← Chapters

အပြန်လမ်း

Vol. 90 Ch. 1250

အပြန်လမ်း

Vol. 90 Ch. 1250

မန်ဟိုကား ဣန္ဒြေပျက်သွားခြင်းမရှိ။ ယခုလေးတင် ကြားလိုက်ရသောအသံကြောင့်လည်း အံ့အားသင့်သွားဟန်မတူ။ သူသည် အေးအေးဆေးဆေး လှည့်ကြည့်လိုက်ရာ သင်္ဘောနံရံကို မှီလျက်ရပ်နေသော ဟန်မျိုးနွယ်စုမှ လူငယ်အား တွေ့လိုက်ရ၏။

လူငယ်က မန်ဟို့ကို ကျီစယ်နေသည့်အလား ထူးဆန်းသောမျက်ဝန်းများဖြင့် ကြည့်နေသည်။ ထို့အကြည့်က လှောင်နေသလို၊ တစ်ချိန်တည်းမှာပဲ မြူဆွယ်နေသည်။ ရာဂမီးတောက်နေသော သူ၏မျက်လုံးများက မန်ဟို့အဝတ်အစားများကို ထိုးဖောက်၍ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ကြည့်နေသည့်အလား ထင်ရသည်။

အမှန်တွင် ထိုလူငယ်က သူ့ကို ကြည့်ရင်း .... ဖားဖိုကြီးလို အသက်ရှူမြန်လာသည်။

မန်ဟို့အမူအရာကတော့ ပုံမှန်အတိုင်းသာ ဖြစ်၏။ သူ့တွင် မန်ချိန်၏မှတ်ဉာဏ်များ မရှိသော်လည်း သူ၏နတ်ဘုရားအာရုံက သင်္ဘောတစ်စင်းလုံးအား ရက်အနည်းငယ်လွှမ်းခြုံနေခဲ့သည့်အတွက် ဤလူငယ်သည် နောက်ပေါက်အား ဆက်ဆံရသည်ကို နှစ်သက်ပြီး မန်ချိန့်ကိုပင် စော်ကားခဲ့ဖူးကြောင်း သူ သိထားလေသည်...

“ငါ မင်းအကြည့်တွေကို ကြိုက်တယ်” လူငယ်က ရမ္မက်ခိုးများဝေနေလျက် ပြောသည်။ “ငါ ညရောက်မှာတောင် မစောင့်နိုင်တော့ဘူး” သူသည် မန်ဟို့ကို လှမ်းဆွဲရန် ပြင်ရင်း မန်ဟို့ဆီ လျှောက်လာ၏။

တစ်ချိန်တည်းမှာပင် လူငယ်၏တာအိုစောင့်ရှောက်သူအား သူ့အနောက်တွင် ရိုးတိုးရိပ်တိပ် မြင်ရနိုင်သည်။ ကြည့်ရသရွေ့ သူကား လူငယ်၏အပြုအမူကို မမြင်ချင်ယောင်ဆောင်ထားသယောင်ပင်။ လောလောဆယ်တွင် သူသည် မျက်လုံးများကိုသာ ပိတ်ထားလေ၏။

မန်ဟိုက ပြုံးသည်။ သွေးအေးသောအပြုံးဖြစ်သော်လည်း ဟန်မျိုးနွယ်စုမှ လူငယ်အတွက်တော့ သူ မြင်ခဲ့ဖူးသမျှထဲ အလှဆုံး၊ ဆွဲဆောင်မှုအရှိဆုံးအပြုံး ဖြစ်သည်။

“မင်း ပျော်သင့်တယ်" လူငယ်က မောရှိုက်နေသောအသံဖြင့် ပြောသည်။ “ငါက ပုံမှန်ကို လူတစ်ယောက်ကို တစ်ကြိမ်ပဲ ဆက်ဆံတာ။ ဒါပေမဲ့ မင်းကိုတော့ ... နောက်တစ်ကြိမ် လိုချင်တယ်” သူ့လက် မန်ဟို့ပခုံးကို ဆုပ်ကိုင်လိုက်စဉ် သူက နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ လူငယ် သူ၏လက်အား မန်ဟို့ဝတ်ရုံထဲ ထည့်တော့မည့်အချိန်မှာပင် မန်ဟို့လက်သည် လျှပ်စီးလို မြောက်တက်လာပြီး လူငယ်အား လည်ပင်းမှဖြစ်ညစ်လျက် ကိုင်မြှောက်ထားခဲ့လေပြီ။

သူက ခပ်ဖွဖွသာ ဖြစ်လိုက်သော်လည်း လူငယ်သည် ပါးစပ်ဟလျက် တုန်ရီလာ၏။ သူ့မျက်နှာသည် ခရမ်းရောင်ဖြစ်လာပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုအပြည့်ဖြင့် ပြူးထွက်လာသည်။

တာအိုစောင့်ရှောက်သူသည် ဖြစ်ပျက်နေသောအရာကို မြင်လျှင်ချင်း မျက်နှာရိပ်ခနဲ ဖြစ်သွား၏။ သို့သော် သူ လှုပ်ပင်မလှုပ်နိုင်ခင် မန်ဟိုက သူ့ကို ကြည့်သည်။

မျက်လုံးတစ်စုံ

အကြည့်တစ်ချက်

ထိုလူမှာ ထိုအကြည့်မှတစ်ဆင့် ကောင်းကင်ဘုံများ သူ့အပေါ် ပိကျလာသလို ခံစားလိုက်ရသည်။ အကြည့်သည် အဖိုးထိုက်ရတနာတစ်ပါး၏ အလင်းရောင်နှင့်တူပြီး ထိုလူ၏စိတ်သန္တန်ထဲအထိ ထိုးဖောက်ကာ ထစ်ချုန်းသွားသည်။

တာအိုစောင့်ရှောက်သူမှာ အော်ရန်ပင် အချိန်မရလိုက်ပေ။ သူသည် တဆတ်ဆတ် တုန်ရီလာပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့မျက်လုံးများလည်း ကန်းသွားပြီး သူ၏ဒွါရပေါက်များမှ သွေးများ စီးကျစပြုလာသည်။ သူ၏ချီစီးဆင်းမှုလမ်းကြောင်းများ ပြတ်တောက်သွားသလို ၊ သူ့အရိုးများလည်း ကြေမွသွားသည်။ ထို့နောက် သူသည် ဗိုင်းခနဲ လဲကျသွားပြီး အကြောတဆတ်ဆတ်ဆွဲရင်း ပြာကျသွားတော့၏။ ၎င်းတို့အားလုံး မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့လေသည်။

သူ့ထံမှ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ မန်ဟို၏စုပ်ယူခြင်းခံလိုက်ရသော အဖြူရောင်မြူတချို့သာ.....

မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ သူသည် ထိုအကြည့်တစ်ချက်ဖြင့် စတုတ္ထနိဗ္ဗာနသစ်သီး၏စွမ်းအားကို မသိလိုက်ဘဲ ဆင့်ခေါ်ခဲ့မိပြီး ထိုမျှအစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဟန်မျိုးနွယ်စုမှ လူငယ်မှာ ပါးစပ်ကြီးဟလျက် တုန်ရီနေသည်။ မန်ဟို့ကို ကြည့်နေသော သူ၏အကြည့်သည် ယခုတွင် ထိတ်လန့်ကြောက်ရွံ့နေမှုကို ဖော်ပြနေပြီး မန်ဟို့လက်သာ သူ၏လည်မျိုကို ဖမ်းဆုပ်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ ငယ်သံပါအောင် အော်နေလိမ့်မည်။

သူသည် သူ့ကိုယ်သူ အတော်လေးပါးနပ်သူဟု အမြဲတွေးထင်ခဲ့သော်လည်း ယခုလို ကူကယ်ရာမဲ့နေသောအခြေအနေတွင် မည်သည့်အစီအစဉ်မဆို သူ ရင်ဆိုင်နေရသည့် လူ၏လက်ထဲမှ လွတ်အောင် ကူညီနိုင်မည်မဟုတ်ပေ။ သူ့တွင် လွတ်လမ်းဟူ၍ မရှိခြင်းသာ။

ဤအခိုက်အတန့်တွင် သူ့ရှေ့ရှိ လူမှာ မန်ချိန်မဟုတ်ကြောင်းသာ သူ မသိလျှင်တော့ သူ့ကိုယ်သူ ပါးနပ်သူဟု မခေါ်ထိုက်တော့ပေ။ မန်ဟို့ထံမှ ဖြာထွက်နေသော အသတ်အဖြတ်အရှိန်အဝါကြောင့် မန်ဟို ဘယ်သူမှန်း သူ ခန့်မှန်းမိသည်။

လူငယ်၏မျက်လုံးထဲရှိ အကြောက်တရားက သူ၏ခံစားချက်များကို သစ္စာဖောက်နေပြီး ထိုမျက်ဝန်းထဲတွင် အသနားခံနေသောအရိပ်အယောင်အား မြင်ရနိုင်သည်။

“ငါတို့ကြားမှာ ရန်ငြိုးမရှိသလို၊ ငါကလည်း လူသတ်သမားမဟုတ်ဘူး” မန်ဟိုက အေးတိအေးစက် ပြောသည်။ “မင်း ငါ့ကို ရန်စကားပြောတာလေးကြောင့်နဲ့ ငါက မင်းကို သတ်မယ့်သူ မဟုတ်ဘူး” သို့သော် မန်ဟို၏စကားက လူငယ်အား စိတ်သက်သာရာရမသွားစေသည့်အပြင် ပို၍ပင် ကြောက်လန့်လာစေသလို၊ သူ့မျက်ဝန်းထဲရှိ အသနားခံနေသောအရိပ်အယောင်သည် ပို၍ထင်ရှားလာ၏။

“မင်းကြည့်ရတာ ပါးနပ်တဲ့ပုံဆိုတော့ ကံကြွေးဆိုတဲ့ ဝဋ်အကြောင်း မင်း နည်းနည်းပါးပါး နားလည်လောက်မှာပေါ့” မန်ဟိုက ဆက်ပြောသည်။ “မန်ချိန်က မင်းကို မုန်းတီးခဲ့တယ်။ ငါက သူ့ကို ကူညီဖို့ ဒီရောက်နေတာ။ မင်းက နောက်ပေါက်ကနေ ဆက်ဆံရတာ ကြိုက်တယ်ဆိုမှတော့ ...” မန်ဟိုက ပြုံးသည်။ သူ့လက်သည် ခပ်ဝါးဝါးမီးခိုးရောင်အတန်းတစ်တန်းအသွင်ပြောင်းကာ လူငယ်၏ကိုယ်ထဲ ထိုးဖောက်လိုက်၏။ ရုတ်တရက် လူငယ်မှာ အမွှေးများ စပေါက်လာတော့လေသည်....

အမွှေးများသည် ထူထဲပြီး ပွရောင်းနေသည်.... နောက်ဆုံးတော့ ၎င်းတို့က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေပြီ။ အဆုံးသတ်တွင် သူကား လူပုံပင် မပေါက်တော့ဘဲ တုန်ရီနေသောတိရစ္ဆာန်တစ်ကောင်နှင့် တူလာသည်။ မန်ဟိုက သူ့အား သိုလှောင်အိတ်အထဲ .... ကြက်တူရွေး၏ဘေးတွင် ထားလိုက်သည်။

ထို့နောက် မန်ဟိုသည် အင်္ကျီလက်စကို ဝှေ့ယမ်းရင်း သက်သေအားလုံး ပျောက်ကွယ်သွားစေလိုက်၏။ ဟန်မျိုးနွယ်စုအတွင်းရှိ ဤလူ၏နောက်ခံနှင့်ပတ်သက်၍ သိထားသော်လည်း မန်ဟိုကား ဂရုမစိုက်ပေ။

သူသည် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်သုတ်သင်ခဲ့ပြီး သူတို့၏ပိုက်နက်အတွင်း၌ ဗြောင်းဆန်စေခဲ့သူ ဖြစ်၏။ သူ့လိုလူက ဟန်မျိုးနွယ်စု၏သခင်လေးဆိုသူအား ဂရုစိုက်နေမည်လော။

အမှန်တွင် အဆင့်အတန်းအရ ဤဟန်မျိုးနွယ်ကျင့်ကြံသူသည် မန်ဟို့လောက် မြင့်မားဖို့နေနေသာ၊ ခြေဖျားပင် မမှီပေ။

အင်္ကျီလက်စကို ခါရမ်းရင်း မန်ဟိုက သင်္ဘောထဲ ပြန်ဝင်ပြီး သူ့အခန်းထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ မကြာမီ ဟန်မျိုးနွယ်စု၏သခင်လေး ပျောက်သွားသည်ကို မန်မျိုးနွယ်စု၏သခင်လေးမှ သိရှိသွား၏။ သို့သော် ဟန်မျိုးနွယ်စု၏သခင်လေး တစ်ခုခုဖြစ်နေမည်ကို ဘယ်သူမှ မစိုးရိမ်သည့်အပြင် သူ့သဘောနှင့်သူ ထွက်သွားခြင်းဖြစ်မည်ဟုသာ ယူဆလိုက်ကြသည်။

အချိန်များ ကုန်လွန်သွားသည်။ တဖြေးဖြေးနှင့် မန်ဟိုသည် မန်ဒဲ့က မန်မျိုးနွယ်စု၏ သခင်လေးကိုးယောက်အနက်မှ တစ်ယောက်ဖြစ်ပြီး အဆင့်က အောက်ဆုံးနားတွင် ဖြစ်ကြောင်း သိလာရ၏။ အဆင့်အတန်းက မြင့်မားသော်လည်း မျိုးနွယ်စု၏ခေါင်းဆောင်နေရာကို ဆက်ခံရဖို့ အခွင့်အရေးကား အတော်လေး နည်းပါးလှသည်။

သူ့တစ်ယောက်တည်း ခရီးထွက်လာသည့် အကြောင်းရင်းကလည်း မျိုးနွယ်စုမှ အမိန့်များကြောင့် မဟုတ်။ မန်ဒဲ့၏အကြံသာ ဖြစ်ခဲ့သည်။ သူ့အမြင်အရ မျိုးနွယ်စုတွင် ရရှိနိုင်သော ကျင့်ကြံခြင်းဆိုင်ရာအရင်းအမြစ်များသည် မလုံလောက်ပေ။ ထို့ကြောင့် သူက ကောင်းကင်နတ်ဘုရားမဟာမိတ်သို့ ခရီးနှင်ပြီး အပြင်တွင် အလွယ်တကူ မရရှိနိုင်သည့် ရှားပါးပစ္စည်းတချို့ကို ဝယ်ယူပြီးနောက် အဋ္ဌမတောင်ပင်လယ်ရှိ ကုန်သည်စခန်းများတွင် လဲလှယ်ရန် ဆုံးဖြတ်ခဲ့သည်။

သူက သူ၏အသုံးအဖြုန်းကြီးမှုကို ထောက်ပံ့အားဖြည့်ပေးဖို့ အကျိုးအမြတ်များကို အသုံးချရန် ရည်ရွယ်ထားလေ၏။

ထို့ကြောင့် ဤကုန်သွယ်သင်္ဘောပေါ်သို့ သူ ရောက်နေရခြင်းပင်။ သူ၏ကိုယ်ရံတော်များမှာမူ မန်ချိန်လိုပဲ အဖက်မလုပ်မခံရသော မျိုးနွယ်ဝင်များ၊ မန်ဒဲ့နောက်လိုက်ဖို့ အတင်းဖိအားခံခဲ့ရသူများ ဖြစ်ကြလေသည်။

မန်ဟို့အမြင်အရ မန်ဒဲ့သည် ရွှေဇွန်းကိုက်မွေးလာသော နလပိန်းတုံးအရူးတစ်ယောက်ထက် မပိုပေ။ ဖန်မျိုးနွယ်စုမှ ဖန်ရွှီပင်လျှင် သူ့ထက် အစစအရာရာ သာသည်။ သခင်လေးဆိုသည့် သူ၏အဆင့်အတန်းဖြင့် ငွေရှာဖို့ တခြားနည်းလမ်းများကို အားကိုးနေသည့်အဖြစ်အား မန်ဟို့ခမျာ ယုံကိုမယုံနိုင်ပေ။

မန်ဟိုသာ သူ့နေရာတွင်ဆိုလျှင် ကုန်သွယ်ခရီးမထွက်ဘဲ အကျိုးအမြတ်ရနိုင်မည့် နည်းလမ်းပေါင်းသောင်းခြောက်ထောင်ကို စဉ်းစားနိုင်သည်။

တစ်ချိန်တည်းမှာပင် တုံးအသော မန်ဒဲ့အတွက် မန်ဟို စိတ်မကောင်းမဖြစ်မိဘဲ မနေပေ။

မန်ဟိုသည် သင်္ဘောပေါ်ရောက်တုန်းရောက်ခိုက် မန်မျိုးနွယ်တချို့ကို ဂရုတစိုက် ဝိညာဉ်ဖွေရှာကြည့်ခဲ့၏။

သူ့အဘိုး၏သွေးဆက်မှာ အမှန်ပင် ဆင်းရဲခြွတ်ခြုံကျနေကြောင်း သူ သိရှိရလေသည်။ အလွန်ဆိုးဝါးလွန်းသဖြင့် မန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲမှ မောင်းထုတ်ခံခဲ့ရ၍ မျိုးနွယ်စု၏အစပ်နားတွင် မတတ်သာဘဲ နေနေရသည်။ ကျွန်တချို့ကပင် သူတို့ထက် အဆင့်အတန်းမြင့်မားနေသေးသည်။

သွေးဆက်ရှိ လူတိုင်းလိုလို သေမျိုးလူသားများသာ ဖြစ်ကြသည်။ ရှိသည့် ကျင့်ကြံသူလက်တစ်ဆုပ်မှာလည်း စိတ်ဝိညာဉ်နယ်ပယ်အဆင့်သာ။ မန်ချိန်တစ်ယောက်သာလျှင် ကျင့်ကြံအဆင့်တက်နိုင်သော ပါရမီကို ပိုင်ဆိုင်ထားလေသည်။ ဘိုးဘေးပစ္စည်းတစ်ခုကို ကိုးကွယ်ခြင်းအားဖြင့် သူသည် အတုအယောင်အင်မော်တယ်တန်ခိုးကို ရယူနိုင်ခဲ့၏။

သွေးဆက်ရှိ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများမှာမူ မျိုးနွယ်စုထဲတွင် သိပ်အရေးပေးမခံရပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏နာမည်များက မျိုးနွယ်စု၏ ဆွေစဉ်မျိုးဆက်ဇယားတွင် တည်ရှိသည့်တိုင် စွန့်ပစ်ခံရလုနီးနီး ဖြစ်နေသည့်အတွက်ပင်။

မန်မျိုးနွယ်စု၏ ကျန်မျိုးနွယ်ဝင်များအတွက် သူတို့သည် အစေခံများထက် မပိုပေ။ ၎င်းကလည်း မှန်သင့်သလောက် မှန်သည်။ သွေးဆက်၏ စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတချို့မှာ မျိုးနွယ်စု၏ သခင်လေး၊ သခင်မလေးများအတွက် လွန်စွာအဆင့်အတန်းနိမ့်ကျသော အခြွေအရံများ ဖြစ်လာခဲ့သည်။

တစ်ချိန်က ဘုန်းတန်ခိုးကြီးမားခဲ့သော သွေးဆက်တစ်ဆက်က နှစ်တစ်ထောင်ပင် မရှိသေးသောကာလအတွင်း ဘာ့ကြောင့် ထိုမျှဆုတ်ယုတ်သွားခဲ့ရသနည်း။ မန်ဟိုမှာ သူ ရှာဖွေခဲ့သော မှတ်ဉာဏ်များအတွင်း ထိုမေးခွန်း၏အဖြေကို မရှာနိုင်ခဲ့ပေ။ သို့သော် တစ်ခုကတော့ သေချာသည်....

သူ့အဘိုး၏သွေးဆက်တွင် အမှန်ပင် မိဘမဲ့များ၊ မုဆိုးမများသာ ကျန်ရှိခဲ့၏။ စီနီယာမျိုးနွယ်ဝင်အားလုံး သေလျှင်သေ၊ မသေလျှင် ကျင့်ကြံခြင်းအခြေခံများ ပျက်ပြားကုန်ကြသည်။ ထိုမျှသာမက ယောက်ျားအရေအတွက်သည်လည်း ... အလွန်နည်းပါး၏။

မန်ဟိုသာ မန်ချိန့်နေရာတွင် မဝင်ခဲ့လျှင်တော့ နောက်နှစ်ရာဂဏန်းလောက်အတွင်း သူ့အဘိုး၏သွေးဆက်သည် တစ်ယောက်မကျန် ဖယ်ရှားခံလိုက်ရပြီး... သွေးဆက်ဟူ၍ ကျန်ခဲ့တော့မည်မဟုတ်ပေ။

တွေးကြည့်လိုက်ရုံလေးနှင့် မန်ဟို့နှလုံးသားသည် စူး၍နာကျင်လာ၏။ သူ ပို၍ပင် သိချင်သည်ကား ... အစွမ်းထက်ပညာရှင်အားလုံး ဘာကြောင့် မရှိတော့သနည်း။

မည်သူက ထိုအရာကို လုပ်ခဲ့သနည်း။

ထိုကဲ့သို့သွေးဆက်တစ်ဆက်အတွက် ဦးပြန်မောလာဖို့ရန်မှာ အင်မတန့်အင်မတန် ခက်ခဲသည်။ မန်ဟိုပင် မည်သို့လုပ်ပေးရမှန်းမသိ။ သူ့အနေဖြင့် သူကိုယ်တိုင် သွေးဆက်ကို ထောက်ပံ့ပေးပြီး သူ၏မိစ္ဆာချုပ်နှောင်ပြုစားခြင်းအစွမ်းများကို သုံးခြင်းဖြင့် ဤသွေးဆက်၏လက်အောက်တွင် အလုပ်အကျွေးပြုအောင် မျိုးနွယ်ဝင်များအား သိမ်းသွင်းနိုင်သည်။ သို့သော် ကန့်ကွက်မှုများကိုလည်း သေချာပေါက် ရင်ဆိုင်ရမည်ဖြစ်သလို၊ မျိုးနွယ်စု၏ ကျန်အစုအဖွဲ့များမှ အင်အားကို ထည့်တွက်လျှင် သွေးချောင်းစီးရပေလိမ့်မည်။ ထိုအခါ အားနည်းနေသော မန်မျိုးနွယ်စုကို တိုက်ခိုက်ဖို့ ပြင်ပမျိုးနွယ်စုများလည်း ရောက်လာလောက်ရာ တစ်မျိုးနွယ်စုလုံး အသုတ်သင်ခံရနိုင်ခြေများမည်။

မှန်သည်၊ ၎င်းက ထင်မြင်ချက်မျှသာ....

အားလုံးအထဲ အရေးအကြီးဆုံးအနေဖြင့် တကယ့်စစ်ပွဲကြီး လာနေပြီဖြစ်ကြောင်း မန်ဟို သိသည်။ ထိုစစ်ပွဲက တောင်ပင်လယ်လောက၏ ပြည်တွင်းစစ်မဟုတ်ဘဲ သူတို့ကို အပေါ်မှ ဖိနှိပ်ထားသော ကောင်းကင်ဘုံ ၃၃ ခုနှင့် အပြင်အင်အားစုနှစ်စုကြောင့် ဖြစ်သည်။

ထို့အကြောင်းကြောင့် သူ့အနေဖြင့် မန်မျိုးနွယ်စုတွင် ကြာကြာမနေနိုင်ပေ။ သို့ဖြစ်၍ သူ့အဘိုး၏သွေးဆက်ကို ဖန်မျိုးနွယ်စုဆီ ခေါ်သွားဖို့ သူ စဉ်းစားနေလေသည်။

ဤအတွေးအားလုံးသည် သူ့စိတ်ထဲတွင် တဝဲဝဲ လည်နေသော်လည်း အခြေအနေကို စောင့်ကြည့်ရင်း အချိန်ယူစဉ်းစားဖို့ လိုအပ်သည်။

သင်္ဘောသည် တစ်ဈေးပြီးတစ်ဈေး လှည့်ပတ်သွားရင်း ကောင်းကင်နတ်ဘုရားမဟာမိတ်မှ ကုန်ပစ္စည်းအားလုံးကို ရောင်းချနေ၏။ ကုန်တစ်ခါရောင်းချပြီးတိုင်း မန်ဒဲ့သည် မန်ဟို့အမြင်တွင် အသုံးမကျသည့် ပစ္စည်းများကို စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝယ်လေသည်။

မန်ဟိုက အေးစက်စွာသာ စောင့်ကြည့်နေသည်။ လောလောဆယ်တွင် သူ စိတ်ဝင်စားသည်က သခင်လေးကိုးယောက်အနက်မှ တစ်ယောက်ဖြစ်သော မန်ဒဲ့ကို အကောက်ကြံဝံ့သူများ အဋ္ဌမတောင်ပင်လယ်တွင် ရှိနေသည့်တိုင်အောင် မန်မျိုးနွယ်စု လွန်စွာအားနည်းနေသလား၊ အားမနည်းဘူးလား သိရဖို့ပင်။

ဘယ်သူမှ အကောက်မကြံဝံ့လျှင် မန်မျိုးနွယ်စုသည် ဩဇာအာဏာကျဆင်းနေသည့်တိုင် ဟိတ်ဟန်ရှိသေးကြောင်း သက်သေပြလိမ့်မည်။ ထိုသို့ဆိုလျှင် မန်ဟိုသည် သူ့အဘိုးသွေးဆက်၏အဆင့်အတန်းကို နဂိုအတိုင်းဖြစ်စေဖို့ သွေးချောင်းစီးစေရလိမ့်မည်။

သို့သော် တစ်ယောက်ယောက်သာ လှုပ်ရှားခဲ့လျှင် .... မန်မျိုးနွယ်စုသည် ညှိုးလျော်နေသော ပန်းပွင်တစ်ပွင့်သာ ဖြစ်နေမည်။ ထိုသို့ဆိုလျှင် သွေးချောင်းစီးတိုက်ခိုက်မှုက ... အဆုံးသတ်တွင် သူ့အဘိုး၏သွေးဆက်ပျက်သုဉ်းခြင်းကို ဦးတည်စေလိမ့်မည်။

ထို့ကြောင့် သူသည် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်၏။ ဈေးတစ်ဈေးတွင် သူကိုယ်တိုင် လျှောက်ပတ်ပြီး ငွေဖြုန်းပြလိုက်သည်။ အာရုံတချို့ ဆွဲဆောင်နိုင်ခဲ့ကြောင်း အတည်ပြုပြီးနောက်တွင် သူသည် မန်ဒဲ့နောက်လိုက်ဖြစ်ကြောင်း လူတိုင်းအား သိစေလိုက်၏။

ရက်အနည်းငယ်ကြာသည့်နောက်ဆုံး သင်္ဘောက ကုန်သွယ်ပြီး၍ မန်မျိုးနွယ်စုဆီ ပြန်ဦးတည်သွားသည်။ မန်ဟိုက သူ့အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေစဉ် မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်လေသည်။ အဝေး၌ အနက်ဝတ်လူကိုးယောက်ကို သူ မြင်လိုက်၏။ သူတို့၏မျက်နှာများကို ဖုံးထားသော်လည်း သူ့မျက်လုံးများက လောဘနှင့် ယုတ်မာကောက်ကျစ်မှုတို့ဖြင့် တောက်ပနေသည်။

“သူတို့က မျက်နှာတွေကို ဖုံးထားတာဆိုတော့ ကြောက်နေကြတာပဲ...” သူက တွေးသည်။ “ဒါပေမဲ့ လုယက်ရဲသေးတာကို ကြည့်ရင် သူတို့အကြောက်တရားက သိပ်မနက်ရှိုင်းဘူးလို့ ဆိုလိုတယ်”

All Chapters