စောစောစီးစီး အဆုံးသတ်ခြင်း
Vol. 8 Ch. 87
နီဝူရွှမ်းနှင့် ပတ်သက်လျှင် ထန်ထျန်းသည် အမှတ်ရစရာ တော်တော်များများ ရှိခဲ့သည်။ ပါရမီထူးချွန်သည်၊ ခွန်အားကောင်းသည်၊ စိတ်ထားမှာလည်း အလွန်နူးညံ့သိမ်မွေ့သည်။
ထိုစဉ်က အလံလုပွဲ တွင် သူမက ပြိုင်ပွဲတစ်ခု လုံးကို လွှမ်းမိုးနိုင်စွမ်း မရှိခဲ့သော်လည်း၊ အကယ်၍ ထန်ထျန်းသာ မရှိပါက ဘုရင်အလံ ကို ရရှိမည့်သူမှာ သူမပင် ဖြစ်သည်။
မိုရှောင်းရှောင်း၏ ပျိုးထောင်ပေးမှုအပြီးတွင် နီဝူရွှမ်းက ယခင်နှင့် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသော တိုးတက်မှုများကို ရရှိထားခဲ့ပြီ ဖြစ်သည်။
တစ်ဖက်မှ ကြည့်လျှင် မိုရှောင်းရှောင်း၏ လူကြည့်တတ်သော အမြင်မှာ အလွန်စူးရှသည်ဟု ဆိုရမည်။
"ဒါဆိုရင် လာခဲ့လေ"
ထန်ထျန်းက ပြုံးလျက် ဆိုသည်။
တိုက်ပွဲမှာ ချက်ချင်းပင် စတင်ခဲ့သည်။
နီဝူရွှမ်းက ယခင်အတိုင်းပင် စင်မြင့် ပေါ်တက်သည်နှင့် အင်အားအပြည့် ထုတ်သုံးတော့သည်။
မရေမတွက်နိုင်သော ရှည်လျားသည့် ဓားများ ဝေါခနဲ ထွက်ပေါ်လာပြီး ကြီးမားသော ဓားအစီအရင် တစ်ခုအဖြစ် စင်မြင့်ထက်တွင် အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။
နောက်တစ်ခဏတွင် ဓားများအားလုံး လမ်းကြောင်းပြောင်းသွားကာ ထန်ထျန်းထံသို့ ဦးတည် တိုးဝင် လာကြသည်။
ထန်ထျန်းက ယခင်တစ်ခေါက်ကဲ့သို့ပင် လက်ကို ညင်သာစွာ မြှောက်လိုက်ရာ ဓားများအားလုံးက လေထဲတွင် ရပ်တန့်သွားသည်။ အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူက ဓားများကို ချောချောမွေ့မွေ့ မထိန်းချုပ်နိုင် ခဲ့ပေ။
နီဝူရွှမ်းက ဤအခြေအနေကို ကြိုတင်တွက်ဆထားပုံရပြီး ချက်ချင်းပင် အကွက်ပြောင်းလိုက်သည်။ ပင်မဓားတစ်လက်မှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကျန်ရှိသော ဓားများမှာ တုန်ခါလျက် ပင်မဓားထံသို့ ပျံဝင်သွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားများအားလုံး ပေါင်းစည်းသွားပြီး ကောင်းကင်ဖြို နတ်ဓား ကြီးတစ်လက် ဖြစ်ပေါ်လာသည်။
ထိုဓားကြီး ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နီဝူရွှမ်းက ဓားရိုးကို ဆုပ်ကိုင်ကာ သူမ၏ အင်အား အားလုံးကို ထုတ်သုံး၍ ဓားကြီးကို ထန်ထျန်းထံသို့ တိုက်ရိုက် ခုတ်ချ လိုက်သည်။
ပြင်းထန်လှသော အင်အား ကြောင့် လေထုမှာ ထိုးဖောက်ခံလိုက်ရပြီး မျက်စိဖြင့် မြင်နိုင်သော လေလှိုင်းများ ဖြစ်ပေါ်လာသည်။
"မဆိုးဘူး၊ တိုးတက်လာတာပဲ"
ထန်ထျန်းက ခပ်ပါးပါး ပြုံးလျက် လက်ကို မြှောက်ကာ ရှေ့သို့ ဖြည်းညှင်းစွာ တွန်းလိုက်သည်။
သူ့ရှေ့မှ လေထုမှာ ချက်ချင်းပင် ခဲသွားပြီး မမြင်နိုင်သော ခိုင်ခံ့သည့် တံတိုင်း တစ်ခု ဖြစ်လာသည်။
နောက်တစ်ခဏတွင် အင်မော်တယ် ဓားကြီးနှင့် လေတံတိုင်းတို့ တိုက်မိကြတော့သည်။
"ဗုန်း..."
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးမှာ စင်မြင့်ထက်တွင် မြည်ဟည်းသွားပြီး လေလှိုင်းများမှာ ကွင်းတစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။ ခွန်အားနည်းသော တပည့်အချို့မှာ ထိုင်ခုံပေါ်တွင်ပင် မြဲအောင် မထိုင်နိုင်တော့ဘဲ လွင့်ကျကုန်ကြသည်။
ပြန်ထလာသောအခါ သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒါက ပါရမီရှင်တွေရဲ့ ခွန်အားလား"
"တကယ်ကို သန်မာ လွန်းတယ်"
လူအများ အံ့သြတုန်လှုပ်စွာ အော်ဟစ်ရင်း စင်မြင့်ထက်ကို ပြန်ကြည့်ကြသည်။
အင်မော်တယ် ဓားကြီးမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ ထန်ထျန်းက ရှေ့တွင် လေတံတိုင်း ကာထားသော်လည်း နီဝူရွှမ်း၏ ထိန်းချုပ်မှုအောက်တွင် ဓားကြီးမှာ တဖြည်းဖြည်း နီးကပ်လာနေသည်။
သို့သော် နှမြောစရာ ကောင်းသည်မှာ ထန်ထျန်းနှင့် လက်မဝက်ခန့် အကွာအဝေးသို့ ရောက်သောအခါ ထိုဓားကြီးမှာ ရှေ့ဆက်၍ မတိုးနိုင်တော့ပေ။
ဓားကိုယ်ထည်တစ်ခုလုံးမှ "ကွဲအက်သံ" များ ထွက်ပေါ်လာပြီး အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထန်ထျန်းက ခပ်ပါးပါး ပြုံးလျက် လက်ကို နောက်ထပ် လက်မဝက်ခန့် ရှေ့သို့ တွန်းလိုက်ပြန်သည်။
ကြီးမားလှသော အင်မော်တယ် ဓားကြီးမှာ နောက်ဆုံးတွင် တောင့်မခံနိုင်တော့ဘဲ "ဗုန်း" ခနဲ မြည်ကာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။
သို့သော် လူအများ မမျှော်လင့်ထားသည်မှာ ဓားမှာ အပိုင်းအစများအဖြစ် ပေါက်ကွဲသွားခြင်း မဟုတ်ဘဲ အလင်းစက်များအဖြစ် ပြောင်းလဲကာ စင်မြင့်ထက်တွင် ပျံ့နှံ့သွားခြင်း ဖြစ်သည်။
သာ၍ ထူးဆန်းသည်မှာ နီဝူရွှမ်း ကိုယ်တိုင်ပင် ပျောက်ကွယ်သွားပြီး ထိုအလင်းစက်များအတွင်း ရောနှောသွားခြင်းပင်။
ထန်ထျန်း မျက်ခုံးပင့်လိုက်သည်။
ထိုအချိန်မှာပင် သူ၏ ဘေးနားရှိ အလင်းစက်တစ်ခုမှာ ရုတ်တရက် ကြီးမားလာပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားမြှောင်လေး တစ်လက်အဖြစ် ပြောင်းလဲကာ ထန်ထျန်းကို အသံတိတ် ထိုးစိုက်လိုက်သည်။
သို့သော် ထန်ထျန်း၏ ခန္ဓာကိုယ်ကို မထိမှီမှာပင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်တစ်ဖက်မှာ ဓားမြှောင်ရှေ့တွင် ပေါ်လာသည်။
"တောင်... "
ဓားထိပ်ဖျား မှာ ထန်ထျန်း၏ လက်ချောင်းနှစ်ချောင်းကြားတွင် မြဲမြံစွာ ညှပ်ခြင်း ခံလိုက်ရပြီး ရှေ့ဆက်တိုး၍ မရတော့ပေ။
ထို့နောက် ထန်ထျန်းက လက်ညှိုးဖြင့် ဖယ်ထုတ်လိုက်ရာ ဓားမြှောင်လေးမှာ လွင့်ထွက်သွားသည်။
ပျံသန်းနေစဉ်မှာပင် ဓားမြှောင်မှာ ကြီးမားလာပြီး နီဝူရွှမ်း၏ ပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။
သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ဒူးထောက်ကျကာ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူမ၏ မျက်နှာမှာ အရမ်း ဖြူလျော်နေ၏။
ခုနက တိုက်ကွက်မှာ သူမ၏ အရာအားလုံးကို ပုံအောလိုက်သော တိုက်ကွက် ဖြစ်သည်။
"တိုးတက်မှုက တကယ် မြန်တာပဲ"
ထန်ထျန်းက ညင်သာစွာ ရေရွတ်မိသည်။
ခုနက နီဝူရွှမ်းသည် ပေါက်ကွဲသွားသော အင်မော်တယ် ဓားကို အသုံးချကာ အလင်းစက်များကြားတွင် မိမိကိုယ်ကို ဖုံးကွယ်ခဲ့ပြီး အနီးကပ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
သူမကြောင့် သူ၏ အဝတ်အစားများပင် စုတ်ပြတ်သွားလုနီးပါး ဖြစ်ခဲ့ရသည်။
တကယ့်ကို ကြောက်စရာ ကောင်းလှသည်
နီဝူရွှမ်းမှာ ဘာမှ ပြန်မပြောဘဲ အတော်ကြာမှ ဖြည်းဖြည်းချင်း ထနိုင်တော့သည်။
သူမ၏ မျက်နှာမှာ ဖြူလျော်နေဆဲ ဖြစ်သော်လည်း ထန်ထျန်းကို လက်အုပ်ချီ ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ပြောပြီးနောက် သူမက စင်မြင့် ပေါ်မှ ဖြည်းဖြည်းချင်း လမ်းလျှောက် ဆင်းသွားသည်။
သူမ၏ ကျောပြင်ကို ကြည့်ရင်း ထန်ထျန်းမှာ လက်ဖက်ရည်ခွက်ကို ပွတ်နေသော လက်မှာ ခေတ္တ ရပ်တန့်သွားသည်။
အကြောင်းမှာ သူက စိုစွတ်သော ခံစားချက်ကို ရလိုက်သောကြောင့် ဖြစ်သည်။
သေချာကြည့်လိုက်သောအခါ နီဝူရွှမ်း၏ အားကုန်သုံး တိုက်ကွက်ကို သူ အေးဆေး တားဆီးနိုင်ခဲ့သည် ဆိုသော်လည်း အနည်းငယ်သော ထိခိုက်မှုကိုတော့ ရရှိခဲ့သည်။
လက်ဖက်ရည်ခွက်ပေါ်ရှိ သေချာမကြည့်လျှင် မမြင်နိုင်သော အက်ကြောင်းလေး တစ်ကြောင်းမှာ သက်သေပင်။
ထိုအက်ကြောင်းလေးကြောင့် ထန်ထျန်းက ပွဲပေါင်း ဒါဇင်ချီ၍ အနိုင်ရရှိခဲ့ရာမှ ဖြစ်ပေါ်လာသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှု များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
"ငါ တောင်ပေါ်က ဆင်းလာတာ စောသွားပြီ ထင်တယ်"
"ဒီနေ့ ငါ့လက်ထဲက လက်ဖက်ရည်ခွက်ကို တစ်ယောက်ယောက်က အက်အောင် လုပ်နိုင်ရင်၊ နောက်နေ့ကျရင် တစ်ယောက်ယောက်က ငါ့လည်ပင်းကို ဖြတ်နိုင်မှာပဲ"
"ဒီတစ်ခေါက် ပြန်သွားရင်တော့ အနည်းဆုံး တာအိုနိယာမလမ်းစဉ် ကို နောက် တစ်ဆင့် တက်အောင် လုပ်ရမယ်၊ ပြီးရင် နတ်ဖီးနစ် လျှို့ဝှက်ကျင့်စဉ် ကိုလည်း အောင်မြင်အောင် ကျင့်ရမယ်။ အဲဒါတွေ ပြီးမှပဲ တောင်ပေါ်က ပြန်ဆင်းဖို့ စဉ်းစားတော့မယ်..."
ထန်ထျန်းမှာ ဤသို့ တွေးတောနေသည်။
အကယ်၍ သူ၏ ဤအတွေးကိုသာ အခြားပါရမီရှင်များ ကြားလိုက်ရပါက မည်သို့ ခံစားရမည်ကိုပင် မသိနိုင်တော့ပေ...။
နီဝူရွှမ်းပြီးနောက် နောက်ထပ် အထူးတပည့် နှစ်ဦး စိန်ခေါ်ခဲ့ကြသေးသည်။
ထို့နောက်တွင်မူ မည်သူမှ စိန်ခေါ်ရန် ရှေ့မထွက်လာတော့ပေ။
ထန်ထျန်းကိုယ်တိုင်လည်း လက်ဖက်ရည်ခွက် ကိစ္စကြောင့် ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။ ထို့ကြောင့် သူသည် ဤလွတ်လပ်စွာ စိန်ခေါ်ပွဲကို အဆုံးသတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ ရွေးချယ်ခံရမှာကတော့ အသေအချာပင်။
စင်မြင့်မြင့်ပေါ်သို့ ပြန်ရောက်သောအခါ ထန်ထျန်း၏ မျက်နှာအမူအရာ မကောင်းသည်ကို မြင်၍ ချီယွမ်က မေးသည်။ "ကျောက်စိမ်းလေး (ဂျင်) ... ဘာဖြစ်လို့လဲ"
ထန်ထျန်းက သက်ပြင်းအရှည်ကြီး ချလိုက်ကာ "ကျွန်တော်က အရမ်း အားနည်းနေသေးတယ်လို့ ခံစားရလို့ပါ။
ခဏ ရရှိတဲ့ နိုင်ပွဲတွေကြောင့် မျက်စိကွယ်သွားမလို့ ဖြစ်သွားတယ်၊ တော်သေးတာပေါ့ အချိန်မီ သတိဝင်လာလို့။
ရှေ့လျှောက်တော့ အဆပေါင်းများစွာ ပိုပြီး ကြိုးစားရတော့မယ်"
ချီယွမ် : ???
ငါ့ကို လာနောက်နေတာလား
ထိုင်ခုံပေါ်မှာ ထိုင်၊ လက်ဖက်ရည်သောက်ရင်း တစ်ဆင့်တည်းက အထူးတပည့် ပါရမီရှင် ဒါဇင်ပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း နှိမ်နင်းခဲ့ပြီးမှ ပြန်လာပြီး "ငါ အားနည်းလွန်းတယ်" လို့ ပြောနေတာလား
မင်းမှာသာ သတ္တိရှိရင် ခုနက ရှုံးသွားတဲ့လူတွေရှေ့မှာ အဲဒီစကားကို ထပ်ပြောကြည့်ပါလား
ချီယွမ်မှာ ထန်ထျန်း ဘာတွေ တွေးနေမှန်း မသိဘဲ မှင်တက်နေရသည်။
မဟာအကြီးအကဲ လီထျန်းဟွာ ပင်လျှင် အံ့သြစွာ လှည့်ကြည့်လာသည်။
သူ၏ အမြင်တွင် ထန်ထျန်းက တပည့်ကောင်းတစ်ယောက်တွင် ရှိအပ်သော စွမ်းရည်များအားလုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ပါရမီရှိသည်၊ ခွန်အားရှိသည်၊ ချမ်းသာသည်၊ ဂိုဏ်းအပေါ် တာဝန်သိစိတ် ရှိသည်။ ထို့ပြင် ဘဝင်မမြင့်ဘဲ ဤမျှကြီးမားသော အောင်မြင်မှု ရပြီးနောက်တွင်ပင် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်နေသေးသည်။
ဒါက... တကယ့်ကို အံ့သြစရာကြီးပဲ
မဟာအကြီးအကဲက ခေါင်းခါလိုက်သည်။ နှမြောစရာ ကောင်းသည်မှာ ထန်ထျန်းက ဂုဏ်ထူးဆောင်တပည့် ဖြစ်နေခြင်းပင်။ ဂိုဏ်း၏ စည်းမျဉ်းကို လူတစ်ယောက်တည်းအတွက်နှင့် အလွယ်တကူ ပြောင်းလဲ၍ မရပေ။
ရှေ့လျှောက် ဝူဒင်( ကောင်းကင်) နန်းတော် သို့ ရောက်သောအခါမှသာ ထန်ထျန်းက အစစ်အမှန် တောက်ပလာလိမ့်မည်ဟု မျှော်လင့်မိသည်။
အကြောင်းမှာ ထိုနေရာတွင် ဂုဏ်ထူးဆောင်တပည့်နှင့် အခြားတပည့်များကြား ခွဲခြားဆက်ဆံမှုမှာ ဤမျှ မကြီးမားတော့သောကြောင့် ဖြစ်သည်။
ထန်ထျန်း၏ စိန်ခေါ်ပွဲများ ပြီးဆုံးပြီးနောက် အတော်ကြာမှ အောက်ခြေစင်မြင့်များတွင် အခြားတပည့်များ တက်လာကြသည်။
ယခုတစ်ကြိမ်တွင် စင်မြင့်ငါးခုလုံးကို တစ်ပြိုင်နက် ဖွင့်လိုက်ပြီး အဓိကတပည့် ရွေးချယ်ပွဲကို တရားဝင် စတင်တော့သည်။
သို့သော် ထန်ထျန်း၏ အဖွင့်ပွဲမှာ အလွန်ပင် ခမ်းနားလွန်းခဲ့သဖြင့် နောက်ဆက်တွဲ တိုက်ပွဲများမှာ ပရိသတ်အတွက် ပျင်းစရာကောင်းသလို ဖြစ်နေတော့သည်။
ထန်ထျန်းက စင်မြင့်ပေါ်တွင် ထိုင်ကာ တိုက်ပွဲများကို ဟိုဟိုဒီဒီ ကြည့်နေခဲ့သည်။
နီဝူရွှမ်းမှာ ဒဏ်ရာရထားသော်လည်း သူမ၏ ပြိုင်ဘက်ကို အပြတ်အသတ် နိုင်သွားသည်ကို သူ မြင်လိုက်ရသည်။
လူငယ် ကုန်းချီ ကလည်း ဝိညာဉ်ပင် အစေ့များကို သုံးကာ ပြိုင်ဘက်ကို ကစားနေသည်ကိုလည်း မြင်ရသည်။
ထို့နောက် သူက လင်းယွဲ့ ကိုလည်း မြင်လိုက်ရသည်။ တစ်ချိန်က မောက်မာခဲ့သော ထိုမိန်းကလေးမှာ ယခုအခါ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သူမ၏ အခြေအနေမှာလည်း အလွန် ဆိုးရွားနေပုံရသည်။
ထန်ထျန်းက ချက်ချင်းပင် အကြည့်လွှဲလိုက်သည်။ သူ ဤကမ္ဘာသို့ ရောက်ရှိလာချိန်မှစ၍ သူတို့နှစ်ဦးကြားတွင် မည်သည့် ပတ်သက်မှုမှ ရှိတော့မည် မဟုတ်ပေ။
လူထောင်ချီ ပါဝင်သော စိန်ခေါ်ပွဲများမှာ ရက်အနည်းငယ်ကြာ ဆက်လက် ကျင်းပနေမည် ဖြစ်သည်။ ခေတ္တကြည့်ရှုပြီးနောက် မဟာအကြီးအကဲနှင့် အခြားအဆင့်မြင့်ပုဂ္ဂိုလ်များမှာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။
ထန်ထျန်းကလည်း ချီယွမ်နှင့်အတူ ထွက်လာခဲ့ပြီး လီဟုန်တို့ လေးဦးကို ချီယွမ်ထံသို့ တရားဝင် လွှဲပြောင်းပေးလိုက်သည်။
"စိတ်ချပါကွာ၊ မင်းကို စိတ်မပျက်စေရဘူး" ဟု ချီယွမ်က အာမခံသည်။
ထန်ထျန်းက သူတို့ကို နှုတ်ဆက်ကာ သူ၏ နေအိမ်ဖြစ်သော ခရမ်းရောင်ဝါးခြံဝင်း သို့ တစ်ယောက် တည်း ပြန်လာခဲ့သည်။
မန်ကျည်းပင်အိုကြီး အောက်တွင် တစ်ယောက် တည်း ထိုင်ရင်း၊ စမ်းချောင်းလေး၏ စီးဆင်းသံကို နားထောင်နေရသဖြင့် ထန်ထျန်း၏ စိတ်နှလုံးမှာ အလွန်ပင် ငြိမ်သက်နေသည်။
ဤရွေးချယ်ပွဲမှာ သူ့အတွက်တော့ သေးငယ်သော အပိုင်းအစလေး တစ်ခုသာ ဖြစ်သည်။
ခွန်အားအနည်းငယ် ပြသလိုက်ရသည်မှလွဲ၍ အခြား အကျိုးကျေးဇူး များများစားစား မရှိပေ။
အဆင့်မြင့်ပုဂ္ဂိုလ်များ၏ "အမြင်ကောင်း " ဆိုသည်ကိုလည်း သူက အလေးအနက် သိပ်မထားပေ။
လောလောဆယ် သူ့အတွက် အရေးကြီးဆုံးမှာ ကျင့်ကြံမှုအဆင့်၊ သုံးစွဲမှုအမှတ် နှင့် တာအိုနိယာမ တို့သာ ဖြစ်သည်။
၎င်းတို့က ဤကမ္ဘာတွင် သူ ရှင်သန်ရန်အတွက် အဓိက သော့ချက်များ ဖြစ်သည်။
အတော်ကြာပြီးနောက် ထန်ထျန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
အလှမ်းဝေးတယ့် ထိပ်ဆုံးနေရာကို...
ငါ သေချာပေါက် တက်လှမ်းရမယ်