ရှေးဟောင်းမှော်ပညာ
Vol. 1 Ch. 331
"သစ်ပင်ဝိဉာဉ်တွေတဲ့လား...သေစမ်းကွာ"
ကျန်းရီသည် ဆဲရေးလိုက်သည်။ ထိုရှေးဟောင်းမှော်အတတ်သည် အတော်လေး ဒုက္ခပေးလေသည်။ သူသည် တစ္ဆေတောအုပ်ထဲတွင် ယွင်ဖေးနှင့် ပူးပေါင်း၍ ရန်သူများကို သတ်ဖြတ်ခဲ့ဖူးသည်။ တစ္ဆေတောအုပ်မှ သစ်ပင်များသည် ထူးခြားလှသော်လည်း ဤနေရာမှ သစ်ပင်များကမူ ထိန်းချုပ်ရန် အလွန်လွယ်ကူလေသည်။ ရန်သူသည် သစ်ပင်များကို အသုံးချကာ လိုက်လံသတ်ဖြတ်သူများကို တားဆီး၍ အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်သည်။
ထိုခဏတွင် အနှီသက်တော်စောင့်သည် ထောင်ချောက်အတွင်းမှ ဖောက်ထွက်၍ ယွင်လုအား ဟေးမိမြို့ဆီ တိုက်ရိုက်ခေါ်ဆောင်မသွားသည့် အကြောင်းအရင်းကို ကျန်းရီနားလည်သွားခဲ့သည်။ သူ့တွင် သစ်ပင်များကို ထိန်းချုပ်နိုင်သည့်အစွမ်း ရှိနေရာ တမလွန်တောအုပ်သည် သူထွက်ပြေးရန် အကောင်းဆုံးနေရာ ဖြစ်လေတော့သည်။
"ဝူရွှမ်း...မင်း ဒီက လူတွေကို ရှင်းပြီးရင် ချက်ချင်းပြန်ဆုတ်တော့၊ ယွင်လုကို ငါ့တာဝန်ထား"
ကျန်းရီသည် အော်ဟစ်လိုက်ပြီးနောက် နေရာရွှေ့ပြောင်းရင်း ပျောက်ကွယ်သွားခဲ့သည်။ ရန်သူသည် ဂိုဏ်းနှစ်ဂိုဏ်းမှ လူများ၏ လိုက်လံတိုက်ခိုက်ခံနေရပြီး လူတစ်ဦးကိုလည်း သယ်ဆောင်ထားရသေးရာ ပြေးနှုန်းအား အနည်းနှင့်အများတော့ သက်ရောက်ပေလိမ့်မည်။ ကျန်းရီတွင် သူတို့နှစ်ယောက်နောက် အမှီလိုက်ရန် အခွင့်အရေး ရှိသေးသည်။ သူ၏သတ်ဖြတ်ခြင်းအင်အားသာ ထိုနှစ်ယောက်အပေါ် ကျဆင်းသွားသည်နှင့် သူတို့အတွက် ပြေးစရာမြေမရှိ ဖြစ်သွားလိမ့်မည်။
"ကောင်းပြီ"
ကျန့်ဝူရွှမ်းသည် ခေါင်းငြိမ့်လိုက်သည်။ ဂိုဏ်းနှစ်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့်နှင့် အထက် လူခုနှစ်ယောက် ထည့်ပေးလိုက်သည်။ ထိုအထိ သူတို့သည် ယွင်လုကို မသတ်နိုင်သေးလျှင် ရလဒ်မှာ ကောင်းကင်၏အလိုတော်အတိုင်းသာ ဖြစ်လိမ့်မည်။ သူသည် ဘာမှမတတ်နိုင်ဘဲ ဤနေရာမှ ကိစ္စများကိုသာ ဖြေရှင်းရတော့သည်။
***
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီသည် တစ်နေရာမှ တစ်နေရာ ဆက်တိုက် နေရာရွှေ့ပြောင်းနေသည်။ ဆယ်ကြိမ်ကျော် နေရာရွှေ့ပြောင်းပြီးနောက်တွင် မိုင်တစ်ရာကျော်အကွာအဝေးသို့ သူရောက်လာပြီဖြစ်သည်။ သို့သော်လည်း အရိပ်တစ်ခုတစ်လေတောင် သူမမြင်ရသေးပေ။ လမ်းတစ်လျှောက်တွင် ဂိုဏ်းနှစ်ခုမှ လူများ၏ အော်သံများကို တစ်ချက်တစ်ချက် သူကြားနေရသည်။ ထိုသူများသည် သူ့အား သွားရမည့်လမ်းကို အသိပေးနေမှန်း ထင်ရှားသည်။
"သေစမ်းကွာ"
ကျန်းရီသည် နောက်ထပ်ဆယ်ကြိမ်ကျော် နေရာရွှေ့ပြောင်းလိုက်သော်လည်း ဒုတိယအဆင့် နတ်ဆိုးသားရဲ တစ်ချို့တစ်လေကိုသာ တွေ့ရသည်။ သူသည် တစ်လျှောက်လုံး အသံများနောက် လိုက်လာရရာ မူးနောက်နောက်ပင် ဖြစ်နေချေပြီ။ ဘယ်ဘက်သို့ သွားသင့်မှန်း သူတကယ် မသိတော့ချေ။
သူသည် တမလွန်တောအုပ်၏ အနက်ပိုင်းသို့ ရောက်လာပြီမှန ထင်ရှားသည်။ နယ်မြေ၏ အန္တရာယ် အများဆုံး နေရာဆယ်ခုထဲမှ တစ်ခု၊ အကြီးဆုံး တောအုပ်သုံးခုထဲမှ တစ်ခုအနေနှင့် တမလွန်တောအုပ်ထဲတွင် တတိယအဆင့် နတ်ဆိုးသားရဲများ ရှိမည်မှာ သေချာသည်။ စတုတ္ထအဆင့် နတ်ဆိုးဘုရင်များတောင် ရှိလျှင်ရှိနိုင်သည်။ နတ်ဆိုးသားရဲ ဘုရင်တစ်ကောင်ကောင်နှင့် ကြုံတွေ့ပါက ကျန်းရီအပါအဝင် အားလုံးသွားပြီဖြစ်သည်။ ကျန်းရီသည် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်ကို တတ်မြောက်ထားသည်ဆိုလျှင်တောင် မလွတ်မြောက်နိုင်ပေ။
ဗုန်း...ဗုန်း...ဗုန်း...
နောက်ထက်မိုင်တစ်ရာခန့် ပြေးအပြီးတွင်တော့ ပေါက်ကွဲသံအချို့နှင့် လူနှစ်ယောက်၏ အော်သံများကို ကျန်းရီတစ်ယောက် ပီပီသသ ကြားလိုက်ရသည်။ သူသည် အနက်ရောင်အတွင်းအားကိုသုံး၍ အမြင်အာရုံကို တိုးမြှင့်ကာ ကြည့်လိုက်သော် သစ်ပင်ထူထူများအကြား အတွင်းအားတိုက်ခိုက်မှုမှ အလင်းအချို့ကို သူမြင်လိုက်ရသည်။
"ဟူး..."
ကျန်းရီသည် စိတ်သက်သာရာရသွား၍ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ ရန်သူကို သူအမှီလိုက်နိုင်သရွေ့ တိုက်ပွဲပြီးဆုံးမည်ဖြစ်သည်။ အကြိမ်များစွာ နေရာရွှေ့ပြောင်းလာပြီးနောက် သူ့စိတ်ဝိဉာဉ်သည် မောပန်းလာ၍ သူ့စိတ်မှာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သူ၏ သောကများ ပျောက်ကင်းတော့မည်ဖြစ်၍ သူဝမ်းသာနေခဲ့သည်။
ဝှစ်...ဝှစ်...
နောက်ထပ် ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့် နေရာရွှေ့ပြောင်းပြီးနောက်တွင် သူသည် ဂိုဏ်းနှစ်ဂိုဏ်းမှ စွမ်းအားမြင့်သူများကို မှီသွားခဲ့သည်။ သူ့အားမြင်လိုက်ရသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့် လူလေးယောက်မှာ မှင်တက်သွားကြသည်။
"သခင်လေးရီ...တော်သေးတယ်၊ နောက်ဆုံးတော့ သခင်လေး ရောက်လာပြီ။ မြန်မြန်လေး...ယွင်လုက ရှေ့နားလေးတင်ပဲ"
"မြန်မြန်...သခင်လေးရီ ရှေ့မှာ တမလွန်တောအုပ်ရဲ့ တားမြစ်နယ်မြေရှိတယ်။ ဘယ်သူမှ အဲ့တားမြစ်နယ်မြေထဲကနေ ပြန်ထွက်မလာဖူးသေးဘူး။ ဒီအနီးအနားမှာ နတ်ဆိုးသားရဲဘုရင် တစ်ကောင်လည်း ရှိနေနိုင်တယ်။ စောစောက တတိယအဆင့် တစ်ကောင်နဲ့ ကျွန်တော်တို့ တွေ့ခဲ့ပြီးပြီ"
"ဟုတ်တယ်၊ သခင်လေးရီ...အခု သခင်လေး အပေါ်မှာပဲ မူတည်နေပြီ။ ရန်သူက ရှေးဟောင်းမှော်ပညာကို တတ်ထားတော့ ကျွန်တော်တို့ သူ့ကို အမှီမလိုက်နိုင်ဘူး"
လေးယောက်သားသည် ကျန်းရီကို မြင်လေလျှင် အလောတကြီး ပြောလာကြသည်။ ကျန်းရီ၏ မျက်နှာမှာ မည်းသွားခဲ့သည်။ သူသည် အန္တရာယ် အများဆုံး နေရာဆယ်ခုထဲမှ တစ်ခုဖြစ်သော တမလွန်တောအုပ်ထဲမှ တားမြစ်နယ်မြေအကြောင်း ကြားဖူးခဲ့သော်လည်း အမှန်တကယ်ဖြစ်နေမည်ဟု သူထင်မထားခဲ့ပေ။
သူသည် စိတ်ပိုင်းဆိုင်ရာ မောပန်းနေသော်လည်း မရပ်လိုက်ရဲပေ။ သူသည် မောပန်းမှုကို တောင့်ခံ၍ ရှေ့သို့ ဆက်၍ နေရာရွှေ့ပြောင်းလိုက်သည်။ စိတ်ဝိဉာဉ် မျောလွင့်ခရီးသည်အဆင့် လေးယောက်သည်လည်း ဆက်လက်၍ ပြေးလိုက်ကြလေသည်။
ဗုန်း...ဗုန်း...
ရှေ့မှ တိုက်ပွဲသည် အတော်လေး ပြင်းထန်လေသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသုံးယောက်သည် ယွင်လုကို သယ်ဆောင်ထားသော လုလောင်အား သုံးဖက်သုံးတန်မှ တိုက်ခိုက်နေကြသည်။
လုလောင်သည် ရှန်မိနိုင်ငံ တော်ဝင်မိသားစု၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ယွင်လုအား ကာကွယ်ရန် ဘုရင်၏ အထူးတာဝန်ပေးအပ်ခြင်း ခံရသည်။ ရှန်မိနိုင်ငံဘုရင်သည် ယွင်လုအပေါ် မည်မျှမျှော်လင့်ချက်ထားမှန်း မြင်နိုင်ပါသည်။ လုလောင်ကြောင့်သာ မဟုတ်လျှင် ယွင်လုသည် အကြိမ်တစ်ထောင်မက သေပြီးနေလောက်ပြီ ဖြစ်သည်။
လုလောင်သည် အိုမင်းနေပြီးဖြစ်ပြီး ကျူးကော့ချမ်ယွမ်နှင့် ခပ်ဆင်ဆင်တူသည်။ သူ့မျက်နှာသည် သစ်ခေါက်များပမာ ရှုံ့တွနေပြီဖြစ်သော်လည်း သူ့အင်အားကို လျှော့တွက်၍ မရပေ။ အထူးသဖြင့် သူ့နောက်မှ သစ်ပင်ကြီးများသည် သူ၏ထိန်းချုပ်မှုကြောင့် ဂိုဏ်းနှစ်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သုံးယောက်ထံ ရွေ့လျားနေသည်။ သစ်ပင်များသည် နွယ်ရှင်များထုတ်၍ ထိုသုံးယောက်အား တားဆီးနေသည့်အပြင် ပြေးလိုက်လာသော လူလေးယောက်ကိုလည်း အနောက်တွင် ချန်ထားနိုင်ခဲ့သည်။
လိုက်လာကြသူများသည် အတွင်းအားများဖြင့် ပစ်ခတ်နေကြသောကြောင့် လုလောင်မှာ ဆက်တိုက်ရှောင်တိမ်းရင်း ပြေးလွှားနေရသည်။ ထို့ကြောင့် နှစ်ဖက်လုံးမှာ ဘက်ညီနေသည်။ လုလောင်သည် ထိုသူတို့အား မျက်ခြေမဖြတ်နိုင်သလို သူတို့သည်လည်း လုလောင်အား အမိမဖမ်းနိုင်ကြပေ။
သို့သော် ကျန်းရီ မှီသွားသောအခါတွင် အခြေအနေသည် ချက်ချင်း ပြောင်းပြန်ဖြစ်သွားခဲ့သည်။
"သခင်လေးရီ"
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်များထဲမှ တစ်ယောက်သည် နွယ်ပင်များကို ပိုင်းဖြတ်ပြီးနောက် သူ့ရှေ့မှ ပုံရိပ်ကို သတိထားမိသွားခဲ့သည်။ သူသည် မှင်တက်သွားပြီးနောက် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
"သခင်လေးရီ ရောက်လာပြီ"
ကျန်စိတ်ဝိဉာဉ်ခရီးသည် ထိပ်ဆုံးအဆင့် နှစ်ယောက်သည်လည်း ဝမ်းသာသွားကြသည်။ သူတို့ထဲမှ တစ်ယောက်သည် လက်ချောင်းမှ အတွင်းအားလှိုင်းတစ်ခုနှင့် ကျန်တစ်ယောက်သည် ဆေဘာဓားအလင်းတစ်ချက်အား လုလောင်ထံ ဦးတည်၍ တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြသည်။
"ယွင်လု"
ကျန်းရီသည် ဂိုဏ်းနှစ်ခုမှ လူများကို လျစ်လျူရှု၍ သုံးကီလိုမီတာကျော် အကွာအဝေးမှ ယွင်လုနှင့် လုလောင်ထံ အကြည့်ပို့လိုက်သည်။ သူ့နှုတ်ခမ်းတစ်စုံသည် ကွေးတက်သွားကာ ကြက်သီးထဖွယ် လှောင်ပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
"မင်းတို့ ပြေးနိုင်သေးလား"
သူ့ကိုယ်သည် အဖြူရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး နေရာရွေ့သွားခဲ့ပြန်သည်။
"ကျန်းရီ?"
"ကျန်းရီ"
လုလောင်နှင့် ယွင်လုသည် ကျန်းရီ၏ အသံကို ကြားလိုက်သော် အလျင်အမြန် လှမ်းကြည့်လာကြပြီး ကျန်းရီ နေရာမှ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မျက်နှာများ ပျက်သွားကြသည်။ ယွင်လု၏ မျက်ဝန်းများတွင် အကြောက်တရားများ ဖုံးလွှမ်းလာသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်းအင်အားနှင့် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်မှာ နယ်မြေတစ်ခွင် ကျော်ကြားနေသည်။ သူ၏ သတ်ဖြတ်ခြင်းအင်အား၏ ဖိနှိပ်ခြင်း ခံရသည်နှင့် လုလောင်နှင့်သူသည် လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။
"ကျန်းရီ...မင်းငါ့ကို သတ်ရဲတယ်ပေါ့။ ငါ့နိုင်ငံရဲ့ စစ်တပ်က ရှားယွိမြို့ကိုလာပြီး အမှုန့်ချေရင် နတ်ဆိုးဧကရီတောင် မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"
ယွင်လုသည် ကြောက်ကြောက်လန့်လန့်နှင့် အော်ဟစ်လိုက်သည်။ သို့သော် သူ့စကားမဆုံးခင်တွင် သူသည် လုလောင်၏ ခပ်လှမ်းလှမ်းသို့ ပစ်ထုတ်ခြင်း ခံလိုက်ရသည်။ လုလောင်၏ အသံသည် သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
"အရှင့်သား...ဒီတားမြစ်နယ်မြေက ရှန်မိနိုင်ငံက ယွင်မိသားစုရဲ့ ဘိုးဘေးတစ်ယောက် ဖန်တီးခဲ့တာ၊ အရှင့်သားရဲ့ကိုယ်မှာ ယွင်မိသားစုရဲ့ သွေးတွေ စီးဆင်းနေတယ်။ တားမြစ်နယ်မြေထဲမှာ အရှင့်သား အသက်ရှင်ဖို့ အခွင့်အရေး ရှိတယ်...ဘိုးဘေးရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အခွင့်အရေးတောင် ရလာနိုင်သေးတယ်...ဒါကြောင့် မြန်မြန်သွားပါတော့"
ယွင်လုသည် လုလောင် ဤနေရာသို့ ပြေးလာရသည့် အကြောင်းအရင်းကို ချက်ချင်းနားလည်လိုက်သည်။ လုလောင်သည် ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်သည်။ သူသည် အဖိုးတန် ကျင့်ကြံရေးအထောက်အကူပြု ပစ္စည်းများစွာကို သုံးစွဲပြီးနောက် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပထမအဆင့်ကို ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူမြေပေါ်ရောက်သည်နှင့် ချက်ချင်းစတင် ပြေးလွှားတော့သည်။
"သေစမ်း...စုန်းနတ်ဘုရားဂိုဏ်းကို ပြဿနာရှာတဲ့ သူမှန်သမျှ သေသင့်တယ်"
လုလောင်သည် ယွင်လုအား စိတ်ဖြင့် စကားပြောပြီးသည်နှင့် ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ သူ့ကိုယ်မှ အစိမ်းရောင်အလင်းများ ဖြာထွက်လာပြီး သူ့တစ်ကိုယ်လုံးအား အစိမ်းရောင်တို့ဖြင့် လွှမ်းခြုံသွားခဲ့သည်။ အလင်းရောင်သည် စူးရှလွန်းရာ မည်သူမှ မျက်စိဖွင့်၍ သူ့အား မကြည့်နိုင်ကြပေ။ သူ့ကိုယ်မှ ကြောက်စရာအရှိန်အဝါ ပေါ်ထွက်လာရာ ကျန်းရီနှင့် ကျန်သုံးယောက်မှာ စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။
"သခင်လေးရီ...မြန်မြန်ပြေးပါတော့၊ ဒါက အရမ်းကြောက်စရာကောင်းတဲ့ ရှေးဟောင်းမှော်ပညာတစ်မျိုးပဲ...သူက သူ့ကိုယ်သူ လောင်စာအဖြစ် အသုံးချပြီး ကျွန်တော်တို့နဲ့အတူ သေတော့မှာ"
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သုံးယောက်ထဲမှ တစ်ယောက်သည် တုန်လှုပ်စွာ အလန့်တကြား ပြောလိုက်သည်။ သူ့တုံ့ပြန်မှုမှာ နောက်ကျသွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သစ်ပင်များ၊ သစ်ကိုင်းများသည် အစိမ်းရောင်အလင်းများ တဖြည်းဖြည်း လင်းလက်လာသည်။ အစိမ်းရောင်အလင်းများ တောက်ပနေသော သစ်ပင်များသည် သားကောင်များကို ဝါးမျိုတော့မည့် မြွေကြီးတစ်ကောင်အလား သူတို့သုံးယောက်နှင့် ကျန်းရီထံ တိုးဝင်လာခဲ့သည်။
တစ်ချိန်တည်းတွင် မြေပြင်ပေါ်မှ မြက်ပင်များသည် လျင်မြန်စွာ ကြီးထွားလာကာ နွယ်များ၊ အမြစ်များ မြေကြီးထဲမှ ထိုးထွက်လာသည်။ စက္ကန့်ပိုင်းအတွင်းတွင် ၎င်းတို့သည် နေရာတစ်ဝိုက်အား ဝန်းရံကာ လှောင်အိမ်တစ်ခုပုံစံ ဖန်တီးလိုက်သည်။ လှောင်အိမ်မှာ တဖြည်းဖြည်း ကျဉ်း၍ကျဉ်း၍ လာခဲ့သည်။
*****