← Chapters

လေတိုက်လာပြီ.....

Vol. 90 Ch. 1251

လေတိုက်လာပြီ.....

Vol. 90 Ch. 1251

"ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် တစ်ယောက်၊ ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် တစ်ယောက်၊ ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် နှစ်ယောက်၊ အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် ငါးယောက် .... ဒီလိုအဖွဲ့တစ်ဖွဲ့က ဘယ်နေရာကိုသွားသွား အလေးအနက်အထားခံရလိမ့်မယ်။ တကယ့်တမ်း ပိုင်နက်အရှင်တွေတောင် လုပ်လို့ရတယ်။ နဝမတောင်ပင်လယ်မှာဆိုရင်တော့ ဂြိုဟ်သိမ်ဈေးတစ်ဈေးလုံးကို မင်းမူနေနိုင်တယ်

"ဂိုဏ်းတစ်ဂိုဏ်းတောင်မှ ထူထောင်ရင် ထူထောင်နိုင်လောက်တယ်။ မဖြစ်နိုင်တဲ့အရာမဟုတ်ဘူး" မန်ဟိုက ထိုလူတို့အား သေသေချာချာ ထပ်ကြည့်လိုက်သည်။

"အရေးကြီးဆုံးက ဒီလူတွေဟာ သင်းကွဲကျင့်ကြံသူတွေဟုတ်လားမဟုတ်လားဆိုတာပဲ။ အဲ့ဒါက ပထမဦးစားပေးအချက်။ ဒုတိယအချက် သူတို့တွေဟာ မန်မျိုးနွယ်စုကလား။ တတိယအချက် ... ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို သူများတွေ မြင်မှာစိုးလို့ သူတို့မျက်နှာတွေကို ဖုံးကွယ်ထားတာလား။ ဒါမှမဟုတ် ဘယ်သူ့ကိုမှ သတ်ဖို့ အစီအစဉ်မရှိတာလား ..... မသတ်ရဲတာလား" မန်ဟို့၏အမူအရာသည် တည်ငြိမ်ပြီး အတွေးနက်နေသောဟန်ပင် ရှိ၏။ သူကား အင်ပါယာစာမေးပွဲများမှအပ လောကကြီးအကြောင်း နားမလည်သော စာပေသမားလုလင်လေး မဟုတ်တော့ပေ။

ကျင့်ကြံခြင်းလမ်းစဉ်သည် ခက်ခဲကြမ်းတမ်း၏။ န၀မတောင်ပင်လယ်တွင် သူ့၌ ကျောထောက်နောက်ခံအဖြစ် ဖန်မျိုးနွယ်စုရှိခဲ့သည်။ သို့သော် အဋ္ဌမတောင်ပင်လယ်တွင်တော့ သူတစ်ယောက်တည်းသာ ရပ်တည်ရလိမ့်မည်။ သူ့အဘိုး၏သွေးဆက်မှာလည်း ဦးပြန်မော့နိုင်ဖို့ သူ၏စောင့်ရှောက်မှုနှင့် အကူအညီကို လိုအပ်နေသည့်အဖြစ်ကို ထည့်တွက်လိုက်ပါက သူ့နှလုံးသားမှာ ပို၍သွေးအေးပြီး မာကြောလာတော့သည်။

ကြက်တူရွေးက သူ့ပခုံးပေါ်တွင် နားရင်း ရင်ဖိုဖွယ်အမှတ်တရများကို ပြန်အရသာခံနေသယောင်ပင်။ ရံဖန်ရံခါ ၎င်းသည် မန်ဟို့ကို ၎င်း၏မျက်လုံးထောင့်မှ လှမ်းလှမ်းအကဲခတ်တတ်၏။ မန်ဟို၏ပြောင်းလဲမှုများကို ၎င်း ခံစားမိသလို လောကကြီး၏ဖိအားများက သူ့ကို ပြောင်းလဲသွားစေခြင်းဖြစ်ကြောင်း သိလေသည်။

အသားဂျယ်လီက ပျင်းရိပျင်းတွဲ အညောင်းအညာဆန့်ရင်း မန်ဟို့အရှေ့တွင် ဖောက်ခနဲ ပေါ်လာသည်။ အရွယ်အစား ပြန်သေးငယ်သွားခဲ့သော သွေးခွေးကြီးသည် အသားဂျယ်လီကို ၎င်း၏လက်ဖဝါးများဖြင့် လိုက်ရိုက်တတ်၏။ နှစ်ကောင်လုံးကို ကြည့်ရသည်မှာ ဆော့ကစားရင်း ပျော်ရွှင်နေကြသယောင်ပင်။

အတန်ကြာသော် အနက်ဝတ်လူကိုးယောက်က တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့်ပြီး မုဒြာလက်ကွက်များ စဖော်ကြသည်။ ချက်ချင်းပင် ဧရိယာတစ်ခုလုံးကို အပြင်လောကနှင့် အဆက်အသွယ်ဖြတ်‌တောက်လိုက်သော ဒိုင်းတစ်ခု ပေါ်လာ၏။ ထို့နောက် သူတို့က မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဟုန်းဟုန်းတောက်နေလျက် မန်မျိုးနွယ်သင်္ဘောဆီ ပြေး၀င်လာကြသော အလင်းတန်းကိုးတန်းအသွင် ပြောင်းသွားသည်။ မန်ဟိုသည် မျက်လုံးများကို ပိတ်လိုက်၏။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်တွင် တင်ပျဉ်ခွေထိုင်နေသော မန်ဒဲ့၏ တာအိုစောင့်ရှောက်သူ၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။ အလွန်စိုးထိတ်နေသောဟန်ဖြင့် သူသည် သူ့အခန်းထဲမှ ဗြုန်းခနဲ ထွက်ကာ အဝေးကို လှမ်းကြည့်လိုက်၏။

"ချုံခိုတိုက်ခိုက်မှု ။ သခင်လေးကို ကာကွယ်ကြ" သူက အော်နေသော်လည်း သူ့အသံကို သင်္ဘော၏အပြင်မှ မကြားရအောင် ထိန်းချုပ်ထားသည်။ ချက်ချင်းဆိုသလို သင်္ဘောပေါ်ရှိ မန်မျိုးနွယ်၀င်အားလုံး ပျာယာခတ်ကုန်ကြသည်။

တခဏကြာသော် အကာအကွယ်ဒိုင်းတစ်ခုသည် သင်္ဘောတစ်စင်းလုံးကို လွှမ်းခြုံရင်း တလက်လက် တောက်ပလာ၏။ နောက်လိုက်တစ်ဒါဇင်ကျော်နှင့်အတူ မန်ဒဲ့က သွေးမရှိတော့သောမျက်နှာဖြင့် က‌ရောသောပါး ထွက်လာသည်။ တစ်ယောက်မှ ကုန်းပတ်ပေါ်သို့ မန်ချိန် ရောက်လာလား ၊ ရောက်မလာဘူးလားပင် သတိမထားမိကြဘဲ ရင်တမမနှင့် ရပ်နေကြသည်။ လူတိုင်းသည် သူတို့ရှိရာသို့ လာနေသော အလင်းတန်းကိုးတန်းကို လှမ်းကြည့်နေကြ၏။

ခေါင်းဆောင်နေရာရှိ ကျင့်ကြံသူတွင် မန်ဒဲ့၏တာအိုစောင့်ရှောက်သူကဲ့သို့ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံ ရှိလေသည်။ သူ့နောက်လိုက်ကျင့်ကြံသူများတွင်မူ အင်မော်တယ်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် သိပ်ရှိန်စရာမကောင်းသော်လည်း ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် ပညာရှင်နှစ်ယောက်က မန်မျိုးနွယ်ကျင့်ကြံသူများကို မျက်စိမျက်နှာပျက်သွားစေသည်။

မန်မျိုးနွယ်သင်္ဘောပေါ်တွင်မူ ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် မန်ဒဲ့၏တာအိုစောင့်ရှောက်သူနှင့် ကံအားလျော်စွာ ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် ဖြစ်နေသော ကျင့်ကြံသူနှစ်ယောက်မှအပ ကျန်ရှိသူများမှာ အင်မော်တယ်နယ်ပယ်အဆင့် ဖြစ်ကြရာ သူတို့ဘက်ရှိ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူအရေအတွက်ကို ရန်သူအဖွဲ့ထက် တစ်ယောက်နည်းသွားစေသည်။

သူတို့ဘက်တွင် လိုအပ်နေသည်ကား .... ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ရန်သူကို ရင်ဆိုင်ပေးမည့်လူ ဖြစ်သည်။

ထိုကဲ့သို့ လူတစ်ယောက်သည် ယခုလို တိုက်ပွဲတစ်ပွဲအပေါ်၌ ကြီးမားသော သက်ရောက်မှုရှိသည့်အပြင် အဆုံးသတ်ရလဒ်ကိုပင် ဆုံးဖြတ်ပေးနိုင်၏။

"သူတို့က ဒီတိုင်းဖြတ်သွားဖြတ်လာတွေလားဟင်" မန်ဒဲ့က ကြောက်လန့်တုန်ရီစွာဖြင့် ခပ်တိုးတိုး မေးသည်။ "ဟုတ်တယ် ဖြတ်သွားဖြတ်လာတွေပဲ ဖြစ်ရမယ်။ သူတို့လိုလူတွေက မန်မျိုးနွယ်စုကို တိုက်ခိုက်ရဲတဲ့သတ္တိ ဘယ်လိုလုပ်ရှိမှာလဲ"

"သခင်လေး သူတို့က ဒီတိုင်းဖြတ်သွားဖြတ်လာတွေမဟုတ်ဘူး" တာအိုစောင့်ရှောက်သူအဘိုးကြီးက မျက်မှောင်ကြုတ်ရင်း ပြောသည်။ သူသည် မန်ဒဲ့ကို ကြည့်ပြီး သက်ပြင်းခိုးချလိုက်၏။

"မဖြစ်နိုင်တာ" မန်ဒဲ့က စူးစူးဝါးဝါး အော်သည်။ "သူတို့ကများ ရာရာစစ။ သူတို့လိုကောင်တွေက မန်မျိုးနွယ်စုအပေါ် ဘယ်လိုလုပ်ပြီး ဒီလိုမလေးမစားပြုဝံ့မှာတုန်း။ ငါ ပြန်ရောက်ရင် ဒီကိစ္စကို မဟာအကြီးအကဲဆီ တိုင်မယ်။ မဟာအကြီးအကဲ သူတို့မျိုးနွယ်စုတွေကို တစ်ယောက်မကျန် သုတ်သင်ပေးလိမ့်မယ်"

"အမလေးဗျာ ပါးစပ်လေးပိတ်ထားပေးစမ်းပါ" တာအိုစောင့်ရှောက်သူအဘိုးကြီးက စိတ်ပျက်နေဟန်ဖြင့် ပြောသည်။ သူသည် မန်မျိုးနွယ်စုနှင့် အဆက်အသွယ်ရဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဆက်သွယ်မှုအားလုံး ကြားဖြတ်ခံနေရကြောင်းသိသဖြင့် သူ့မှာ အတော်လေး စိတ်ညစ်နေတော့သည်။ သူက အင်္ကျီလက်စကို ခါရင်း သင်္ဘောထံမှ တောက်ပသောအလင်းရောင်များအား လေပေါ် ဖြန့်ကျက်လိုက်စေသည်။ ထိုအလင်းရောင်များက မန် 孟 ဆိုသည့် ဧရာမစာလုံးကြီးကို ဖော်ဆောင်လိုက်၏။

"ဂါ၀ရပြုပါတယ် မိတ်ဆွေတို့" အဘိုးကြီးက မာမာထန်ထန် ပြောသည်။  "ဒီသင်္ဘောက မန်မျိုးနွယ်စုရဲ့ သင်္ဘော ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ" အင်အားနည်းမှုကို ဖော်ပြလိုက်မိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သိသည့်အတွက် သူသည် ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် စွမ်းအားဖြင့် သူ၏စကားသံကို အားဖြည့်ရင်း ဟိန်းထွက်သွားစေလိုက်၏။

လာနေသော လူရိပ်များက ရပ်ပင်မရပ်ပေ။ သူတို့သည် သတ်ဖြတ်လိုသော မျက်လုံးများဖြင့် သင်္ဘောထံ ဆက်လာနေကြ၏။ ထိုသို့ ချဉ်းကပ်လာနေကြစဉ် သူတို့လက်များသည် မုဒြာလက်ကွက်များ ဖော်ပြီးနောက် လှုပ်ရှားလိုက်ရာ သူတို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်အား ပုံပျက်ရှုံ့တွသွားစေပြီး ဧရာမစစ်ပုဆိန်ကြီးတစ်လက် ဖြစ်ပေါ်လာစေသည်။

စစ်ပုဆိန်သည် ပတ်၀န်းကျင်တစ်ခွင် စိုးမိုးသွားသော သွေးဆာနေသည့် အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ၎င်းက မန်မျိုးနွယ်သင်္ဘောအား ပိုင်းချလိုက်၍ အကာအကွယ်ကို ထိသွားသောအခါ ဝုန်းခနဲ မြည်ဟည်းသွားသည်။

အက်ကွဲကြောင်းများက ဒိုင်း၏မျက်နှာပြင်တစ်လျှောက် ဖြာထွက်သွားလေသည်။ ဒိုင်း၏အက်ကွဲသံများသည် မန်မျိုးနွယ်၀င်များ၏ နားထဲတွင်တော့ အသုဘခေါင်းလောင်းသံများသဖွယ် ဆူညံနေ၏။

မန်ဒဲ့မှာ ကြောက်ဒူးတုန်နေပြီး သူ၏မျက်နှာက ထိတ်လန့်မှုကို ဖော်ပြနေသည်။ သူ့အနောက်ရှိ ကျန်မျိုးနွယ်၀င်များမှာလည်း မျှော်လင့်ချက်မဲ့နေသော အမူအရာများရှိပြီး သူ၏တာအိုစောင့်ရှောက်သူပင်လျှင် ဤပူးပေါင်းတိုက်ကွက်၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် တုန်လှုပ်နေတော့သည်။

သင်္ဘော၏အကာအကွယ်သည် ခွမ်းခနဲ အစိတ်စိတ်အမြွှာမြွှာ ကွဲရင်း အရပ်လေးမျက်နှာသို့ ပြန့်ကြဲသွား၏။

ဒိုင်း၏ အစအနများက မန်မျိုးနွယ်၀င်ကျင့်ကြံသူတော်တော်များများကို ထိမှန်၍ သူတို့၏ခန္ဓာကိုယ်များကို ဖြတ်တောက်သွားသဖြင့် မချိတင်ကဲအော်သံများ ထွက်လာသည်။

တစ်ချိန်တည်းမှာပင် အနက်၀တ်လူများက သတ်ဖြတ်လိုသော မျက်လုံးတို့ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူတို့၏ခေါင်းဆောင်သည် တာအိုစောင့်ရှောက်သူအဘိုးကြီးထံ ဦးတည်လာ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သား သူသေကိုယ်သေ စတင်တိုက်ခိုက်ကြသဖြင့် တအုန်းအုန်းမြည်သံများနှင့်အတူ မှော်လှိုင်းဂယက်များ ဖြာထွက်လာသည်။

ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် ရန်သူနှစ်ယောက်ကလည်း ချက်ချင်းပင် မန်မျိုးနွယ်သင်္ဘောပေါ်ရှိ သူတို့၏ပြိုင်ဘက်များကို စတင်တိုက်ခိုက်ကြရာ ထိုမန်မျိုးနွယ်ဝင်နှစ်ယောက်မှာလည်း တိုက်ရိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မကြာမီ လေးယောက်လုံး မှော်အတတ်များကို တစ်ယောက်တစ်ပြန်ထုတ်လွှတ်ရင်း အကြိတ်အနယ် တိုက်ခိုက်နေကြသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေ‌တော့၏။

အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့် ရန်သူငါးယောက်က ကျန်မန်မျိုးနွယ်၀င်များကို တိုက်ခိုက်ကြသည်။ ချက်ချင်းပင် အစုလိုက်အပြုံလိုက်သတ်ပွဲကြီး ဖြစ်ပေါ်နေပြီး အော်ဟစ်သံများမှာ သင်္ဘောတစ်စင်းလုံးတွင် ကျွတ်ကျွတ်ညံနေတော့သည်။

ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့်တွင် ဖြစ်သည့် နောက်ဆုံးအနက်၀တ်လူက အာကာသထဲတွင် ပျံဝဲနေရင်း ကြောက်လန့်တုန်ရီနေသော မန်ဒဲ့ကို အေးတိအေးစက် ကြည့်နေသည်။

“မင်းတို့ကောင်တွေ ဘာလုပ်နေတာလဲ" မန်ဒဲ့က စူးစူးဝါးဝါး အော်သည်။ "မင်းတို့လိုတာမှန်သမျှ ငါ ပေးမယ်။ ငါ့ကိုတော့ မသတ်ကြနဲ့။ ငါက မန်မျိုးနွယ်စုရဲ့ သခင်‌လေးကွ။ ဒီနေရာမှာ တစ်ခုခုဖြစ်သွားခဲ့ရင် အဋ္ဌမတောင်ပင်လယ်ရဲ့ ဘယ်နေရာကိုပြေးပြေး မင်းတို့ အသက်ရှင်မယ်ထင်လား

"မန်မျိုးနွယ်စုက အင်အားကျဆင်းကောင်း ကျဆင်းနေလောက်ပေမယ့် ငါ့တို့မှာ သိက္ခာတော့ ရှိသေးတယ်ကွ။ မင်းတို့ လိုချင်တာ ငွေဆိုရင်တော့ ရော့ ယူသွားလိုက်” မန်ဒဲ့က သိုလှောင်အိတ်တစ်အိတ်ကို ကပျာကယာ ထုတ်ကာ ‌ပစ်ပေးလိုက်သည်။ သူ ထိုကဲ့သို့ ပြတ်ပြတ်သားသား ပြုမူလိုက်ပုံက မန်ဟို၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူသည် မန်ဒဲ့အား အတန်ငယ်စိတ်ဝင်စားသွားလေ၏။

"ဆိုတော့ သူက လုံးဝသုံးစားမရတာတော့ မဟုတ်ဘူးပဲ" သူက ခပ်တိုးတိုး ပြောလိုက်သည်။ သူ၏မျက်လုံးများသည် အနက်ဝတ်လူကိုးယောက်ကို ပြန်ကြည့်ရင်း လင်းလက်သွား၏။ ဤအခိုက်အတန့်တွင် ဤလူကိုးယောက်က သင်းကွဲကျင့်ကြံသူများမဟုတ်ကြောင်း သူ ပြောနိုင်သွားလေပြီ။

သင်းကွဲကျင့်ကြံသူများသည် ထိုကဲ့သို့တက်ညီလက်ညီ မတိုက်ခိုက်နိုင်သလို၊ ယခုလို ပူးပေါင်းနတ်ဘုရားစွမ်းရည်မျိုးအား မပိုင်ဆိုင်ထားကြပေ။ ထိုမျှသာမက သူတို့အသုံးပြုနေသော မှော်သိုင်းကွက်များနှင့် ပစ္စည်းများသည် ဆင်တူကြ၏။

"သင်းကွဲကျင့်ကြံသူတွေမဟုတ်ဘူးဆိုတော့ မန်မျိုးနွယ်စုက ဟိတ်ဟန်ရှိသေးတဲ့အထိ အရှိန်အဝါကြီးသေးတယ်လို့ ဆိုလိုတာပဲ။ ဒါပေမဲ့ ဓားပြတိုက်ရဲတဲ့ ဂိုဏ်းတွေရှိမှတော့ မန်မျိုးနွယ်စုဟာ အရှိန်အဝါကြီးမားနေသေးပေမယ့် ယုတ်လျော့စပြုလာပြီလို့ ဆိုလိုတယ်" မန်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။ မန်မျိုးနွယ်စုအကြောင်း သိလာရလေလေ၊ သူ့ကို စောင့်ကြိုနေသော တာ၀န်က မည်မျှခက်ခဲလေလေဖြစ်ကြောင်း သူ သဘောပေါက်လာလေလေ ဖြစ်၏။

ဤအခိုက်အတန့်တွင် သင်္ဘောပေါ်တွင် ဆူညံနေသော အော်သံများသည် တိုးဝင်ပျောက်ကွယ်သွား၏။ မန်ဒဲ့မှတစ်ပါး လူတိုင်း သေသွားကြလေပြီ။

သင်္ဘော၏အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲရှိ မန်မျိုးနွယ်စု၏ ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ဖြူဆုပ်နေသောမျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ထွက်ပြေးကြသည်။

သို့သော် သူတို့တို့ ဝေး‌ဝေးလံလံ မပြေးနိုင်ခင် အနက်၀တ်လူများအထဲမှ ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ကျင့်ကြံသူက အေးစက်စက် နှာမှုတ်ပြီး လိုက်သွား၏။ အချိန်အနည်းငယ်ကြာသော် အော်သံများက ဟင်းလင်းပြင်တွင် ဟိန်းထွက်လာသည်။ ထို့နောက် ရှေးမနှောင်းမှာပင် အနက်၀တ်လူက ခေါင်းတစ်ခေါင်းစီကို လက်တစ်ဖက်စီဖြင့် ဆွဲကိုင်လျက် ပြန်ရောက်လာခဲ့ပြီး သင်္ဘောအပေါ် ပစ်ချလိုက်သည်။

ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် ကျင့်ကြံနှစ်ယောက်အကြားက တိုက်ပွဲမှာလည်း အရှိန်အမြင့်ဆုံးသို့ ရောက်ရှိနေလေပြီ။ မန်ဒဲ့၏တာအိုစောင့်ရှောက်သူက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ "မင်းတို့ကောင်တွေ သတ်လို့မ၀သေးဘူးလား။ ကြည့် ရတနာက ဒီမှာလေ။ ယူသွားလိုက်ပါတော့လား။ ဘာလို့ ငါတို့ကို သတ်နေရသေးတာလဲ"

စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို အပေါ်ရှိ အနက်ဝတ်လူက မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း စစ်ပုဆိန်အား နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။

တာအိုစောင့်ရှောက်သူမှာ မျက်နှာပျက်သွားပြီး ဒဏ်ရာများကို လျစ်လျူရှုရင်း နောက်ဆုတ်လိုက်သည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူသည် အလင်းတန်းအသွင်ပြောင်းကာ ထွက်ပြေးဖို့ ကြိုးစား၏။ သူ့တာ၀န်က မန်ဒဲ့ကို ကာကွယ်ရန် ဖြစ်ခဲ့သော်လည်း သေရေးရှင်ရေးနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ သူ့အသက်သည်သာ ပထမဦးစားပေးဖြစ်မည်။

သို့သော် သူ လှုပ်ပင်မလှုပ်နိုင်ခင် သူ့‌အနောက်၌ လူတစ်ယောက်သည် ရိပ်ခနဲ ပေါ်လာ၏။ မန်ဟိုပင်လျှင် ထိုလူ့အား ပေါ်မလာခင်အထိ သတိမထားမိခဲ့ပေ။

အခြားတစ်ဖက်တွင် တာအိုစောင့်ရှောက်သူမှာတော့ လုံးလုံးလျားလျား သတိမထားမိ။ ထိုအနက်ဝတ်လူက ပေါ်လာလျှင်ချင်း သူ၏လက်ချောင်းကို တာအိုစောင့်ရှောက်သူ၏ နောက်စေ့ထဲ ထိုးထည့်လိုက်သည်။ ဖျစ်ခနဲ အသံတစ်သံ ကြားလိုက်ရပြီး အဘိုးကြီးတစ်ကိုယ်လုံး အကြောဆွဲသလို တုန်ရီသွား၏။ ထို့နောက် သူ၏ခေါင်းသည် ပေါက်ကွဲသွားပြီး သူ၏အနုသုခုမနတ်ခန္ဓာလည်း ကြေမွသွားခဲ့သည်။ အနက်ရောင်မီးတောက်များက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံရင်း လျင်မြန်စွာ မီးလောင်တိုက်သွင်းပစ်နေသည်။ အသက်ရှူချိန်အနည်းငယ်အတွင်း သူကား လျင်မြန်စွာ ပြာကျသွားခဲ့လေပြီ။

ကျန်အနက်၀တ်လူများက သူတို့လုပ်နေသောအရာများကို ချက်ချင်း ရပ်၍ လူသစ်အား လေးလေးစားစား လက်ယှက်အရိုအသေပေးကြသည်။

လူသစ်သည် တောက်ပြောင်သော အနက်ရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး အရပ်ကား ဆယ်ပေနီးပါး မြင့်မား၏။ မရေမတွက်နိုင်သော မျက်လုံးများဖြင့် တန်ဆာဆင်ထားပြီး ကြောက်စရာကောင်းသော ပုံပန်းသွင်ပြင်နှင့် အဖြူရောင်မျက်နှာဖုံးတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းထားသည်။

သူက ကျန်အနက်၀တ်လူကိုးယောက်ကို အေးတိအေးစက် ကြည့်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ သင်္ဘောပေါ်သို့ လှမ်းလိုက်သည်။

မန်ဟိုသည် ဖြစ်ပျက်နေသော အရာအားလုံးကို စောင့်ကြည့်ရင်း သူ့အခန်းထဲတွင် ထိုင်နေဆဲဖြစ်၏။ ယခုတွင် သူ၏မျက်နှာအမူအရာက လွန်စွာ လေးနက်လာသည်။ ဤလူများထံမှ ထူးဆန်းသော ခံစားချက်ကို သူ ရရှိနေ၏။ အထူးသဖြင့် သူတို့အသုံးပြုနေသော ဖုံးကွယ်အတတ်များအား သူ တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သို့သော် သူ့အနေဖြင့် သူတို့အား တိုက်ခိုက်နိုင်သည်ဟု ယုံကြည်၏။

"ကြည့်ရပုံထောက်ရင် သူတို့က ဒီနေရာကို ဓားပြတိုက်ဖို့ လာခဲ့တာမဟုတ်ဘူးပဲ...." သူက တွေးလိုက်သည်။ အနက်၀တ်လူများကို ကြည့်ရင်းသူ၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာ၏။

မန်ဒဲ့မှာမူ အသက်မနည်းရှူရင်း ကတုန်ကယင်ဖြင့် နောက်ဆုတ်နေသည်။ ဤအခိုက်အတန့်တွင် ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် ကျင့်ကြံသူက သူ၏ခေါင်းစွပ်ကို ချွတ်ကာ မျက်နှာကို ဖော်ပြလိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် …. သူ၏မျက်နှာကား သေသွားသော တာအိုစောင့်ရှောက်သူ၏ မျက်နှာနှင့် ချွတ်စွပ်တူနေလေသည်။

ကျန်အနက်ဝတ်လူတစ်ယောက်ပြီးတစ်ယောက် သူတို့မျက်နှာများကို ဖော်ပြလိုက်သည်။ ၎င်းတို့ကား သေဆုံးသွားသော မန်မျိုးနွယ်၀င်များနှင့် ချွတ်စွပ်တူနေ၏။

"မင်းတို့..." မန်ဒဲ့၏မျက်နှာ ဖြူလျော့သွားသည်။ သူသည် တုံးအနှင့်ပြီးသားထက် တုံးအနေလျှင်တောင်မှ ဘာဖြစ်နေလဲ ပြောနိုင်လိမ့်မည်။ သူ့မှာ နောက်ဆက်ဆုတ်ရင်း မန်မျိုးနွယ်စုနှင့်အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေလေသည်။ သို့သော် သူ၏ကြိုးစားမှုအားလုံး အချည်းနှီးသာ...။

All Chapters