လက်အောက်ခံခြင်း
Vol. 36 Ch. 430
စနစ်ရဲ့ ရွေးချယ်စရာတွေ ပေါ်လာတဲ့ အခိုက်အတန့်မှာပဲ၊ ဒီလူတွေကို သူ့ကတ်တွေ တစ်စိတ်တစ်ပိုင်း ပြသပြီး လုပ်ငန်းစဉ် အတွင်းမှာ အာဏာသိမ်းစေချင်နေတာ သေချာပြီလို့ ကျန်းပေရန် သိလိုက်လေသည်။
စနစ်က ဘာလို့ ဒီလို လုပ်ခိုင်းရသလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ကျန်းပေရန် အမြန်ပဲ သဘောပေါက်သွားလေသည်။
ရှန့်တိုင်းပြည် က လျန်တိုင်းပြည်ကို ဝါးမျိုလိုက်ပြီ ဆိုတော့ သူ့ရဲ့ အစွယ်တွေကို ထုတ်ပြလိုက်တာနဲ့ အတူတူပဲ ဖြစ်ပြီး ရှန် နဲ့ ထန် တိုင်းပြည်တွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်သွားမှာ ဖြစ်လေသည်။
အရင်တုန်းကတော့ ရှန့် နဲ့ လျန် ဆိုတဲ့ နိုင်ငံငယ်လေး နှစ်ခုက ထောင့်တစ်နေရာမှာ တိတ်တဆိတ် အမှိုက်စား နေကြတုန်းက ရှန် နဲ့ ထန် တိုင်းပြည်တွေက မသိချင်ယောင် ဆောင်ပေးလို့ ရခဲ့ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံငယ်လေး နှစ်ခုကို တစ်ပြိုင်နက်တည်း ချေမှုန်းဖို့ ဆိုတာ အဲ့လောက် မလွယ်ကူသလို၊ သူတို့ကို ရှင်းပစ်ဖို့ အတွက် သွေးစွန်းခံတာမျိုး ဒါမှမဟုတ် နောက်ကျော ဓားနဲ့ ထိုးခံရမှာမျိုး စွန့်စားဖို့လည်း မလိုအပ်ပါဘူး။
ဒါပေမဲ့ အခု ရှန့်တိုင်းပြည် က လျန်တိုင်းပြည် ကို တစ်ချက်တည်းနဲ့ ဝါးမျိုလိုက်ပြီ ဆိုတော့ သူတို့မှာ ကြီးစိုးချင်တဲ့ ရည်မှန်းချက် ရှိတယ် ဆိုတာ ပြသနေလေသည်။
သူတို့ကို ထိန်းချုပ်မှု မရှိဘဲ ဆက်ကြီးထွားခွင့် ပေးလိုက်မယ် ဆိုရင် နောက်ထပ် ဝါးမျိုမယ့် ပစ်မှတ်က ကိုယ့်တိုင်းပြည် ဖြစ်လာမလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ပြီးတော့ ရန်သူကို ပုခက်တွင်းမှာတင် လည်ပင်းညှစ်သတ်လိုက်တာက အမြဲတမ်း စိတ်အေးရဆုံး နည်းလမ်း ဖြစ်လေသည်။
ဒါကြောင့် စနစ်က ဒီ အချက်ပြစာသား ပေါ်လာစေရတဲ့ အကြောင်းရင်းက ရှန် နဲ့ ထန် တိုင်းပြည်တွေက ရှန့်တိုင်းပြည် ကို ရှင်းပစ်သင့် မရှင်းပစ်သင့် စဉ်းစားနေကြပြီ ဖြစ်ဖို့ များတယ်လို့ ကျန်းပေရန် ယုံကြည်လေသည်။
သူသာ အချိန်မီ ရှေ့ထွက်မလာခဲ့ရင် ရှန့်တိုင်းပြည် သေချာပေါက် အန္တရာယ် ကျရောက်တော့မှာ ဖြစ်လေသည်။
ဒါပေါ့၊ ဒါက ဖြစ်နိုင်ချေ တစ်ခုပါပဲ။
နောက်တစ်ခုက ကျန်းပေရန်သာ ရှေ့ထွက်ပြီး တစုတစည်းတည်း ကွပ်ကဲမှု မလုပ်ရင် ဒီခေါင်းဆောင်တွေထဲက တစ်ယောက်ယောက်က ကိုယ့်သဘောနဲ့ကိုယ် လုပ်ပြီး ရန်မစသင့်တဲ့ လူတစ်ယောက်ယောက် ဒါမှမဟုတ် အင်အားစု တစ်ခုခုကို သွားရန်စမိနိုင်လေသည်။
ဘာပဲဖြစ်ဖြစ် သူ ရှေ့ထွက်ပြီး အခြေအနေကို တာဝန်ယူ ထိန်းချုပ်ရမယ် ဆိုတာ သေချာလေသည်။
ပြီးတော့ အခုထိ သူ တာဝန်ခံ တစ်ယောက် ဖြစ်လာမယ့် လုပ်ငန်းစဉ်က တော်တော် ချောမွေ့နေလေသည်။
သူ့ကိုယ်သူ ရှီမျိုးနွယ်စု ရဲ့ အထိန်းတော် တစ်ယောက် အဖြစ် ထုတ်ဖော် ပြောကြားလိုက်ပြီးနောက် အစည်းအဝေး ခန်းမ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။
ပညာရှိ တိုကင်ပြား ကို မှတ်မိတဲ့ တစ်ဦးတည်းသောသူ ဖြစ်တဲ့ ကျိချင်းလင် က အဲ့ဒါ အစစ် ဟုတ်မဟုတ် ဘယ်လို စစ်ဆေးရမလဲ မသိပေမယ့် ကျန်းပေရန် အနေနဲ့ ရှီမျိုးနွယ်စု ရဲ့ အထိန်းတော် တစ်ယောက် အဖြစ် ဟန်ဆောင်ရဲမယ့် သတ္တိမျိုး ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး ဆိုတာ သူ သိလေသည်။
တိုကင်ပြားကို မြင်ရတာက လူကိုယ်တိုင် မြင်ရတာနဲ့ အတူတူပဲ ဆိုတာ သိထားရမည်။
အပြင်မှာ ကြွားဝါဖို့ အတွက် နိုင်ငံခြောက်နိုင်ငံ ထဲက ထိပ်တန်း မျိုးနွယ်စု တစ်ခုရဲ့ အဖွဲ့ဝင် အဖြစ် ဟန်ဆောင်တာလား။ အဲ့လို ကစားပွဲမျိုး ကစားရဲဖို့ အသက် ဘယ်နှချောင်းတောင် ရှိရမှာလဲ။
ဒါ့အပြင် သူ့ဆရာ ဆီကနေ သူ ကြားသိထားရတဲ့ ကျန်းပေရန် ရဲ့ ပုံရိပ် အရဆိုရင်….
သူက သိုသိုသိပ်သိပ် နေတတ်ပြီး ရှင်သန်ရပ်တည်ရေးကို ဘာထက်မဆို ဦးစားပေးတဲ့သူ ဖြစ်လေသည်။
နည်းနည်းလေး အန္တရာယ် ရှိမယ့် အရာဆို လုံးဝ လုပ်မှာ မဟုတ်ပေ။
အဲ့လိုလူမျိုးက ရုတ်တရက် ထွက်လာပြီး ရှန့်တိုင်းပြည် ရဲ့ တာဝန်ခံ ဖြစ်ချင်တယ် ဆိုတာကတင် လုံလောက်အောင် အံ့သြစရာ ကောင်းနေပြီ၊ အဲ့ဒါကို ရှီမျိုးနွယ်စု ရဲ့ အထိန်းတော် အဖြစ် ဟန်ဆောင်ပြီး လုပ်တယ် ဆိုတာကတော့။
ဒါက ရူးသွပ်မှုထက် ကျော်လွန်နေပြီ၊ ဒီ လုပ်ရပ်က ရိုင်းစိုင်းလွန်းနေပြီ။
'ဒါပေမဲ့ သူက ဘာလို့ ရုတ်တရက်ကြီး ဒီလို ထွက်လာရတာလဲ...'
ကျိချင်းလင် တိုကင်ပြားကို ကြည့်လိုက်၊ ကျန်းပေရန်ကို ကြည့်လိုက် လုပ်နေမိလေသည်။
'ဖြစ်နိုင်တာက... သူက သူ့ရဲ့ နောက်ထပ် ပစ်မှတ် အတွက် အခြေခံ အုတ်မြစ် ချနေတာများလား'
လျန်တိုင်းပြည် ကို သူတို့ ဒီလောက် လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်ခဲ့တာက ဒီ ကျန်းပေရန် ကြောင့်ပဲ ဆိုတာ ကျိချင်းလင် အခု ကောင်းကောင်း နားလည်သွားပြီ ဖြစ်လေသည်။
ဆိုလိုတာက သူ့မှာ ရည်မှန်းချက် ရှိရုံတင် မကဘူး၊ အရမ်းလည်း စွမ်းဆောင်ရည် ရှိတယ် ဆိုတဲ့ သဘောပါပဲ။
အခု လျန်တိုင်းပြည် ကို သိမ်းပိုက်မယ့် ရည်မှန်းချက် အောင်မြင်သွားပြီ ဆိုတော့ သူက နောက်ထပ် နယ်မြေ တစ်ခု အတွက် ကြံစည်နေတာ ဖြစ်ဖို့ အရမ်း များလေသည်။
'ထားလိုက်ပါတော့ အရင်တုန်းကလည်း ဒီကောင်လေးကို ငါ နားမလည်နိုင်ခဲ့ဘူး၊ အခုဆို ပိုလို့တောင် နားမလည်နိုင်တော့ဘူး'
တစ်လှည့် ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ့လက်ထဲက သတင်းအချက်အလက် နည်းနည်းလေးနဲ့ ကျန်းပေရန် ဘာလုပ်ချင်လဲ ဆိုတာ ခန့်မှန်းဖို့ လုံးဝ မဖြစ်နိုင်ကြောင်း ကျိချင်းလင် သဘောပေါက်သွားလေသည်။
ဒါကြောင့် သူ ကုလားထိုင် နောက်မှီပေါ် မှီချလိုက်ပြီး အခြေအနေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်နေလိုက်လေသည်။
ယင်ကျန်းဟုန် ကတော့ ကျိချင်းလင် ထက် ပိုနက်ရှိုင်းတဲ့ ဇဝေဇဝါ ဖြစ်မှုထဲ ကျရောက်နေလေသည်။
ကျန်းပေရန် မှာ ကျောထောက်နောက်ခံ ရှိတယ် ဆိုတာ ရှိနေတဲ့ ဘယ်သူ့ထက်မဆို စောပြီး သူ သိထားခဲ့ပေမယ့်၊ ပြီးတော့ သူက အပေါ်ယံ မြင်ရသလို ရိုးရှင်းတဲ့သူ မဟုတ်မှန်း သိထားတာ ကြာပြီ ဖြစ်ပေမယ့်။
နိုင်ငံခြောက်နိုင်ငံ ရဲ့ ထိပ်တန်း မျိုးနွယ်စု တစ်ခုရဲ့ အထိန်းတော် ဆိုတဲ့ အထောက်အထား ကို ရုတ်တရက် ထုတ်ဖော်လိုက်တာက သူ့ကို မှင်သက်သွားစေတုန်းပါပဲ။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြောက်နိုင်ငံ ဆိုတာ သူ့အတွက် အရမ်း ဝေးကွာတဲ့ အရာ တစ်ခုလေ။
အဲ့ဒါကို သူ့မျက်စိရှေ့ ရုတ်တရက် ဆွဲယူလာလိုက်တော့ ခုန်ကျော်မှုက တကယ် နည်းနည်း ကြီးလွန်းနေလေသည်။
'ဘယ်လို ပညာရှင်မျိုးက ဒီလို ဘီလူးကောင်မျိုးကို ပြုစုပျိုးထောင်နိုင်တာလဲ'
ရှန့်တိုင်းပြည် ရဲ့ ထိပ်တန်း ပုဂ္ဂိုလ် ၆ ယောက်ကို ရင်ဆိုင်နေရတာတောင် တည်ငြိမ်အေးဆေး နေနိုင်တဲ့ ကျန်းပေရန်ကို သူ ကြည့်လိုက်လေသည်။
ကျန်းပေရန် က သူနဲ့ ပထမဆုံးအကြိမ်ကတ်တွေ ဖွင့်ပြတုန်းက ပြောခဲ့တဲ့ စကားတစ်ခွန်းကို ယင်ကျန်းဟုန် ပြန်မတွေးဘဲ မနေနိုင်တော့ပေ။
"ရှန့်တိုင်းပြည် ကို လျှို့ဝှက်ဆန်းကြယ်နဂါး တိုက်ကြီး ပေါ်မှာ အသန်မာဆုံး နိုင်ငံ ဖြစ်အောင် လုပ်မယ်"
ဒါက ကြီးမြတ်တဲ့ ဆရာသခင် တစ်ယောက်က သူ့ကို ပေးထားတဲ့ စမ်းသပ်မှု တစ်ခုလို့ သူ ပြောခဲ့ဖူးတယ်၊ ပြီးတော့ စမ်းသပ်မှုရဲ့ အကြောင်းအရာက သူက ဘာကျင့်ကြံခြင်းမှ မရှိဘဲ တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ရမယ် ဆိုတဲ့ ပုံစံမျိုးပါပဲ။
'ဒါပေမဲ့ ဘာကျင့်ကြံခြင်းမှ မရှိဘဲနဲ့ အနက်ရောင်သူတော်စင် အဆင့် မျိုးနွယ်စု ရဲ့ အထိန်းတော် တစ်ယောက် သူ ဘယ်လို ဖြစ်လာတာလဲ'
ယင်ကျန်းဟုန် အနေနဲ့ အဲ့ဒီ ထိပ်တန်း မျိုးနွယ်စုတွေနဲ့ အဆက်အသွယ် သိပ်မရှိပေမယ့် သူတို့ရဲ့ အထိန်းတော် တစ်ယောက် ဖြစ်လာဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ သူ သိလေသည်။
ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ပါရမီရှင် တစ်ယောက် မဟုတ်ရင်၊ ပြီးတော့ အလွန် ပြင်းထန်တဲ့ အလားအလာ မပြသနိုင်ရင်၊ ရှီမျိုးနွယ်စု ရဲ့ အထိန်းတော် တစ်ယောက် ဖြစ်လာဖို့ မဖြစ်နိုင်ပေ။
'ဖြစ်နိုင်တာက သူက သူ့ဉာဏ်ရည်ကိုပဲ အားကိုးပြီး ရှီမျိုးနွယ်စု က သူ့ကို အထိန်းတော် အဆင့်အတန်း ပေးအပ်လာအောင် လုပ်ခဲ့တာများလား'
အသက်ပြင်းပြင်း ရှူလိုက်ပြီး ယင်ကျန်းဟုန် လေးလေးနက်နက် ပြောလိုက်လေသည်။
"ဒီ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ကလည်း ကျန်းပေရန် အတွက် မဲတစ်မဲ ပေးပါတယ်"
ဒါကို ကြားတော့ ကျန်းပေရန် နည်းနည်း ပြုံးလိုက်မိလေသည်။
သူ ယင်ကျန်းဟုန် ဘက် လက်သီးဆုပ် အရိုအသေပြုလိုက်ပြီး ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်ယင် ရဲ့ ထောက်ခံမှု အတွက် ကျေးဇူး အများကြီး တင်ပါတယ်"
"မင်း ရှန့်တိုင်းပြည် ကို ဆက်လက် သန်မာအောင် လုပ်ပေးမှာ မဟုတ်လား"
ယင်ကျန်းဟုန် က ကျန်းပေရန်ကို တည့်တည့်ကြည့်ပြီး မေးလိုက်လေသည်။
"ဒါပေါ့"
"ဒါဆိုရင် ဒီနေ့ကစပြီး မင်းရဲ့ ဆုံးဖြတ်ချက်တွေကို ငါ အပြည့်အဝ ထောက်ခံပါ့မယ်"
ပြောပြီးနောက် ယင်ကျန်းဟုန် ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး မျက်လုံး မှိတ်လိုက်လေသည်။
သူ ဒီဆုံးဖြတ်ချက် ချလိုက်တဲ့ အကြောင်းရင်းက စိတ်လိုက်မာန်ပါ လုပ်လိုက်တာမျိုး သေချာပေါက် မဟုတ်ပေ။
ကျန်းပေရန် ဧကရာဇ် ဖြစ်လာတဲ့ နေ့ကစပြီး နိုင်ငံတော် စနစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှု အကြောင်း သူတို့ ဆွေးနွေးခဲ့ကြတုန်းက သူတို့ လမ်းကြောင်းတူတူပဲ လျှောက်နေကြတယ် ဆိုတာ ယင်ကျန်းဟုန် သိခဲ့လေသည်။
ပြီးတော့ ယင်ကျန်းဟုန် က သူ့ရဲ့ မူလ ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။
သူ သန်မာချင်တယ်၊ ရှန့်တိုင်းပြည် ရဲ့ အထွတ်အထိပ်ကို ရောက်ချင်တယ်၊ အဲ့ဒါတွေ အားလုံးက ဒီ ဖောက်ပြန်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံကို ဖြုတ်ချပြီး သာမန် ပြည်သူတွေကို လူသားတွေလို နေထိုင်ခွင့် ပေးဖို့ပါပဲ။
ဒါက နတ်ဆိုးဂိုဏ်း ကို သူ တည်ထောင်ခဲ့တဲ့ သူ့ရဲ့ မူလ ရည်ရွယ်ချက် အတိအကျပဲ။
ပြီးတော့ လုလင်စီရင်စု မှာ ကျန်းပေရန် ပြဌာန်းခဲ့တဲ့ မူဝါဒ အသစ်တွေ အရ စီရင်စု တစ်ခုလုံးက သူ လိုလားတဲ့ စံပြ လမ်းကြောင်းအတိုင်း တကယ် ဖွံ့ဖြိုးတိုးတက်နေတာ တွေ့ရလေသည်။
ရှန့်တိုင်းပြည် ရဲ့ သာမန် ပြည်သူတွေ အားလုံး၊ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်နဂါး တိုက်ကြီး တစ်ခုလုံးက ပြည်သူတွေတောင် လုလင်စီရင်စု က လူတွေလို ငြိမ်းချမ်းစွာ နေထိုင်ပြီး ပျော်ရွှင်စွာ အလုပ်လုပ်နိုင်မယ့် နေ့တစ်နေ့ တကယ် ရောက်လာခဲ့ရင်။
တိုက်ကြီး တစ်ခုလုံးကို အုပ်စိုးမယ့် အုပ်စိုးသူက သူ မဟုတ်တော့ရော ဘာဖြစ်သလဲ။
ဒါ့အပြင် ယင်ကျန်းဟုန် က သူ့စွမ်းရည် ကိုယ်တိုင်ကို ကောင်းကောင်း သိလေသည်။
အတိတ်တုန်းက သူက ရှန့်တိုင်းပြည် တစ်ခုတည်းကိုတောင် ပြီးပြည့်စုံအောင် မအုပ်ချုပ်နိုင်ခဲ့ဘူး၊ ဒါဆို တိုက်ကြီး တစ်ခုလုံး အကြောင်း ဘယ်လို ပြောနိုင်မှာလဲ။
ဒါပေမဲ့ ကျန်းပေရန် က ကွဲပြားလေသည်။
သူ့မှာ ရည်မှန်းချက် ရှိတယ်၊ ပြီးတော့ စွမ်းရည် ပိုရှိတယ်။
အနည်းဆုံးတော့ အခုထိ သူ ပြသခဲ့တဲ့ စွမ်းရည်တွေ အရ ဆိုရင် သူတို့ရဲ့ အကြံ ကို အကောင်အထည် ဖော်ဖို့ သူ့ထက် အများကြီး ပိုဖြစ်နိုင်ချေ ရှိတယ်လို့ ယင်ကျန်းဟုန် ခံစားရလေသည်။
ဒါကြောင့် သူ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။
ဖြစ်ကောင်း ဖြစ်နိုင်တာက သူ့ရှေ့က ဒီလူငယ်လေးက တစ်ချိန်တုန်းက မဖြစ်နိုင်တဲ့ စိတ်ကူးယဉ် အိပ်မက်လို့ သူ ထင်ခဲ့တဲ့ ဒီအိပ်မက်ကို အကောင်အထည် ဖော်ဖို့ တကယ် ကူညီပေးနိုင်လိမ့်မယ်။
ယင်ကျန်းဟုန် မဲပေးလိုက်တဲ့ အခါ နက်နက်ရှိုင်းရှိုင်း တွေးတောနေကြတဲ့ တခြား သုံးယောက်က သူ့ကို အံ့သြတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြလေသည်။
ကျိချင်းလင် က တိုက်ရိုက် ပြောလိုက်လေသည်။
"ဆရာ ကျွန်တော့်ရဲ့ စံပြတွေကို ထောက်ခံပေးဖို့၊ အသစ်စက်စက် ရှန့်တိုင်းပြည် တည်ဆောက်ရာမှာ ကျွန်တော့်ကို ကူညီပေးဖို့ ခင်ဗျားကို ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော် လေးလေးနက်နက် ကြိုးစား ဖျောင်းဖျခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားက အမြဲတမ်း အထင်သေးခဲ့တယ် အခုကျတော့ ပြင်ပလူ တစ်ယောက်ကို ခင်ဗျား ကူညီနေတယ် ဟုတ်လား"
ဒါကို ကြားပြီးနောက် ယင်ကျန်းဟုန် မျက်လုံးဖွင့်လိုက်ပြီး ကျိချင်းလင် ကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်းဆရာ အနေနဲ့ မင်းဆီမှာ အောင်မြင်မယ့် မျှော်လင့်ချက် ဘာမှ ငါမမြင်ဘူး"
"ဘုန်း"
ကျိချင်းလင် စားပွဲကို ရိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်လေသည်။
"ဘာလို့လဲ"
ပြီးတော့ သူ ကျန်းပေရန်ကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
"ဒါဆို သူက လုပ်နိုင်လို့လား"
"အနည်းဆုံးတော့ မင်းဆရာ အနေနဲ့ ဒီလောကကြီးရဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ မင်းထက် သူက ပိုဖြစ်နိုင်ချေ ရှိတယ်လို့ ငါ ယုံကြည်တယ်"
"ကောင်းပြီလေ"
ကျိချင်းလင် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကျန်းပေရန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ငါ လန်ပြည်နယ် မိုးကြိုးသိမ်းငှက်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ကျိချင်းလင် မင်းကို မဲပေးတယ် ဘာကြောင့်မှ မဟုတ်ဘူး၊ ငါ့ဆရာ အသိအမှတ်ပြုထားတဲ့ လူက ငါ့ထက် ဘယ်နေရာမှာ သာလဲ ဆိုတာ ငါ သိချင်လို့ပဲ ငါ့ကို စိတ်ပျက်အောင် မလုပ်မိစေနဲ့"ကျီချင်းလင် ရဲ့ ရုတ်တရက် မဲပေးမှုက ကျန်းပေရန် အတွက် မမျှော်လင့်ထားတဲ့ အရာ ဖြစ်လေသည်။
ဖျောင်းဖျဖို့ အားထုတ်မှု အနည်းငယ် လိုအပ်မယ့် တစ်ဦးတည်းသောသူက ကျိချင်းလင် လို့ သူ ထင်ထားခဲ့တာ၊ ဒါပေမဲ့ သူ ဒီတိုင်း လက်လျော့လိုက်လိမ့်မယ်လို့ မထင်ထားခဲ့မိပေ။
'ဒီဆရာနဲ့ တပည့်ရဲ့ ဆက်ဆံရေးက... တကယ် ရှုပ်ထွေးပွေလီနေတာပဲ'
ကျိချင်းလင် တောင်မှ ရှန့်တိုင်းပြည် ရဲ့ တာဝန်ခံ အဖြစ် ပညာရှင်ကြီးကို ရွေးချယ်လိုက်တာ မြင်တော့ မုန့်စီပေ့ နည်းနည်း စတင် ထိတ်လန့်လာလေသည်။
ဒီနေ့ထိ သူမ ဒီပညာရှင်ကြီးရဲ့ နာမည်အပြည့်အစုံကို မသိသေးဘူး၊ ဂိုဏ်းချုပ်ယင် ပြောစကား အရ "ပေရန်" ဆိုတာလောက်ပဲ သိတာပါ။
'ပေရန်... နားထောင်လို့ ကောင်းလိုက်တဲ့ နာမည်လေး
မဟုတ်ဘူး မဟုတ်ဘူး ဒါက ဒါတွေ တွေးနေရမယ့် အချိန် မဟုတ်ဘူး'
မုန့်စီပေ့ ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်မက ဂိုဏ်းချုပ်ဝမ် ကိုယ်စား ဒီကို လာတာပါ ဒီလောက် အရေးကြီးတဲ့ ကိစ္စ အတွက် အဖြေမပေးခင် ကျွန်မ ပြန်သွားပြီး သူနဲ့ ဆွေးနွေးရပါဦးမယ်"
မုန့်စီပေ့ ရဲ့ စကားသံ ဆုံးတာနဲ့ ရွေးချယ်မှု နှစ်ခု ကျန်းပေရန် ရှေ့ ပေါ်လာလေသည်။
[ရွေးချယ်မှု ၁ - "ဒါပေါ့ ဂိုဏ်းချုပ်မုန့် သွားပါ"
ပြီးမြောက်ဆုလက်ဆောင် - မွှေးပျံ့သော ဖဲကတ္တီပါ ရတနာ စာအုပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]
[ရွေးချယ်မှု ၂ - "ခင်ဗျားက သုံးနှစ်သမီး ကလေးလား"
ပြီးမြောက်ဆုလက်ဆောင် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]
'အင်း... ရွေးချယ်မှုတွေ အရ ကြည့်မယ် ဆိုရင် ဒီ မုန့်စီပေ့ က ဒီနေရာမှာတင် ဆုံးဖြတ်ချက် မချနိုင်ဘူး ဆိုရင် မမျှော်လင့်ထားတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာမှာ ငါ စိုးရိမ်တယ်'
ရွေးချယ်မှု ၂ ကို ရွေးလိုက်ပြီး ကျန်းပေရန် သူမကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ခင်ဗျားက သုံးနှစ်သမီး ကလေးလား"
[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။
ဆုလက်ဆောင် - ကျွမ်းကျင်သော လက်များ +၁]
ဒီစကားလုံးတွေက ရှိနေတဲ့ လူတိုင်းကို ခဏတာ မှင်သက်သွားစေခဲ့လေသည်။
ခုနက ဒေါသထွက်နေတဲ့ ကျိချင်းလင် တောင်မှ နည်းနည်း ကြောင်သွားလေသည်။
သူ့လေသံ အရ ဆိုရင် သူတို့နှစ်ယောက်က သိနေတာ ထင်ရှားပြီး၊ သူတို့ကြားမှာ ကျန်းပေရန် က သာလွန်တဲ့ အနေအထားမှာ ရှိနေတာ ရှင်းနေလေသည်။
ဒါကို တွေးမိတော့ ကျိချင်းလင် ကိုယ့်ကိုယ်ကိုယ် မရယ်ဘဲ မနေနိုင်တော့ပေ။
အနာဂတ်မှာ ရှန့်တိုင်းပြည် တစ်ခုလုံးကို ပြောင်းလဲပြီး ပိုမြင့်မားတဲ့ အဆင့်ဆီ ဦးဆောင်သွားမယ့်သူက သူ ဖြစ်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာ။
ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့ပိုင်နက်ထဲမှာ ဒီလောက် ရက်စက်တဲ့ ဇာတ်ကောင် တစ်ယောက် ရှိနေတယ် ဆိုတာတောင် သူ မသိခဲ့ဘူး။
'ရယ်စရာ ကောင်းလိုက်တာ တကယ် ရယ်စရာ ကောင်းလိုက်တာ...'
ဟော်ဟုန်ဖေး ကတော့ "ထင်ထားတဲ့ အတိုင်းပဲ" ဆိုတဲ့ အပြုံးမျိုး ပြုံးလိုက်လေသည်။
လျန်တိုင်းပြည် ကို ဖြုတ်ချခဲ့တဲ့ အရင် စစ်ဆင်ရေးတုန်းက ဒီ ဂိုဏ်းချုပ်မုန့် က ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ပြောလို့ ရသည်၊ အကြီးမားဆုံး ကုသိုလ် ရခဲ့တယ်လို့ ပြောရင်တောင် ပြဿနာ မရှိပါဘူး။
လခြမ်းကွေးချိုင့်ဝှမ်း က "ပြဇာတ်" ကို အစ်ကိုကြီးကျန်း စီစဉ်ခဲ့တာလို့ အစကတည်းက သူ သိခဲ့လေသည်။
မဟုတ်ရင် အနက်ရောင်ဧကရာဇ် တစ်ပါးက ဘယ်လိုလုပ် ဒီလောက် မိုက်မဲတဲ့ အလုပ်မျိုး လုပ်မှာလဲ။
ဒါကြောင့် အခု မုန့်စီပေ့ ကို ဆူပူဖို့ ကျန်းပေရန် က ဒီလို လေသံမျိုး သုံးတာကို သူ နည်းနည်းလေးမှ မအံ့သြတော့ပေ။
ဘာလို့လဲဆိုတော့ မုန့်စီပေ့က အစ်ကိုကြီးကျန်း ရဲ့ လက်အောက်ငယ်သား ဆိုတာ ရှင်းနေတာကိုး။
ကာယကံရှင် ဖြစ်တဲ့ မုန့်စီပေ့ ကတော့ အဆူခံလိုက်ရတဲ့ အခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နစ်နာမှု လှိုင်းလုံးကြီး တစ်ခု သူမ ရင်ထဲ ဖြတ်သန်းသွားလေသည်။
"ကျွန်မ..."
မုန့်စီပေ့ ဆက်မပြောနိုင်ခင် ကျန်းပေရန် တိုက်ရိုက် ဖြတ်ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်ဝမ် က ခင်ဗျားကို သူ့ကိုယ်စားလှယ် အဖြစ် ဘာလို့ ဒီကို လွှတ်လိုက်တယ်လို့ ထင်လဲ"
မုန့်စီပေ့ "ကျွန်မ..."
"ဒါက ခင်ဗျားအပေါ် သူ့ရဲ့ ယုံကြည်မှု ဖြစ်သလို ခင်ဗျားကို ပြုစုပျိုးထောင်ပေးတဲ့ နည်းလမ်းလည်း ဖြစ်တယ် သူက ခင်ဗျားကို ကိုယ်စားပြုခွင့် ပေးလိုက်မှတော့ ခင်ဗျားက သူ့အတွက် ဆုံးဖြတ်ချက်တွေ ချနိုင်တယ် ဆိုတဲ့ သဘော သဘာဝကျကျ ပါဝင်နေတယ် မဟုတ်ရင် ခင်ဗျားက သူ့ကို ကိုယ်စားပြုတာ ဘာအဓိပ္ပာယ် ရှိမှာလဲ"
"ကျွန်မ... ကျွန်မ..."
ကျန်းပေရန်ရဲ့ ဆက်တိုက် ဆူပူမှုတွေအောက်မှာ ရှုပ်ထွေးနေပြီးသား မုန့်စီပေ့ ရဲ့ စိတ်က ချက်ချင်း ရပ်တန့်သွားပြီး ခေါင်းထဲမှာ ဗလာ ဖြစ်သွားလေသည်။
ဒါပေမဲ့ သူမ တွေးတာကို လက်လျော့လိုက်ဖို့ ပြင်လိုက်တုန်း အဲ့ဒီနေ့က ဂူထဲမှာ သူမကို ကယ်တင်တုန်းက ပညာရှင်ကြီး ပြောခဲ့တဲ့ စကားတွေ သူမ စိတ်ထဲ ရုတ်တရက် ပေါ်လာလေသည်။
"နတ်ဆိုးသားရဲတွေကို ချေမှုန်းတယ် ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကိုယ့်လောဘကို ဖြည့်ဆည်းဖို့ သုံးနေကြတာ ခင်ဗျားတို့ ဂုဏ်သိက္ခာက ကြီးမားလိုက်တာ"
"ကိုယ့်လိပ်ပြာကိုယ် ပြန်မေးကြည့် ခင်ဗျားတို့က နတ်ဆိုးသားရဲတွေကို သတ်ဖို့ တကယ် လာတာလား ဒါမှမဟုတ် ဝိညာဉ်နိုးထခြင်း သတ္တုရိုင်း တွေကို လုယူဖို့ လာတာလား"
"'လောကကြီး တစ်ခုလုံး ရှုပ်ထွေးနေတယ်၊ ငါ တစ်ယောက်တည်း ရှင်းလင်းတယ်၊ လူတိုင်း မူးယစ်နေကြတယ်၊ ငါ တစ်ယောက်တည်း အသိစိတ် ကပ်တယ်' လောကက သာမန်လူတွေ အားလုံးက မှန်တယ်လို့ သတ်မှတ်လိုက်တာနဲ့ အဲ့ဒီအရာက ဘယ်တုန်းက မှန်ကန်သွားတာလဲ"
...
ဒီနေ့ထိ အဲ့ဒီ စကားလုံးတွေက သူမ နှလုံးသားကို ကြီးမားတဲ့ တူကြီး တစ်ချောင်းနဲ့ ထုနှက်လိုက်သလိုမျိုး သူမအပေါ် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေခဲ့လေသည်။
အခုဆို သူမက သူများ ပြောတာကို မျက်စိမှိတ် ယုံတော့မှာ မဟုတ်ဘဲ လောကကြီးက အရာအားလုံးကို ကိုယ်ပိုင် မျက်လုံးတွေနဲ့ လေ့လာ စောင့်ကြည့်တော့မှာ ဖြစ်လေသည်။
နောက်ဆုံးမှာ သူမ တွေ့ရှိခဲ့တာက…..
ပညာရှင်ကြီးရဲ့ စကားတွေက သူမ စိတ်ကူးထားတာထက် အများကြီး ပိုနက်ရှိုင်းပြီး သူမ တွေးတောနိုင်စွမ်းထက် ပိုပြီး တွေးခေါ်စရာ ကောင်းနေလေသည်။
ချက်ချင်းဆိုသလို မုန့်စီပေ့ တွေးခေါ်နိုင်စွမ်း ပြန်ရလာလေသည်။
လေးနက်တဲ့ မျက်နှာထားနဲ့ သူမ ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်လေသည်။
"ကျွန်မ ရှင့်အတွက် မဲပေးဖို့ ဆန္ဒရှိပါတယ်"
ဒီမဲက သူမ ဂိုဏ်းချုပ် အတွက် ဆုံးဖြတ်ချက် ချပေးတာ မဟုတ်ဘဲ သူမ ကိုယ်တိုင် အတွက် ချမှတ်တဲ့ ဆုံးဖြတ်ချက် ဖြစ်လေသည်။
ပြီးရင် သူမ ပြန်သွားပြီး သူမ ဂိုဏ်းချုပ်ကို ဖျောင်းဖျမယ်၊ မရရင် တာဝန်ကို သူမ ကိုယ်တိုင် ယူလိုက်မယ်။
မဲ ငါးမဲ…..
ခန်းမထဲမှာ ရှန့်တိုင်းပြည် ရဲ့ အမြင့်ဆုံး အာဏာကို ကိုယ်စားပြုတဲ့ လူ ၆ ယောက်ထဲက ၅ ယောက်က ကျန်းပေရန် အတွက် မဲပေးလိုက်ကြပြီ ဖြစ်လေသည်။
ထိုက်ယင်းကျုံး တစ်ယောက်တည်း လုံးဝ ကြောင်တောင်တောင် ဖြစ်ပြီး ကျန်ရစ်ခဲ့လေသည်။
ကြောင်တောင်တောင် ဖြစ်တာနဲ့ ပတ်သက်ပြီး ပြောရရင် ၆ ယောက်ထဲမှာ သူက အကြောင်ဆုံး ဖြစ်မှာ သေချာလေသည်။
ဘာလို့လဲဆိုတော့ သူ့မျက်လုံးထဲမှာ ကျန်းပေရန် က အရမ်း လိမ္မာပါးနပ်တဲ့ ဂျူနီယာ တပည့်လေး တစ်ယောက်၊ ထူးချွန်တဲ့ ဧကရာဇ် တစ်ပါးသာ ဖြစ်လို့ပါပဲ။
ဒါပေမဲ့ ဒီ အထောက်အထား နှစ်ခုလုံးက အရမ်း နိမ့်ကျလေသည်။
ဒါပေမဲ့ အခု သူက သူတို့ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့ သဘောထားမျိုးနဲ့ ရုတ်တရက် ပေါ်လာခဲ့လေသည်။
ပိုဆိုးတာက တခြား ၅ ယောက်က အဲ့ဒါကို တကယ် လက်ခံလိုက်ကြတာပဲ!
ပြီးတော့ သူ့လိုပဲ ဘာမှ မသိတဲ့ ကျိချင်းလင် ကလွဲရင် ကျန်တဲ့ လူနည်းစုက ကျန်းပေရန် မှာ ဘယ်လို ထူးခြားတဲ့ စွမ်းရည်တွေ ရှိလဲ ဆိုတာ သူ့ထက် ပိုသိနေပုံ ရလေသည်။
'ဟွန့်... ငါက ဂိုဏ်းချုပ်နဲ့ ဘာမှ မကွာခြားဘူးပဲ'
ဒီအချိန်မှာ ထိုက်ယင်းကျုံး ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ခံလိုက်ရသလို ခံစားလိုက်ရလေသည်။
သူ့ကိုယ်သူ အထွတ်အထိပ်ပြည်နယ် က ဖြောင့်မတ်သော ဂိုဏ်းများရဲ့ ထိပ်တန်း ခေါင်းဆောင်လို့ မှတ်ယူထားပြီး သူ့ဂိုဏ်းချုပ် အတွက် ပြည်နယ် အတွင်းက အရာအားလုံးကို ကောင်းကောင်း စီမံခန့်ခွဲနေတယ်လို့ ထင်ခဲ့တာ။
အခု ကြည့်စမ်း၊ ရှန့်တိုင်းပြည် က သူ့မျက်စိအောက်မှာတင် "ကောင်းကင် ပြောင်းလဲသွားပြီ"၊ ပြီးတော့ သူက ဘာမှ မသိလိုက်ရဘူး။
ဒါပေမဲ့ အခု သူ ရှက်နေဖို့ အချိန် မရှိတော့ပေ။
တခြား ၅ ယောက်က ရွေးချယ်မှု လုပ်ပြီးသွားကြပြီ။
သူ့ရပ်တည်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အနေအထားကို ထုတ်ပြောရတော့မည်။
ခဏ တွေးတောပြီးနောက် ထိုက်ယင်းကျုံး ပြောလိုက်လေသည်။
"ပေရန်... ဒါမှမဟုတ် မင်းကို အဲ့လို ခေါ်လို့ မရတော့ဘူးလို့ ပြောရမလား"
ဒါကို ကြားတော့ ကျန်းပေရန် ပြုံးပြီး ပြောလိုက်လေသည်။
"ဝန်ကြီးထိုက် က နောက်နေပါပြီ သေချာပေါက် အဲ့လို ခေါ်လို့ ရတာပေါ့"
ကျန်းပေရန်ရဲ့ အပြုံးကို ကြည့်ပြီး ထိုက်ယင်းကျုံး သက်ပြင်း သဲ့သဲ့ ချလိုက်လေသည်။
သူက ဝိုင်သောက်၊ အသားစားပြီး ရှန့်တိုင်းပြည် ရဲ့ အနာဂတ် အကြောင်း လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ အဲ့ဒီ ကျန်းပေရန် ပဲ ဖြစ်နေတုန်းပဲ၊ သူ လုံးဝ မမှတ်မိနိုင်တဲ့ သူစိမ်း တစ်ယောက် အဖြစ် ပြောင်းလဲမသွားသေးဘူး။
"မဲမပေးခင် ကျွန်တော် မေးစရာ မေးခွန်း နည်းနည်း ရှိတယ်၊ ခွင့်ပြုမလား"
"ဒါပေါ့ ဝန်ကြီးထိုက် လွတ်လပ်စွာ မေးပါ ကျွန်တော် ကျေနပ်လောက်တဲ့ အဖြေ ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်"
"ကောင်းပြီ"
ထိုက်ယင်းကျုံး ခေါင်းညိတ်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
"မင်း ပြောတဲ့ ဒီ 'ရှန့်တိုင်းပြည် ရဲ့ တာဝန်ခံ' ဆိုတာ ဘာကို ဆိုလိုတာလဲ"
'မေးခွန်းကောင်းပဲ'
ကျန်းပေရန်ရဲ့ အမြင်မှာ ထိုက်ယင်းကျုံး က အခန်းထဲမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော ဆင်ခြင်တုံတရား ရှိပြီး ကြားနေတဲ့ လူ ဖြစ်ကာ သင့်တော်တဲ့ မေးခွန်း မေးခဲ့တဲ့ တစ်ဦးတည်းသော သူ ဖြစ်လေသည်။
"ရိုးရိုးလေး ပြောရရင် ရှန့်တိုင်းပြည် ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ကျွန်တော် ဆုံးဖြတ်မယ်၊ ပြီးတော့ ဒီမှာ ရှိတဲ့ လူတိုင်းက အဲ့ဒါကို အကောင်အထည် ဖော်ရမယ် ဦးနှောက်ခြောက်ခံပြီးစဉ်းစားဖို့ လိုအပ်တဲ့ ကြီးမားတဲ့ အဖြစ်အပျက် တစ်ခုခု ကြုံလာရရင် ကျွန်တော့်မှာ အဆုံးအဖြတ် မဲ ရှိသလို ဗီတိုအာဏာလည်း ရှိတယ်"
ဒါကို ကြားပြီးနောက် ကျိချင်းလင် တိုက်ရိုက် ဝင်ပြောလိုက်လေသည်။
"ဒါဆို ငါတို့ လုပ်နေတာ ဘာအဓိပ္ပာယ် ရှိမှာလဲ မင်းပဲ အရာအားလုံး အပြီးသတ် ဆုံးဖြတ်လိုက်ပါတော့လား"
ကျန်းပေရန် ပြုံးပြီး ပြန်ဖြေလိုက်လေသည်။
"ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ ကျွန်တော့်ကို စကားလုံးတွေနဲ့ စည်းရုံးနိုင်ပါတယ်"
"ဒါဆို ငါက မင်းသဘော အတိုင်း လိုက်လုပ်ရမှာပေါ့"
"ဟုတ်တယ်" ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီ ငါ နားလည်ပြီ"
ကျိချင်းလင် ဒီလောက် ပူးပေါင်းဆောင်ရွက်မှု ရှိတာ တွေ့တော့ ကျန်းပေရန် တော်တော် ကျေနပ်သွားလေသည်။
အဲ့ဒီနောက် သူ ထိုက်ယင်းကျုံး ကို ပြန်ကြည့်ပြီး ပြောလိုက်လေသည်။
"ဝန်ကြီးထိုက် မှာ တခြား မေးခွန်း ရှိသေးလား"