ကြီးမားသော တာဝန်ကို အပ်နှင်းခြင်း
Vol. 37 Ch. 437
သရဲကျင့်ကြံသူတွေ ကိုယ်ခန္ဓာကျင့်ကြံသူတွေနဲ့ တခြား အထူး ကျင့်ကြံခြင်း နည်းလမ်းတွေကို မြင်တွေ့ခဲ့ပြီးနောက် ကျန်းပေရန် ဒီနေ့ နောက်ထပ် လုံးဝ အသစ်စက်စက် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုကို ထပ်တွေ့ခဲ့ရလေသည်။
အဆိပ်ကောင် ကျင့်ကြံခြင်း။
ဒီတစ်ခေါက် ချူယန်ဇယ်ရဲ့ အဆင့်တက်မှုက ကျန်းပေရန်ရဲ့ စိတ်ကူးထက် တကယ် ကျော်လွန်သွားခဲ့လေသည်။
အသက်ရှူတစ်ချက်အတွင်း သူ ထိုးလိုက်တဲ့ လက်သီးချက် ၃၂ ချက်ရဲ့ ပြင်းထန်မှု အဆင့်က အနက်ရောင်ဘုရင် အထွတ်အထိပ် အဆင့်မှာ ရှိနေလေသည်။
ဒီခန္ဓာကိုယ်သစ်နဲ့ သေချာ အသားကျအောင် အချိန်ပေးလိုက်မယ်ဆိုရင် သူက အနက်ရောင်ဧကရာဇ်တစ်ပါးကိုတောင် ယှဉ်တိုက်နိုင်လောက်လေသည်။
ဒီအဆိပ်ကောင်က တကယ် အစွမ်းထက်တာပဲ...
စောစောက ချူယန်ဇယ်ရဲ့ ခန္ဓာကိုယ်သစ် ဘယ်လောက် သန်မာလဲဆိုတာ ကိုယ်တိုင် စမ်းသပ်ကြည့်ဖို့ ကျန်းပေရန် စိတ်ကူး ခဏ ပေါ်လာခဲ့ပေမယ့် မတော်တဆ သတ်မိလိုက်မှာ စိုးရိမ်ခဲ့လေသည်။
ခုနက ချူယန်ဇယ်နဲ့ ကူချင်းဟွမ်းတို့ကို လက်ရည်စမ်းခိုင်းရဲခဲ့တာက သူက ဘေးကနေ ကြည့်နေပြီး ဘာမှ မမှားယွင်းအောင် စောင့်ကြည့်နေနိုင်လို့ ဖြစ်လေသည်။
ဒါပေမဲ့ သူသာ ချူယန်ဇယ်ကို တိုက်ခိုက်မယ်ဆိုရင် ပြီးတော့ သူ တိုက်ကွက်တွေကို မထိန်းသိမ်းမိဘူးဆိုရင် သူ့ကို တားပေးမယ့်သူ ဘယ်သူမှ ရှိမှာ မဟုတ်ပေ။
ဒါကြောင့် သေချာ စဉ်းစားပြီးနောက် ကျန်းပေရန် ဒီ အန္တရာယ်များတဲ့ အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး နောက်တစ်ခါကျရင် သူ့အရည်အချင်းတွေကို စမ်းသပ်ဖို့ ရှောင်လေးကို ပေးလိုက်မယ်လို့ တွေးလိုက်လေသည်။
ချူယန်ဇယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အား အကန့်အသတ်ကို ကျန်းပေရန် စဉ်းစားနေတုန်း ကူချင်းဟွမ်းရဲ့ မျက်နှာပေါ်မှာ အထီးကျန်တဲ့ အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားတာ ရုတ်တရက် သတိထားမိလိုက်လေသည်။
ကျွတ်... ဒီကောင်လေးရဲ့ မာန ထိခိုက်သွားတုန်းပဲလား။
ကူချင်းဟွမ်းက အချိန်အများစုမှာ တည်ငြိမ်အေးဆေးပုံ ပေါက်ပြီး ပြင်ပ အရာတွေကြောင့် ဘယ်တော့မှ စိတ်လှုပ်ရှားပုံ မရပေမယ့် ကျင့်ကြံခြင်းနဲ့ ပတ်သက်လာရင် သူက ပိုသန်မာလာဖို့ အရမ်း ပြင်းပြနေတာ ကျန်းပေရန် မြင်နိုင်လေသည်။
သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက အရမ်း ထူးဆန်းလွန်းနေပြီး လောလောဆယ် သူ့ကို တိုးတက်အောင် ကူညီပေးမယ့် နည်းလမ်း ကျန်းပေရန် ရှာမတွေ့သေးတာပဲ ရှိလေသည်။
အခု သူ့ကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက စစ်မှန်သော မီးဓာတ် ဝိညာဉ်စွမ်းအင် ဖွဲ့စည်းပုံ အဖြစ် ပြောင်းလဲပေးဖို့ပင် ဖြစ်သည်။
ဒါပေမဲ့ စစ်မှန်သော မီးဓာတ် ဝိညာဉ်စွမ်းအင်ဆိုတာ အလွယ်တကူ ရနိုင်တဲ့ အရာ မဟုတ်တာကြောင့် ကူချင်းဟွမ်းအနေနဲ့ မှန်ကန်တဲ့ အခွင့်အရေးကို စောင့်ရုံသာ ရှိတော့လေသည်။
ခဏ စဉ်းစားပြီးနောက် ကျန်းပေရန် လှမ်းခေါ်လိုက်လေသည်။
"ချင်းဟွမ်း"
"ရှိတယ်"
ကူချင်းဟွမ်း ပြန်ဖြေပြီး ကျန်းပေရန်ရှေ့ ရောက်လာလေသည်။
"ငါ့အတွက် ကိစ္စတစ်ခု လုပ်ပေး"
စကားပြောရင်း ကျန်းပေရန် သူ့ သိုလှောင်လက်စွပ်ထဲက မြေပုံတစ်ချပ် ထုတ်ပြီး ကူချင်းဟွမ်းကို ပေးလိုက်လေသည်။
သူ့အစ်ကိုကြီး လက်ထဲက မြေပုံကို ယူပြီးနောက် ကူချင်းဟွမ်း ခဏလောက် စိုက်ကြည့်နေမိသည် မြေပုံပေါ်မှာ ဖော်ပြထားတဲ့ နေရာကို သူ လုံးဝ မသိတာကြောင့် သူ့မျက်နှာထားမှာ ဇဝေဇဝါ ဖြစ်မှုတွေ ပြည့်နှက်နေလေသည်။
သူ မေးဖို့ ပြင်လိုက်တုန်း ကျန်းပေရန် အရင် ပြောလိုက်လေသည်။
"ဒီမြေပုံက ထန်တိုင်းပြည် ယွန်းပြည်နယ်က ရန်ဝူစီရင်စုကို ပြထားတာ နေသတ် မီးခိုးရောင်ဖန်သား လို့ ခေါ်တဲ့ ဒေသတွင်း ရတနာတစ်ခု အကြောင်း မင်း သွားစုံစမ်းပေးရမယ်"
အရင်တုန်းက ကူချင်းဟွမ်းရဲ့ ကျင့်ကြံခြင်း နိမ့်လွန်းတာ စိုးရိမ်တာကြောင့် သူ့အတွက် သတင်းအချက်အလက် စုဆောင်းဖို့ နိုင်ငံခြောက်နိုင်ငံဆီ စေလွှတ်ဖို့ ကျန်းပေရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပေ။
ဘာပဲဖြစ်ဖြစ် နိုင်ငံခြောက်နိုင်ငံက ရှန့်တိုင်းပြည်နဲ့ မတူဘူးလေ။
ရှန့်တိုင်းပြည်မှာ စုံစမ်းနေတုန်း ကူချင်းဟွမ်း ဒုက္ခတစ်ခုခု ကြုံရရင် သူ မိနစ်ပိုင်းအတွင်း ရောက်သွားပြီး ကူညီပေးနိုင်လေသည်။
ဒါပေမဲ့ နိုင်ငံခြောက်နိုင်ငံက မတူပေ အဲ့ဒီမှာ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေ အရမ်း များပြားလွန်းလေသည်။
အနက်ရောင်ဘိုးဘေး နယ်ပယ်ကို ရောက်နေပြီ ဖြစ်တဲ့ ဟော်ဟုန်ဖေးကိုတောင်မှ ကျန်းပေရန်မှာ တခြား စေလွှတ်စရာ လူမရှိလို့သာ လွှတ်လိုက်ရတာ ဖြစ်လေသည်။
ဒါပေမဲ့ အခုတော့ ကျန်းပေရန် သူ့အတွေးတွေကို ပြုပြင်သင့်ပြီလို့ ခံစားရလေသည် အရင်က ဟော်ဟုန်ဖေးကို ပြောခဲ့သလိုပင်။
ကိုယ့်သားကို ကာကွယ်လွန်းနေရင် သူ ဘယ်လိုလုပ် စစ်မှန်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မှာလဲ။
ပြီးတော့ အခု ကျန်းပေရန်က သူ့ဂျူနီယာညီလေးတွေကို ကာကွယ်လွန်းနေပြီး ရှန့်တိုင်းပြည်ဆိုတဲ့ လူသစ်တန်း ရွာလေးထဲမှာပဲ ပတ်မွှေခွင့် ပေးထားခဲ့တာ ဖြစ်လေသည်။
ဒီအတိုင်း ဆက်သွားရင် သူတို့ရဲ့ ကျင့်ကြံခြင်း တိုးတက်မှုက နှေးကွေးသွားမှာ မလွဲမသွေ ဖြစ်လေသည်။
ဒါ့အပြင် နေသတ် မီးခိုးရောင်ဖန်သားကို ရှာဖွေတဲ့ ကိစ္စမှာ သူ လိုအပ်တာက ဉာဏ်ရည် ဖြစ်ပြီး မြင့်မားတဲ့ ကျင့်ကြံခြင်း မဟုတ်ပေ။
ကူချင်းဟွမ်းရဲ့ အရည်အချင်းတွေနဲ့ ဆိုရင် ကိုင်တွယ်ဖို့ လုံလောက်တာထက် ပိုနေလေသည်။
ဒါကြောင့် အကြာကြီး စဉ်းစားပြီးနောက် နေသတ် မီးခိုးရောင်ဖန်သားကို ရှာဖွေမယ့် တာဝန်ကို ကူချင်းဟွမ်းဆီ အပ်နှင်းဖို့ ကျန်းပေရန် ဆုံးဖြတ်လိုက်လေသည်။
ပထမအချက်အနေနဲ့ သုံးနှစ်တာ သဘောတူညီချက်က နီးကပ်လာပြီ ဖြစ်ပြီး အချိန်က ကျပ်တည်းနေလေသည်။
ဒုတိယအချက်အနေနဲ့ သူ တကယ် လူအင်အား ပြတ်လပ်နေပြီး သူ့ညီလေးတွေ အားလုံးထဲမှာ ကူချင်းဟွမ်းက ဒီစုံစမ်းစစ်ဆေးမှုအတွက် အသင့်တော်ဆုံး ဖြစ်လေသည်။
တတိယ အကြောင်းရင်းအတွက်ကတော့...
ကူချင်းဟွမ်း သူ့ကိုယ်သူ "အသုံးမကျတဲ့သူ" လို့ ခံစားရမှာ ကျန်းပေရန် မလိုလားလို့ ဖြစ်လေသည်။
"ထန်တိုင်းပြည်" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့ အခါ ကူချင်းဟွမ်း သူ့စိတ်ခံစားချက်တွေကို ခဏတာ မထိန်းချုပ်နိုင် ဖြစ်သွားလေသည်။
သူ့အစ်ကိုကြီးကို မျက်လုံးပြူးကြီးတွေနဲ့ ကြည့်ပြီး သူ မေးလိုက်လေသည်။
"ထန်တိုင်းပြည်က အလယ်ပိုင်းဒေသမှာလေ ပညာရှင်တွေ ပြည့်နှက်နေတဲ့ နေရာ ကျွန်တော်..."
"မဟုတ်ဘူး"
ကျန်းပေရန် ခေါင်းခါလိုက်လေသည်။
"ဒီကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်မယ့်သူ မင်းတစ်ယောက်တည်းပဲ ရှိတယ် ဒါက မင်းအပေါ် ထားတဲ့ ငါ့ရဲ့ ယုံကြည်မှုပဲ"
ဒါကို ကြားတော့ ကူချင်းဟွမ်း လက်သီး မဆုပ်ဘဲ မနေနိုင်တော့ဘဲ ကျယ်လောင်စွာ ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့ အစ်ကိုကြီးရဲ့ မျှော်လင့်ချက်တွေ ပျက်စီးအောင် ကျွန်တော် လုပ်မှာ မဟုတ်ဘူး"
"အချိန်က အရေးကြီးတယ် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး အမြန်ဆုံး ထွက်ခွာတော့"
"ဟုတ်ကဲ့"
ဒီအချိန်မှာ ကူချင်းဟွမ်း သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို မနည်း ထိန်းချုပ်ထားရလေသည်။
သူ့အစ်ကိုကြီးက သီးခြားအတားအဆီး ထိန်းသိမ်းရေးမှာ ကူညီခိုင်းကတည်းက ကူချင်းဟွမ်းက သူ့အစ်ကိုကြီး သူ့ကို မေ့သွားပြီလို့ ခံစားနေခဲ့ရတာ ဖြစ်လေသည်။
အရင်တုန်းကလို အဖိုးတန် ပစ္စည်းတွေ စုဆောင်းရာမှာ ကူညီခိုင်းတာမျိုး မရှိတော့သလို သီးခြား တာဝန်တွေလည်း မပေးတော့ပေ။
တဖြည်းဖြည်းနဲ့ ကူချင်းဟွမ်း အကြောင်းရင်းကို နားလည်လာခဲ့လေသည်။
သူ့အစ်ကိုကြီးရဲ့ စင်မြင့်က ရှန့်တိုင်းပြည် တစ်ခုတည်း မဟုတ်တော့ဘဲ ပိုမြင့်မားတဲ့ နေရာတစ်ခုဆီ ရောက်ရှိသွားပြီ ဘယ်လောက် မြင့်မားလဲဆိုရင် သူ မော့ကြည့်ရင်တောင် မြင်ရချင်မှ မြင်ရတော့မယ့် နေရာမျိုးပင် ဖြစ်သည်။
သူ့ရဲ့ သာမန် အနက်ရောင်ဝိညာဉ် ကျင့်ကြံခြင်းနဲ့ သူ့အစ်ကိုကြီးကို ဘာမှ ကူညီပေးနိုင်တော့မှာ မဟုတ်ပေ။
အခု သူ လုပ်နိုင်တာက သူ့အစ်ကိုကြီးအတွက် ရှန့်တိုင်းပြည်က အိမ်ကို ကူညီ စောင့်ရှောက်ပေးရုံ သက်သက်ပင် ဖြစ်၏။
ဒါက သူ လုပ်နိုင်သမျှ အကုန်ပဲဆိုတာ ကူချင်းဟွမ်း သိပေမယ့် ရင်ထဲမှာတော့ သူ လုံးဝ မလိုလားခဲ့ပေ။
သူလည်း သူ့အစ်ကိုကြီးနောက်ကို လိုက်ပြီး ပိုမြင့်မားတဲ့ စင်မြင့်ဆီ သွားချင်ခဲ့လေသည်။
ဒါပေမဲ့ ဒီနေ့ ဂျူနီယာညီလေးချူရဲ့ အသွင်ပြောင်းလဲမှုနဲ့ ပေါက်ကွဲထွက်လာတဲ့ အင်အား တိုးတက်မှုကို မြင်လိုက်ရတဲ့ အခါ သူ့ရဲ့ မလိုလားမှုတွေက လက်တွေ့အရှိတရားကို လက်ခံလိုက်ရခြင်း အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
သူက အရမ်း အားနည်းလွန်းနေတယ်။
ဒါပေမဲ့ နောက်တန်းမှာ အိမ်တော်ထိန်းကောင်းတစ်ယောက် အဖြစ် နေဖို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ သူ့အစ်ကိုကြီးက သူ့ကို အလွန် အန္တရာယ်များပြီး အရေးကြီးတဲ့ တာဝန်တစ်ခု ရုတ်တရက် ပေးအပ်လာခဲ့လေသည်။
ထန်တိုင်းပြည်……
လျှို့ဝှက်ဆန်းကြယ်နဂါး တိုက်ကြီးပေါ်က အသန်မာဆုံး နိုင်ငံ ၆ နိုင်ငံ ထဲက တစ်ခု။
အဲ့ဒီမှာ အနက်ရောင်ဧကရာဇ်တွေတောင် သတိထားပြီး လျှောက်လှမ်းရတယ်လို့ ပြောကြပြီး အနက်ရောင်ဘုရင်တွေက ရှန့်တိုင်းပြည်က မဟာအနက်ရောင်သခင်တွေလိုပဲ ပေါများတယ်လို့ ဆိုကြလေသည်။
ဒါပေမဲ့ သူ့အစ်ကိုကြီးက အဲ့ဒီကို သွားပြီး သူ့အတွက် ကိစ္စတွေ ကိုင်တွယ်ပေးဖို့ သူ့ကို ယုံကြည်စွာ အပ်နှင်းလိုက်လေသည်။
ဒါက ကူချင်းဟွမ်းကို အလွန်အမင်း တက်ကြွ လန်းဆန်းသွားစေပြီး အဲ့ဒီမှာ သေရမယ်ဆိုရင်တောင် လိုလိုလားလား ရှိနေမယ်လို့ ခံစားလိုက်ရလေသည်။
ကူချင်းဟွမ်းရဲ့ ဆုပ်ထားတဲ့ လက်သီးတွေကို ကြည့်ပြီး ဒီကောင်လေး တကယ် ဖိနှိပ်ခံထားရတာ ကြာပြီလို့ ကျန်းပေရန် ခန့်မှန်းလိုက်မိလေသည်။
"ငါ သေရင်တောင် အစ်ကိုကြီးအတွက် ဒီကိစ္စကို ပြီးမြောက်အောင် လုပ်မယ်" ဆိုတဲ့ ပုံစံမျိုးနဲ့ သူ့စိတ်ထဲမှာ သစ္စာဆိုနေလောက်လေသည်။
သို့သော် ကျန်းပေရန် သူ့ရဲ့ လက်အောက်ငယ်သားတစ်ယောက် အနေနဲ့ ရိုးရှင်းတဲ့ ကျိန်စာတစ်ခုကိုတောင် မချိုးဖျက်နိုင်ရင် အနာဂတ်မှာ ကြီးကျယ်တဲ့ အရာတွေ လုပ်ဆောင်ဖို့ သူ့နောက်ကို ဘယ်လို လိုက်နိုင်မှာလဲ။
"ကောင်းပြီ မင်းတို့နှစ်ယောက် ပြင်ဆင်စရာ ရှိတာ သွားပြင်ဆင်ကြ ငါ သွားတော့မယ်"
ပြောပြီးနောက် ကျန်းပေရန် ရှဲ့လင်းတန်းကို ခေါ်ပြီး ဂူထဲက ထွက်လာခဲ့လေသည်။
"ဂရုစိုက်ပါ အစ်ကိုကြီး"
ကူချင်းဟွမ်းနဲ့ ချူယန်ဇယ် ပြိုင်တူ ပြောပြီး ကျန်းပေရန်ရဲ့ ကျောပြင်ကို လက်သီးဆုပ် အရိုအသေပြုလိုက်ကြလေသည်။
ဂူထဲက ထွက်လာတဲ့ အခါ ရှဲ့လင်းတန်းက အတွင်းထဲကို မကြာခဏ လှည့်ကြည့်နေမိလေသည်။
သူမသခင်ရဲ့ မိသားစုမှာ လူကောင်ကြီးကြီး တပည့်တစ်ယောက် ရှိတယ် ပြီးတော့ သူက တကယ် မှော်ဆန်တယ် လူနဲ့တောင် သိပ်မတူဘူး။
ဒါပေမဲ့ မေးခွန်းတွေ အများကြီး မမေးရဘူးဆိုတာ သူမ သိတာကြောင့် သူမရဲ့ သိချင်စိတ်ကို မြိုသိပ်ထားရုံသာ ရှိတော့လေသည်။
မင်္ဂလာတိမ်တိုက်တစ်ခု ဆင့်ခေါ်ပြီး ကျန်းပေရန် ရှဲ့လင်းတန်းနဲ့အတူ နန်းတော်ဆီ ပျံသန်းသွားလိုက်လေသည်။
ပြီးခဲ့တဲ့ တစ်ခေါက် လျန်ပြည်နယ်က ဘီလူးကြီးတွေနဲ့ အစည်းအဝေး အရဆိုရင် သူတို့က ရှန့်တိုင်းပြည်ကို ဂရုစိုက်ပေမယ့် သူတို့ရဲ့ အဓိက အာရုံစိုက်မှုက လောလောဆယ် နယ်မြေလုတာနဲ့ တပည့်လုတာ အပေါ်မှာပဲ ရှိနေတယ်ဆိုတာ ကျန်းပေရန် နားလည်ခဲ့လေသည်။
သာမန် ပြည်သူတွေရဲ့ ဘဝနဲ့ ရှန့်တိုင်းပြည် အောက်ခြေက ပြောင်းလဲမှုတွေ အတွက်ဆိုရင်တော့ သူတို့က လုံးဝ အသုံးမကျပေ။
ဘာမှ သုံးစားမရဘူး။
ဒါကြောင့် အထွတ်အထိပ်ပြည်နယ်ကို ပြန်ရောက်ပြီးတာနဲ့ နန်းတော်ကို အရင်သွားဖို့ ကျန်းပေရန် ဆုံးဖြတ်လိုက်တာ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် အဲ့ဒီနေရာကသာ ရှန့်တိုင်းပြည်ရဲ့ အခြေခံ အခြေအနေ အမှန်ကို သူ နားလည်နိုင်မယ့် တစ်ခုတည်းသော နေရာ ဖြစ်လေသည်။
နန်းတော် အထက် ရောက်တဲ့ အခါ ကျန်းပေရန် ဝိညာဉ်အာရုံနဲ့ ဧရိယာကို စစ်ဆေးလိုက်ပြီး ဧကရာဇ် စာကြည့်ဆောင် ရှေ့ တိုက်ရိုက် ဆင်းသက်လိုက်လေသည်။
သူ လျှောက်သွားပြီး တံခါး တွန်းဖွင့်လိုက်လေသည်။
ကျန်းပေရန် စကားပြောဖို့ ပြင်လိုက်တုန်း စာအုပ်စင် ရှေ့မှာ ထိုင်ပြီး ရတနာရှစ်ပါး ဆန်ပြုတ် သောက်နေတဲ့ ခုံချမ်ချမ်က ကျောက်ရုပ်တစ်ရုပ်လို တောင့်ခဲသွားပြီး သူ့ကို ကြည့်နေတာ တွေ့လိုက်ရလေသည်။
"အရှင်... အဟွတ် အဟွတ် အဟွတ်"
ကျန်းပေရန်ကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ ခုံချမ်ချမ်က "အရှင်မင်းကြီး" လို့ အလိုအလျောက် အော်ခေါ်ချင်ပေမယ့် သူမ လည်ချောင်းထဲမှာ ရတနာရှစ်ပါး ဆန်ပြုတ် တစ်လုပ် လျှောကျနေတုန်းဆိုတာ မေ့သွားခဲ့လေသည်။
ခဏတာ သူမ အကြီးအကျယ် ပျော်ရွှင်စွာ ချောင်းဆိုးနေလေသည်။
သူမ မှုတ်ထုတ်လိုက်တဲ့ ဆန်ပြုတ်တွေ ဝါးစာလိပ်တွေပေါ် စင်သွားတာ မြင်တော့ ကျန်းပေရန် ချက်ချင်း မျက်မှောင်ကြုတ်လိုက်လေသည်။
ဧကရာဇ် မျက်မှောင်ကြုတ်တာ မြင်တော့ ခုံချမ်ချမ် ကြောက်လွန်းလို့ သေးထွက်မတတ် ဖြစ်သွားလေသည်။
ချောင်းဆိုးတာကို လျစ်လျူရှုပြီး သူမ အင်္ကျီလက်စနဲ့ ဝါးစာလိပ်ပေါ်က ဆန်ပြုတ်တွေကို အမြန် သုတ်လိုက်လေသည်။
"စာကြည့်ဆောင်ထဲမှာ စားသောက်ဖို့ မင်းကို ဘယ်သူ ခွင့်ပြုလိုက်တာလဲ"
ကျန်းပေရန်ရဲ့ လေသံက အရမ်း တည်ငြိမ်နေပေမယ့် ခုံချမ်ချမ်ကို ကြောက်လွန်းလို့ တုန်ယင်သွားစေတုန်းပင် ဖြစ်သည်။
သူမ ကြမ်းပြင်ပေါ် ချက်ချင်း ဒူးထောက်လိုက်ပြီး ခေါင်းနဲ့ ကြမ်းပြင် ဆောင့်ကာ တောင်းပန်လိုက်လေသည်။
"ဒီအစေခံ မှားသွားပါတယ် ဒီအစေခံ မှားသွားပါတယ်..."
"ဥပဒေမဲ့လိုက်တာ ကြိမ်ဒဏ်လောက်နဲ့ မင်းကို သင်ခန်းစာ ပေးဖို့ မလုံလောက်သေးဘူးနဲ့ တူတယ်"
ဒါကို ကြားတော့ ခုံချမ်ချမ် ခေါင်းနဲ့ ကြမ်းပြင် ဆောင့်ရင်း ခေါင်းကို အမြန် ခါလိုက်လေသည်။
"မဟုတ်ပါဘူး မဟုတ်ပါဘူး ဒီအစေခံ တကယ် မှားမှန်း သိပါပြီ တကယ်... မဟုတ်ပါဘူး မဟုတ်ပါဘူး ဒီအစေခံ နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး ကျွန်မ မှားမှန်း တကယ် သိပါပြီ"
ကျန်းပေရန် ချမ်ချမ်ကို ဆူနေတာ ကြည့်ပြီး အစီရင်ခံစာတွေ စစ်ဆေးနေတဲ့ မုယောင်က သူမအတွက် ဝင်မပြောရဲပေ။
ခုံချမ်ချမ်အတွက် ဝင်ပြောတာက မီးလောင်ရာ လေပင့်သလိုပဲ ဖြစ်မယ်ဆိုတာ သူမ သိသည်။ ချမ်ချမ်ကို မကူညီနိုင်မယ့်အပြင် သူမအတွက် ကိစ္စတွေကို ပိုဆိုးသွားစေလိမ့်မည်။
"ပြီးတော့ မင်း"
မုယောင်က အစီရင်ခံစာတွေထဲ အာရုံစိုက်နေသလို ဟန်ဆောင်နေတုန်း ကျန်းပေရန် အကြည့်က သူမဆီ ရုတ်တရက် ရောက်လာလေသည်။
အဲ့ဒီ တည်ငြိမ်တဲ့ စကားလုံး ၃ လုံးက စုတ်တံ ကိုင်ထားတဲ့ မုယောင်ရဲ့ လက်ကို အလိုအလျောက် တုန်ယင်သွားစေခဲ့လေသည်။
"ဧကရာဇ် စာကြည့်ဆောင်ထဲမှာ အစာမစားရဘူးဆိုတာ ငါ ချမှတ်ခဲ့တဲ့ စည်းကမ်းပဲ ဘာလို့ မင်း သေချာ မကြပ်မတ်တာလဲ"
"ကျွန်မ မှားသွားတယ်"
မုယောင် ပြောပြီး စုတ်တံကို ချကာ အမှားဝန်ခံဖို့ ခေါင်းငုံ့လိုက်လေသည်။
ကျန်းပေရန် အနည်းငယ် မပြုံးဘဲ မနေနိုင်တော့ပေ။
အဆက်မပြတ် ခေါင်းနဲ့ ကြမ်းပြင် ဆောင့်ပြီး အမှားဝန်ခံနေတုန်း ဖြစ်တဲ့ ခုံချမ်ချမ်ကို ကြည့်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"ခေါင်းဆောင့်နေတာ ရပ်တော့ ထပြီး ဒါတွေ ရှင်းလိုက်"
"ဟုတ်ကဲ့ ဒီအစေခံ အခုချက်ချင်း ရှင်းလိုက်မယ်"
ခုံချမ်ချမ်က သူမ အဝတ်အစားထဲက အဝတ်စုတ်တစ်ခု အမြန် ထုတ်လိုက်ပြီး ကြမ်းပြင်ကို စတင် သုတ်သင်တော့လေသည်။
ဒီအချိန်မှာ မုယောင်က သူမ စားပွဲ နောက်ကနေ ထွက်လာခဲ့လေသည်။
ရှဲ့လင်းတန်းကို တစ်ချက် ဝေ့ကြည့်ပြီးနောက် သူမ ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်လေသည်။
"ဒီနေ့ ဘာကိစ္စနဲ့ ရောက်လာတာလဲ"
"ရှန့်တိုင်းပြည်ရဲ့ မကြာသေးမီက အခြေအနေကို လာမေးတာ"
ကျန်းပေရန် ပြောပြီး စားပွဲပေါ်က လက်ဖက်ရည်အိုးကို လှမ်းယူလိုက်လေသည်။
"ကျွန်မ ဖျော်ပေးမယ်"
မုယောင်က လက်ဖက်ရည်အိုးကို အရင် ယူလိုက်လေသည်။
ဟင် တစ်ခုခုတော့ မှားနေပြီ...
မုယောင်က သူ့ကို မြင်ရင် အရင်ကလို မာထန်ထန် မလုပ်ရဲတော့ပေမယ့် ဒီလောက် ဂရုစိုက်စရာ မလိုပေ။
ကျန်းပေရန်ရဲ့ ထူးဆန်းတဲ့ အကြည့်ကို မြင်တော့ မုယောင် စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ဒါ... ဒါက ငါကိုယ်တော်ရဲ့ ဧည့်ဝတ်ကျေပွန်မှု ပုံစံပဲ အများကြီး လျှောက်မတွေးနဲ့"
"ကောင်းပြီ ဒါဆို ပြင်းပြင်းလေး ဖျော်ဖို့ မှတ်ထား"
"ငါ... ငါ သိတယ်"
မုယောင် လက်ဖက်ရည် ဖျော်နေတုန်း ကျန်းပေရန် အနီးနားက ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်လိုက်ပြီး မေးလိုက်လေသည်။
"ကပ်ရောဂါ အခြေအနေ ကိုင်တွယ်မှု ဘယ်လို ရှိလဲ"
ဂျလောက် ဂျလောက် ဂျလောက်...
မုယောင် ရေနွေးကို လက်ဖက်ရည်အိုးထဲ လောင်းထည့်ရင်း ပြန်ဖြေလိုက်လေသည်။
"ထိန်းချုပ်ပြီးပြီ အခု နောက်ဆက်တွဲ အကျိုးဆက်တွေကို သေချာ ကိုင်တွယ်နိုင်ရင် ကပ်ရောဂါရဲ့ သက်ရောက်မှု ပြီးဆုံးသွားလိမ့်မယ်"
"တစ်ခု မှတ်ထားပါ ကပ်ရောဂါရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုင်တွယ်တာက ကပ်ရောဂါ ကိုယ်တိုင်ကို ထိန်းချုပ်တာထက် ပိုခက်ခဲတယ် အခု မင်း စိတ်လျှော့ရမယ့် အချိန် မဟုတ်သေးဘူး"
ဒါကို ကြားတော့ လက်ဖက်ရည် ဖျော်နေတဲ့ မုယောင်ရဲ့ လက် ခဏ ရပ်တန့်သွားလေသည်။
သူမ ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
" နားလည်တယ်"
"ပြီးတော့..."
ကျန်းပေရန် တစ်ခုခု ထပ်ပြောဖို့ ပြင်လိုက်တုန်း ဧကရာဇ် စာကြည့်ဆောင် တံခါးက "ကျွီ" ဆိုပြီး ရုတ်တရက် ပွင့်လာလေသည်။
ဇဝေဇဝါနဲ့ ကျန်းပေရန် တံခါးပေါက်ဘက် လှည့်ကြည့်လိုက်သည် ဧကရာဇ် စာကြည့်ဆောင်ထဲ ဘယ်သူက ဝံ့ဝံ့စားစား ဝင်လာရဲတာလဲဆိုတာ သိချင်လို့ ဖြစ်သည်။
ဘာကြီးလဲဟ ဘာလို့ ဒီမိုက်မဲတဲ့ ကောင်မလေး ဖြစ်နေရတာလဲ။
တံခါးဝမှာ တောင့်ခဲပြီး ရပ်နေတဲ့ မုန့်စီပေ့ကို မြင်တော့ ကျန်းပေရန်လည်း မှင်သက်သွားလေသည်။
နန်းတော်ထဲမှာ နည်းနည်း အနားယူလို့ ရမယ် ထင်ခဲ့ပေမယ့် ဒီလို ဇာတ်ကောင်မျိုးနဲ့ တိုးမိလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့မိပေ။
ဧကရာဇ် စာကြည့်ဆောင်ထဲမှာ ထိုင်နေတဲ့ ကျန်းပေရန်ကို မြင်တော့ မုန့်စီပေ့လည်း သိသိသာသာ ကြောင်အသွားလေသည်။
သူမက မင်းသမီးကြီးနဲ့ စကားစမြည် ပြောဖို့ ခဏလေး ထွက်သွားတာ ပြန်လာတော့ လောကကြီးက ဘယ်လို ပြောင်းလဲသွားတာလဲ။
သူတို့နှစ်ယောက် တောင့်ခဲနေတာ မြင်တော့ လက်ဖက်ရည် ဖျော်နေတဲ့ မုယောင်က လက်ဖက်ရည်အိုးကို ချလိုက်ပြီး ကျန်းပေရန်ကို ပြောလိုက်လေသည်။
" ပြောပြဖို့ မေ့သွားတယ် ဒါက လန်ပြည်နယ် အရပ်လေးမျက်နှာဂိုဏ်းရဲ့ ဂိုဏ်းချုပ်မုန့်"
အဲ့ဒီနောက် သူမ မုန့်စီပေ့ကို ကြည့်ပြီး မိတ်ဆက်ပေးလိုက်လေသည်။
"ဂိုဏ်းချုပ်မုန့် ဒါက..."
မုန့်စီပေ့လက်တွေကို အမြန် ဝှေ့ယမ်းလိုက်လေသည်။
"မိတ်ဆက်ပေးစရာ မလိုပါဘူး မိတ်ဆက်ပေးစရာ မလိုပါဘူး ကျွန်မ သိတယ်"
ဂိုဏ်းချုပ်မုန့်ရဲ့ ပျာယာခတ်နေတဲ့ အမူအရာကို မြင်တော့ မုယောင် အစပိုင်းမှာ မှင်သက်သွားပေမယ့် ချက်ချင်း ဆက်စပ် တွေးမိလိုက်လေသည်။
ဖြစ်နိုင်တာက အနက်ရောင်ဧကရာဇ် အထွတ်အထိပ် နယ်ပယ် ပညာရှင်တစ်ယောက်တောင် သူ့ကို ကြောက်နေတာလား မဖြစ်နိုင်တာ... မဖြစ်နိုင်တာ မဖြစ်နိုင်တာ….
ပညာရှင်ကြီးက သူမကို ကြည့်နေတာ မြင်တော့ မုန့်စိပေ့က ဧကရာဇ် စာကြည့်ဆောင်ထဲ လှမ်းဝင်ထားပြီးသား ခြေထောက်ကို ပြန်ရုတ်လိုက်လေသည်။
"ရှင်တို့နှစ်ယောက်မှာ ဆွေးနွေးစရာ အရေးကြီး ကိစ္စတွေ ရှိနေမှတော့ အရင် ပြောနှင့်ကြ ကျွန်မ နောက်ထပ် လမ်းလျှောက် ထွက်လိုက်ဦးမယ်"
ဂိုဏ်းချုပ်မုန့် ဖရိုဖရဲ ထွက်ပြေးသွားတာ ကြည့်ပြီး မုယောင် မယုံနိုင်ပေမယ့် ယုံရတော့မည်။
သို့သော် သူမ ဘာမေးခွန်းမှ ထပ်မမေးဘဲ လက်ဖက်ရည် ဆက်ဖျော်နေလိုက်လေသည်။
ဧကရာဇ် စာကြည့်ဆောင် အပြင်ဘက် ဝါးမဏ္ဍပ်တစ်ခု အရောက်ထိ တောက်လျှောက် ပြေးလာခဲ့တဲ့ မုန့်စီပေ့ နောက်ဆုံးတော့ အသက်ရှူဖို့ ရပ်တန့်လိုက်လေသည်။
သူမ ဧကရာဇ် စာကြည့်ဆောင်ဘက်ကို ကြောက်လန့်တကြား ပြန်လှည့်ကြည့်လိုက်လေသည်။
သူ... သူက ဘာလို့ ဒီမှာ ရှိနေတာလဲ။
ပညာရှင်ကြီးက သူ့နောက် မလိုက်ဖို့ ပြောတုန်းက သူမ ယင်ကျန်းဟုန်နောက် လိုက်သွားပြီး ဒီ အရှင်သခင် အကြောင်း ပိုသိချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျန်းပေရန်ရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းခဲ့လေသည်။
ခဏ စဉ်းစားပြီးနောက် ယင်ကျန်းဟုန်က သူမကို ပြောပြခဲ့လေသည်။
"မင်း နန်းတော်ထဲ သွားကြည့်လို့ ရတယ် ယောင်ယောင် ထီးနန်း မတက်ခင် အရင် ဧကရာဇ်က သူပဲ"
မုန့်စီပေ့ အကြီးအကျယ် တုန်လှုပ်သွားခဲ့လေသည်။
ဒါဆို ဂိုဏ်းချုပ် ပြောတဲ့ အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ ဧကရာဇ်သစ်ဆိုတာ သူပေါ့။
ဒီ ဧကရာဇ်သစ်နဲ့ မုန့်စီပေ့ တစ်ခါမှ မတွေ့ဖူးပေမယ့် သူ လုပ်ဆောင်ခဲ့တဲ့ အရာများစွာကို ကြားဖူးသလို သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ယူဆောင်လာတဲ့ ကြီးမားတဲ့ အပြောင်းအလဲ အများအပြားကိုလည်း ထုံတိုင်းပြည်ကို သွားတုန်းက ကိုယ်တိုင် မြင်တွေ့ခဲ့ရလေသည်။
အထင်ရှားဆုံးက ဒီကပ်ရောဂါ ကာလပင် ဖြစ်၏။
အထွတ်အထိပ်နဲ့ လန် ပြည်နယ် နှစ်ခုလုံး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ခံစားခဲ့ရပြီး မရေမတွက်နိုင်တဲ့ သာမန် ပြည်သူတွေ သေဆုံး (သို့) ထွက်ပြေးခဲ့ရကာ မြေကမ္ဘာပေါ်က ကပ်ဘေးနေ့ရက် မြင်ကွင်းမျိုး ဖြစ်ခဲ့လေသည်။
အထွတ်အထိပ်ပြည်နယ်က လူလင်းစီရင်စု တစ်ခုတည်းသာ ခြွင်းချက် ဖြစ်ခဲ့လေသည်။
အဲ့ဒီက လူတွေက ဘာမှ မဖြစ်ခဲ့သလို နေထိုင်ကြလေသည်။
ဒီအကြောင်းရင်းကြောင့် မုန့်စီပေ့ လုလင်စီရင်စုကို တစ်ခေါက် သီးသန့် သွားရောက် စစ်ဆေးခဲ့ဖူးလေသည်။
ကပ်ရောဂါဒဏ် မခံရရုံသာမက ဒီစီရင်စု အတွင်းက ခရိုင် မြို့နယ်တွေက အရမ်း သန့်ရှင်း သပ်ရပ်နေပြီး အိမ်ထောင်စုတိုင်းမှာ စားစရာတွေ ရှိကာ တချို့ အစားအစာတွေက သူမ အရင်က မြင်ဖူးပြီး တချို့က မမြင်ဖူးတာတွေ ဖြစ်နေတာ တွေ့ခဲ့ရလေသည်။
ဆာလောင်မွတ်သိပ်သူ အရမ်း ရှားပါးလေသည်။
လမ်းပေါ်က လူတိုင်းရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့ အမူအရာတွေ ရှိနေပြီး သူတို့ ဘာလုပ်လုပ် အားအင်တွေ ပြည့်ဝနေသည်။
ပြီးတော့ ဒါက တခြား ဘယ်နေရာမှာမှ သူမ မမြင်ဖူးတဲ့ မြင်ကွင်းမျိုး ဖြစ်လေသည်။
ဒီ ဧကရာဇ်က... တကယ် အံ့သြစရာ ကောင်းတယ်။
သူမ အံ့သြစရာ ကောင်းတယ်လို့ ထင်တဲ့ ဒီ ဧကရာဇ်က ပညာရှင်ကြီး ဖြစ်နေလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
ဒါပေမဲ့ ဒီ ပုံရိပ်နှစ်ခု သူမ စိတ်ထဲ ပေါင်းစပ်သွားတဲ့ အခါ အရမ်း သဘာဝကျတယ်လို့ ခံစားလိုက်ရလေသည်။
ဘာလို့လဲဆိုတော့ သူမ ရင်ထဲမှာ ပညာရှင်ကြီးက အရမ်း ကြင်နာတတ်သူမို့လို့ ဖြစ်၏။
ထူးခြားဆန်းပြား သားရဲတစ်ကောင်ကိုတောင် အသက်တစ်ချောင်း အနေနဲ့ လေးစားနိုင်မှတော့ လူသားတွေဆိုရင် ပြောစရာ မလိုတော့ပေ။
ပညာရှင်ကြီးဆိုတာ... တကယ့်ကို ပညာရှင်ကြီးပါပဲ။