← Chapters

ကျန်းရီ၏ အဖြစ်ဆိုး

Vol. 1 Ch. 333

ကျန်းရီ၏ အဖြစ်ဆိုး

Vol. 1 Ch. 333

စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေ...

ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ချမ်ဂိုဏ်းမှ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် တမလွန်တောအုပ်ထဲတွင် တားမြစ်နယ်မြေတစ်ခုရှိသည်ဟု ပြောခဲ့သည်။ ထိုနေရာသို့ ဘာမှမသိလိုက်ဘဲ ဝင်လာမိမည်ဟု သူမထင်ထားခဲ့ပေ။

သို့သော်လည်း သူမကြောက်ပေ။ သူသည် ရှေ့တည့်တည့်သို့ အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့လက်ထဲတွင် မီးနဂါးဓား ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် ဓားကိုသုံး၍ ရှေ့သို့ ပိုင်းချလိုက်သည်။

ဟူး...ဟူး...

မီးနဂါးနှစ်ကောင် ထွက်ပေါ်လာခဲ့သော်လည်း ယွင်လုမှာ မူလရှိနေခဲ့သော နေရာမှ ကွယ်ပျောက်သွားခဲ့သောကြောင့် သူတုန်လှုပ်သွားမိသည်။ မီးနဂါးနှစ်ကောင်သည် ဘာနှင့်မှ မထိတွေ့ခဲ့သည့်အလား မြူငွေ့ဖြူဖြူများအကြား တိုးဝင်ကွယ်ပျောက်သွားခဲ့သည်။

ဝှစ်...ဝှစ်...

သူသည် သတ်ဖြတ်ခြင်းအရှိန်အဝါတို့ကို ထုတ်ဖော်လိုက်ပြီး ရှေ့သို့ ဆက်ပြေးသွားလိုက်သည်။ အစောပိုင်းက ယွင်လုရပ်နေခဲ့သော နေရာသို့ သူရောက်သွားသောအခါ ယွင်လု အဘယ့်ကြောင့် ပျောက်သွားမှန်း သူနားလည်သွားခဲ့သည်။ ရှေ့တည့်တည့်တွင် ကီလိုမီတာသုံးဆယ်ခန့် နက်သော ချောက်ကမ်းပါးကြီး ရှိနေလေသည်။ ယွင်လုသည် ဤနေရာမှ ခုန်ချသွားပုံရသည်။

ဟူး...ဟူး...

သူသည် မီးနဂါးနှစ်ကောင်အား ကမ်းပါးယံအောက်ခြေသို့ ပိုင်းချလိုက်သည်။ အလားတူပင် မီးနဂါးနှစ်ကောင်သည် တစ်စုံတစ်ရာနှင့် ထိတွေ့သံ ထွက်မလာခဲ့ပေ။

ချောက်နက်ကြီးသည် မြူထုများနှင့် ပြည့်နေပြီး အောက်ခြေပင် မရှိသယောင် ထင်ရသည်။ ကျန်းရီသည် အလျင်စလို ခုန်မချဝံ့ပေ။ ယွင်လု၏ လက်ရှိအင်အားအရ သေသွားပြီဟုသာ သူသတ်မှတ်လိုက်သည်။

သို့သော် သူသေချာအောင် လုပ်ရမည်။ သူသည် အနီးအနားတွင် ယွင်လုရှိမရှိ သေချာအောင် စစ်ဆေးလိုက်ပြီးမှ သူလာခဲ့သော နေရာသို့ ပြန်သွားလိုက်သည်။ မြူထုများအကြား သူစတင် ဝင်ရောက်ခဲ့သောနေရာသည် မီတာရာဂဏန်းခန့် ကွာဝေးလေသည်။ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေ အပြင်သို့ လမ်းလျှောက်၍ ပြန်မထွက်နိုင်ဟု သူမယုံပေ။

သူသည် ချောက်နက်ထဲသို့ ရောက်သွားမည်ကို ကြောက်သောကြောင့် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်ကို မသုံးဝံ့ချေ။ သူသည် လာရာလမ်းအတိုင်း ပြန်လျှောက်လာခဲ့သည်။ မြူငွေ့ဖြူဖြူတို့က နေရာတိုင်းတွင် ရှိနေပြီး သစ်ပင်တစ်ပင်တစ်လေမှ မရှိပေ။ အရပ်မျက်နှာကို ခွဲခြားရန် အမှတ်အသားလည်း မရှိချေ။ ကျန်းရီသည် မျဉ်းဖြောင့်အတိုင်းသာ လျှောက်လာခဲ့သည်။

"အမ်"

မိနစ်ငါးဆယ်ခန့် လမ်းလျှောက်ပြီးနောက် ကျန်းရီ အာမေဋိတ်သံ ပြုလိုက်မိသည်။ သူ့မျက်လုံးများမှာ တစ္ဆေတစ်ကောင် တွေ့လိုက်ရသည့်အလား ပြူးကျယ်နေသည်။ သူ့ရှေ့တွင် မြူခိုးဖြူဖြူများ ပြည့်နေသော ချောက်ကမ်းပါးကြီးတစ်ခု ရှိနေသည်။ သူ့ရင်သည် တဒိန်းဒိန်း ဖြစ်လာခဲ့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျန်းရီသည် မျက်လုံးများကို မှိတ်၍ ပြန်ဖွင့်ကြည့်လိုက်သည်။ ထို့နောက် မီးနဂါးဓားကိုထုတ်၍ မီးနဂါးနှစ်ကောင်အား ထုတ်ဖော်လိုက်ပြန်သည်။ ကမ်းပါးယံပေါ်တွင် သူရောက်နေကြောင်း သေချာသွားသည့်အခါ ပြဿနာမှာ ကြီးလာပြီဟု ခံစားလိုက်ရသောကြောင့် သူ့မျက်နှာမှာ စတင်ပျက်ယွင်းလာခဲ့သည်။

သူသည် မျဉ်းဖြောင့်အတိုင်းသာ လျှောက်လာခဲ့သည်။ သူဤဘက်ခြမ်းမှ လာခဲ့စဉ်က မည်သည့်ချောက်ကမ်းပါးမှ မရှိနေပေ။ ယခု ချောက်ကမ်းပါးဘေးသို့ သူမည်သို့ ရောက်နေသနည်း။ အဖြေမှာ တစ်ခုသာ ရှိသည်၊ ဤနေရာသည် ပုံရိပ်ယောင်နယ်မြေ ဖြစ်နေသည်။

"ဟွမ်ကြီး"

ကျန်းရီသည် စိတ်ပျက်မသွားပေ။ သူ့လက်ထဲမှ ဝိဉာဉ်သားရဲအဆောင်လေးသည် လင်းလက်လာခဲ့ပြီး သားရဲကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ သူသည် ကျုံးဝူသားရဲ၏ ကျောထက်သို့ ခုန်တက်ကာ အော်ဟစ်လိုက်သည်။

"ဟွမ်ကြီး...မြေတူးလိုက်စမ်း"

ရလဒ်မှာ....ဆိုးဝါးလှလေသည်။

ကျုံးဝူသားရဲ၏ ဦးချိုကြီးခြောက်ခုမှာ အဝါရောင်အလင်းများ တောက်ပလာခဲ့သည်။ သို့သော် မြေပြင်သည် အနှစ်တစ်သောင်း သက်တမ်းရှိသည့် သံနက်ဖြင့် ပြုလုပ်ထားသည့်အလား မာကျောလှသည်။ ကျောက်သားများကိုတောင် အမှုန့်ချေပစ်နိုင်သည့် အဝါရောင်တောက်ပနေသော ဦးချိုကြီးများသည် မြေပြင်အား မထိုးဖောက်နိုင်ခဲ့ပေ။

"ငါမယုံဘူး"

ကျန်းရီသည် ဟွမ်ကြီးကို သိမ်းဆည်း၍ မီးနဂါးဓားကို သုံးကာ မြေပြင်အား ခွဲချလိုက်သည်။ ရလဒ်မှာ မီးပွားလေးအနည်းငယ်သာ လက်သွားပြီး ပြန်ကန်အားကြောင့် သူ့လက်တစ်ခုလုံး ထုံကျင်သွားရခြင်း ဖြစ်သည်။ မြေပြင်သည် တားမြစ်အစီအရင်ရှိကြောင်း ပြသသည့်အနေဖြင့် အဖြူရောင်အလင်းလေးသာ ဖြတ်ခနဲ လင်းလာခဲ့သည်။

"မီးဝိဉာဉ်ကျောက်တုံး"

ကျန်းရီသည် အံကြိတ်၍ မီးဝိဉာဉ်ကျောက်တုံး နောက်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သက်ရောက်မှု ရှိလေသည်။ မြေပြင်သည် အဖြူရောင်အလင်း တောက်ပနေသော်လည်း မီးဝိဉာဉ်ကျောက်တုံးသည် မြေပြင်ကိုဖြတ်၍ ခြောက်မီတာခန့် နက်သော တွင်းတစ်ခုဖြစ်သည်အထိ လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့သည်။ ပြဿနာမှာ ထိုတွင်းနက်သည် ဘာလုပ်နိုင်မည်နည်း။ မြေပြင်၏ မာကျောမှုသည် သူတော်စင်အဆင့် ရတနာများနှင့်တောင် နှိုင်းယှဉ်၍ ရနေသည်။

မီးဝိဉာဉ်ကျောက်တုံးမှာ ခြောက်ခုသာ ကျန်ရှိရာ သူ ထပ်မံ၍ မသုံးချင်တော့ပေ။သူသည် တစ်ခဏ စဉ်းစားလိုက်ပြီးနောက် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်ကို သုံးရန်သာ ဆုံးဖြတ်လိုက်သည်။

ထိုစွမ်းရည်အား သုံးရမည်မှာ အန္တရာယ် များလှသော်လည်း သူ့တွင် ရွေးချယ်စရာ မကျန်တော့ပေ။ သူ့ကိုယ်မှ အဖြူရောင် အလင်းတစ်ချက်လက်သွားပြီး ချောက်ကမ်းပါး၏ တစ်ဖက်ကမ်းဆီသို့ အာရုံစိုက်၍ နေရာရွှေ့ပြောင်းလိုက်သည်။

"အား"

ရလဒ်သည် အတော်ဆိုးလေသည်။ သူ့ကိုယ်ပြန်ပေါ်လာသောအခါ လေထဲတွင် ဖြစ်ကြောင်း သူချက်ချင်း သဘောပေါက်လိုက်သည်။ အသူတစ်ရာနက်သော ချောက်နက်ကြီးမှာ သူ့အောက်တွင် ဖြစ်သည်။ သူ့ကိုယ်သည် အောက်ဘက်သို့ လျင်မြန်စွာ ကျဆင်းနေသည်။ သူသည် ချောက်နက်ရှိရာတည့်တည့်သို့ နေရာရွှေ့ပြောင်းမိလိုက်ခြင်းပင် ဖြစ်တော့သည်။

"ငါတော့သေပြီ"

ကျဆင်းနေသော အရှိန် ပိုမိုမြန်ဆန်လာကြောင်း ခံစားမိလိုက်သောအခါ ကျန်းရီမှာ သေခြင်းတရား၏ အငွေ့အသက်တို့ကို ရနေပြီဖြစ်သည်။ ဤမျှမြင့်သော ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် မည်သူက တစ်စစီဖြစ်မသွားဘဲ နေမည်နည်း။

သူ့ကိုယ်သည် လေထဲမှာပင် ရှိသေးသည်။ အရှိန်ပြင်းပြင်း ကျဆင်းနေမှုကြောင့် သူ့ကိုယ်အား သူမချုပ်ထိန်းနိုင်သလို သူ့စိတ်မှာလည်း ရှုပ်ထွေးနေသည်။ သူသည် အောက်သို့ ပြုတ်ကျနေဆဲ ဖြစ်သည့်အတွက် နေရာရွှေ့ပြောင်းခြင်း မပြုနိုင်ပေ။ နေရာရွှေ့ပြောင်းနိုင်သည် ဆိုစေဦးတော့....မည်သည့်နေရာသို့ သူသွားရမည်နည်း။

ဗုန်း....

အရှိန်ပြင်းစွာ ကျဆင်းနေမှု၏ ဖိအားကြောင့် သူ့စိတ်သည် တဖြည်းဖြည်းနှင့် မူးဝေလာကာ နောက်ဆုံး၌ မေ့မျောသွားခဲ့သည်။ သူ့ကိုယ်သည် ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး မြူငွေ့ဖြူဖြူတို့မှာ ဝေ့ဝဲလှုပ်ရှားနေကြသည်။ အောက်ခြေကို မမြင်တွေ့ရဘဲ ဘယ်ဆီဘယ်ဝယ်မှန်းပင် မသိနိုင်ချေ။ ထိုချောက်နက်ကြီး၏ အောက်ခြေမှာ တမလွန်လောကဖြစ်သည့်အလား ထင်မှတ်ရလေသည်။

***

ကျန့်ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်သည် ကျန်းရီ ယွင်လုနောက် ယလိုက်ရင်း တမလွန်တောအုပ်ထဲမှ စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေအတွင်း ဝင်သွားမှန်း မသိကြပေ။

သူတို့သည် ကျန်ရန်သူများကို မြန်မြန်ဆန်ဆန် လက်စသတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် ခြေရာလက်ရာ မကျန်စေရန် တိုက်ပွဲကွင်းပြင်အား သန့်ရှင်းရေးလုပ်ကြသည်။ ထို့နောက် မြေအောက်ဥမင်များမှတစ်ဆင့် လျင်မြန်စွာ ပြန်လည်ဆုတ်ခွာလာကြသည်။

ဂိုဏ်းနှစ်ခုသည် ယွင်လုနောက်လိုက်သွားသော စွမ်းအားမြင့်လူခုနှစ်ဦးအား ဆုံးရှုံးလိုက်ရသည်။ ကျန်းရီသည်လည်း လိုက်လံသတ်ဖြတ်နေခဲ့သည်။ ထိုအထိ ယွင်လုအား မသတ်နိုင်သေးလျှင် ရလဒ်မှာ ကောင်းကင်၏ အလိုအတိုင်းသာ ဖြစ်သည်။

သူတို့သည် လျင်လျင်မြန်မြန် ပြန်လည်ဆုတ်ခွာကြသည်။ ကျန့်ဝူရွှမ်းသည် ချမ်ဝမ်ကွမ်အား စစ်သည်များနောက်လိုက်ကာ ရှားနိုင်ငံသို့ ပြန်သွားခိုင်းလိုက်သည်။ ထို့နောက် သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် လူအနည်းငယ်ကို ခေါ်ဆောင်၍ တောနက်ပိုင်းဆီ ထွက်လာခဲ့သည်။

ဟေးမိမြို့မှ စစ်ကူများသည် အချိန်မရွေး ရောက်ရှိလာနိုင်သည်။ ကျန့်ဝူရွှမ်းသာ အချိန်မီ မထွက်ခွာပါက တမလွန်တောအုပ်ထဲတွင် သေဆုံးသွားနိုင်လေသည်။ သို့သော်လည်း သူသည် ခေါင်းမာစွာဖြင့် ကျန်းရီအား ရှာရန် ထွက်လာခဲ့သည်။ ကျန်းရီ ပြန်မလာသောကြောင့် သူ့စိတ်များ လေးလံနေလေသည်။

ဟေးမိမြို့မှ စစ်တပ်သည် ခြောက်နာရီအတွင်း ရောက်ရှိလာခဲ့သည်။ တိုက်ပွဲရာ အချို့မှတစ်ပါး အလောင်းတစ်ခုတစ်လေတောင်မှ သူတို့မတွေ့ခဲ့ပေ။

ကျန့်ဝူရွှမ်း ထွက်မသွားခင်တွင် သူသည် အလောင်းမှန်သမျှကို စုပုံ၍ မီးရှို့ခဲ့သည်။ ထိုသို့လုပ်ခြင်းဖြင့် သက်သေ မကျန်ခဲ့သလို ရန်သူမှလည်း လက်သည်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။

ကျန့်ဝူရွှမ်း၏ တွက်ချက်မှုသည် ပြီးပြည့်စုံလှသည်။ ဟေးမိမြို့မှ စစ်သူကြီးယွင်ရုသည် စစ်တပ်တစ်ခုကို ဦးဆောင်လာ၍ နေရာတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း မြေအောက်ဥမင်များမှတစ်ပါး မည်သည့်သက်သေကိုမှ ရှာမတွေ့ခဲ့ပေ။

အချိန်အတော်ကြာသွားသော်လည်း တရားခံကို သူမခန့်မှန်းနိုင်ခဲ့ပေ။ တိုင်းပြည်၏ မင်းသားနှစ်ပါးသည် စိတ်ဝမ်းကွဲနေကြသည်။ ဤကိစ္စအား မင်းသားယွင်ရှန်း လုပ်သည်ဆိုပါက သူဝင်မနှောင့်ယှက်ဝံ့ပေ။

သူသည် ရွေးချယ်စရာမရှိဘဲ သဲလွန်စများ ရှာဖွေရင်း ရှန်မိနိုင်ငံဘုရင်ထံ အခြေအနေအား အရေးပေါ် အကြောင်းကြားလိုက်သည်။ သူသည် ကင်းထောက်များအားလည်း မိုင်တစ်သောင်းပတ်လည်အတွင်း သဲလွန်စမှန်သမျှကို ရှာဖွေကြရန် အမိန့်ပေးလိုက်သည်။

သတင်းသည် ရှန်မိနိုင်ငံ၏မြို့တော် ရှန်မိမြို့သို့ ရောက်ရှိသွားခဲ့ပြီး မြို့အတွင်းတွင် အုန်းအုန်းကြွက်ကြွက် ဖြစ်သွားခဲ့သည်။ ယွင်လုသည် စုန်းနတ်ဘုရားဂိုဏ်း၏ အထောက်အပံ့ကို ရရှိခဲ့သောကြောင့် မူလက သူ့အား မထောက်ခံခဲ့ကြသော ဂိုဏ်းများသည် ဆုံးဖြတ်ချက်ကို ပြောင်းလဲကာ သူ့အား ထောက်ပံ့လာကြသည်။ ရှန်မိနိုင်ငံသည် သူ့အား အိမ်ရှေ့စံရာထူးပေးရန် ကြိုတင်ဆုံးဖြတ်ပြီးထားကြပြီ ဖြစ်သည်။ သို့သော်လည်း သူသည် ခြုံခိုတိုက်ခိုက်ခံခဲ့ရသည်။ သူ၏သေဆုံးနိုင်ခြေမှာ ရှစ်ဆယ်ရာခိုင်နှုန်းရှိလေသည်။

ရှန်မိနိုင်ငံ၏ ဘုရင်သည် အလွန်အမင်း ဒေါသထွက်ကာ ယွင်ဖေး၏မောင်အား နေအိမ်အကျယ်ချုပ် ချလိုက်သည်။ ထို့နောက် သူသည် ယွင်လုကို အစွမ်းကုန်ရှာဖွေကြရန် အမိန့်ထုတ်လိုက်သည်။ သူအသက်ရှင်ပါက မင်းကြီးသည် သူ့အားတွေ့ချင်သည်၊ သူသေသွားပါက အလောင်းအား မြင်ချင်သည်ဟူ၍ ဖြစ်လေသည်။ သူသည် လုပ်ကြံမှု၏ ကြိုးကိုင်သူအား စုံစမ်းရန်လည်း အမိန့်ထုတ်ခဲ့သည်။ မည်သူပင်ဖြစ်ပါစေ တရားခံအား ရှာတွေ့ရမည်ဖြစ်ပြီး ထိုသူအား သေဒဏ်ပေးမည်ဖြစ်သည်။

မိုးပြာနဂါးအင်ပါယာနှင့် နိုင်ငံငါးနိုင်ငံတွင် လျှို့ဝှက်ချထားသော ကင်းထောက်များအပါအဝင် ဂိုဏ်းအသီးသီးမှ ကင်းထောက်များသည် စတင်၍ လှုပ်ရှားကြသည်။ တာဝန်မှာ တစ်ခုတည်းသာဖြစ်သည်၊ တရားခံနှင့် သက်ဆိုင်သမျှ အချက်အလက်များအားလုံးကို ရှာဖွေရန်ဖြစ်သည်။ ယွင်လုသည် လူတစ်ထောင်ကို ခေါ်ဆောင်သွားခဲ့သည်။ ထိုအထဲတွင် ရှေးဟောင်းမှော်ပညာများ တတ်မြောက်ထားသည့် အကြီးအကဲနှစ်ယောက်လည်း ပါလေသည်။ သာမန်လူများသည် သူ့အားသတ်နိုင်ကြမည် မဟုတ်ပေ။

သတင်းသည် ရှန်မိနိုင်ငံမှသည် နယ်မြေတစ်ခုလုံးအထိ ပျံ့နှံ့သွားခဲ့ပြီး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ ယွင်လု၏ မတော်တဆမှုသည် နောက်ထပ်စစ်ပွဲတစ်ခု ဖြစ်စေမည်လားဆိုသည်ကို လူတိုင်းက စိတ်ဝင်စားနေကြလေသည်။

*****

All Chapters