ပန်းဘုရင်မအား အနိုင်ယူခြင်း
Vol. 90 Ch. 1346
ထိုအခိုက်တွင် အန်တီ ချွန်းဟွာ၏ မျက်နှာက တဖြည်းဖြည်း မသဲမကွဲ ဖြစ်လာပြီး အကြည့်များက ရီဝေ လာကာ မဖော်ပြတတ်သော ရနံ့တစ်ခု ပျံ့လွင့်လာသည်။
ထိုအခါ ယဲ့ဖန်၏ အမူအရာက ရုတ်တရက် မှင်တက်သွားပုံ ပေါ်လာကာ ယာယီ အသိလွတ်သကဲ့သို့ ဖြစ်သွားသည်။
ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ တစ်ဖက်လူ၏ မျက်နှာတွင် ပိုင်ယီ၊ ဖန့်ယင်းနှင့် အခြားသော အမျိုးသမီး များ၏ ငိုကြွေးနေသော၊ ဝမ်းနည်း၍ စိတ်ထိခိုက်ဖွယ်ကောင်းသော မျက်နှာများကို မြင်လိုက်ရသောကြောင့်ပင်။ သူမတို့က သူ့အား ငိုပြနေသည်ဟု ထင်မှတ်မှားရသဖြင့် ယဲ့ဖန် ချက်ချင်း အသိစိတ် လွတ်သွားခြင်း ဖြစ်သည်။
ဖြားယောင်းသွေးဆောင်ခြင်းပင်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်သည် သူ့နှလုံးသားထဲမှ ဂနာမငြိမ် ဖြစ်နေသော ခံစားချက်ကို ချိုးနှိမ်လိုက်နိုင်ပြီး တစ်ခါတည်း သဘောပေါက်သွားသည်။ အန်တီ ချွန်းဟွာက ဤနယ်ခံဒေသ၌ နာမည်ကျော်သည်က အံ့ဩစရာ မရှိတော့ပေ။ သူမသည် ချောမောသည့်အပြင် သွေးဆောင်ဖြားယောင်းခြင်း ၌လည်း ထူးချွန်လေသည်။
ယောက်ျားသား တစ်ယောက်၏ နက်ရှိုင်းသော နှလုံးသား တစ်နေရာမှ အမျှော်လင့်ဆုံးသော ခံစားချက်ကို လှုံ့ဆော်၍ အသုံးချခြင်း ဖြစ်သည်။ ယဲ့ဖန်တောင်မှ သူမထောင်ချောက်ထဲ မိလုနီးပါး ဖြစ်သွားရသည်။
အန်တီ ချွန်းဟွာက ဆက်လက် ပြုံးရယ်နေပြီး မျက်လုံးတွင် မလိုတမာစိတ်များ ပြည့်နှက်နေ၏။ သွေးဆောင် ဖြားယောင်းခြင်း၌ သူမသည် တျောင်လို့ဂိုဏ်းခွဲများကြား၌ ထိပ်တန်းဟု သတ်မှတ်နိုင်ပြီး သူမထံ၌ ဖမ်းစားခံ ရသော ယောက်ျားများ ထောင်ချီခဲ့သည်။ ထိုလူတိုင်းကို သူမ ခေါင်းဖြတ်၍ သွေးကို ထုတ်ယူခဲ့သည်။
ဤသည်မှာ တျောင်လို့၏ ရည်ရွယ်ချက် သို့မဟုတ် ကြီးကြပ်ရေးမှူးလီ၏ ရည်ရွယ်ချက် ဖြစ်ပေသည်။ ကြီးကြပ်ရေးမှူးလီက ယဲ့ဖန်အား အန်တီ ချွန်းဟွာ၏ ရုပ်သေးဖြစ်အောင် ကြံစည်၍ သူ့အား တဖြည်းဖြည်း သုံးစားမရအောင် ပြုလုပ်လိုခြင်း ဖြစ်သည်။
အန်တီ ချွန်းဟွာက နဂါးအသွင်ပြောင်းခြင်းအဆင့်သာ ရှိသော်လည်း သူမ၏ သွေးဆောင်ဖြားယောင်မှု စွမ်းရည်အား ကြီးကြပ်ရေးမှူးလီပင် တောင့်မခံနိုင်ပါ။
ယခုအချိန်အထိ အန်တီချွန်းဟွာ၏ သွေးဆောင်ဖြားယောင်းမှု လှည့်ကွက်က တစ်ခါမှ မကျရှုံးဖူးသေးချေ။ သူမကြောင့် အမျိုးသားများသည် စိတ်ရှုပ်ထွေးသွားကြပြီး နောက်ဆုံး ဘဝပျက်ခံကာ သူတို့မိန်းမများနှင့် ပြတ်စဲကြသည်။ သို့သော် ကြောက်စရာကောင်းသည့် အချက်မှာ သူတို့သည် သေသည်အထိ နောင်တမရကြခြင်း ဖြစ်ပြီး အန်တီချွန်းဟွာ၏ အသုံးချခံအဖြစ် နေကြလေသည်။ ထို့ကြောင့် ဤဆွဲဆောင်မှုအား အန္တရာယ် များသည်ဟု မဖော်ပြဘဲ နေ၍ မရချေ။
ယဲ့ဖန် အသိစိတ်လွတ်သွားသည်ကို မြင်ပြီး အန်တီချွန်းဟွာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး ယဲ့ဖန် သူမထံ၌ ဖမ်းစားခံလိုက်ရပြီဟု တွေးကာ ချက်ချင်း လှောင်လိုက်မိသည်။
“ကျွန်မ လှလားဟင်”
ယဲ့ဖန်က အသိလွတ်ချင်ယောင်ဆောင်၍ ရီဝေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“လှတယ် သိပ်လှတယ်”
“ဒါဆို ကျွန်မ ခြေထောက်ကို လာလျက်ပါလား”
အန်တီချွန်းဟွာက ချက်ချင်း သရော်၍ သူမခြေထောက်ကို စားပွဲပေါ်တင်ကာ ယဲ့ဖန်အား အထင်သေးဟန်ဖြင့် ကြည့်လေသည်။ သူမပုံစံက ခွေးတစ်ကောင်ကို ကြည့်နေသလိုပင်။
“အင်း ငါ လျက်မယ်”
ယဲ့ဖန်၏ မျက်လုံးတွင် စူးရှသော အလင်းတန်း ဖြတ်ပြေးသွားပြီးနောက် အန်တီ ချွန်းဟွာထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
“သေချာလျက် ခွေးကောင်၊ နင်တို့အားလုံးက ခွေးကောင်တွေချည်းပဲ၊ ငါ အပျင်းပြေ အသုံးချတာ ခံရမယ့် လူတွေ”
အန်တီ ချွန်းဟွာက သရော်စကား ပြောလိုက်ပြီး သူမစိတ်ထဲ၌ ပို၍ အထင်သေးနေသည်။
*ကြီးကြပ်ရေးမှူးလီ ငါ့ကို ရှင်းခိုင်းတဲ့လူက အဆင့်မြင့်တဲ့လူ ဖြစ်မယ်ထင်နေတာ၊ အခု သာမန်ထက် မပိုပါလား*
*ဘယ်လို ပါရမီရှင်ပဲ ဖြစ်ဖြစ် ငါဆိုတဲ့ ချွန်းဟွာနဲ့တွေ့ရင် ငါ့လက်ထဲက ကစားစရာ ဖြစ်လာမှာပဲ မဟုတ်လား*
သူမစိတ်ထဲ၌ အကြံတစ်ခု ရလာသည်။ ယဲ့ဖန်၏ အဆင့်အတန်းကို အသုံးချ၍ ဝမ်ကောဖူ၌ နေရာတစ်နေရာ ရယူနိုင်လောက်သည်။
ယဲ့ဖန်က အန်တီ ချွန်းဟွာ၏ ခြေထောက်အား လက်နှစ်ဖက်ဖြင့် ပွတ်သပ်၍ သူမ၏ ပန်းရောင်သန်းကာ ဖြူစွတ်နေသော ခြေချောင်းများကို ဖိနှိပ်လာသည်။
ထိုစဉ် အန်တီ ချွန်းဟွာ အေးခနဲ ခံစားလိုက်ရသည်။ ယဲ့ဖန်၏ လက်များက ငရဲမှ ထွက်လာသော နတ်ဆိုး လက်သည်းလိုပင် အရိုးကွဲမတတ် အေးစက်ကာ လူအား ခိုက်ခိုက်တုန်စေသည်။
“ဘယ်လိုလုပ် နင့်လက်တွေက ဒီလောက် အေးစက်နေရာတာလဲ”
အန်တီ ချွန်းဟွာ မနေနိုင်ဘဲ မေးလိုက်မိသည်။
*သူ့လက်တွေက ရေခဲတုံးလို အေးနေတာပဲ*
သို့သော် သူမ ငုံ့ကြည့်လိုက်သောအခါ ယဲ့ဖန်၏ အကြည့်များက သူ့လက်ထက် ပိုအေးစက်နေသည်ကို တွေ့လိုက် ရသည်။
*တစ်ခုခု မှားနေပြီ*
*သူက ငါ့ဖြားယောင်းမှု ပညာအောက်မှာ ထိန်းချုပ်ခံနေရတာ မဟုတ်ဘူး*
အန်တီ ချွန်းဟွာ ခေါင်းမွေးထောင်သွားသည်။ သွေးဆောင်ဖြားယောင်းမှုအောက်၌ ထိန်းချုပ်ခံနေရသော လူတစ်ယောက်တွင် ဤမျှ ကြောက်စရာကောင်းသော အကြည့် ရှိမနေနိုင်ပါ။ သူမ ခြေထောက်များကို ပြန်ရုတ်ရန် ပြင်လိုက်သော်လည်း နောက်ကျသွားချေပြီ။
“ဂျွတ်”
သူမ၏ ဂုဏ်ယူရသော လှပသည့် ခြေထောက်တစ်ဖက်က ယဲ့ဖန်၏ လက်ထဲ၌ လိမ်ဖယ်သွားလေသည်။ အရှင် လတ်လတ် ဆွဲဖြုတ်ခံရသကဲ့သို့ ဝေဒနာက မခံမရပ်နိုင်အောင် ဆိုးရွားလှသည်။
“အား…”
ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံတစ်သံက မျှော်စင်တစ်ခုလုံးအား ပဲ့တင်ထပ်သွားသည်။ အန်တီ ချွန်းဟွာ၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့မဲ့နေ၏။ သူမသည် နဂါးအသွင်ပြောင်းခြင်းအဆင့် ဖြစ်သော်လည်း ဤမျှော်စင်၌ အမြဲ မျက်နှာသာပေး ပြုစုခံရသူ ဖြစ်သည်။ သူမ ဘယ်လိုလုပ် ဤသို့ ဆက်ဆံခံ ရနိုင်ပါမည်နည်း။
သူမ၏ ခြေထောက်တစ်ဖက်က သွင်သွင်ကျိုးသွားပြီး ချွန်ထက်သော အရိုးများပင် အပြင်သို့ ဖောက်ထွက်နေ၏။ ယခင်က သူမ၏ လှပသော ခြေထောက်သည် ယခု သွေးတတောက်တောက် ကျနေသဖြင့် ထိတ်လန့်နေ လေသည်။
“နင် … နင် ငါ့ထိန်းချုပ်မှုအောက်မှာ မရှိဘူးလား”
အန်တီ ချွန်းဟွာက ယဲ့ဖန်ကို မယုံသင်္ကာ ကြည့်လိုက်သည်။ သူမ၏ သွေးဆောင်ဖြားယောင်းခြင်း အတတ်ပညာက ဘယ်သောအခါကမှ မကျရှုံးဖူးချေ။ သို့သော် ယခု သူမ ဈာန်ဝင်စားခြင်းအဆင့်လေးကို ရှုံးသွားလေပြီ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ငါ ဒီထက် ပိုစွမ်းတဲ့ ပုံရိပ်ယောင်တွေကိုတောင် မကြောက်တာ၊ ဘာမဟုတ်တဲ့ ညှို့ဓာတ်လေးနဲ့ ဘာလုပ်ရမှာလဲ”
ယဲ့ဖန် သရော်လိုက်ပြီး သူမလည်ပင်းအား လက်တစ်ဖက်ဖြင့် ဖမ်းချုပ်ကာ ခက်ထန်သော မျက်လုံးများဖြင့် မေးလိုက်သည်။
“ပြော ကြီးကြပ်ရေးမှူးလီက မင်းကို လာခိုင်းတာလား”
အန်တီ ချွန်းဟွာသည် လည်ပင်းညှစ်ခံထားရသော်လည်း သူမမျက်လုံးတွင် ထူးဆန်းသော အရောင်အဆင်း ပေါ်လာပြီး သွေးဆောင်ဖြားယောင်းခြင်းကို ထပ်မံ ပုံဖော်လေသည်။
သူမ မယုံပါ။ သူမ ဂုဏ်ယူရသော ဖြားယောင်းခြင်း အတတ်ပညာက မအောင်မြင်ဘဲ ဖြစ်လိမ့်မည်ဟု သူမ လက်မခံနိုင်ပါ။ သူမ ဘုရင်အဆင့်ကိုတောင် ဖမ်းစားနိုင်သဖြင့် ဘယ်လိုလုပ် ဘာမဟုတ်သည့် ဈာန်ဝင်စားခြင်း အဆင့်လေးက သူမ၏ ဖြားယောင်းမှုကို တားဆီးနိုင်ရမည်နည်း။
ထိုစဉ် ယဲ့ဖန်က အေးစက်စွာ ခနဲ့လာ၏။
“မင်း အခုထိ လက်မလျှော့ချင်သေးဘူးပဲ၊ ဟုတ်တယ်မလား”
ယဲ့ဖန်က သူမလက်မောင်းတစ်ဖက်ကို တည်ငြိမ်စွာ ဖမ်းချုပ်၍ အသာလိမ်ကာ ဆတ်ခနဲ ဆွဲဖြုတ်လိုက်သည်။ မြင်ကွင်းက ရက်စက်ကာ အလွန် သွေးထွက်သံယို များလှသည်။ သနားညှာတာခြင်းနှင့် ချစ်ခင်စိတ် ရှိပင် မရှိချေ။
“အား …”
ပို၍ နာကျင်စွာ အော်ဟစ်လိုက်သံက မျှော်စင်တစ်ခုလုံးသို့ ပဲ့တင်ထပ်လာပြန်သည်။ ထိုအခိုက်တွင် အခန်းတစ်ခန်း၌ ဆွေးနွေးတိုင်ပင်နေသော လူလတ်ပိုင်း အရွယ် အမျိုးသမီးကြီးနှင့် ဝမ်ရဲတို့က ကြောက်စရာ ကောင်းလောက်အောင် ပြုံးလာကြသည်။
“ဒီကိစ္စကို လျှို့ဝှက်ထားသင့်တယ်၊ ကြီးကြပ်ရေးမှူးလီက ဘာခြေရာလက်ရာမှ ကျန်ခဲ့တာကို မလိုချင်ဘူး”
ဝမ်ရဲ့က အလေးအနက် သတိပေးလိုက်သည်။ ကောင်းကင်အဆင့် ပါရမီရှင်ကို ထောင်ချောက်ဆင့်သည့် ဤအဖြစ်အား ဝမ်ကောဖူ ကျောင်းတော်ကသာ သိသွားပါက သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပါ။
“မင်း ကြီးကြပ်ရေးမှူးလီကို စိတ်ချထားဖို့ ပြောလိုက်ပါ၊ ငါတို့က တစ်လှေတည်း စီးနေတဲ့လူတွေပဲကို၊ ဒီလောက် ဉာဏ်မမဲ့ပါဘူး”
အမျိုးသမီးကြီးက ထူးဆန်းစွာ ရယ်မောလေသည်။ သူမသည်လည်း ပြစ်ဒဏ်ကို သိနေပါ၏။
“ဘာလို့ လှုပ်ရှားမှု ထပ်မရှိတော့တာလဲ”
ဝမ်ရဲ့က မသင်္ကာစွာ မေးလာသည်။ ယခင်အတိုင်းဆိုလျင် အန်တီ ချွန်းဟွာသည် ဧည့်သည့် အမျိုးသားကြောင့် ပျော်ရွှင်ခဲ့ရပြီး ဖြစ်လောက်သော်လည်း ယခု သူမက ပြန်မလာသေးပေ။
“အဲ့ကောင်လေးကြောင့် ဖြစ်မှာပေါ့၊ အဲ့ကောင်လေး ကြည့်ရတာ လူသစ်လေးလိုပဲ၊ ချွန်းဟွာက အဲ့လို မြက်နုမျိုးကို အကြိုက်ဆုံးပဲလေ”
အမျိုးသမီးကြီးက ရယ်သဲ့သဲ့ ပြုံးနေ၏။ သူ့စကားကို ကြားသော် ဝမ်ရဲ့က အေးစက်စွာ လှောင်ရယ်၍ ဝိုင်တစ်ငုံ သောက်လိုက်သည်။
ဤပြည့်တန်ဆာခေါင်း ပြောသည့် အဓိပ္ပာယ်ကို သူ နားလည်ပါသည်။ ချွန်းဟွာသည် သူမ စိတ်ဝင်စားသော အမျိုးသားအား စုပ်ယူ၍ မပြီးမချင်း အလွတ်ပေးမည် မဟုတ်ပါ။
*အဲ့ကောင်လေးက သက်လုံကောင်းနေတာ စိတ်မကောင်းစရာပဲ၊ ငါ တခြားသူတွေတောင် ထပ်လွှတ်ရမလား မသိဘူး၊ ချွန်းဟွာရဲ့ နည်းလမ်းက ယန်ကို စုပ်ယူပြီး ယင်ကို အားဖြည့်တာ*
*သူ့ကြောင့် သိုင်းပညာရှင် ဘယ်နှစ်ယောက် ကျရှုံးပြီးပြီလဲ မသိတော့ဘူး*
“ပန်းဘုရင်မလက်ထဲမှ သရဲဖြစ်ပြီး သေသွားရတာ ကြည်နူးစရာကောင်းတာပေါ့၊ အဲ့ကောင် သာယာပြီး သေသွားရင် မတန်ဘူး”
ဝမ်ရဲ့က စဉ်းလဲစွာ ပြုံးလေသည်။ သို့သော် ထိုအချိန်၌ မျှော်စင်တစ်ခုလုံးသို့ ပဲ့တင်ထပ်လာသည့် အန်တီ ချွန်းဟွာ၏ အော်သံကို သူတို့ ကြားလိုက်ရသည်။
*ဒါက …*
နှစ်ယောက်လုံး ရုတ်တရက် မျက်နှာပျက်သွားပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ အချင်းချင်း၏ မျက်လုံး၌ ကြောက်လန့်စိတ်များ ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။
*မယုံနိုင်စရာပဲ*
*ဒါ ဖြားယောင်းတာ တစ်ခါမှ မကျရှုံးဖူးတဲ့ အန်တီ ချွန်းဟွာလေ၊ ဘယ်လိုလုပ် သူ နာနာကျင်ကျင် အော်ဟစ် ရတာလဲ*
“ဘာဖြစ်တာလဲ”
ဝမ်ရဲ့ မေးလိုက်သည်။ သူ့မျက်နှာက မသိမသာ ကြည့်ရဆိုးနေ၏။
“ခင်ဗျား စိတ်ချလို့ ပြောခဲ့တယ် မဟုတ်ဘူးလား”
“သွားကြည့်ရအောင်”
အမျိုးသမီးကြီးကလည်း မျက်နှာမည်းမှောင်နေပြီး အရင်ဆုံး အပြင်သို့ ပြေးထွက်သွားသည်။ အန်တီ ချွန်းဟွာသည် သူတို့ မျှော်စင်၏ ရွှေရောင်သင်္ကေတ ဖြစ်သည်။ သူမ တစ်ခုခု ဖြစ်၍ မရပေ။ သို့မဟုတ်ပါက သူပါ ဒုက္ခရောက်နိုင်သည်။
“ခုနက အန်တီ ချွန်းဟွာရဲ့ အော်သံလိုပဲ”
ခန်းမတွင်း၌ များစွာသော လူများက အခန်းကို ထိတ်လန့်နေသော အမူအရာဖြင့် ကြည့်နေကြသည်။
“အန်တီ ချွန်းဟွာ မဖြစ်နိုင်လောက်ပါဘူး၊ သူက တျောင်လို့ရဲ့ ပန်းဘုရင်မလေ၊ ဘယ်သူက သူ့ကို တစ်ခုခု လုပ်ရဲမှာလဲ၊ ပြီးတော့ ဒီလောက် လှတဲ့ မိန်းကလေးကို ဘယ်သူက တစ်ခုခု လုပ်ချင်စိတ် ရှိမှာလဲ”
တျောင်လို့၌ တစ်ယောက်ယောက်က အန်တီ ချွန်းဟွာကို အန္တရာယ်ပေးရဲလိမ့်မည်ဟု မည်သူမှ မယုံကြချေ။ တျောင်လို့က ဘယ်လိုနေရာနည်း။ ဘုရင်အဆင့်တစ်ယောက် လာလျင်ပင် ရိုးသားရသည်။ လွန်ခဲ့သော နာရီဝက်က သယ်ထုတ်သွားသည့် ဘုရင်အဆင့်တစ်ယောက်၏ အလောင်းက သက်သေပင် မဟုတ်ပါလော။
တျောင်လို့၌ ပြဿနာရှာခြင်းက သေတွင်းတူးခြင်းသာ ဖြစ်သည်။ အကယ်၍ သူတို့၏ ရွှေရောင်သင်္ကေတကိုသာ သွားထိပါးလျင် သေသည်ဆိုးသော အဖြစ်နှင့် တိုးပေလိမ့်မည်။
“ငါ နင့်ကို သတ်မယ်၊ ငါ နင့်ကို သေစေချင်တယ်ဟဲ့”
အခန်းတွင်း၌ အန်တီ ချွန်းဟွာက အလွန် မုန်းတီးကာ ဒေါသတကြီး အော်ဟစ်နေ၏။ အချိန်အတော်ကြာအောင် ယောက်ျားသားများက သူမလက်များကြားမှ ကစားစရာ ဖြစ်ခဲ့သည်။ သို့သော် ယနေ့ ယောက်ျားတစ်ယောက်က သူမ ထိန်းချုပ်မှုအောက် မရောက်သည့်အပြင် သူမလက်နှင့် ခြေထောက်ကိုပါ ချိုးဖဲ့ခဲ့သည်။ ဤဆိုးရွားလှသော အဖြစ်က သူမအား လက်မခံနိုင်အောင် ပြုလုပ်နေ၏။ သူမ၏ ဂုဏ်ယူတတ်သော စိတ်နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်နေလေသည်။
ထို့ကြောင့် သူမ ယဲ့ဖန်ကို သေစေချင်သည်။ သူမ သူ့ကို နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ချေ။ ထိုနည်းဖြင့်သာ သူမရင်ထဲမှ အမုန်းတရားကို ဖြေဖျောက်နိုင်ပေမည်။
မည်သူမှ သူမကို ဤသို့မလုပ်ရဲပေ။ သူမသည် တျောင်လို့၏ အဖိုးတန် ပန်းဘုရင်မဖြစ်ပြီး ယောက်ျားများစွာကို သိမ်းသွင်းနိုင်သူ ဖြစ်သည်။ ယောက်ျားသားတိုင်းက သူမစကပ်အောက်၌ ဒူးထောက်ဝပ်တွားရပြီး ရိုကျိုးရသည်။
ဒူးမထောက်လျင် တစ်သက်လုံး ကျရှုံးရပေမည်။ ဤသည်ကို တွေးမိပြီးနောက် သူမမျက်နှာက ပို၍ အန္တရာယ်များဟန် ပေါ်လာကာ ယခင်က ချောမော၍ ဆွဲဆောင်မှုရှိသော အသွင်အပြင် ပျောက်ဆုံးကာ ကြောက်စရာ ကောင်းဟန် ပေါ်လာ၏။
“မင်း အခုထိ ကောင်းကောင်း မသင်ယူရသေးဘူးနဲ့တူတယ်”
ယဲ့ဖန် သရော်လိုက်သည်။ ယခု ဤအမျိုးသမီးက သူ့ကိုပင် ခြိမ်းခြောက်ရဲနေသဖြင့် သေချင်နေသည့်ပုံပင်။ ထို့နောက် ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ချွန်းဟွာ၏ မျက်နှာကို အုပ်ကာ မခိုးမခန့် ပြုံးလိုက်သည်။
“နင် … နင် ဘာလုပ်မလို့လဲ၊ နင် ဘာလုပ်မလို့လဲလို့”
အန်တီ ချွန်းဟွာ ထအော်လိုက်မိပြီး ယဲ့ဖန်၏ အကြံကို ရိပ်မိကာ သွေးပျက်လာပြီး အသံ၌ ကြောက်စိတ်များ ပြည့်နှက်လာသည်။
ထူးဆန်းသော အသံတစ်သံနှင့်အတူ သူမ၏ မျက်နှာ အရေပြားတစ်ဝက်က ယဲ့ဖန်၏ ဆွဲခါခြင်း ခံလိုက်ရသည်။ ဤဝေဒနာအား စကားလုံးနှင့်ပင် မဖော်ပြနိုင်ပေ။ ဓားအလက်တစ်ရာဖြင့် အထိုးခံရခြင်းထက် ပိုဆိုးလေသည်။
အသားစနှင့် သွေးစက်များ လွင့်စဉ်လာပြီး အန်တီ ချွန်းဟွာ၏ မျက်နှာမှ အရိုးနှင့် သွေးကြောများကို သေချာ မြင်လာရသည်။ သူမသည် သရဲတစ်ကောင်လေအလား အလွန် ကြောက်စရာ ကောင်းနေ၏။
“အား …”
တတိယမြောက် အော်သံ ထွက်ပေါ်လာ၏။ ယခုအသံက ပိုကျယ်၍ ဝမ်းနည်းကြွေကွဲပုံ ပေါ်ကာ ပို၍ နာကျင်စရာ ကောင်းလေသည်။
သူမ ပုံပျက်သွားပြီကို သတိပြုလိုက်မိသောအခါ အန်တီ ချွန်းဟွာသည် ဤသို့သော ဝေဒနာအား အဆတစ်ရာ နှိပ်စက်ခံရခြင်းထက် ပို၍ လက်မခံနိုင် ဖြစ်လာသည်။
*ဒီလူက ငါ့ကို ဖျက်ဆီးလိုက်တာ*
*ပန်းပွင့်လိုလှတဲ့ မိန်းကလေးတစ်ယောက်ကို သူ ဘယ်လိုတောင် ရက်ရက်စက်စက် လုပ်ရဲတာလဲ*
*နတ်ဆိုး*
*သူက နတ်ဆိုးပဲ*
နောင်တွင် သူမသည် တျောင်လို့၏ ပန်းဘုရင်မ ဆက်မဖြစ်နိုင်တော့ပါ။ ယခု သူမ ဖြစ်လာရသည့် ပုံစံအရ ယောက်ျား တစ်ယောက်သာ သူမကို မြင်လျင် ကြောက်လန့်သွားလောက်သည်။ သူမနားကို မည်သူက ကပ်ရဲ ပါမည်နည်း။
ထိုစဉ် ပြည့်တန်ဆာခေါင်း အမျိုးသမီးကြီးနှင့် ဝမ်ရဲ့တို့ အခန်းထဲသို့ ပြိုင်တူ ရောက်လာကြသည်။ အန်တီ ချွန်းဟွာ၏ ဆိုးရွားသော အခြေအနေကို မြင်ပြီးနောက် နှစ်ယောက်လုံး ကြက်သေ သေသွားကြလေသည်။
ထို့နောက်တွင်မူ ပြည့်တန်ဆာခေါင်းက မိုးကြိုးပစ်ချသံသကဲ့သို့ ကျယ်လောင်စွာ မာန်မဲလေ၏။
“မျိုးမစစ်ကောင် ငါ နင့်ကို သတ်မယ်”