ကျောက်တုံးရုပ်သေး
Vol. 1 Ch. 330
"သတ်"
ကျန့်ဝူရွှမ်း၏ အစီအစဉ်သည် အတော်လေး ကောင်းမွန်လေသည်။ သူသည် လူအကုန်လုံးကို တစ်နေရာထဲမထားဘဲ ဆယ်မိုင်ပတ်လည်ဝန်းကျင်တွင် ဖြန့်ချထားခဲ့သည်။ သူအမိန့်ပေးလိုက်သော် လူတိုင်း လှုပ်ရှားလာကြသည်။
စစ်သည်နှစ်ထောင်သည် ရန်သူတစ်ထောင်အား ဝန်းရံသတ်ဖြတ်နေချိန်တွင် ကျန်စစ်သည်တစ်ထောင်သည် ယွင်လုနှင့် သူ့သက်တော်စောင့်နှစ်ယောက်အား တိုက်ခိုက်ကြသည်။
ယွင်လု သေမှ ဖြစ်မည်။ မဟုတ်ပါက သူတို့ မိုင်တစ်သောင်းကျော် ခရီးဆက်ခဲ့သည်မှာ အချည်းအနှီး ဖြစ်သွားလိမ့်မည်။ ထို့ပြင် မကောင်းသော အကျိုးဆက်များသာ ရှိလာလိမ့်မည်။ ယွင်လုသည် သက်သေတစ်စုံတစ်ရာ မရသွားလျှင်တောင် ယွင်ဖေး၏လက်ချက်ဖြစ်သည်ဟု တွေးပြီး ပြန်ရောက်သည်နှင့် ယွင်ဖေးတို့မောင်နှမအား လုပ်ကြံသတ်ဖြတ်လိမ့်မည်။
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်နှစ်ယောက်၏ တိုက်ခိုက်မှုများမှာ ပြင်းထန်ရက်စက်လှပြီး စစ်သည်အမြောက်အများအား တစ်ချက်တည်းနှင့် အပိုင်းပိုင်းလုပ်ပစ်နိုင်အောင် အားပြင်းသော်လည်း ကျန့်ဝူရွှမ်း၏ လူများမှာ စွမ်းအားမြင့်သူများ လာရောက်ကူညီနိုင်အောင် အစွမ်းကုန် အချိန်ဆွဲထားကြသည်။ အဓိအချက်မှာ ကျန်းရီပြေးလာနိုင်ရန်ဖြစ်သည်။ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်နှင့် တိုက်ပွဲပြီးဆုံးသွားမည် ဖြစ်သည်။
"သေစမ်း...အဖိုးကြီးလု၊ အရှင့်သားကိုခေါ်ပြီး အရင်သွားနှင့်တော့"
ယွင်လု၏ ဘေးမှ သက်တော်စောင့် နှစ်ယောင်သည် စစ်သည်များ ဝန်းရံလာခြင်း၏ ရည်ရွယ်ချက်ကို သိကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဓားရှည်ကြီးကို ဝှေ့ယမ်း၍ အတွင်းအားတိုက်ခိုက်မှုများ ပစ်လွှတ်နေသည်။ ထိုသူသည် သူ့အနီးရှိ စစ်သည်များကို သတ်ပြီးသော် သူ့ကိုယ်မှ အဝါရောင်အလင်းများ ဖြာထွက်လာပြီး လေထုမှာ တုန်ခါလာခဲ့သည်။ မြေပြင်သည်လည်း တုန်ခါလာပြီး ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေ၏။
ပတ်ဝန်းကျင်မှ ရွှံ့များ၊ ကျောက်တုံးများသည် အပေါ်သို့ ထိုးထက်လာခဲ့ပြီး ကြီးထွားမြင့်မားသော လူရုပ်ကြီးများအဖြစ် ပြောင်းလဲသွားကာ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်း၏ စစ်သည်များရှိရာ ပြေးဝင်သွားလေ၏။ ထိုအရုပ်ကြီးများသည် သုံးမီတာကျော်မြင့်၍ အဝါရောင်အလင်းများ တောက်ပနေသည်။ ၎င်းတို့၏ အရှိန်မှာလည်း မနှေးပေ၊ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပထမအဆင့်နှင့် အမြန်နှုန်းအတူတူပင် ဖြစ်သည်။
ချလွမ်...ချလွမ်
ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် အတွင်းအားများ ပစ်လွှတ်၍ တိုက်ခိုက်ကြသည်။ သို့သော် တောင်ငယ်တစ်လုံးစီကို ဖြိုခွင်းနိုင်စွမ်းရှိသည့် သူတို့၏ တိုက်ခိုက်မှုများမှာ ရွှံ့ရုပ်ကြီးများကို မဖျက်စီးနိုင်မှန်း ထိတ်လန့်ဖွယ် တွေ့လိုက်ကြရသည်။ ရွှံ့ရုပ်ကြီးများမှာ အနည်းငယ်သာ ယိုင်ယိုင်သွားတတ်သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်နှင့် အထက်များသာ ၎င်းအရုပ်များပေါ်တွင် တိုက်ခိုက်ရာများ ချန်ထားနိုင်လေသည်။
ဘန်း...
ရွှံ့လူသားကြီးများထဲမှ တစ်ယောက်၏ လက်သီးကြီးသည် ခရမ်းရောင်နန်းတော်ရှင်အဆင့်တစ်ယောက်၏ ဦးခေါင်းထက် ကျဆင်းသွားခဲ့သည်။ ထိုသူသည် အမြန်နှုန်းမှာ နှေးကွေးလွန်း၍ လက်သီးကြီးနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။ သူ၏ဦးခေါင်းမှာ ပွင့်ထွက်သွားခဲ့ပြီး ဦးနှောက်အရည်များမှာ ပန်းထွက်လာ၍ ချက်ချင်းသေဆုံးသွားခဲ့သည်။
"ရှေးဟောင်းမှော်အတတ်...ကျောက်တုံးရုပ်သေး"
ကျန့်ဂိုဏ်းမှ စစ်သည်တစ်ဦးသည် မျက်နှာပျက်ပျက်နှင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများသည် ကျန်းရီထံ ကျဆင်းသွားခဲ့ပြီး စိတ်ဖြင့်ဆက်သွယ်၍ စကားပြောလိုက်သည်။
"သခင်လေးရီ...ဒီလူကို အရင်ကူသတ်ပေးပါ၊ မဟုတ်ရင် ကျွန်တော်တို့တွေ ဆုံးရှုံးမှု တအားများသွားလိမ့်မယ်"
ယွင်လုအား ကျန်သက်တော်စောင့် တစ်ယောက်က သယ်ဆောင်သွားပြီး အရှေ့ဘက်သို့ အလောတကြီး ပြေးထွက်သွားခဲ့သည်။ ကျန်းရီသည် သူတို့နောက် လိုက်ရန်ပြင်နေခဲ့သည်။ သို့သော် ကျန့်ဂိုဏ်းမှ လူ၏ စကားကိုကြားသော် သူတွေဝေသွားခဲ့သည်။
ကျန်ရစ်ခဲ့သော ယွင်လု၏ သက်တော်စောင့်သည် ရှေးဟောင်းမှော်အတတ်ကို တတ်မြောက်ထားရာ အချိန်တိုအတွင်း ကျောက်တုံးရုပ်သေးများစွာ ဖန်တီးထားပြီးဖြစ်သည်။ ထိုသူသည် ကျောက်တုံးရုပ်သေး လေးရုပ်ကို အကာအကွယ်အဖြစ် သူ့ကိုယ်သူ ဝန်းရံထားစေခဲ့သည်။
ထိုသူသည် ကျောက်တုံးရုပ်သေးများကို ဆက်တိုက်ဖန်တီးနေသည်။ သူ့တွင်သာ အချိန်အလုံအလောက်ရပါက ရုပ်သေးတစ်ထောင်မက ဖန်တီးပေလိမ့်မည်။ ဤအတိုင်းဆိုပါက ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းသည် တိုက်ပွဲကို အနိုင်ရခဲ့လျှင်တောင် လူအင်အားတစ်ဝက်ခန့်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
"ကောင်းပြီ...မင်း ယွင်လုနောက်လိုက်ပြီး အချိန်ဆွဲထား"
ကျန်းရီသည် အံကြိတ်၍ ယွင်လုအား လျစ်လျူရှုလိုက်သည်။ ဟေးမိမြို့သို့ သွားရာဘက်ခြမ်းအား ပိတ်ဆို့ထားပြီးဖြစ်ရာ ယွင်လုအား သယ်ဆောင်ထားသူသည် တမလွန်တောအုပ် အတွင်းပိုင်းသို့သာ အရင်ဝင်ပြေးသွားခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်တို့၏ စီစဉ်ပုံအရဆိုလျှင် တောအုပ်၏ အရှေ့မြောက်ပိုင်းတွင်လည်း အရံအစီအစဉ်အချို့ ရှိမည်ဟု ကျန်းရီ ယုံကြည်သည်။ ထို့ကြောင့် သူအလွန်အကျွံ စိတ်မပူပေ။
ဝှစ်...
ကျန်းရီ၏ ရွေ့လျားမှုမှာ အလွန်မြန်ဆန်လေသည်။ တိုက်ပွဲနေရာသည် သူနှင့်မိုင်အနည်းငယ်ဝေးသော်လည်း ကျောက်တုံးရုပ်သေးများဖြင့် တိုက်ခိုက်နေသောသူ ရှိရာနေရာအနီးသို့ မျက်စိတစ်မှိတ်စာအတွင်း သူရောက်ရှိသွားခဲ့သည်။
သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာသည်နှင့် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သက်တော်စောင့်၏ မျက်ဝန်းများတွင် ကြောက်လန့်ရိပ်များ ပေါ်ထွက်လာခဲ့သည်။ သူ့ကိုယ်မှာ ပျော့ခွေလာခဲ့ပြီး လှုပ်ရှားရန် ခက်ခဲလာခဲ့သည်။
အနီးအနားရှိ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ လူများ၏ ကိုယ်များမှာလည်း ပျော့ခွေလာခဲ့သည်။ အများစုသည် ကြောက်လန့်နေသော မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် ဝပ်ဆင်းနေကြရသည်။ သူတို့အားလုံးသည် ကျန်းရီအား ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်အလား ထိတ်လန့်တကြား ကြည့်နေကြသည်။
"ကျန်းရီ"
သတ်ဖြတ်ခြင်းအင်အား၏ အရှိန်အဝါတို့ ထွက်ပေါ်လာသည်နှင့် ယွင်လု၏လူများမှာ မှင်သက်နေရာမှ သတိဝင်လာကြသည်။ ရှန်မိနိုင်ငံမှ စစ်သည်များသည် ကျန်းရီရှိရာသို့ လှမ်းကြည့်လာကြသည်။ စစ်သူကြီးများထဲမှ တစ်ယောက်သည် အော်ဟစ်လာလေ၏။
"ကျန်းရီ...မင်းငါတို့ကို ခြုံခိုတိုက်ခိုက်ရဲတယ်။ ဒီကိစ္စကို မင်းကြီးဆီ ငါတို့ပြန်လျှောက်တင်မယ်။ မင်းတို့ရှားနိုင်ငံက သေချာပေါက် ပျက်စီးလိမ့်မယ်"
ဘန်း....
ကျန်းရီ၏ အနီးမှ စစ်သည်များမှာ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိနှိပ်ခြင်း ခံရသော်လည်း ကျောက်တုံးရုပ်သေးများအပေါ်တွင် မည်သည့် သက်ရောက်မှုမှ မရှိပေ။ ကျောက်တုံးရုပ်သေးများမှာ ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ လူများကို အလွယ်တကူ သတ်ဖြတ်နေကြသည်။ ထိုမြင်ကွင်းကို ကျန်းရီမြင်သော် ကျောက်တုံးရုပ်သေးများကို ထိန်းချုပ်နေသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်ထံ ချက်ချင်း နေရာရွှေ့ပြောင်းလိုက်သည်။ ထိုသူ၏ဘေးသို့ ရောက်သည်နှင့် စိတ်ချရရန်အလို့ငှါ ကမ္ဘာ့မီးလျှံများကို ထုတ်၍ ထိုသူအား ပြာဖြစ်သည်အထိ လောင်ကျွမ်းစေလိုက်သည်။
ဗုန်း...ဗုန်း...
ထိုသူ သေဆုံးသွားသည်နှင့် ကျောက်တုံးရုပ်သေးများအားလုံးသည် ပေါက်ကွဲကာ ရွှံ့များ၊ ကျောက်တုံးများအဖြစ် ပြန်ပြောင်းလဲသွားခဲ့သည်။
"ဟူး...ဟူး"
ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားအား ပြန်လည်ရုပ်သိမ်းလိုက်သည်။ ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ လူများမှာလည်း ထိုအခါမှသာ သက်ပြင်းချနိုင်သည်။ ကျောက်တုံးရုပ်သေးများ၏ လက်ချက်ကြောင့် လူဆယ်ယောက်မက သေဆုံးသွားသော်လည်း ထိုက်တန်သည်ဟု ဆိုနိုင်သည်။ ထိုမှော်ဆရာသာ သေမသွားပါက ကျောက်တုံးရုပ်သေးများစွာ ထပ်ဖန်တီးနိုင်သည်။ ထိုသို့ဆိုပါက လူအားလုံးနီးပါး သေကုန်ကြလိမ့်မည်။
ကျန်းရီသည် ဆူဆူညံညံအသံများအား လျစ်လျူရှုကာ ယွင်လု ထွက်ပြေးသွားရာဘက်သို့ ကြည့်လိုက်သည်။ ထိုဘက်မှ ပေါက်ကွဲသံ အချို့ကို သူကြားနေရသည်။ ကျန့်ဝူရွှမ်းသည် ထိုဘက်တွင် အမှန်တကယ် ထောင်ချောက်ဆင်ထားခဲ့သည်။ သူသည် ယွင်လုအား ခေတ္တလျစ်လျူရှုကာ ရှန်မိနိုင်ငံ၏ စစ်တပ်ရှိရာဘက် ပြေးသွားလိုက်သည်။
"မင်းတို့အားလုံး ဖယ်ကြ"
သူအော်ဟစ်လိုက်သော် ကျန့်ဂိုဏ်းနှင့် ချမ်ဂိုဏ်းမှ လူများသည် ချက်ချင်းနောက်ဆုတ်လိုက်ကြသည်။ ထို့နောက် သူသည် ရှန်မိနိုင်ငံ စစ်တပ်၏ အလယ်သို့ နေရာရွှေ့ပြောင်းကာ သတ်ဖြတ်ခြင်းအင်အားနှင့် ကမ္ဘာ့မီးလျှံများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။
ကျန်းရီသည် တစ်ယောက်ချင်းစီကို လိုက်သတ်နေစရာ မလိုပေ။ သူသည် ရန်သူများကို ဝိုင်းပတ်၍ ပြေးလိုက်ရာ ရန်သူများအား မီးများ စွဲလောင်ကုန်သည်။
ဒီကမ္ဘာ့မီးလျှံတွေနဲ့ သတ်ဖြတ်ခြင်းအင်အားရဲ့ ပေါင်းစပ်မှုက တကယ်အသုံးဝင်တာပဲ...ငါသာ စောစောက သိခဲ့ရင် စစ်ပွဲမှာတုန်းက သုံးခဲ့ပါတယ်...
ကျန်းရီ၏ အရှိန်သည် မမြန်လွန်း၊ မနှေးလွန်းပေ။ ရန်သူစစ်တပ်တစ်ခုလုံးကို သူတစ်ပတ်ပတ်ရန် အသက်ဆယ်ရှိုက်စာခန့်သာ ကြာမြင့်ခဲ့သည်။ မူလက ရန်သူဘက်တွင် အသက်ရှင်ကျန်ရစ်သူ ခုနှစ်ရာ၊ ရှစ်ရာခန့် ရှိသေးသော်လည်း ကျန်းရီ တစ်ပတ်ပြေးလိုက်ပြီးနောက်တွင် လူခြောက်ရာခန့်မှာ မီးများစွဲလောင်ကုန်သည်။
လူတစ်ရာခန့်မှာ ပြာဖြစ်သွားကြပြီဖြစ်သော်လည်း အများစုသည် မီးများစွဲလောင်နေခြင်းကို ခံနေရဆဲပင်ဖြစ်သည်။ ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို ရုပ်သိမ်းလိုက်သောအခါ မီးလောင်ခံနေရသူများသည် မြေပြင်ပေါ်တွင် အော်ဟစ် လူးလှိမ့်နေကြသည်။
ချမ်ဂိုဏ်းနှင့် ကျန့်ဂိုဏ်းမှ လူများသည် ကျန်းရီ၏ အင်အားအကြောင်း ကြားဖူးကြသော်လည်း လက်တွေ့မြင်ရသောအခါတွင် အံ့သြတကြီးဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။ ထိုမျှရက်စက်၍ မောက်မာလှသော သတ်ဖြတ်ခြင်းနည်းလမ်း...ကျန်းရီသည် နယ်မြေမှ ပြည်သူများ ပေးထားသည့် 'ငရဲမှ နတ်ဆိုး'ဟူသော ဂုဏ်ပုဒ်ဖြင့် အမှန်တကယ် ထိုက်တန်လှသည်။
ဝှစ်...ဝှစ်
ကျန်းရီသည် အသက်ရှင်ရန် ရုန်းကန်နေကြသူများအား ဂိုဏ်းနှစ်ဂိုဏ်းထံ ချန်ရစ်ကာ တောအုပ်အရှေ့မြောက်ဘက်သို့ ဆက်တိုက် နေရာရွှေ့ပြောင်း၍ ထွက်ခွာလာခဲ့သည်။ ယွင်လု အသတ်ခံရသည်ကို သူ့မျက်စိဖြင့် တပ်အပ်မမြင်ရဘဲ သူစိတ်အေးအေးမထားနိုင်ပေ။ သူ့သရုပ်မှန်မှာ ပေါ်သွားပြီဖြစ်ရာ ယွင်လုနှင့် သူ့သက်တော်စောင့်သာ လွတ်မြောက်သွားပါက သူနှင့်ရှားနိုင်ငံမှာ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မည်။
သူ၏ပြေးနှုန်းမှာ အလွန်မမြန်ဆန်သော်လည်း ဆက်တိုက်နေရာရွှေ့ပြောင်းနေသောကြောင့် သူ့အရှိန်မှာ ကြောက်ခမန်းလိလိပင်။ သူတစ်ကြိမ်ရွေ့လျားသွားတိုင်း ကီလိုမီတာ သုံးထောင်ကျော် အကွာအဝေးသို့ ရောက်ရှိသွားသည်။ သူသည် သူ့စိတ်ဝိဉာဉ်လောင်ကျွမ်းသွားမည်ကို စိုးရိမ်စရာမလိုဘဲ ဆက်တိုက်နေရာရွှေ့ပြောင်းနိုင်သည်။ အတိုချုပ်ပြောရလျှင် သူ့အမြန်နှုန်းသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်နှင့် နှိုင်းယှဉ်နိုင်သည့် အနေအထားတွင် ရှိလေသည်။
မကြာခင်တွင် သူသည် တောအုပ်၏ အရှေ့မြောက်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် အလျင်အမြန် အကဲခတ်လိုက်သော် မျက်နှာပျက်သွားရသည်။
တောအုပ်ထဲတွင် အလောင်းများစွာ ပြန့်ကျဲနေပြီး သစ်ပင်များမှာလည်း လဲကျပျက်စီးနေကြသည်။ မြင်ကွင်းမှာ ဆိုးဝါးလှသည်။ အလောင်းများမှာ ချမ်ဂိုဏ်းနှင့်ကျန့်ဂိုဏ်းမှ လူများဖြစ်လေသည်။ ရုတ်တရက် အရှေ့ဘက်မှ သူတို့လူများ၏ အော်ဟစ်သံများကို သူကြားလိုက်ရသည်။
"ကျန်းရီ...မြန်မြန်သွားပြီး ကူညီပါ"
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တစ်ယောက်၏ သယ်ဆောင်ထားခြင်း ခံရသော ကျန့်ဝူရွှမ်း၏အော်သံ ထွက်ပေါ်လာသည်။ သူသည် မျက်နှာပျက်ပျက်နှင့် အော်ဟစ်လာခဲ့သည်။
"ယွင်လုရဲ့ သက်တော်စောင့်က သူတော်စင်အဆင့်လက်နက်တစ်ခု ပိုင်ဆိုင်ထားပြီး ယွင်ဖေးလိုမျိုး သစ်ပင်ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်စွမ်းရှိတဲ့ မှော်ပညာကိုလည်း တတ်မြောက်ထားတယ်။ ငါတို့ ပုန်းနေတာကို သတိထားမိသွားတာလည်း သူပဲ...ငါတို့တွေ သူ့ကိုမတားဆီးနိုင်ဘူး။ မင်းတစ်ယောက်တည်းကပဲ သူ့ကိုသတ်နိုင်လောက်တဲ့ အစွမ်းအစရှိတာ...သူ့ကိုမသတ်နိုင်ရင် ငါတို့တွေ သွားပြီပဲ"
*****