တိုက်ခိုက်မှု
Vol. 90 Ch. 1252
မန်ဟိုသည် သူ့အခန်းထဲတွင် ဆက်ထိုင်နေရင်း မှေးကျဉ်းထားသော သူ၏မျက်လုံးများမှတစ်ဆင့် အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေ၏။ သူက မျက်မှောင်ကြုတ်ရင်း အဖြူရောင်မျက်နှာဖုံး၀တ်ထားသည့်လူကို အာရုံစိုက်လိုက်သည်။
"ကဲ အခု ဒီလူ့မှာ မန်ဒဲ့ရဲ့မျက်နှာ ရှိနေလား လောင်းကြမလား" သူက ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် မျက်နှာဖုံးနှင့်လူ၏လက်က ဖြည်းဖြည်းချင်း မြောက်တက်သွားပြီး မျက်နှာဖုံးကို ချွတ်လိုက်သည်။ မန်ဟို ထင်ထားသည့်အတိုင်း သူ၏မျက်နှာသည် အသေးစိတ်ကအစ မန်ဒဲ့နှင့် တူနေ၏။
ပွားထားသကဲ့သို့ တစ်ထေရာတည်းပင်။
မန်ဒဲ့၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက အနက်၀တ်လူကို ကတုန်ကယင် လက်ညှိုးထိုးရင်း ကြက်သေသေနေသည်။ သူ့ပုံစံမှာ သေးထွက်ကျမတတ် ကြောက်နေသောပုံစံဖြစ်လာပြီးနောက် သေရတော့မည်ကို သဘောပေါက်လိုက်သဖြင့် ခါးသီးစွာ ရယ်တော့သည်။
"သူ့ကို သတ်လိုက်တော့" မန်ဒဲ့၏မျက်နှာနှင့်လူက သွေးအေးစွာ ပြောသည်။ "တစ်ယောက်မှ မကျန်စေနဲ့ ... ငါတို့ မန်မျိုးနွယ်စုဆီ ပြန်သွားကြမယ်" ထိုလူ၏အသံပင်လျှင် မန်ဒဲ့အသံနှင့် တစ်သံတည်း ဖြစ်နေသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အခါ မန်ဒဲ့၏နောက်လိုက်ပုံစံ ပြောင်းထားခဲ့သော ကျင့်ကြံသူတစ်ယောက်က ပြုံးပြီး မန်ဒဲ့အသက်ကို အဆုံးသတ်ပေးရန် လျှောက်လာသည်။
သို့သော် ထိုအခိုက်အတန့်တွင် သက်ပြင်းချသံတစ်သံက ကြယ်တာရာကောင်းကင်တွင် ဟိန်းထွက်သွား၏။ မန်ဒဲ့မျက်နှာနှင့်လူမှာ ထိတ်လန့်သွားပုံရပြီး ကျန်ကျင့်ကြံသူများလည်း ဘေးဘီဝဲယာကို သတိကြီးကြီး လှည့်ကြည့်လိုက်ကြသည်။
"ဘယ်ကောင်လဲ ထွက်ခဲ့စမ်း" မန်ဒဲ့အတုက ပြောသည်။ သူ၏နတ်ဘုရားအာရုံသည် ဖြာထွက်သွားပြီး တာအိုနယ်ပယ်အရှိန်အဝါသည် ရုတ်တရက် ပေါ်ထွက်လာ၏။ သူ့တွင် အနှစ်သာရတစ်ခုသာ ရှိသော်လည်း မန်ဒဲ့အတွက်တော့ ၎င်းက ကြောက်စရာကောင်းလှသည်။
မှန်သည်။ သက်ပြင်းချသံက မန်ဟို့ထံမှ လာ၏။ သူ့အနေဖြင့် လှုပ်ရှားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ ဤလူများကို မန်ဒဲ့အား သတ်ခွင့်ပြုလိုက်ပါက မန်မျိုးနွယ်စုသို့ ရုပ်ဖျက်၀င်ရောက်ဖို့ကား လွန်စွာခက်ခဲသွားလိမ့်မည်။ ဤလူများသည် သူ့အား သူ့အား သူတို့နှင့်အတူ လိုက်ပါခွင့်ပြုမည်မဟုတ်ကြောင်း ထင်ရှားသည့်အပြင် သူတို့အကုန်လုံးကို သတ်ပစ်၍ မန်မျိုးနွယ်စုသို့ တစ်ယောက်တည်းပြန်လျှင်လည်း ရှင်းရခက်လိမ့်မည်။ မန်မျိုးနွယ်စုမှ သူ့အား သံသယဝင်မည်မှာလည်း မြေကြီးလက်ခတ်မလွဲပေ။
မန်ဟို၏အဓိကပန်းတိုင်သည် သူ့အဘိုး၏သွေးဆက်ကို လွတ်မြောက်စေဖို့ ဖြစ်၍ သူ့အနေဖြင့် ဘာလုပ်ရမလဲ ဆုံးဖြတ်ချက်မချခင် ပထမဆုံး မန်မျိုးနွယ်စုသို့ ရုပ်ဖျက်ဝင်ရောက်ပြီးနောက် အခြေအနေတစ်ခုလုံးကို နားလည်အောင် စနည်းနာရလိမ့်မည်။
"စိတ်ညစ်စရာကောင်းလိုက်တာ" မန်ဟိုက ခေါင်းခါရင်း တွေးလိုက်သည်။ သူသည် မျက်လုံးများတောက်ပနေလျက် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ထိုသို့လှမ်းလိုက်စဉ် သူ့မျက်နှာသည် ပြောင်းလဲသွား၏။ သူ ကြယ်တာရာကောင်းကင်တွင် ပေါ်လာသည့်အခါ ယခုလေးတင် သင်္ဘောထဲမှ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဘယ်သူမှမပြောနိုင်ပေ။ သူကား အနက်၀တ်လူများ၏အရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာခဲ့သည့်အလားပင်။
မန်ဒဲ့အတုက မျက်လုံးအပြူးသားနှင့် နောက်ဆုတ်သွားသည်။
"သူ့ကို သတ်ကြ" သူက အမိန့်ပေးသည်။ ကျန်အနက်၀တ်လူကိုးယောက်မှာ ကြောက်လန့်နေသော်လည်း ချက်ချင်းပင် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်ရင်း ပူးပေါင်းလိုက်ကြသည်။ သူတို့က မုဒြာလက်ကွက်များဖော်ရင်း စစ်ပုဆိန်ကြီးကို နောက်တစ်ကြိမ်ဖော်ဆောင်ကာ မန်ဟို့ဆီ ပိုင်းချလိုက်ကြ၏။။
မန်ဒဲ့မှာတော့ ချောင်တစ်ချောင်တွင် ကုပ်ရင်း ရင်တထိတ်ထိတ်ဖြင့် ကြည့်နေလေသည်။
မန်ဟို့အမူအရာက ပြောင်းလဲသွားခြင်းမရှိ။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ လောဘ၏အဆင့်မြှင့်ပေးခြင်းကို ခံထားရသည့်အတွက် သူ့အနေဖြင့် တိုက်ခိုက်စရာပင်မလိုဘဲ ကျဆင်းလာနေသော လက်နက်ကို ကြည့်ရုံသာ ကြည့်လိုက်၏။ ထို့နောက် ရှောင်မည့်အစား သူက လက်ချောင်းကလေးကို မြှောက်ကာ စစ်ပုဆိန်ကို တောက်လိုက်လေသည်။
သူသည် မည်သည့်နတ်ဘုရားစွမ်းရည်မှ မည်သည့်မှော်သိုင်းကွက်ကိုမှ မသုံးဘဲ သူ၏အပြင်အားကိုယ်ခွန်အားကိုသာ အားပြုထား၏။ သူ့လက်ချောင်း စစ်ပုဆိန်ကို ထိလိုက်လျှင်ချင်း ဝုန်းခနဲ မြည်ဟည်းသွားသည်။ အနက်၀တ်လူများ မျက်နှာပျက်ကုန်ကြတော့သည်။ သူတို့သည် ပူးပေါင်းတိုက်ကွက်၏ စွမ်းအားပေါ်တွင် ယုံကြည်ချက်အပြည့် ရှိ၏။ သူတို့၏ တာအိုမှော်သိုင်းကွက်ကို ထုတ်သုံးသည့်အခါ ၎င်းသည် တစ်၀က်တစ်ပျက်တာအိုနယ်ပယ်ကိုပင် တုန်လှုပ်စေနိုင်သည်အထိ အစွမ်းကြီးမား၏။ အားနည်းချက်ကတော့ အကြိမ်အကန့်အသတ်နှင့်သာ သုံးနိုင်ခြင်းပင်။ သို့ထိတိုင် ၎င်းသည် အတိတ်တုန်းက တာအိုနယ်ပယ်ပညာရှင်တစ်ယောက်၏ ချီးကျူးမှုကို ရရှိခဲ့သဖြင့် ဤလူကိုးယောက်အား ယုံကြည်ချက်အပြည့် ရှိစေခဲ့သည်။
သို့သော် ယခုတော့ သူတို့၏မျက်နှာများမှာ ကြက်သေသေနေပြီး သူတို့၏မျက်လုံးများက အံ့ဩမယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်နေတော့သည်။ သုံးယောက်ဆိုလျှင် အထိတ်တလန့်ပင် အော်လိုက်မိ၏။
"ဒါက..."
"မဖြစ်နိုင်ဘူး"
"သူက...."
သူ၏လက်ချောင်း စစ်ပုဆိန်နှင့် ထိသွားသောအခါ မန်ဟိုက တုန်လှုပ်သွားခြင်းမရှိသလို မျက်နှာအမူအရာပင် တစ်ချက်ပြောင်းလဲမသွားသဖြင့် သူတို့မှာ ပို၍လန့်လာတော့သည်။ အက်ကွဲသံများနှင့်အတူ အုန်းခနဲ မြည်သံကြီးက ရိုက်ညောင်းသွား၏။ ထိုအသံများက .... စစ်ပုဆိန်မှ လာလေသည်။
ဤလူကိုးယောက်၏ ပူးပေါင်းတာအိုမှော်သိုင်းကွက်၊ သူတို့ကို ယုံကြည်ချက်အပြည့် ရှိစေခဲ့သော မှော်စစ်ပုဆိန်ကြီးမှာ ယခုတွင် မန်ဟို၏လက်ချောင်းလေးနှင့် ထိလိုက်ရုံဖြင့် အက်ရာဗလပွ ဖြစ်သွားခဲ့လေပြီ။ အက်ကွဲကြောင်းများသည် ဖြာထွက်လာခဲ့ရင်း စစ်ပုဆိန်တစ်ခုလုံးကို လွှမ်းခြုံသွားနေသည့်တိုင်အောင် များပြားသိပ်သည်းလာခဲ့ကာ နောက်ဆုံးတော့ ပုဆိန်ကြီးကား အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့၏....
ပြန်ကန်ရိုက်ခတ်မှုက ကျင့်ကြံသူကိုးယောက်ကို ထိမှန်၍ သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားစေသည်။ ထို့နောက် သူတို့သည် မန်ဟို့ကို အကြောက်ကြောက်အလန့်လန့် ကြည့်လိုက်ကြ၏။ မန်ဒဲ့၏မျက်နှာနှင့်လူပင်လျှင် မျက်လုံးပြူးမသွားဘဲ မနေပေ။
မန်ဟို၏လက်ချောင်းပေါ်တွင်ကား အရာလေးပင် မထင်သွားခဲ့... ဤစစ်ပုဆိန်မှာ သူ၏ခန္ဓာကိုယ်ကို ပွန်းရာလေးပင် ထင်မကျန်စေခဲ့သည်အထိ သူ၏အပြင်အားကိုယ်သည် လွန်စွာသန်မာနေခဲ့လေပြီ။
မန်ဟိုက သူ့အပြင်အားကိုယ်၏ခွန်အားကို အတော်လေး ကျေနပ်သွားရင်း ပြုံးလိုက်သည်။ ထို့နောက် သူက မီး၀င်း၀င်းတောက်နေသော မျက်လုံးများဖြင့် ကျင့်ကြံသူကိုးယောက်ကို မော့ကြည့်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ပျောက်ကွယ်သွားသည့်အခါ ထိုလူကိုးယောက်မှာ သေရတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသည်။ သူတို့က တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ထွက်ပြေးကြတော့၏။
သို့သော် မန်ဟို၏ရှေ့မှောက်တွင်တော့ သူတို့အနေဖြင့် ဘာမှမတတ်နိုင်။ မန်ဟိုသည် ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်လူ၏ အရှေ့တွင် ပေါ်လာပြီး ထိုလူအား သူ၏ခန္ဓာကိုယ်ဖြင့် အေးအေးဆေးဆေး ၀င်တိုက်လိုက်၏။
ထိုသို့ ဝင်တိုက်လိုက်မှုက ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် ကျင့်ကြံသူကို ပါးစပ်မှသွေးများ ပန်းထွက်သွားစေပြီး သူ၏ခန္ဓာကိုယ်အား ဖောင်းခနဲ ပေါက်ကွဲသွားစေတော့သည်။ သူ၏အနုသုခုမနတ်ခန္ဓာပင်လျှင် ထွက်ပြေးရန် အခွင့်အရေးမရလိုက်ဘဲ ဖျက်ဆီးခံလိုက်ရသည်။
ယင်းက ခန္ဓာကိုယ်ဖြင့် ၀င်တိုက်လိုက်ရုံသာ ရှိသေးသည်။
မန်ဒဲ့မျက်နှာနှင့်လူမှာ ထိတ်ပျာသွားသည်။ သူက ခေါင်းနပန်းကြီးစွာဖြင့် နောက်ဆုတ်ပြီး အရိပ်အသွင်ပြောင်းကာ ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော် မန်ဟိုက နှာမှုတ်သံတစ်သံသာ ထုတ်လွှတ်လိုက်လေသည်။
အသံက ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေသော လှိုင်းတစ်လှိုင်းအသွင် ပြောင်းသွားသည်။ လေပြင်းတစ်ချက်သည် အရာအားလုံးကို အုပ်စိုးတိုက်ခတ်သွား၏။ ထွက်ပြေးနေသော အနက်၀တ်လူရှစ်ယောက်မှာ အစိတ်စိတ်အမြွှာမြွှာ ပြတ်ထွက်သွားတော့သည်။ သူတို့၏အရိုး၊ ကလီစာနှင့် အနုသုခုမနတ်ခန္ဓာများပင် မကျန်ခဲ့ပေ။ သူတို့၏အပြင်အားကိုယ်များမှာတော့ ဆိုဖွယ်ရာပင်မရှိတော့။ သူတို့သည် ကြယ်တာရာကောင်းကင်တွင် ပျံ့နှံ့သွားသော သွေးရောင်မြူခိုးများအသွင် ပြောင်းသွားတော့၏။
"တာအိုသခင်" မန်ဒဲ့မျက်နှာနှင့်လူက အော်သည်။ သူသည် မန်ဟိူ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်မည်ကို ခန့်မှန်းထားခဲ့ပြီးဖြစ်သော်လည်း မန်ဟို၏နှာမှုတ်သံလေးတစ်ချက်ကြောင့် ပျက်စီးသွားရခြင်းကို မြင်လိုက်ရသောအခါ သူ့မှာ သံသယမရှိတော့ပေ။ မန်ဟို၏အတိုက်အခိုက်စွမ်းရည်မှာ ... တာအိုသခင်တစ်ဦးသာ ထုတ်လွှတ်နိုင်သည့်အရာဖြစ်၏။
ထိုလူ၏နှလုံးသားမှာ တဒိန်းဒိန်းခုန်လာသည်။ သူ့မှာ စစ်ဆင်ရေးအား စတင်ရုံရှိသေး၊ ကြောက်မက်ဖွယ်တာအိုသခင်တစ်ဦးနှင့် ဗြုန်းစားကြီး ပက်ပင်းတိုးရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တောင်ပင်လယ်လောကတွင် တာအိုသခင်များမှာ ခြေလေးတစ်ချက် ဆောင့်နင်းရုံဖြင့် တစ်လောကကလုံးကို ပြိုကျသွားစေနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်သည် မဟုတ်ပါလော။
တာအိုသခင်များသည် တောင်ပင်လယ်သခင်ရာထူးအတွက် ယှဉ်ပြိုင်ပိုင်ခွင့်ရှိသော တာအိုဥသျှောင်များဖြစ်ဖို့ ခြေလှမ်းတစ်လှမ်းသာ လိုကြသူများဖြစ်၏။
အနက်ဝတ်လူသည် မျက်လုံးပြူးလျက် ကြည့်နေမိသည်။ ထွက်ပြေးဖို့ ကြိုးစားနေသဖြင့် သူ့ခန္ဓာကိုယ်မှာ ဝေဝါးနေခဲ့လေပြီ။ မျက်စိတစ်မှိတ်အတွင်း သူက ပျောက်သွားခဲ့ပြီး မန်ဟို၏အသံလှိုင်းက ယခုလေးတင် သူ ရှိခဲ့သော နေရာကို ဖြတ်သွားသည်။
သူက ပြန်ပေါ်လာသောအခါ အဝေးတွင် ဖြစ်ပြီး လှည့်ပင် မကြည့်ဘဲ တစ်ချိုးတည်း ပြေးတော့သည်။
“ဘယ်လောက်ထူးဆန်းတဲ့ အနှစ်သာရလဲ” မန်ဟိုက စိတ်ဝင်တစား တွေးလိုက်သည်။ သူသည် ခြေတစ်လှမ်းလှမ်းပြီးနောက် ဖျတ်ခနဲ ပျောက်သွား၏။ သူ ပြန်ပေါ်လာသည့်အချိန်တွင် ထွက်ပြေးနေသောလူ၏နောက်တည့်တည့်သို့ ရောက်နေခဲ့လေပြီ။ မန်ဟိုက ကြယ်ခူးသိုင်းကို အသုံးပြုရင်း လှမ်းဆွဲလိုက်သည်။
ချက်ချင်းပင် မန်ဟို့လက်က တွင်းနက်ကြီးသဖွယ် ဖြစ်လာခဲ့သည့်အတွက် ကြောက်ခမန်းလိလိ ဆွဲအားတစ်ရပ်သည် ကြယ်တာရာကောင်းကင်တစ်လျှောက် ပျံ့နှံ့ရင်း ဖြစ်တည်လာ၏။ ဟင်းလင်းပြင်မှာ ပုံပျက်ရှုံ့တွလာပြီး မရေမတွက်နိုင်သော အလင်းမှုန်များသည် မန်ဟို့ထံ ပြေးဝင်လာနေပြီး အက်ကွဲကြောင်းများလည်း ဖြာထွက်နေသည်။
အနက်ဝတ်လူမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ မန်ဟို့ဆီ ပြန်လည်ပျံသန်းနေရကြောင်း တွေ့လိုက်ရသဖြင့် သူ၏အံ့အားသင့်မှုသည် ထိပ်ဆုံးသို့ ရောက်သွားခဲ့လေပြီ။ သူ့စိတ်ထဲရှိ အန္တရာယ်အာရုံကြောင့် သူသည် ဘာကိုမှ မထိမ်ချန်ထားတော့ဘဲ မန်ဟို့လက်တွင်းမှ ရုန်းထွက်ဖို့ သူ၏အနှစ်သာရအားလုံးကို အသုံးပြုလိုက်သည်။ ရုတ်တရက်ဆိုသလို အရိပ်များ သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။
အနက်ဝတ်အရိပ်များသည် ဗြုန်းခနဲ ပွားထွက်သွားပြီး မတူညီသောအရပ်မျက်နှာများသို့ ခွဲထွက်သွားလေသည်။ မန်ဟို့လက်ထဲတွင် ကျန်ခဲ့သည့် တစ်ခုတည်းသောအရာမှာတော့း .... အရေပြားအစတစ်စသာ။
“ကိုယ်ပွားတွေလား” မန်ဟိုက ထွက်ပြေးနေသော အရိပ်များကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူ့မျက်လုံးများသည် တောက်ပစပြုလာ၏။ ဤအရာများသည် ကိုယ်ပွားများဖြစ်ကြောင်း သိသာနေရာ မန်ဟို့အား ပို၍စိတ်ဝင်စားလာစေတော့သည်။
သူက အံ့လည်းအံ့ဩနေသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံအရ တာအိုသခင်များပင်လျှင် သူ့ကို မယှဉ်နိုင်သည့်တိုင် ဤအနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူက သူ့လက်ထဲမှ နှစ်ကြိမ်ထွက်ပြေးခဲ့ပြီးလေပြီ။
မှန်သည်၊ မန်ဟို အစွမ်းထက်နတ်ဘုရားစွမ်းရည်တစ်ခုမှ မသုံးရသေးခြင်းကြောင့်လည်း ပါသည်။ သူ၏ သာမန်တိုက်ကွက်လေးတစ်ကွက်ကပင် အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ပညာရှင်ကျင့်ကြံသူတစ်ယောက် အလွယ်တကူ မရှောင်နိုင်တော့သည်အထိ အင်အားကြီးမားနေလေပြီ။
မန်ဟိုက အံ့အားသင့်နေသော်လည်း အနက်ဝတ်လူခမျာ လိပ်ပြာလွင့်မတတ် ကြောက်နေပြီဖြစ်သည်။ သူ့မှာ နှစ်ကြိမ်ရုန်းထွက်နိုင်အောင် ရှိရှိသမျှအကုန်လုံး ပေးဆပ်ခဲ့ရသည့်တိုင် ပြန်ကန်ရိုက်ခတ်မှုက သူ့အား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့သည်။ အထူးသဖြင့် သူ၏နောက်ဆုံးအကွက်ဖြစ်သည့် ကိုယ်ပွားရာချီခွဲလိုက်ခြင်းက သူ၏အနှစ်သာရကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့လေသည်။
“သောက်ကျိုးနည်း။ သူက သာမန်တာအိုသခင်မဟုတ်လောက်ဘူး။ တာအိုသခင်အဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ဖြစ်ရမယ်။ ငါတို့သိထားတဲ့ အဋ္ဌမတောင်ပင်လယ်ရဲ့ တာအိုသခင်တွေထဲကလည်း မဟုတ်ဘူး” ထိုလူ ကြောက်လန့်တကြား အသားကုန်ပြေးနေသည့်အချိန်မှာပင် မန်ဟို့မျက်လုံးများသည် မီးခိုးရောင်တောက်လာ၏။
သူက ရုတ်တရက် ဟိန်းဟောက်လိုက်ရာ သူ့အနောက်တွင် ဧရာမဝံပုလွေခေါင်းကြီးတစ်ခေါင်း ပေါ်လာသည်။ ဤသည်ကား လောဘ၏မှော်သိုင်းကွက်များထဲမှ တစ်ကွက်ဖြစ်သော်လည်း မန်ဟိုကို အသုံးပြုသည့်အခါ လောဘအသွင်အစား ဝံပုလွေအသွင်နှင့် ပိုတူသည်။ ဝံပုလွေက အလွန်တရာလွှမ်းမိုးကြီးစိုးနေသော သွေးသံရဲရဲအသတ်အဖြတ်အငွေ့များကို ထုတ်လွှတ်ရင်း ကြယ်တာရာကောင်းကင်ထဲတွင် ပေါ်လာခဲ့ကာ ပါးစပ်ကြီးဟလျက် ရှိုက်သွင်းလိုက်၏။
ဝေါ............
မန်ဟို့ကို ဗဟိုပြုလျက် ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ရီလာပြီး အက်ကွဲစပြုလာသည်။ သဘာဝနိယာမများနှင့် မိုးမြေစွမ်းအင်များအပါအဝင် ပတ်ဝန်းကျင်ရှိ အရာအားလုံး မန်ဟို၏စုပ်ယူခြင်း ခံနေရသည့်အလားပင်။
ကိုယ်ပွားပေါင်းရာချီသည် အားလှိုင်း၏ရိုက်ခတ်မှုကြောင့် စူးစူးဝါးဝါး အော်လိုက်ရပြီး ပေါက်ကွဲကုန်ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း သွေးပေါက်များက ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်သွား၏။
အဆုံးသတ်တွင် ပေါက်ကွဲမသွားခဲ့ဘဲ မန်ဟို့ထံ အဆွဲငင်ခံလိုက်ရသော အရိပ်တစ်ခုသာ ကျန်ခဲ့သည်။ မန်ဟိုက သူ့ကို လည်ပင်းမှ ဆုပ်ကိုင်ပြီး ချိတ်ပိတ်၍ သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်သည်။
အင်အားကြီးသော တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကား ကြက်ပေါက်စလေးသဖွယ် ဆက်ဆံခံလိုက်ရလေသည်။
လောဘ၏ ပြန်လည်မွမ်းမံပေးခြင်း ခံရပြီးနောက် သူ မည်မျှသန်မာလာခဲ့သည်ကို မန်ဟိုလည်း ခံစားလိုက်ရသည်။ ယခုတွင် သူကား ... တာအိုသခင်တစ်ဦးထက်ပင် အစွမ်းထက်သောအဆင့်တစ်ဆင့်သို့ ရောက်နေချေပြီ။
“ရှေးဟောင်းနယ်ပယ်တံခါးကို ငါ ဖွင့်နိုင်တာနဲ့ ... ပိုလို့တောင် အစွမ်းထက်လာလိမ့်မယ်” မန်ဟို၏မျက်လုံးများက လင်းလက်တောက်ပလာပြီး သူက အဝေးရှိ မန်မျိုးနွယ်သင်္ဘောနှင့် သူ့ကို မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ကြည့်နေသော မန်ဒဲ့အား လှည့်ကြည့်လိုက်သည်။ ထို့နောက် မန်ဟိုသည် မှေးမှိန်ပျောက်ကွယ်သွား၏။
ကြယ်တာရာကောင်းကင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မန်ဒဲ့သည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ကြယ်တာရာကောင်းကင်ကို တွေတွေကြီး ငေးကြည့်နေ၏။ ထို့နောက် သူက သင်္ဘောပေါ်ရှိ အလောင်းများကို ဝေ့ကြည့်လိုက်သည်။ အကြောက်တရားသည် သူ့ရင်ထဲ၌ ရစ်ဝဲနေဆဲဖြစ်ပြီး ဝမ်းနည်းပူဆွေးခြင်းလည်း ဖြစ်လာတော့သည်။ သူသည် ဤအသက်အရွယ်သို့ ရောက်နေပြီဖြစ်လင့်ကစား ယခုလိုဖြစ်ရပ်မျိုးကို ပထမဆုံးအကြိမ် တွေ့ကြုံရခြင်းဖြစ်၏။ သူ့မှာ ကြောက်လန့်နေသဖြင့်် မန်ဟို၏ဝင်ရောက်စွက်ဖက်မှုက အဆက်အသွယ်များကို ဖြတ်တောက်ဟန့်တားထားခဲ့သည့်အရာများကို ဖျက်စီး၍ အပြင်လောကနှင့် အဆက်အသွယ်ပြန်ရသွားစေခဲ့သည်ကိုပင် သတိမထားမိပေ။
မန်ဒဲ့သည် အော်ငိုနေရင်းတန်းလန်း ရုတ်တရက် တစ်ခုကို သတိရသွား၏။ အလောင်းများကို လှည့်ပတ်ကြည့်ပြီးသော် သူက သင်္ဘောထဲ အပြေးအလွှားပြန်ဝင်သွားသည်.... သင်္ဘောပေါ်တွင် အသက်ရှင်ကျန်ခဲ့သူနောက်တစ်ယောက် ရှိနေသေးသယောင်ပင်။
ဤအခိုက်အတန့်တွင် သူနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် မည်သူမဆို သူ့အတွက် ဆွေမျိုးရင်းချာပမာ ဖြစ်ပေသည်။