြစ်နဲ့ နောက်ခံကို ဘယ်တော့မှ မမေးရဘူး"
ပြောပြီးတာနဲ့ ငါးယောက်သား အစ်ကိုကြီးနဲ့ ဘယ်လို အဆင်ပြေအောင် နေရမလဲ ဆိုတာ ဆွေးနွေးဖို့ အစည်းအဝေး ထိုင်ခဲ့ကြတဲ့ ညတုန်းက အချိန်ကို ပြန်ရောက်သွားသလိုမျိုး တဟားဟား ရယ်မောလိုက်ကြလေသည်။
...
တပြိုင်နက်တည်းမှာပဲ ကျန်းပေရန် က သူ့ရဲ့ သီးခြား အတားအဆီး ဆီ ပြန်ရောက်နေပြီ ဖြစ်လေသည်။
အတားအဆီး အတွင်း အတက်အကျကို အာရုံခံမိတာနဲ့ ကူချင်းဟွမ်း က ဆေးပင်အခန်းထဲကနေ ချက်ချင်း ထွက်လာပြီး ကျန်းပေရန်ကို ဦးညွှတ်လိုက်လေသည်။
"အစ်ကိုကြီး"
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် "အင်း" လို့ ပြန်ဖြေလိုက်လေသည်။
ဦးညွှတ်ပြီးနောက် ကူချင်းဟွမ်း မတ်မတ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"အစ်ကိုကြီးကို တင်ပြရရင် နေ့လည်တုန်းက အစ်ကိုကြီး တာဝန်ပေးခဲ့တဲ့ စုံစမ်းစစ်ဆေးမှုကို ကျွန်တော် စတင် လုပ်ဆောင်နေပါပြီ ဒါပေမဲ့ မကြာသေးမီက ဖန်းမိသားစုနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ သတင်း ဘာမှ မကြားရသေးပါဘူး"
‘ငါ ထင်တဲ့အတိုင်းပဲလား...’
နေ့လည်တုန်းက စနစ်က သူ့ကို ဖန်းချိုးယောင်ကို အထူးတလည် မေးခိုင်းပြီးနောက် ကျန်းပေရန် စာတစ်စောင် ချက်ချင်း ရေးပြီး ကူချင်းဟွမ်းကို စုံစမ်းဖို့ လွှတ်လိုက်တာ ဖြစ်လေသည်။
အခု ပြန်ကြည့်လိုက်တော့ လျိုဇီဂျင်းနဲ့ တခြားသူတွေကို မေးခိုင်းဖို့ စနစ်က ဘာလို့ အတင်းအကျပ် တိုက်တွန်းနေလဲ ဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။
အတင်းအဓမ္မ လက်ထပ်ခိုင်းတာလိုမျိုး ရှက်စရာကောင်းတဲ့ ကိစ္စကို ဖန်းမိသားစုက သေချာပေါက် ဖြန့်မှာ မဟုတ်သလို၊ ရွှန်းမိသားစုကလည်း ဒီကိစ္စကို လူသိရှင်ကြား အကြီးအကျယ် ဖြစ်အောင် လုပ်ပြီး အခြေအနေကို အစွန်းရောက်အောင် တွန်းပို့မထားဘူးလို့ သူ တွက်ဆလိုက်လေသည်။
ဆိုလိုတာက ပြင်ပလူ တစ်ယောက် အနေနဲ့ အမှန်တရားကို သိဖို့ တော်တော် ခက်ခဲလိမ့်မည်။
"ကိစ္စမရှိပါဘူး ပြီးတော့ မင်း ဒီကိစ္စကို ဆက်စုံစမ်းစရာ မလိုတော့ဘူး"
ဘာမေးခွန်းမှ မထုတ်ဘဲ ကူချင်းဟွမ်း လက်သီးဆုပ် အရိုအသေပြုပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့"
"မင်းအလုပ် မင်း ဆက်လုပ်ပါ"
"ဟုတ်ကဲ့"
ကူချင်းဟွမ်းကို ပြန်လွှတ်ပြီးနောက် ကျန်းပေရန် သမ်းဝေလိုက်လေသည်။
သူ အခုလေးတင် ပြန်ရောက်တာ၊ ကိစ္စတွေ အများကြီး ကြုံတွေ့နေရပြီ၊ ရိုးရိုးသားသား ပြောရရင် နည်းနည်း ပင်ပန်းနေပြီ။
မနက်ဖြန် လုပ်စရာတွေ အများကြီး ရှိသေးတာ တွေးမိပြီး သူ အရင်ဆုံး ကောင်းကောင်း အိပ်စက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
ဒါကြောင့် ရှဲ့လင်းတန်း အိပ်ဖို့ အခန်းတစ်ခန်း ရှာပေးပြီးနောက် ကျန်းပေရန် သူ့အခန်းသူ ပြန်လာပြီး ခေါင်းချတာနဲ့ အိပ်ပျော်သွားလေတော့သည်။
စိတ်ရှင်းပြီးမှ အိပ်ရတာမို့ အိပ်စက်ခြင်း အရည်အသွေးက ထူးထူးခြားခြား ကောင်းမွန်နေလေသည်။
ယုန်နာရီ (မနက် ၅ နာရီ မှ ၇ နာရီ) လောက်မှာ နိုးမယ်လို့ ကျန်းပေရန် ထင်ထားပေမယ့် မမျှော်လင့်ဘဲ နဂါးနာရီ (မနက် ၇ နာရီ မှ ၉ နာရီ) အထိ တောက်လျှောက် အိပ်ပျော်သွားခဲ့လေသည်။
‘သက်သောင့်သက်သာ ရှိလိုက်တာ သက်သောင့်သက်သာ ရှိလိုက်တာ’
ခါးဆန့်လိုက်ပြီး ကျန်းပေရန် ခေါင်ရမ်းပန်း အနားကွပ်နဲ့ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ တံခါးဆီ လျှောက်သွားလိုက်လေသည်။
"မင်္ဂလာ နံနက်ခင်းပါ အစ်ကိုကြီး"
သူ အပြင်ထွက်လိုက်တာနဲ့ သူ့ကို ဦးညွှတ်နေတဲ့ ဝူချင်းစစ်ကို တွေ့လိုက်ရပြီး ဘေးနားမှာ ရှဲ့လင်းတန်း ကလည်း လိုက်ဦးညွှတ်နေလေသည်။
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန် ဝူချင်းစစ်ကို ကြည့်ကာ မေးလိုက်လေသည်။
"မင်း အဆင်သင့် ဖြစ်ပြီလား"
"ဟုတ်ကဲ့ အစ်ကိုကြီး ကျွန်တော် လုံးဝ အဆင်သင့် ဖြစ်နေပါပြီ"
မနေ့တုန်းက ဂျူဇီမင် ရဲ့ အင်အားက သူ့ထက် အများကြီး သာလွန်နေနိုင်တယ်လို့ ခန့်မှန်းမိပြီးနောက် ဝူချင်းစစ် က သူနဲ့ ရင်းနှီးတဲ့ အနက်ရောင်ဘုရင် အနည်းငယ်ကို ရှာပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ ချက်ချင်း ထွက်ပြေးသွားခဲ့လေသည်။
အစ်ကိုကြီးရဲ့ ရာထူးတိုး အခမ်းအနား (အဆင့်တက်ပေးမယ့် ကိစ္စ) အတွက် ပြင်ဆင်ဖို့ သူ မောပန်းနွမ်းနယ်တဲ့ အထိ တိုက်ခိုက်ပြီးမှ ပြန်လာခဲ့တာ ဖြစ်လေသည်။
ဝူချင်းစစ်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်ပြီးနောက် ကျန်းပေရန် ရုတ်တရက် လှမ်းပြီး သူ့ပခုံးကို ညှစ်လိုက်လေသည်။
"အား အား အား အား" ဝူချင်းစစ် အကြိမ်ကြိမ် အော်ဟစ်လိုက်လေသည်။
"ငါ မင်းကို ပြင်ဆင်ခိုင်းတာက မင်းခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေ ရောက်အောင် လုပ်ခိုင်းတာလေ မင်းက ဘာလို့ ပွန်းပဲ့ဒဏ်ရာတွေနဲ့ ပြန်ရောက်လာရတာလဲ"
"ကျေးဇူးပြုပြီး စိတ်ချပါ အစ်ကိုကြီး ကျွန်တော်က ပွန်းပဲ့ဒဏ်ရာတွေနဲ့ လို့ ထင်ရပေမယ့် ဒါက တကယ်တော့ ကျွန်တော့်ရဲ့ အထွတ်အထိပ် အခြေအနေပါ အား အား အား အား အား အား"
အစ်ကိုကြီးက ဖိအား တိုးလိုက်တာ ခံစားလိုက်ရတော့ ဝူချင်းစစ်ရဲ့ မျက်နှာ ရဲတက်သွားလေသည်။
"မင်းထင်တာ ငါ မလိုချင်ဘူး၊ ငါထင်တာပဲ လိုချင်တယ် ပြန်သွားပြီး မင်းခန္ဓာကိုယ်ကို အကောင်းဆုံး အခြေအနေ ရောက်အောင် ညှိနှိုင်းလိုက် ငါ ကျေနပ်မှု မရှိမချင်း မင်း အဆင့်တက်အောင် ကူညီပေးမှာ မဟုတ်ဘူး"
သဘာဝကျကျပဲ ဝူချင်းစစ် က အစ်ကိုကြီးရဲ့ စကားကို နည်းနည်းလေးမှ ပြန်မပြောရဲပေ။
သူ ချက်ချင်း လက်သီးဆုပ်ပြီး ပြောလိုက်လေသည်။
"ဟုတ်ကဲ့"
လက်ကို လွှတ်လိုက်ပြီး ကျန်းပေရန် ဝူချင်းစစ်ရဲ့ ပခုံးကို ထပ်ပုတ်ကာ ပြောလိုက်လေသည်။
"ဒီတစ်ခါ မင်း အဆင့်တက်ဖို့ အတွက် ငါ အားပြင်းတာတွေ ပေးတော့မှာ သေဖို့ ပြင်ထားလိုက်တော့"
ပြောပြီးနောက် ကျန်းပေရန် ရှဲ့လင်းတန်း ကို ခေါ်ပြီး သီးခြား အတားအဆီး ထဲကနေ ထွက်ခွာသွားလေသည်။
‘သေဖို့...’
အစ်ကိုကြီးနဲ့ အတူနေတာ ကြာပြီ ဖြစ်လို့ အစ်ကိုကြီးက အကြောင်းမဲ့ စကားမပြောဘူး ဆိုတာ ဝူချင်းစစ် သေချာပေါက် သိလေသည်။
သူ သေမယ်လို့ ပြောရင် အဲ့ဒါက သူ့ကို ခြောက်လှန့်ဖို့ သက်သက် မဟုတ်ဘူး ဆိုတာ သေချာသည်။
တကယ် သေနိုင်ခြေ အရမ်း များတယ် ဆိုတဲ့ သဘောပါပဲ။
ဒါပေမဲ့ ဒါကို ကြားပြီးနောက် ဝူချင်းစစ် လုံးဝ မကြောက်ခဲ့ပေ။
အဲ့ဒီအစား သူက စိတ်လှုပ်ရှားစွာ လက်သီး ဆုပ်လိုက်လေသည်။
သူ သေမှာ မကြောက်ဘူး! သူက အရမ်း အားနည်းနေမှာကိုပဲ ကြောက်တာ။
သူ့ ပါရမီက သိပ်မမြင့်ဘူး ဆိုတာ သူ အမြဲ သိထားခဲ့လေသည်။
သူ့ကို အကြိမ်ကြိမ် ပြုစုပျိုးထောင်ပေးပြီး မူလက သူ ဘယ်တော့မှ မပိုင်ဆိုင်နိုင်မယ့် အရာတွေ အားလုံး ပိုင်ဆိုင်ခွင့် ရအောင် လုပ်ပေးခဲ့တာ အစ်ကိုကြီးပါပဲ။
ဒီအတွက် သူ ကြိုးစားရမယ်၊ ပိုကြိုးစားရမယ်၊ ပြီးတော့ ပိုပိုပြီး ကြိုးစားရမယ်။
အစ်ကိုကြီးက အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အရာတွေ လုပ်ဆောင်ဖို့ ကံပါလာတယ် ဆိုတာ သူ ဘယ်သူ့ထက်မဆို ပိုသိတယ်! ဒါကြောင့် အကြီးဆုံး စီနီယာ ညီလေး အနေနဲ့ သူက စံပြ ခေါင်းဆောင် ဖြစ်ရမယ်၊ အသန်မာဆုံး ဖြစ်ရမယ်။
ဒါကြောင့် သေရမှာနဲ့ ယှဉ်ရင် အစ်ကိုကြီးကို စိတ်ပျက်စေရမှာကို သူ ပိုကြောက်လေသည်။
‘အစ်ကိုကြီး ကျေးဇူးပြုပြီး စိတ်ချပါ
အစ်ကိုကြီးရဲ့ ညာလက်ရုံး တကယ် မဖြစ်လာနိုင်ခင် အထိ ကျွန်တော် လုံးဝ အသေမခံပါဘူး’
အစ်ကိုကြီး ထွက်ခွာသွားတဲ့ ဘက်ကို ကြည့်ပြီး ဝူချင်းစစ် ကိုယ့်ဘာသာ တိတ်တဆိတ် ကျိန်ဆိုလိုက်လေသည်။
...
သီးခြား အတားအဆီး ကနေ ထွက်လာပြီးနောက် ကျန်းပေရန် မင်္ဂလာတိမ်တိုက် တစ်ခု ဆင့်ခေါ်ပြီး ရှဲ့လင်းတန်း ကို ခေါ်ကာ လျန်ပြည်နယ် ဆီ ပျံသန်းသွားလိုက်လေသည်။
လမ်းမှာ ရှဲ့လင်းတန်းရဲ့ ထိုင်ပုံက သိပ်မငြိမ်သေးပေမယ့် သူမ တောင့်ခံထားနိုင်ခဲ့လေသည်။
သူ့ဘေးနားမှာ မျက်လုံးတွေ စုံမှိတ်ပြီး စိတ်မလွင့်အောင် ကြိုးစားနေတဲ့ ရှဲ့လင်းတန်း ကို ကြည့်ရင်း သူမ ကိုယ့်အားကိုယ်ကိုးပြီး အပြင်ထွက်နိုင်တဲ့ အထိ ဘယ်လောက် အတိုင်းအတာ ထိ လေ့ကျင့်ပေးဖို့ လိုမလဲ ဆိုတာ ကျန်းပေရန် မတွေးဘဲ မနေနိုင်တော့ပေ။
မဟုတ်ရင် အပြင်ထွက်တိုင်း ဝန်ထုပ်ဝန်ပိုး တစ်ခု အမြဲ ခေါ်သွားနေရတာက သူ့လုပ်ဆောင်ချက်တွေကို တကယ် ထိခိုက်စေလိမ့်မည်။
‘ဖြစ်နိုင်တာကတော့ သူမက ကံကောင်းခြင်း အခွင့်အလမ်း တစ်ခုခု ကြုံတွေ့ရလိမ့်မယ်၊ ပြီးတော့ ငါက အဲ့ဒီအထဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေလိမ့်မယ်
ဒါပေမဲ့ ဒီ ကံကောင်းခြင်း အခွင့်အလမ်း ကို သူမ ဘယ်နေရာမှာ ကြုံတွေ့ရမှာလဲ...’
ဒါကို တွေးမိတော့ ကျန်းပေရန် ကောင်းကင်ကို လက်မထောင် မပြဘဲ မနေနိုင်တော့ပေ။
‘မင်းက ဂိမ်းကစားတာ တကယ် ပိုပိုပြီး တော်လာတာပဲ’
တစ်နာရီလောက် ပျံသန်းပြီးနောက် ကျန်းပေရန် လျန်ပြည်နယ် နယ်နိမိတ် အတွင်း ရောက်ရှိလာခဲ့လေသည်။
ပြီးခဲ့တဲ့ တစ်ခေါက် သူ ရောက်တုန်းကနဲ့ ယှဉ်ရင် အောက်ဘက်က နေရာ အများအပြားမှာ ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ရှိနေလေသည်။
ဂိုဏ်းအသစ်တွေ တည်ထောင်နေတာ ဖြစ်လောက်တယ်လို့ သူ ယူဆလိုက်လေသည်။
သာမန် ပြည်သူတွေ အတွက် အကျိုးစီးပွား ရှာဖွေပေးဖို့လား။
ရှန့်တိုင်းပြည် ရဲ့ အထက်ပိုင်း အလွှာတွေက အဲ့ဒီလောက် မြင့်မားတဲ့ အသိတရား အဆင့် မရောက်သေးဘူးလို့ ကျန်းပေရန် ခံစားရသည်၊ အနည်းဆုံးတော့ လောလောဆယ် မရောက်သေးဘူးပေါ့။
ဖျင်ဝမ်ချန် မြို့တော်ရဲ့ နန်းတော် အထက် ကောင်းကင်ယံ အထိ သူ ပျံသန်းသွားပြီး ကျန်းပေရန် က မင်္ဂလာတိမ်တိုက် ကို ဖြည်းညှင်းစွာ ဆင်းသက်စေလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ပြန်ရောက်နေပြီမို့ ယင်ကျန်းဟုန် ကို နှုတ်ဆက်ပြီး လျန်ပြည်နယ် ဘယ်လို ဖွံ့ဖြိုးတိုးတက်နေလဲ၊ ပြီးတော့ အမဲဖျက်တာ မျှတမှု ရှိမရှိ မေးကြည့်လိုက်တာ ပိုကောင်းပါလိမ့်မည်။
"ရပ်လိုက် ဒါက ဂိုဏ်းအိမ်တော် ရဲ့ တားမြစ်နယ်မြေပဲ ခွင့်ပြုချက် မရှိတဲ့ ဝန်ထမ်းတွေ ဝင်ခွင့် မရှိဘူး"
နန်းတော် တံခါးဝ ရောက်တော့ လှံရှည်တွေ ကိုင်ထားတဲ့ အစောင့် နှစ်ယောက်က သူနဲ့ ရှဲ့လင်းတန်း ကို ချက်ချင်း တားဆီးလိုက်လေသည်။
‘ဂိုဏ်းအိမ်တော်... သူတို့က နာမည်ပြောင်းတာ တကယ် တော်တာပဲ’
စိတ်ထဲကနေ တိတ်တဆိတ် ညည်းညူလိုက်ပြီး ကျန်းပေရန် အစောင့် နှစ်ယောက်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ခွင့်လွှတ်ပါ ဂိုဏ်းချုပ်ယင် ကို ကျန်းပေရန် လာလည်တယ်လို့ ပြောပေးလို့ ရမလား"
"ကျန်း... ကျန်းပေရန်" အစောင့် နှစ်ယောက် မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။
"ခင်ဗျားက ကျန်းပေရန် လား"
‘သူတို့က 'ခင်ဗျား' (အလေးအနက် တယုတယ ခေါ်ဝေါ်ခြင်း) လို့တောင် စသုံးနေကြပြီပေါ့...’
"ဟုတ်တယ် ငါပါပဲ"
"အာ"
အစောင့်က လှံရှည်ကို ချက်ချင်း ချလိုက်ပြီး ဦးညွှတ်လိုက်လေသည်။
"ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးကို မမှတ်မိတာ ကျွန်တော်တို့ အမှားပါ ကျေးဇူးပြုပြီး သခင်၊ ကျွန်တော်တို့လို နိမ့်ကျတဲ့ လူတွေကို အပြစ်မယူပါနဲ့ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"
အကြောင်းရင်းကို အနည်းနဲ့အများ ခန့်မှန်းမိတဲ့ ကျန်းပေရန် က ပြန်ဖြေလိုက်လေသည်။
"မသိတာ အပြစ် မဟုတ်ပါဘူး ဒါဆို ငါ ဝင်လို့ ရပြီလား"
"ဒါပေါ့ ဒါပေါ့ ဂိုဏ်းချုပ်ယင် က ပြောထားတယ် ခင်ဗျား လာရင် တိုက်ရိုက် ခေါ်လာခဲ့ပါတဲ့" အစောင့်က တံခါးဖွင့်ပေးပြီး ဖိတ်ခေါ်တဲ့ လက်ဟန် လုပ်ရင်း ပြောလိုက်လေသည်။
"ဒီဘက်ပါ ဒီဘက်ပါ ကျွန်တော် လမ်းပြပေးပါ့မယ်"
"ကျေးဇူးပဲ" ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ရှဲ့လင်းတန်း ကို ခေါ်ကာ အစောင့် နောက်ကနေ ဂိုဏ်းအိမ်တော် ထဲ ဝင်လိုက်လေသည်။
ရွှေအုတ်တွေ ခင်းထားတဲ့ ဧကရာဇ် လမ်းမ ပေါ် လျှောက်သွားရင်း ကျန်းပေရန် ပတ်ဝန်းကျင်ကို သိုသိုသိပ်သိပ် အကဲခတ်ကြည့်ရာ အများကြီး ပြောင်းလဲမှု မရှိတာ တွေ့လိုက်ရလေသည်။
ယင်ကျန်းဟုန် နဲ့ တခြားသူတွေက ဒီနေရာက လုံလောက်အောင် ဇိမ်ကျနေပြီမို့ ထပ်ပြီး ပြုပြင်မွမ်းမံစရာ မလိုတော့ဘူးလို့ ထင်ကြပုံရတယ်လို့ သူ ခန့်မှန်းလိုက်လေသည်။
ကျန်းပေရန် ပတ်ဝန်းကျင်ကို ကြည့်နေတုန်း ရှဲ့လင်းတန်း လည်း သဘာဝကျကျ လိုက်ကြည့်နေလေသည်။
ဒါက သူမ အတွက် နန်းတော်လို နေရာမျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်လေသည်။
‘ဧကရာဇ် နေတဲ့ နေရာက လှလိုက်တာ...’
အလွန် ဇိမ်ကျတဲ့ အဆောက်အဦးတွေကို ကြည့်ရင်း ရှဲ့လင်းတန်း စိတ်ထဲကနေ အံ့သြတကြီး ရေရွတ်လိုက်လေသည်။
ဧကရာဇ် လမ်းမ ပေါ် အတော်ကြာ လျှောက်ပြီးနောက် သူတို့ သုံးယောက်သား အခမ်းနားဆုံး နန်းတော် ဖြစ်တဲ့ ယီလန်ကုန်း ရှေ့ ရောက်ရှိလာကြလေသည်။
"ကျေးဇူးပြုပြီး ခဏ စောင့်ပါ ကျွန်တော် သွားပြီး အကြောင်းကြားပေးပါ့မယ်"
အစောင့်က ခန်းမဆောင်ကြီးထဲ အလျင်စလို ဝင်သွားတာ ကြည့်ပြီး ဒီအစောင့်က တကယ် စွယ်စုံရတာပဲလို့ ကျန်းပေရန် မခံစားဘဲ မနေနိုင်တော့ပေ။
ဒါသာ ရှန့်တိုင်းပြည် ရဲ့ နန်းတော် ဆိုရင် တံခါးစောင့်တာနဲ့ လမ်းပြတာက လုံးဝ မတူညီတဲ့ အလုပ်တွေ ဖြစ်ပြီး လူတစ်ယောက်တည်း လုပ်လို့ မရနိုင်တဲ့ အရာတွေ ဖြစ်လေသည်။
သူ့နောက်က တိတ်ဆိတ်နေတဲ့ ရှဲ့လင်းတန်း ကို သူ ပြန်လှည့်ကြည့်လိုက်ပြီး ဒီကောင်မလေးက တကယ်တော့ တော်တော် လိမ္မာတယ်လို့ တွေးလိုက်မိလေသည်။
သူမက မေးခွန်းတွေ လျှောက်မမေးဘူး၊ ဂနာမငြိမ် မဖြစ်ဘူး၊ ပြီးတော့ အရိပ်လိုပဲ သူ့နောက်ကနေ တိတ်တဆိတ် လိုက်လာတယ်။
အခုထိတော့ သူမ သူ့ကို ဘာဒုက္ခမှ မပေးသေးပေ။
ကျန်းပေရန်ရဲ့ အကြည့်က သူမဆီ ရောက်နေတာ မြင်တော့ ရှဲ့လင်းတန်း အမြန် မတ်မတ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"သခင် ဘာအမိန့် ရှိပါသလဲ"
"မရှိဘူး"
"ဟုတ်ကဲ့"
ရှဲ့လင်းတန်း ပြန်ဖြေလိုက်ပြီး သူမကိုယ်သူမ ပိုတက်ကြွပုံ ပေါက်အောင် ခါးကို အားနဲ့ ဆန့်ထုတ်လိုက်လေသည်။
"ပေရန် ဝင်လာခဲ့ မြန်မြန် တံခါးဝမှာ ဘာလုပ်နေတာလဲ"
ကျန်းပေရန် တိတ်တဆိတ် စောင့်နေတုန်း ခန်းမဆောင်ကြီး အတွင်းကနေ ယင်ကျန်းဟုန်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"သွားကြစို့"
ကျန်းပေရန် ပြောပြီးနောက် ရှဲ့လင်းတန်း ကို ခန်းမဆောင်ကြီးထဲ ခေါ်ဆောင်သွားလိုက်လေသည်။