← Chapters

အခန်း (၄၄၂)

Vol. 37 Ch. 442

အခန်း (၄၄၂)

Vol. 37 Ch. 442

"ဟူး... ဟူး..."

"သခင် လက်ဖက်ရည် သောက်ပါဦး ရှင် ခန်းမဆောင်ထဲ လမ်းလျှောက်နေတာ ၂ နာရီတောင် ရှိနေပြီ"

ကျက်သရေရှိတဲ့ ခန်းမဆောင်ထဲမှာ ကျော့ရှင်းလှပတဲ့ အမျိုးသမီးကြီး တစ်ယောက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး ဖန်းနျန်ပိုင် ကို နားချဖို့ ကြိုးစားနေလေသည်။

သူတို့ဘေးနားမှာ ဖန်းမျိုးနွယ်စုဝင် ကြီးကြီးငယ်ငယ် အများအပြား ထိုင်နေကြပြီး အားလုံး တိတ်ဆိတ်နေကြလေသည်။

"ဟင်း ငါ မသောက်ဘူး"

ဖန်းနျန်ပိုင် က လှပတဲ့ အမျိုးသမီးကြီး ကမ်းပေးတဲ့ လက်ဖက်ရည်ခွက်ကို တွန်းထုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။

"ဒီကိစ္စ မပြေလည်မချင်း ငါ ထမင်းတောင် စားနိုင်မှာ မဟုတ်ဘူး လက်ဖက်ရည် သောက်ဖို့ ဘယ်လို စိတ်ပါနိုင်မှာလဲ"

"ဟူး" လှပတဲ့ အမျိုးသမီးကြီး လည်း သက်ပြင်းချလိုက်ပြီး လက်ဖက်ရည်ခွက်ကို ဘေးနားက အစေခံမလေးဆီ ပေးလိုက်ကာ ဆက်ပြောလိုက်လေသည်။

"ချိုးယောင် က သူ့ကို ကူညီမယ့်သူ ရှာတွေ့ထားပြီလို့ ပြောတယ် မဟုတ်လား သခင်က ဒီအတိုင်း..."

"သူမ ဟုတ်လား" လှပတဲ့ အမျိုးသမီးကြီး စကားမဆုံးခင် ဖန်းနျန်ပိုင် ဖြတ်ပြောလိုက်လေသည်။

"သူမက မိန်းမငယ်လေး တစ်ယောက်ပဲ ရှိသေးတာ ဘယ်သူ့ကိုများ အကူအညီ ရှာနိုင်မှာလဲ ရွှန်းမျိုးနွယ်စု ထက် ပိုကြီးမားတဲ့ နောက်ခံ ရှိတဲ့သူကို သူ ရှာနိုင်မှာတဲ့လား"

ပြောပြီးနောက် ဖန်းနျန်ပိုင် သူ့ကိုယ်သူ စိတ်ထိန်းနိုင်မှု လွတ်သွားပြီလို့ ခံစားလိုက်ရလေသည်။

သူ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"ဟူး ငါ့အမှားပါ ငါ့ဒေါသတွေကို မင်းအပေါ် မပုံချသင့်ဘူး ကိုယ့်သမီးကိုတောင် မကာကွယ်နိုင်တဲ့ အသုံးမကျတဲ့ အဖေ ဖြစ်နေလို့ ငါ့အမှားတွေပါပဲ"

ဒါကို ကြားတော့ လှပတဲ့ အမျိုးသမီးကြီး မျက်ရည်ကျမလာဘဲ မနေနိုင်တော့ပေ။

သူမ ဝတ်ရုံထဲက ပန်းထိုး လက်ကိုင်ပုဝါ တစ်ထည် ထုတ်လိုက်ပြီး မျက်ရည်တွေကို သုတ်ကာ ပြောလိုက်လေသည်။

"ဟူး ငါ့ရဲ့ သနားစရာ ကံဆိုးတဲ့ သမီးလေး ဘယ်လိုများ ဒီလို ကပ်ဘေးမျိုး ကြုံရတာလဲ"

ဒီအချိန်မှာ ဘေးနား ထိုင်နေတဲ့ အမျိုးသမီးငယ် တစ်ယောက် ရုတ်တရက် ဝင်ပြောလိုက်လေသည်။

"သခင် သခင်မ သိပ်ဝမ်းနည်းမနေပါနဲ့ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက အနက်ရောင်ဧကရာဇ် တစ်ပါး နောက်ခံ ရှိတဲ့ မျိုးနွယ်စုကြီးပါ ချိုးယောင် သာ သူတို့ မျိုးနွယ်စုထဲ ဝင်ရောက် လက်ထပ်လိုက်ရင် အကျိုးကျေးဇူး အမျိုးမျိုး သေချာပေါက် ရလာမှာပါ သူမက ငယ်သေးလို့ နားမလည်သေးတာ..."

"ပါးစပ်ပိတ်ထား" ဖန်းနျန်ပိုင် နောက်လှည့်ပြီး အမျိုးသမီးငယ်ကို အော်ဟစ်လိုက်လေသည်။

"ငါ ဖန်းနျန်ပိုင် က ရွှန်းမျိုးနွယ်စုရဲ့ အကျိုးကျေးဇူးတွေကို မက်မောတယ်လို့ မင်း ထင်နေလား ဒီမျိုးနွယ်စု ကြီးမား သန်မာလာအောင် ငါ ဘာလို့ တည်ဆောက်ခဲ့တာလဲ ငါ့သားသမီးတွေ သူတို့ လိုချင်တဲ့ ဘဝမျိုး နေထိုင်နိုင်အောင် မဟုတ်ဘူးလား ဒီမိသားစုကို ကာကွယ်ဖို့ ချိုးယောင်ရဲ့ ပျော်ရွှင်မှုကို စတေးလိုက်ရလို့ ငါ့ရင်တွေ ကွဲနေရတဲ့ကြားက မင်းက ဒီလို အသည်းနှလုံး မရှိတဲ့ စကားတွေ ပြောထွက်သေးတယ်"

သခင်ရဲ့ တုံ့ပြန်မှုက ဒီလောက် ပြင်းထန်လိမ့်မယ်လို့ အမျိုးသမီးငယ် မမျှော်လင့်ထားခဲ့တာကြောင့် ခဏတာ မှင်သက်သွားလေသည်။

ဒါပေမဲ့ မကြာခင် သူမ ဝမ်းနည်းပက်လက် အော်ငိုလိုက်လေသည်။

"ကျွန်မကို အော်နေလို့ ဘာထူးမှာလဲ ကိစ္စက ဖြစ်ပြီးသွားပြီ လူတိုင်း အကောင်းဘက်က မြင်အောင် ကျွန်မ ကြိုးစားပေးနေတာပါ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလို့ ပြဿနာ ပြေလည်သွားမှာလား"

"ကောင်းပြီ ကောင်းပြီ ငါက အသုံးမကျတဲ့လူ ဖြစ်နေလို့ပေါ့ မင်းတို့ အားလုံး ပုန်ကန်နေကြတာ အားလုံးပဲ"

ဖန်းနျန်ပိုင် စကားပြောရင်း ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေလေသည်၊ လက်နက် အဖြစ် သုံးလို့ ရမယ့် အရာ တစ်ခုခု ရှာဖွေနေသလိုပါပဲ။

ဒါကို မြင်တော့ အမျိုးသမီးငယ် သခင်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီ ဆိုတာ သိလိုက်လေသည်။

သူမ အော်ဟစ်ပြီး ခန်းမဆောင် အပြင်ဘက် ထွက်ပြေးသွားလေသည်။

အမျိုးသမီးငယ် ထွက်ပြေးတာ မြင်တော့ ဖန်းနျန်ပိုင် က လက်နက် ဟုတ်မဟုတ် ဂရုမစိုက်တော့ပေ။

သူ့မြေးမလေး အတွက် ကစားစရာ ဖြစ်တဲ့ သစ်သား မြင်းရုပ် တစ်ရုပ်ကို တိုက်ရိုက် ကောက်ယူလိုက်ပြီး သူမနောက် လိုက်ကာ အော်ဟစ်လိုက်လေသည်။

"အခု ရပ်လိုက်စမ်း မင်းကို ငါ ရိုက်ပြီးမှ အကောင်းဘက်က ဘယ်လို မြင်ရလဲ ဆိုတာ မင်း ငါ့ကို ပြောပြ"

သခင်က ရိုက်နှက်တော့မယ့် ပုံ ပေါက်နေတာ မြင်တော့ လှပတဲ့ အမျိုးသမီးကြီး သူ့ခါးကို အမြန် ဖက်လိုက်ပြီး အော်ဟစ်လိုက်လေသည်။

"သခင် ကျေးဇူးပြုပြီး စိတ်လျှော့ပါ မလုပ်ပါနဲ့ မလုပ်ပါနဲ့"

"ငါ လုံးဝ စိတ်အေးနေတယ် ငါ့ကို လွှတ်စမ်း"

သခင်ကို ဆွဲထားရင်း လှပတဲ့ အမျိုးသမီးကြီး က ဘာလုပ်ရမှန်း မသိဘဲ ရပ်ကြည့်နေတဲ့ သားဖြစ်သူတွေကို လှမ်းအော်လိုက်လေသည်။

"ဝမ်ယောင် ထျန်ချန် မင်းတို့ ဘာလို့ အဲ့ဒီမှာ ထိုင်နေကြတာလဲ မင်းတို့အဖေကို မြန်မြန် တားကြလေ"

သူတို့အမေ ခေါ်သံ ကြားတော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လာကူညီရုံကလွဲရင် ရွေးချယ်စရာ မရှိတော့ပေ။

ခန်းမဆောင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတုန်း ဖန်းချိုးယောင် ရုတ်တရက် လျှောက်လာပြီး အော်ဟစ်လိုက်လေသည်။

"အဖေ ဘာလုပ်နေတာလဲ"

သမီးဖြစ်သူ လာနေတာ မြင်တော့ သစ်သား မြင်းရုပ်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ ဖန်းနျန်ပိုင် တောင့်ခဲသွားလေသည်။

သူ သက်ပြင်းရှည်ကြီး မချဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

"ငါ... ငါ မင်းကို နစ်နာစေခဲ့ပြီ"

ဖန်းချိုးယောင် ရှေ့တိုးလာပြီး အဖေ့လက်ထဲက သစ်သား မြင်းရုပ်ကို ယူလိုက်ကာ သူ့ဝတ်ရုံရှည်ကို ဖြောင့်စင်းပေးရင်း ပြောလိုက်လေသည်။

"အဖေ ဒီကိစ္စ အလှည့်အပြောင်း ဖြစ်လာလိမ့်မယ်လို့ သမီး ပြောခဲ့တယ် မဟုတ်လား ကျေးဇူးပြုပြီး စိတ်မပူပါနဲ့"

လိမ္မာရေးခြား ရှိပြီး အသိဉာဏ် ရှိတဲ့ သမီးလေးကို ကြည့်ပြီး ဖန်းနျန်ပိုင် လက်လှမ်းကာ သူမ ပခုံးကို အနည်းငယ် ပုတ်လိုက်လေသည်။

"သမီးက ကလေးကောင်းလေး တစ်ယောက် ဆိုတာ အဖေ သိပါတယ် အဖေ ဘယ်သူ့ကိုမှ စိတ်ဆိုးတာ မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် အသုံးမကျလို့ စိတ်ဆိုးနေတာပါ"

အဖေက သူမကို လုံးဝ မယုံကြည်သေးတာ မြင်တော့ ဖန်းချိုးယောင် လက်လျော့လိုက်ရသလို ခံစားလိုက်ရလေသည်။

မနေ့ နေ့လည်တုန်းက သစ်ခွရေစင်အဆောင် မှာ လျိုဇီကျင်း တို့နဲ့ အတူ ဆေးရေချိုးနေခဲ့တာ ဖြစ်လေသည်။

အပြင်ထွက်လာတော့ သူမ စီနီယာအစ်ကို က ခန်းမသခင်မ နဲ့ လျှို့ဝှက်နဂါးဒဏ္ဍာရီ ကစားနေတာ တွေ့လိုက်ရသည်၊ ဘယ်အချိန် ပြန်ရောက်လာမှန်း သူမ မသိခဲ့ပေ။

ပုံမှန်လိုပဲ စီနီယာအစ်ကို ကို နှုတ်ဆက်ပြီးနောက် သူမကို နေရာမှာတင် အေးခဲသွားစေမယ့် စကား တစ်ခွန်း စီနီယာအစ်ကို က ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။

"မင်းအတွက် ရွှန်းမျိုးနွယ်စု ကိစ္စ ငါ ဖြေရှင်းပြီးပြီ ငါတို့ သဘောတူထားတဲ့ ဆုလာဘ်ကို မမေ့နဲ့ဦး"

လျိုဇီကျင်း တို့က အရင်ဆုံး တုံ့ပြန်ပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြပေမယ့် ဖန်းချိုးယောင် ကတော့ ကြောင်ပြီး ရပ်နေတုန်းပါပဲ။

သူမ စီနီယာအစ်ကို အပေါ် အပြည့်အဝ ယုံကြည်မှု ရှိပေမယ့် သူမအတွက် ဒီလောက် ကြီးမားတဲ့ ကပ်ဘေးကြီးကို သူ ဖြေရှင်းပေးလိုက်ပြီလို့ တကယ် ကြားလိုက်ရတဲ့ အခါ လုံးဝ မှင်သက်သွားခဲ့ရလေသည်။

သူမရဲ့ အံ့သြမှုနဲ့ ပျော်ရွှင်မှုကို ဘယ်လို ထုတ်ဖော်ပြရမလဲ ဆိုတာ သူမ မသိတော့ပေ။

ဒါပေမဲ့ သူမ ပိုပို သေချာလာတဲ့ အရာ တစ်ခု ရှိလေသည်။

'စီနီယာအစ်ကိုက တကယ် ဘာမဆို လုပ်နိုင်တာပဲ'

ဒီသတင်းကောင်း ရရှိပြီးနောက် ဖန်းချိုးယောင် သူမ အဖေကို ပြောပြဖို့ အိမ်ကို ချက်ချင်း ပြန်လာခဲ့လေသည်။

ဒါပေမဲ့ ဘယ်သူ ကူညီပေးလိုက်တာလဲ လို့ အဖေက အံ့သြဝမ်းသာစွာ မေးတဲ့ အခါ ဖန်းချိုးယောင် စကားထစ်နေပြီး ရှင်းလင်းစွာ မပြောပြနိုင်ခဲ့ပေ။

လျှို့ဝှက်ဆန်းကြယ် ပညာရှင် တစ်ယောက်ပါ လို့ပဲ သူမ ဆက်ပြောနေခဲ့လေသည်။

သို့သော် ဒီလို စကားမျိုးက ဖန်းနျန်ပိုင် ကို ဘယ်လို ယုံကြည်စေနိုင်မှာလဲ။ ဒါကြောင့် ခဏတာ အံ့သြပြီးနောက် သူ့သမီးက သူ့ကို နှစ်သိမ့်ဖို့ ပြောတဲ့ "ကလေးကစားစရာ ဟာသ" လို့ပဲ သူ သတ်မှတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပဲ ဒါက ဖန်းနျန်ပိုင် ကို ပိုလို့တောင် အသုံးမကျသလို ခံစားရစေခဲ့လေသည်။

ကိုယ့်သမီး ကိုယ် မကာကွယ်နိုင်ရုံ သာမက မျိုးနွယ်စု အတွက် စတေးခံရမယ့် သမီးက လိမ်ညာပြီး သူ့ကို ပြန်နှစ်သိမ့်နေရလေသည်။

ဘယ်လောက်တောင် ကျရှုံးလိုက်သလဲ။

ဒါကြောင့်လည်း ခုနက ဒီကိစ္စ ထည့်ပြောလာတဲ့ အခါ သူ အကြီးအကျယ် ဒေါသ ထွက်သွားရတာ ဖြစ်လေသည်။

သူမ ရောက်လာတော့ ဖရိုဖရဲ ဖြစ်နေတဲ့ ခန်းမဆောင်က ချက်ချင်း တိတ်ဆိတ်သွားလေသည်။

လူတိုင်း ဖန်းချိုးယောင် ကို လေးနက်တဲ့ မျက်နှာထားတွေနဲ့ ကြည့်နေကြလေသည်။

ဖန်းဝမ်ယောင် လက်သီးဆုပ်ပြီး ဖန်းချိုးယောင် ရှေ့ လျှောက်သွားကာ ပြောလိုက်လေသည်။

"ညီမလေး စိတ်မပူနဲ့ အစ်ကိုကြီး သေချာပေါက် ကြိုးစား ကျင့်ကြံပါ့မယ် အချိန်တန်ရင် စွမ်းအားကြီးတဲ့ ဆရာ တစ်ယောက် ရှာမယ် အဲ့ဒီ ရွှန်း မျိုးရိုးကောင်က အနာဂတ်မှာ ညီမလေးကို အနိုင်ကျင့်ရဲရင် အစ်ကိုကြီး သူ့ကို ညီမလေး အစား သင်ခန်းစာ ပေးမယ်"

ဒါကို ကြားတော့ ဖန်းထျန်ချန် လည်း လျှောက်လာပြီး ပြောလိုက်လေသည်။

"ဟုတ်တယ် ချိုးယောင် စိတ်မပူနဲ့ ငါ အနက်ရောင်ဝိညာဉ် နယ်ပယ်ကို ရောက်ခါနီးနေပြီ ဒုတိယဂိုဏ်းချုပ် ရဲ့ တပည့် ဖြစ်လာနိုင်ရင် ငါ... ငါလည်း နင့်ကို ကာကွယ်ပေးနိုင်မှာပါ"

ဖန်းထျန်ချန် ရဲ့ စကားတွေက နည်းနည်း ဟာလာဟင်းလင်း နိုင်နေလေသည်။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ဒုတိယဂိုဏ်းချုပ် က အနက်ရောင်ဧကရာဇ် တစ်ပါးသာ ဖြစ်ပြီး အနက်ရောင်ဘိုးဘေး တစ်ပါးနဲ့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလေသည်။

ဒါပေမဲ့ ဒီအချိန်မှာ သူ့ညီမလေးကို နှစ်သိမ့်ဖို့ တခြား ပြောစရာ သူ ဘာမှ စဉ်းစားမရတော့ပေ။

နောက်တော့ လှပတဲ့ အမျိုးသမီးကြီး က လူအုပ်ကြားထဲကနေ ဖြည်းဖြည်းချင်း ထွက်လာပြီး ဖန်းချိုးယောင် ကို သူမ ရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။

သူမ ဘာမှ မပြောဘဲ ဖက်ထားပြီး ပိုပို တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

ပိုပို လေးလံလာတဲ့ လေထုကို ခံစားရင်း ဖန်းချိုးယောင် တော်တော် လက်လျော့လိုက်ရသလို ခံစားလိုက်ရလေသည်။

သူမ မိသားစုရဲ့ မေတ္တာကို တိတ်တဆိတ် လက်ခံရုံကလွဲပြီး ဘာမှ မလုပ်နိုင်ပေ။

"သခင် သခင် ရွှန်းမျိုးနွယ်စု က လူတွေ ရောက်လာပါပြီ ဒီတစ်ခါ လူအင်အား တော်တော် များပါတယ်"

ခန်းမဆောင် တိတ်ဆိတ်သွားတုန်း တံခါးစောင့်နေတဲ့ အစေခံက ပြေးဝင်လာပြီး အော်ဟစ်လိုက်တာကြောင့် သူမရဲ့ သစ်သား မြင်းရုပ်လေးကို ပြန်ခိုးယူဖို့ ကြိုးစားနေတဲ့ ဖန်းယန် လန့်သွားလေသည်။

အစေခံရဲ့ ခေါ်သံ ကြားတော့ ဖန်းနျန်ပိုင် မှာ ရှုပ်ထွေးတဲ့ မျက်နှာထား ဖြစ်ပေါ်လာပေမယ့် သမီးဖြစ်သူရဲ့ ပခုံးကို ပုတ်ပေးလိုက်ပြီး ခန်းမဆောင် အပြင်ဘက် ထွက်သွားလိုက်လေသည်။

ဒါကို မြင်တော့ လှပတဲ့ အမျိုးသမီးကြီး လည်း ဖက်ထားတာကို လွှတ်လိုက်ပြီး ပန်းထိုး လက်ကိုင်ပုဝါ ထုတ်ကာ မျက်ရည်သုတ်ရင်း ဖန်းချိုးယောင် ကို ပြောလိုက်လေသည်။

"အမေက သမီးကို နစ်နာစေခဲ့ပြီ"

ပြောပြီးနောက် သူမ ဖန်းနျန်ပိုင် နောက် လိုက်သွားလိုက်လေသည်။

ရွှန်းမျိုးနွယ်စု က လူတွေ ရောက်လာပြီ ဆိုတာ ကြားလိုက်ရတဲ့ အခါ သူမ စီနီယာအစ်ကို က ကိစ္စ ဖြေရှင်းပြီးပြီလို့ ဖန်းချိုးယောင် ရင်ထဲမှာ ယုံကြည်ထားပေမယ့် အခု သူ မရှိနေတော့ သူတို့ ရည်ရွယ်ချက်ကို သူမ နည်းနည်း မသေချာ ဖြစ်နေမိလေသည်။

'မလန့်နဲ့ စီနီယာအစ်ကိုက အဆင်ပြေတယ် ပြောရင် အဆင်ပြေမှာပဲ'

ခေါင်းညိတ်လိုက်ပြီး ဖန်းချိုးယောင် သူမ မိဘတွေ နောက် လိုက်ဖို့ ပြင်လိုက်ပေမယ့် ဖန်းထျန်ချန် က ပြန်ဆွဲထားလိုက်လေသည်။

"ချိုးယောင် နင်... နင် အထဲမှာပဲ နေခဲ့ပါ အပြင်က ကိစ္စတွေကို အဖေ ကိုင်တွယ်ပါစေ"

"အာ အစ်ကိုကြီး ကျွန်မကို ယုံပါ ကျွန်မ အဆင်ပြေပါတယ်" ပြောပြီးနောက် သူမ ဖန်းထျန်ချန် လက်ထဲက ရုန်းထွက်ပြီး သူတို့နောက် လိုက်သွားလိုက်လေသည်။

ဒီအချိန်မှာ ဖန်းနျန်ပိုင် က ပင်မ တံခါးဝ ဆီ ရောက်နေပြီ ဖြစ်ပြီး ရွှန်းမျိုးနွယ်စု က လူအုပ်ကြီးကို မြင်တွေ့လိုက်ရလေသည်။

'သူတို့က ဒီလောက် စိတ်မရှည် ဖြစ်နေတာလား...'

ဒါက စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်တဲ့ ယာဉ်တန်း ဖြစ်မယ် ဆိုတာ ဖန်းနျန်ပိုင် တစ်ချက်ကြည့်ရုံနဲ့ သိလိုက်လေသည်။

သမီးဖြစ်သူနဲ့ ခွဲခွာရမှာကို သူ အရမ်း ဝန်လေးနေပေမယ့် ပိုကြီးမားတဲ့ အခြေအနေ အတွက်၊ ဖန်းမျိုးနွယ်စု အတွက် မျက်နှာပေါ်မှာ အပြုံးတု တစ်ခု တပ်ဆင်ပြီး သူတို့ကို သွားရောက် ကြိုဆိုရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။

သို့သော် သူ စကားမပြောနိုင်ခင်မှာတင် မုတ်ဆိတ်ရှည်ကြီးနဲ့ လူအိုကြီး တစ်ယောက် လျှောက်လာပြီး သူ့လက်ကို ဆွဲကာ ပြောလိုက်လေသည်။

"ခင်ဗျားက မျိုးနွယ်စု ခေါင်းဆောင်ဖန်း ဖြစ်ရမယ် ခင်ဗျား အကြောင်း အများကြီး ကြားဖူးပါတယ် တကယ်ပါ..."

'ခင်ဗျား'

ယဉ်ကျေးတဲ့ အသုံးအနှုန်းကို ကြားလိုက်ရတော့ ဖန်းနျန်ပိုင် မှင်သက်မသွားဘဲ မနေနိုင်တော့ပေ၊ လက်ရှိ အခြေအနေကို သူ နားမလည်နိုင် ဖြစ်နေလေသည်။

'ငါတို့က မိသားစု တစ်ခု ဖြစ်တော့မှာမို့ သူက ယဉ်ကျေးတဲ့ စကားတချို့ ပြောနေတာလား'

"ဟုတ်ပါတယ် ကျွန်တော်ပါ ခင်ဗျားက...?"

"အို ကြည့်စမ်း ငါ့ကိုယ့်ငါ အရင် မိတ်မဆက်မိဘူး ရိုင်းလိုက်တာ တကယ် ရိုင်းလိုက်တာ" ပြောပြီးနောက် မုတ်ဆိတ်ရှည်ကြီးနဲ့ လူအိုကြီး ဖန်းနျန်ပိုင် ရဲ့ လက်တွေကို လွှတ်လိုက်ပြီး ပြောလိုက်လေသည်။

"ဒီ နှိမ့်ချသူက ရွှန်းမျိုးနွယ်စု ရဲ့ ခေါင်းဆောင် ရွှန်းဝူကူ ပါ"

'ရွှန်းမျိုးနွယ်စု ခေါင်းဆောင်'

သူ့ကို ဒီလောက် ယဉ်ကျေးနေတဲ့ သူက ရွှန်းမျိုးနွယ်စု ရဲ့ ခေါင်းဆောင် ဖြစ်နေမယ်လို့ ဖန်းနျန်ပိုင် ဘယ်တုန်းကမှ စိတ်ကူးမယဉ်ဖူးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရွှန်းမျိုးနွယ်စု က သူတို့ မိသားစုနဲ့ စီးပွားရေး အသေးအဖွဲလေးတွေပဲ လုပ်ဖူးတာလေ၊ ရွှန်းမျိုးနွယ်စု ခေါင်းဆောင် နဲ့ သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

ဒါကြောင့် ခဏတာ သူ လုံးဝ ကြောင်အသွားခဲ့လေသည်။

'ရွှန်းမျိုးနွယ်စု ခေါင်းဆောင် က ဒီလောက် ယဉ်ကျေးနေတာလား'

တစ်ချိန်တည်းမှာပဲ လှပတဲ့ အမျိုးသမီးကြီး လည်း မှင်သက်နေလေသည်။

အဲ့ဒီ ဒုတိယသခင်လေး ရွှန်းယင်း က ဘယ်လောက် မောက်မာပြီး ဗိုလ်ကျတတ်လဲ ဆိုတာ သူမ မြင်တွေ့ခဲ့ဖူးလေသည်။

သူတို့ မျိုးနွယ်စု ခေါင်းဆောင်က ဘယ်လိုလုပ် ဒီလောက် နှိမ့်ချပြီး ယဉ်ကျေးနေရတာလဲ။

သူတို့နှစ်ယောက်လုံး မှင်သက်နေတာ မြင်တော့ ရွှန်းဝူကူ အမြန် ပြောလိုက်လေသည်။

"ခင်ဗျားတို့ နှစ်ယောက် အထဲဝင်ပြီး စကားပြောကြမလား"

ရွှန်းဝူကူ ရဲ့ မေးခွန်းကို နားလည်လိုက်ပြီး ဖန်းနျန်ပိုင် နောက်ဆုံးတော့ သတိ ပြန်ဝင်လာလေသည်။

သူ ဖိတ်ခေါ်တဲ့ လက်ဟန် ပြုလုပ်ပြီး ပြောလိုက်လေသည်။

"ဒါပေါ့ ကြွပါ ဝင်လာပါ ဝင်လာပါ"

သူမအဖေ ရွှန်းမျိုးနွယ်စု အဖွဲ့ကို အိမ်ထဲ ဖိတ်ခေါ်နေတာ ကြည့်ပြီး၊ စောစောက မြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် ဖန်းချိုးယောင် ရဲ့ စိတ်ထဲမှာ အလွန် သေချာသွားပြီ ဖြစ်လေသည်။

'ဒီ ရွှန်းမျိုးနွယ်စုဝင်တွေ ဒီလောက် ယဉ်ကျေးနေရတာ စီနီယာအစ်ကို ကြောင့်ပဲ ဖြစ်ရမယ်'

ရွှန်းမျိုးနွယ်စု တစ်ခုလုံးကို ဝင်းထဲ ဖိတ်ခေါ်ပြီးနောက် ဖန်းနျန်ပိုင် ရွှန်းဝူကူ ကို ကြည့်ပြီး ပြောလိုက်လေသည်။

"ခင်ဗျားတို့ လာမယ်မှန်း မသိလို့ ဘာမှ မပြင်ဆင်ထားမိဘူး ခဏလောက် စောင့်ပါ ဧည့်ခံပွဲ ပြင်ဆင်ဖို့ အစေခံတွေကို ခိုင်းလိုက်ပါ့မယ်"

"မလုပ်ပါနဲ့ မလုပ်ပါနဲ့ မလုပ်ပါနဲ့" ရွှန်းဝူကူ လက်တွေကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်လေသည်။

"ဒုက္ခ မရှာပါနဲ့ လုံးဝ ဒုက္ခမရှာပါနဲ့ ဒီနေ့ ကိစ္စ တစ်ခုတည်း အတွက်ပဲ လာခဲ့တာပါ ပြီးတာနဲ့ ပြန်တော့မှာပါ"

ပြောပြီးနောက် ရွှန်းဝူကူ လေးနက်တဲ့ အသံနဲ့ ပြောလိုက်လေသည်။

"လျန်ကျွင်း မင်း ဘာလို့ အဲ့ဒီမှာ ရပ်နေသေးတာလဲ"

လူအုပ်ထဲကနေ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် အမြန် ရှေ့တိုးလာပြီး ဖန်းနျန်ပိုင် ကို အရင် ဦးညွှတ်ကာ ပြောလိုက်လေသည်။

"မျိုးနွယ်စု ခေါင်းဆောင်ဖန်း ဒီ နှိမ့်ချသူက ရွှန်းလျန်ကျွင်း ပါ ကျွန်တော့်သားကို ကောင်းကောင်း မဆုံးမနိုင်ခဲ့လို့ ခင်ဗျားတို့ အားလုံးကို ဒုက္ခတွေ အများကြီး ပေးမိတာ ကျွန်တော့်အပြစ်ပါ"

အဲ့ဒီနောက် သူ နောက်လှည့်ပြီး အော်ဟစ်လိုက်လေသည်။

"မိဘစကား နားမထောင်တဲ့ကောင် အခုချက်ချင်း ဒူးထောက်စမ်း"

သူ့အဖေရဲ့ ဒေါသတကြီး အော်ဟစ်သံ ကြားတော့ ရွှန်းယင်း တုန်လှုပ်သွားလေသည်။

သူ ရှေ့နှစ်လှမ်း အမြန် တိုးလာပြီး ဒူးနှစ်ဖက်လုံးနဲ့ ထောက်ကာ ဖန်းနျန်ပိုင် ကို ဦးညွှတ်လိုက်လေသည်။

"မျိုးနွယ်စု ခေါင်းဆောင်ဖန်း ကျွန်တော် ငယ်ရွယ်ပြီး မိုက်မဲလွန်းလို့ ခင်ဗျားသမီးကို ယုတ်မာတဲ့ နည်းလမ်းနဲ့ လက်ထပ်ဖို့ ကြိုးစားရဲခဲ့တယ်၊ ပြီးတော့ ခင်ဗျားကိုတောင် မကောင်း ပြောဆိုခဲ့မိတယ် ဒါက လွန်လွန်ကဲကဲ ရိုင်းစိုင်းခဲ့တာပါ အခု အဖေ့ရဲ့ လမ်းညွှန်မှုအောက်မှာ ကျွန်တော် နောင်တရပြီး အမှားတွေကို ပြန်ဆင်ခြင်မိပါပြီ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

'ဘာကြီး'

ရွှန်းမျိုးနွယ်စု ရဲ့ ဒီလုပ်ရပ်တွေ ဆက်တိုက် ဖြစ်လာတာက ဖန်းမိသားစုကို လုံးဝ ကြောင်အသွားစေခဲ့လေသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က နှိုင်းယှဉ်မရလောက်အောင် မောက်မာခဲ့တဲ့ ရွှန်းမျိုးနွယ်စု ရဲ့ ဒုတိယသခင်လေးက အခု သူ့ရှေ့မှာ တုန်ယင်ပြီး ဒူးထောက်နေတာ ကြည့်ရင်း ဘာဖြစ်နေလဲ ဆိုတာ ဖန်းနျန်ပိုင် လုံးဝ နားမလည်နိုင် ဖြစ်နေလေသည်။

ဒါပေမဲ့ သူ ရှေ့ အမြန် တိုးသွားပြီး ပြောလိုက်လေသည်။

"မလုပ်ပါနဲ့ ဒီလို မလုပ်ပါနဲ့"

ရွှန်းယင်း ကို ကြမ်းပြင်ပေါ်ကနေ ထူပေးပြီး ဖန်းနျန်ပိုင် ရွှန်းဝူကူ ကို ကြည့်ကာ ပြောလိုက်လေသည်။

"မျိုးနွယ်စု ခေါင်းဆောင်ရွှန်း တစ်ခုခု နားလည်မှု လွဲနေတာ ဖြစ်ရမယ် သခင်လေးရွှန်း အနေနဲ့ ဒီလောက် ကြီးကျယ်တဲ့ အမူအရာမျိုး လုပ်ပြစရာ မလိုပါဘူး"

ရွှန်းဝူကူ ချက်ချင်း သူ့စကားကို ထောက်ခံလိုက်လေသည်။

"ဟုတ်တယ် နားလည်မှုလွဲတာ နားလည်မှုလွဲတာ ဖြစ်ရမယ်"

ဖန်းနျန်ပိုင် ရဲ့ တုံ့ပြန်မှုတွေကို မြင်တော့ ရွှန်းဝူကူ ရဲ့ စိုးရိမ်နေတဲ့ စိတ် နှလုံး နောက်ဆုံးတော့ နည်းနည်း တည်ငြိမ်သွားလေသည်။

သူ နည်းနည်း ပိုစိတ်ချသွားလေသည်။

'ဘုရားသခင် ကျေးဇူးတော်ကြောင့် ဂိုဏ်းချုပ်ရဲ့ မိတ်ဆွေက ငါတို့ ရွှန်းမျိုးနွယ်စု အပေါ် ရက်စက်ဖို့ ရည်ရွယ်ချက် မရှိဘူးနဲ့ တူတယ်'

သက်ပြင်းချလိုက်ပြီး ရွှန်းဝူကူ ဒီမနက်က ကြောက်မက်ဖွယ် အခိုက်အတန့်ကို ပြန်မတွေးမိဘဲ မနေနိုင်တော့ပေ။

ပုံမှန်လိုပဲ သူက နောက်ဖေးဝင်းထဲမှာ တင်ပျဉ်ခွေ ထိုင်ပြီး ကျင့်ကြံနေခဲ့တာ၊ မကြာခင် အနက်ရောင်ဧကရာဇ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ မျှော်လင့်ရင်းပေါ့။

ဒါပေမဲ့ သူ့ရဲ့ တတိယမြောက် သေးငယ်တဲ့ ကောင်းကင်စက်ဝန်း ကို ပြီးဆုံးခါနီးမှာပဲ သစ်တောက်ငှက် တစ်ကောင် ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး သူ့ရှေ့မှာ ရပ်လိုက်လေသည်။

ဒါက ဂိုဏ်းချုပ်ရဲ့ သီးသန့် စာပို့ငှက် ဖြစ်မှန်း ရွှန်းဝူကူ သေချာပေါက် သိတာကြောင့် သူ့တစ်ကိုယ်လုံး ချက်ချင်း တင်းမာသွားခဲ့လေသည်။

ဂိုဏ်းချုပ်က သူ့ကို ကိုယ်တိုင် ဆက်သွယ်လေ့ မရှိပေ၊ အချိန်အများစုမှာ ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံ မဟာ ခန်းမသခင်ကသာ သူ့ကို အမိန့်တွေ ထုတ်ပြန်လေ့ ရှိလေသည်။

ဂိုဏ်းချုပ်ဆီကနေ ကိုယ်ပိုင် စာတစ်စောင် လက်ခံရရှိတာက သူ့အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာ တစ်ခု ဖြစ်လေသည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရွှန်းဝူကူ သစ်ထုတ်ငှက် ကို ဦးညွှတ်ကာ စာကို ယူလိုက်လေသည်။

စာကို ကိုင်ထားရင်း ရွှန်းဝူကူ အလွန် စိတ်လှုပ်ရှားနေခဲ့လေသည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာတင် သူ ဖြစ်နိုင်ခြေ အများကြီး တွေးမိခဲ့လေသည်။

ဂိုဏ်းချုပ်က သူ့ကို ကိုယ်တိုင် စာရေးရလောက်အောင် ဘယ်လောက် ကြီးကျယ်တဲ့ ကိစ္စ ဖြစ်နိုင်မလဲ...

'သူ ငါ့ကို တကယ် ရာထူးတိုးပေးတော့မှာလား'

ဂိုဏ်းက ပေးအပ်တဲ့ တာဝန်တွေကို ကိုင်တွယ်ရာမှာ ရွှန်းဝူကူ က အမြဲတမ်း ဝီရိယ ရှိပြီး သတိရှိခဲ့လေသည်။

တစ်ခုခုကို ပြီးပြည့်စုံအောင် လုပ်နိုင်ရင် သူ ဘယ်တော့မှ လျှော့မလုပ်ခဲ့ဘူး၊ ပြီးတော့ မဟာ ခန်းမသခင် ရဲ့ သူ့အပေါ် အကဲဖြတ်မှုက အမြဲတမ်း အရမ်း မြင့်မားခဲ့လေသည်။

လွန်ခဲ့တဲ့ အချိန်တုန်းက မဟာ ခန်းမသခင် က ယွန်းထုံစီရင်စု မှာ ဌာနခွဲသစ် တစ်ခု တည်ထောင်တော့မယ်၊ ပြီးတော့ သူက အဲ့ဒီနေရာနဲ့ တော်တော် သင့်တော်တယ်လို့ ပြောခဲ့ဖူးလေသည်။

ဒါကြောင့် ဒီစာက အဲ့ဒီနေရာ သွားပြီး တာဝန်ယူဖို့ အမိန့် ဖြစ်နိုင်တယ်လို့ သူ ပထမဆုံး တွေးမိလိုက်လေသည်။

'ဟူး...'

နောက်ထပ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရွှန်းဝူကူ စာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။

စာရွက်ပေါ်မှာ အများကြီး ရေးမထားဘူး၊ စာကြောင်း အနည်းငယ်ပါပဲ။

သို့သော် ဖတ်ပြီးတဲ့ အခါ ရွှန်းဝူကူ ရေခဲတိုက်ထဲ ကျသွားသလို ခံစားလိုက်ရလေသည်။

အေးစိမ့်မှု တစ်ခုက သူ့ခေါင်းထိပ်ကနေ ခြေဖဝါး အထိ စီးဆင်းသွားလေသည်။

လွန်ခဲ့တဲ့ ခဏလေးကမှ စိတ်လှုပ်ရှားမှုကြောင့် ပြင်းပြင်းထန်ထန် ခုန်နေတဲ့ သူ့နှလုံးတောင် ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့လေသည်။

'ဘယ်လို... ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ'

စာရဲ့ အကြောင်းအရာက ရိုးရှင်းလေသည်။

ဖန်းချိုးယောင် လို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ကို သူတို့ ရွှန်းမျိုးနွယ်စု က ဂျူနီယာ တစ်ယောက်ယောက်က နှောင့်ယှက်နေတယ်လို့ သူ့မိတ်ဆွေ တစ်ယောက်က ပြောပြတယ်လို့ ဂိုဏ်းချုပ်က ဆိုလေသည်။

ဒါက တကယ် ဟုတ်တယ် ဆိုရင် ချက်ချင်း ဖြေရှင်းပစ်ရမယ် တဲ့။

'ဂိုဏ်းချုပ်ရဲ့ မိတ်ဆွေ၊ နှောင့်ယှက်၊ ချက်ချင်း...'

ဒီစကားလုံး တစ်လုံးချင်းစီက ရွှန်းဝူကူ ရဲ့ နှလုံးသားကို ဓားမြှောင်တွေလို ထိုးစိုက်နေလေသည်။

ဒီကိစ္စ အကြောင်း မေးဖို့ ဂိုဏ်းချုပ်က ကိုယ်တိုင် စာရေးတယ် ဆိုကတည်းက ဂိုဏ်းချုပ်နဲ့ ဒီမိတ်ဆွေ ကြားက ဆက်ဆံရေးက သေချာပေါက် သာမန် မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပင် ဖြစ်သည်။

ပြီးတော့ ဂိုဏ်းချုပ်နဲ့ ဒီလို သာမန် မဟုတ်တဲ့ ဆက်ဆံရေး ရှိနိုင်တဲ့ သူက... ဘယ်သူကများ ကိုယ်ပိုင် အစွမ်းအစနဲ့ လေးစားမှု ရယူထားတဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်ဘဲ နေမှာလဲ။

'ငါတို့ ဒုက္ခရောက်ပြီ၊ ဒုက္ခ အကြီးကြီး ရောက်ပြီ'

ကျရောက်လာမယ့် အကျပ်အတည်းကို သဘောပေါက်လိုက်ပြီး ရွှန်းဝူကူ ဝင်းထဲကနေ ချက်ချင်း ပြေးထွက်သွားကာ အိမ်တော်ထိန်းကို အော်ဟစ်လိုက်လေသည်။

"မြန်မြန် မျိုးနွယ်စုထဲက လူတိုင်း ဒီကို ပြန်ခေါ်ခဲ့... ထားလိုက်တော့ ထားလိုက်တော့ ငါ ကိုယ်တိုင် သွားခေါ်လိုက်မယ်"

All Chapters