စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေ
Vol. 1 Ch. 332
"ဟမ့်"
ကျန်းရီသည် နောက်ဆုတ်မသွားခဲ့ပေ။ နွယ်ပင်များဖြင့် ချုပ်နှောင်ချင်သည်လော။ အခြားသူများအား ချုပ်နှောင်၍ ရသော်လည်း သူ့အပေါ်တွင်တော့ အလုပ်မဖြစ်ပေ။ သူသည် ရိုးရှင်းသော နေရာရွှေ့ပြောင်းမှုလေး တစ်ခုလုပ်ရုံနှင့်ပင် အသာလေး လွတ်မြောက်နိုင်သည်။ သို့သော် သူသည် လုလောင်အား ရပ်တန့်သွားစေရန်ငှါ သတ်ဖြတ်ခြင်းအင်အားကို ထုတ်လွှတ်လိုက်သည်။
သတ်ဖြတ်ခြင်းအင်အားကို အသုံးပြုလိုက်သော်လည်း လုလောင်၏ကိုယ်သည် ဖိနှိပ်ခံရသည့် လက္ခဏာမပြဘဲ အစိမ်းရောင်အလင်းများ ဆက်လက်ထုတ်နေမည်ဟု သူမထင်ထားခဲ့ပေ။ လုလောင်အစား သူ့နောက်မှ လူသုံးယောက်ကသာ ဖိအား၏ သက်ရောက်မှု ခံရသည်။ သူတို့သည် သူနှင့် အနည်းငယ်ကွာဝေးနေသော်လည်း ဖိအားကို ခံစားနေကြရသည်။ သူတို့ထဲမှ တစ်ယောက်သည် အော်ပြောလာလေ၏။
"သခင်လေးရီ...သူက သူ့ရဲ့မှော်ပညာနဲ့ စိတ်ဝိဉာဉ်ကို လောင်စာအဖြစ် သုံးနေတာ၊ သတ်ဖြတ်ခြင်းအင်အားကလည်း သူ့ကို မလွှမ်းမိုးနိုင်ဘူး။ သခင်လေးရီ နည်းလမ်းတစ်ခုခုရှာပြီး ပြေးပါတော့...ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့"
ဗုန်း...ဗုန်း...
ကျန်လူနှစ်ယောက်သည် ကောင်းကင်အဆင့် လက်နက်များ ကိုယ်စီ ထုတ်လိုက်ကြကာ လက်လှမ်းမှီရာ သစ်ပင်များကို ပိုင်းဖြတ်နေကြသည်။ သူတို့သည် ကောင်းကင်အဆင့် လက်နက်များနှင့် အားကုန်ပိုင်းဖြတ်နေပါသော်လည်း နွယ်ရှင် တစ်ခု၊ နှစ်ခုကိုသာ ပိုင်းဖြတ်နိုင်ကြသောကြောင့် ထိတ်လန့်တုန်လှုပ်လာကြသည်။ နွယ်ပင်များသည် ဆင့်ကဲပြောင်းလဲမှုကြောင့် အလွန်အမင်း မာကျောလာမှန်း ထင်ရှားလှသည်။ ထို့ပြင် နွယ်များနှင့် သစ်ကိုင်းများမှာ ဘက်ပေါင်းစုံ တိုးဝင်လာနေကြရာ သူတို့၏ ပိုင်းဖြတ်နှုန်းသည် အလုပ်မဖြစ်ပေ။
"မကောင်းတော့ဘူး...ဒီနွယ်တွေပေါ်မှာ အဆိပ်တွေ ရှိတယ်"
တစ်ယောက်သည် ထိတ်လန့်တကြား ထအော်လိုက်သည်။ သူ၏ ခြေထောက်နှစ်ချောင်းအား နွယ်ပင်အချို့က လာရောက်ရစ်ပတ်သောကြောင့် သူချက်ချင်း ပိုင်းဖြတ်ခဲ့လိုက်သည်။ သို့သော် သူ့ခြေထောက်အထက်မှ ဘောင်းဘီသည် စုတ်ပြတ်နေပြီဖြစ်ပြီး သူ့ခြေထောက်များမှာ သွေးများ စိုရွှဲနေလေသည်။
အနှီရှေးဟောင်းမှော်ပညာသည် အလွန်ရက်စက်လှသည်။
ကျန်းရီသည် မှင်သက်သွားကာ သူ့ကိုယ်ကို နွယ်ပင်များနှင့် ထိတွေ့သည့်ဘေးမှ ကာကွယ်ရန် ကမ္ဘာ့မီးလျှံများကို ချက်ချင်းထုတ်ဖော်လိုက်သည်။ ထို့နောက် သူသည် လုလောင်ထံ ပြေးသွားကာ လက်ထဲမှ မီးနဂါးဓားနှင့် ပိုင်းချလိုက်သည်။
ရှဲ...ရှဲ...
နွယ်ပင်များ၊ မြက်ပင်များနှင့် သစ်ကိုင်းများသည် လုလောင်၏ ရှေ့တွင် လာရောက်စုစည်းကြပြီး သစ်ပင်တံတိုင်းသဖွယ် ပုံဖော်၍ မီးနဂါးဓား၏ တိုက်ခိုက်မှုကို ပိတ်ဆို့လာခဲ့သည်။ မီးနဂါးဓား၏ တိုက်ခိုက်မှုမှာ အလွန်အားပြင်းလှသော်လည်း သစ်ပင်တံတိုင်းကိုသာ ထက်ခြမ်းခွဲနိုင်ခဲ့သည်။
ဝှစ်...
ကမ္ဘာ့မီးလျှံများသည် မီးနဂါးဓားထက် ပို၍ အသုံးကျကြောင်း ကျန်းရီ သတိထားမိလိုက်သောအခါတွင် ကမ္ဘာ့မီးလျှံများကိုသာ ပို၍ ထုတ်လွှတ်လိုက်သည်။ အစိမ်းရောင်အလင်းများ ဖြာထွက်နေသော သစ်ကိုင်းများ၊ နွယ်ပင်များသည် မီးများ စတင်စွဲလောင်ကုန်သည်။ သို့သော် မီးလောင်နှုန်းမှာ သစ်ကိုင်းများ ရှည်ထွက်လာနှုန်းနှင့် နှိုင်းယှဉ်သော် အလွန်နှေးကွေးလေသည်။
"အား...."
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် သုံးယောက်သည် အထဲတွင် ပိတ်မိနေကြပြီး လှောင်အိမ်မှာ ကျဉ်း၍လာကာ နွယ်ပင်များသည် သူတို့အား ရစ်ပတ်လိုက်ကြသည်။ သူတို့သုံးယောက်သည် အားကောင်းကြသော်လည်း မလွတ်မြောက်နိုင်ကြပေ။ သူတို့၏ ကိုယ်များသည် နွယ်ပင်များ၏ တိုက်စားမှုကို ခံနေရရာ အရိုးစုသုံးခုအဖြစ် ပြောင်းလဲသွားရန် အချိန်အနည်းငယ်သာ လိုလိမ့်မည်။
ငါလုပ်မှ ဖြစ်မယ်...
ကျန်းရီသည် အံကြိတ်၍ မီးဝိဉာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူကာ ပစ်ထုတ်လိုက်သည်။ သူ ဤသူအား မသတ်လျှင် သစ်ပင်လှောင်အိမ်အား ဖျက်စီးရန် ခက်ခဲသွားလိမ့်မည်။ ယွင်လု၏ ပြေးနှုန်းသည် အနည်းငယ်နှေးသော်လည်း အချိန် အလုံအလောက်ရပါက လွတ်မြောက်သွားနိုင်သည့် အနေအထားတွင် ရှိလေသည်။
သူ့တွင် မီးဝိဉာဉ်ကျောက်တုံး ရှစ်ခုသာ ကျန်ရစ်ရာ တစ်ကြိမ်သုံးလိုက်တိုင်း တစ်ခုလျော့သွားလိမ့်မည်။ ၎င်းတို့သည် သူ့တွင်ရှိသည့် အားအကောင်းဆုံး ဝှက်ဖဲဖြစ်သည်။ လက်ရှိအခြေအနေတွင် ရွေးချယ်စရာမရှိဘဲ သူ ထုတ်သုံးရတော့သည်။
မီးဝိဉာဉ်ကျောက်တုံး၏ အပူချိန်သည် ကမ္ဘာ့မီးလျှံများထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် နဂါးတစ်သောင်းတောင်ကြား ကောင်းကင်ဧကရာဇ် ချန်ရစ်ခဲ့သော တားမြစ်အစီအရင်များနှင့် သူတော်စင်အဆင့် ရတနာများကိုတောင် လောင်ကျွမ်းနိုင်သည်။ သစ်ပင်များ၊ နွယ်ပင်များသည် ရှေးဟောင်းမှော်အစွမ်းကြောင့် သာမန်ထက်ပို၍ မာကျောလှသော်လည်း မီးဝိဉာဉ်ကျောက်တုံးကိုတော့ ခုခံနိုင်စွမ်းမဲ့လေသည်။ မီးဝိဉာဉ်ကျောက်တုံး ပျံသန်းသွားရာ လမ်းတစ်လျှောက်မှ သစ်ကိုင်းများ၊ နွယ်ပင်များသည် ချက်ချင်းလောင်ကျွမ်းကုန်ကြသည်။
"အားးး..."
ကျန်းရီသည် လုလောင်နှင့် ဆယ်မီတာခန့်သာ ကွာဝေးရာ မီးဝိဉာဉ်ကျောက်တုံးသည် အချိန်တိုအတွင်း လုလောင်အနီး ရောက်ရှိသွားခဲ့သည်။ လုလောင်၏ အရှေ့တွင် သစ်ပင်နွယ်များ ရှိနေသော်လည်း အလွယ်တကူ လောင်ကျွမ်းသွားကြသည်။ လုလောင်၏ ရှေးဟောင်းနတ်ဘုရား လက်စွပ် ပေါက်ကွဲသွားသောအခါ လုလောင်တွင် သူတော်စင်အဆင့် လက်နက်တစ်ခုရှိသည်ဟူသော ကျန့်ဝူရွှမ်း၏ စကားကို အမှတ်ရလိုက်သောကြောင့် ကျန်းရီတစ်ယောက် ရင်နာသွားလေသည်။
ရှဲ....ရှဲ....
လုလောင် သေသွားပြီဖြစ်ပြီး ရုပ်ကြွင်းအစအနပင် မကျန်ခဲ့ပေ။ သို့သော် အနီးအနားရှိ သစ်ကိုင်းများ၊ မြက်ပင်များ၊ နွယ်ပင်များမှာ မာကျောဆဲ၊ ကျန်းရီထံ ဆက်လက်တိုးဝင်လာနေကြဆဲ ဖြစ်သည်။
"အား....သခင်လေးရီ...ကျွန်တော်တို့ကို စိတ်ပူမနေဘဲ...ယွင်လုနောက် မြန်မြန်လိုက်ပါ"
ကျန်းရီသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသုံးယောက်အား ကယ်ရန် အနောက်ပြန်လှည့်မည်ပြုသောအခါ သူတို့ထဲမှ တစ်ယောက်သည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရကာ ချက်ချင်း အော်ဟစ်လာခဲ့သည်။
ကျန်းရီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး အံကြိတ်၍ ကမ္ဘာ့မီးလျှံများကို ထုတ်ဖော်၍ ရှေ့သို့ ဆက်ပြေးသွားခဲ့သည်။ သစ်ပင်လှောင်အိမ်ကြီး မည်မျှကြီးမှန်း သူမသိရာ စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကို စွတ်ရွတ်၍ မသုံးဝင့်ပါချေ။ နွယ်ပင်များအကြားသို့ နေရာရွှေ့ပြောင်းမိလျှင် သူ့ကိုယ်သည် တိုက်စားခံရပြီး ကိစ္စပြတ်သွားလိမ့်မည်။
ကျန်းရီ သတိကြီးကြီး ထားလိုက်သည်မှာ ကံကောင်းသည်။ သုံးကီလိုမီတာခန့် ပြေးလွှားပြီးနောက် သစ်ပင်လှောင်အိမ်၏ အပြင်ဘက်သို့ သူရောက်သွားခဲ့သည်။ သူသည် ငှက်အသိုက်ကြီးနှင့်တူသော သစ်ပင်လှောင်အိမ်ကြီးအား နောက်ပြန်လှည့်ကြည့်လိုက်ရာ တုန်လှုပ်သွားရသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့် လူလေးယောက် လွတ်မြောက်နိုင်မည်လားကို သူမသိသော်လည်း အမြင့်ဆုံးအဆင့် သုံးယောက်သည် သေသွားလောက်သည်။
"ယွင်လု"
ကျန်းရီ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူသည် အတွေးလွန်နေခြင်းကို ရပ်တန့်လိုက်ပြီး စတင်၍ နေရာရွှေ့ပြောင်းလိုက်သည်။ အချိန်အတော်အတန် ကြာသွားခဲ့ပြီဖြစ်ရာ သူချက်ချင်း မလိုက်ပါက ယွင်လုအား ခြေရာခံရန် ခက်ခဲသွားလိမ့်မည်။ ယွင်လုလွတ်မြောက်သွားလျှင် ဂိုဏ်းနှစ်ဂိုဏ်းမှ လူများ သေဆုံးသွားရသည်မှာ အလကားဖြစ်သွားလိမ့်မည်။
သူ့စိတ်သည် အလွန်မောပန်းနေပြီဖြစ်သည်။ ဆက်တိုက်နေရာရွှေ့ပြောင်းပြီးနောက် သူ့စိတ်ဝိဉာဉ် ပင်ပန်းနွမ်းနယ်၍ သူ့မျက်ခွံများမှာ လေးလံလာခဲ့သည်။ သူ့အခြေအနေမှာ နေ့ညရက်ဆက်၍ အိပ်ရေးပျက်ထားသော လူတစ်ယောက်အလားပင်။ သို့သော် သူသည် ရူးသွပ်စွာ နေရာရွှေ့ပြောင်း၍ ယွင်လုနောက် လိုက်နေရသည်။
ဝေါင်း...ဝေါင်း...
သူသည် လမ်းတစ်လျှောက်တွင် နတ်ဆိုးသားရဲ အမြောက်အများနှင့် တွေ့ခဲ့သည်။ တတိယအဆင့် အမြင့်စား နတ်ဆိုးသားရဲ တစ်ကောင်ပင် ပါလိုက်သေးသည်။ အစောပိုင်းက နေရာတွင် ဆူဆူပူပူ ဖြစ်သွားခဲ့သောကြောင့် အနီးအနားရှိ နတ်ဆိုးသားရဲများ သတိထားမိသွားကြပုံပေါ်သည်။
ကျန်းရီသည် နတ်ဆိုးသားရဲများ အနီးတွင် ကြာကြာမနေရဲပေ။ သူသည် သတ်ဖြတ်ခြင်းအင်အားကိုသုံး၍ နတ်ဆိုးသားရဲများကို ဖိနှိပ်ကာ ဆက်လက်နေရာရွှေ့ပြောင်းနေခဲ့သည်။
သို့သော် ဆယ်ကြိမ်ကျော်နေရာပြောင်းရွှေ့၍ ကီလိုမီတာသုံးဆယ်ကျော် ခရီးရောက်လာသော်လည်း ယွင်လု၏ အရိပ်အယောင်ကို သူမမြင်မိပေ။ ယွင်လု၏ ပြေးနှုန်းမှာ အတော်နှေးသည့်အတွက် သူလိုက်မှီသင့်နေပြီဖြစ်သည်။
"ယွင်လုကို နတ်ဆိုးသားရဲတွေက သတ်လိုက်ပြီများလား"
ကျန်းရီသည် တီးတိုးရေရွတ်ပြီးနောက် အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ ယွင်လုသည် တော်ဝင်မင်းသားတစ်ပါးဖြစ်၍ ရတနာအချို့တော့ ရှိမည်သာ။ သူ နတ်ဆိုးသားရဲအချို့နှင့် ထိပ်တိုက်တွေ့ခဲ့လျှင် တိုက်ပွဲအရိပ်အယောင် အချို့တော့ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ကျန်းရီ နေရာရွှေ့ပြောင်းလာသော လမ်းတစ်လျှောက်တွင် မည်သည့်ခြေရာ၊လက်ရာမှ မတွေ့ခဲ့ပေ။
"ငါသွားနေတဲ့ဘက်ပဲ လွဲနေတာလား"
ကျန်းရီသည် မျက်နှာကို ပွတ်သပ်လိုက်ပြီး စိတ်ကို အတင်းအကြပ် ပြန်လည်စုစည်းလိုက်သည်။ သူမည်သည့်ဘက်သို့ ပြေးလိုက်ရမှန်း မသိတော့ပေ။ သို့နှင့် သူသည် သူ့ကံကို လောင်းကြေးထပ်ပြီး ကြုံရာအရပ်တစ်ဖက်ကို ရွေးချယ်လိုက်သည်။
ဤတစ်ကြိမ်တွင် ကျန်းရီတစ်ယောက် ကံထူးလေသည်။
အကြိမ်အနည်းငယ် ထပ်မံ နေရာရွှေ့ပြောင်းပြီးနောက် တိုက်ပွဲလက္ခဏာအချို့ကို သူတွေ့ရပြီဖြစ်သည်။ သူ့စိတ်မှာ ချက်ချင်းတက်ကြွလာခဲ့သည်။ သူသည် ထပ်မံနေရာမရွှေ့ပြောင်းတော့ဘဲ ဟွမ်ကြီးကို ဆင့်ခေါ်၍ သဲလွန်စများကို ခြေရာကောက်၍ လိုက်တော့သည်။ သူသည် အလွန်ပင်ပန်းနေပြီဖြစ်ရာ ဆက်လက်၍ နေရာရွှေ့ပြောင်းပါက မေ့မြောသွားနိုင်သည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။
ဟွမ်ကြီး၏ မြေပေါ်တွင် ပြေးနှုန်းမှာ နှေးသည်ဟု ပြောနိုင်သော်လည်း စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပထမအဆင့်ဖြစ်သော ယွင်လုထက်တော့ မြန်သေးသည်။ ယွင်လုသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ထားရရာ မသေလျှင်တောင် ဒဏ်ရာအချို့ ရထားလောက်သည်။ ခြေရာများအတိုင်း လိုက်သွားခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။
တောနက်ပိုင်းသို့ ရောက်နေပြီဖြစ်ပြီး မြက်ပင်များမှာ ထူထပ်စွာ ပေါက်နေသည်။ သို့သော် ကျန်းရီ၏ အမြင်အာရုံသည် စူးရှလွန်းရာ ခြေရာလက်ရာအချို့ကို သတိပြုမိလေသည်။ အချိန်အတော်ကြာအောင် ခြေရာခံလိုက်လာပြီးနောက် ဒုတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင်၏ အလောင်းနှင့် လူသွေးအချို့ကို ကျန်းရီ တွေ့လိုက်ရသည်။ သူ၏ ပင်ပန်းနေသော စိတ်အာရုံမှာ ချက်ချင်းအားတက်လာသည်။
"ဘွတ်အဲ...ဘွတ်အဲ"
ဟွမ်ကြီးသည် သွက်လက်စွာ ပြေးလွှားနေသည်။ လမ်းတွင် နတ်ဆိုးသားရဲ တစ်ကောင်ကောင်နှင့် တွေ့ပါက ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်ဖော်၍ မီးနဂါးဓားဖြင့် သတ်ဖြတ်ကာ ရှေ့ဆက်ကြသည်။
"ဟား..ဟား..ဟား"
မိနစ်သုံးဆယ်ခန့်ကြာသော် ရှေ့ဘက်မှ ခြေသံဖျော့ဖျော့တို့ကို ကျန်းရီ ကြားလိုက်ရသည်။ စိမ်းစိုနေသော တောအုပ်ကို ဖြတ်၍ ကြည့်လိုက်သော် ပြေးလွှားရန် အစွမ်းကုန် ကြိုးစားနေသည့် ယွင်လုကို သူမြင်လိုက်ရသည်။ သူသည် ရယ်ချကာ အော်ပြောလိုက်သည်။
"ယွင်လု...မင်းဘယ်ကို ပြေးနိုင်မလဲဆိုတာ ငါကြည့်ဦးမယ်။ ဒီအနီးတစ်ဝိုက်မှာ နတ်ဆိုးသားရဲတွေ အများကြီးပဲ...သူတို့ရဲ့ ပါးစပ်ထဲမှာ သေသွားတာထက်စာရင် မင်းရဲ့သေလမ်းခရီးကို ငါပို့ပေးလိုက်တာက ပိုမကောင်းဘူးလား"
"ကျန်းရီ"
ယွင်လု၏ ကိုယ်သည် အေးခဲသွားခဲ့ပြီး အလျင်အမြန် နောက်လှည့်ကြည့်ကာ ရက်စက်သော အပြုံးတစ်ခုနှင့် စကားပြောလာခဲ့သည်။
"မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့နောက်ကို ဆက်လိုက်လာလေ...နောက်ဆုံးမှာ ဘယ်သူသေမလဲဆိုတာ ကြည့်ကြတာပေါ့"
"ဟွမ်ကြီး...လိုက်"
ကျန်းရီသည် ယွင်လု၏ ခြိမ်းခြောက်မှုကို အဖက်မလုပ်ဘဲ ဟွမ်ကြီးအား အစွမ်းကုန်ပြေးလိုက်ရန်သာ ထိန်းချုပ်လိုက်သည်။
"အမ်"
တစ်ခဏကြာအောင် ပြေးလိုက်ပြီးနောက် ရှေ့တွင် အဖြူရောင်မြူခိုးများကို သူတွေ့လိုက်ရသည်။ ကျန်းရီသည် အစက စိတ်ထဲမထားသော်လည်း မြူထုမှာ ပို၍ထူထပ်လာခဲ့ပြီး မီတာရာဂဏန်းလောက်အထိသာ မြင်နိုင်တော့သည်။ ပတ်ဝန်းကျင်သည် သစ်ပင်တစ်ပင်တစ်လေတောင် မရှိဘဲ လွင်တီးခေါင်ခေါင်ကြီးဖြစ်သည်။ မြေအနေအထားမှာ ထူးဆန်းလာရာ ကျန်းရီ သတိဝင်လာခဲ့သည်။
သူသည် ယွင်လုနှင့် နီးသထက်နီးလာသော်လည်း မြူခိုးဖြူဖြူများကြောင့် ယွင်လုအား ခပ်ရေးရေးသာ မြင်နေရသည်။
"ဟွမ်ကြီး...ပြန်တော့"
ကျန်းရီသည် တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ဟွမ်ကြီးအား ပြန်သိမ်းလိုက်ပြီး ချက်ချင်းနေရာရွှေ့ပြောင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ယွင်လုနှင့် မီတာတစ်ရာခန့်သာ ကွာဝေးတော့သည်။ သူသည် သတ်ဖြတ်ခြင်းအင်အားကို ထုတ်ဖော်၍ ယွင်လုအား သတ်ဖြတ်ရန် ပြင်လိုက်သောအခါ ယွင်လုသည် ရုတ်တရက် နောက်လှည့်လာပြီး ကောက်ကျစ်သော အပြုံးနှင့် စကားပြောလာခဲ့သည်။
"ကျန်းရီ...ဒါ ဘယ်နေရာလဲဆိုတာ မင်းသိလား။ ဟားဟားဟား...မင်း တကယ်ကြီး စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲကို ငါနဲ့လိုက်ဝင်လာတာပဲ။ နတ်ဆိုးဧကရီ အပါအဝင် တစ်လောကလုံးက ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"
*****