သခင်မကြီး နောက်မလှည့်လာပါနဲ့..ကျွန်တော်က သခင်မကြီးရဲ့ မြို့အရှင်ပါ)
Vol. 10 Ch. 91
စံအိမ်သခင်မ ခြံဝင်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ကျန်းချိုက်ချမ်း အနည်းငယ်မျှသာ လမ်းလျှောက်ရသေးသည်။ ထိုအချိန်မှာပဲ ဖြူဖွေးနေသော မျက်နှာနှင့် အစေခံမလေးတစ်ယောက်က တားမြစ်လာ၏။
ထိုအစေခံမလေးက နှာခေါင်းကို ဖုံးအုပ်ထားရင်း ခြံဝင်းအတွင်းရှိသုံးထပ် အဆောက်အဦးအား လက်ညှိုးထိုးလိုက်ကာ..
“ဟိတ် ချီးကြုံးတဲ့ကောင်၊ ရေအိမ်ရှင်းတဲ့ အချိန်ကျရင် အဲ့ဒီအဆောက်အဦးနား မသွားနဲ့။ အဲ့ဒီနေရာမှာ သခင်မကြီး အနားယူနေတယ်။ မဖိတ်ခေါ်ထားတဲ့ ဘယ်သူမဆို အနားကပ်ဖို့ ခွင့်မပြုထားဘူး”
ထိုအစေခံမလေး၏ မျက်နှာသည်ရွံရှာမှုကြောင့် အစိမ်းရောင် သမ်းနေခဲ့သော်ငြား အဆောက်အဦးအကြောင်း ပြောလိုက်သည်နှင့် သူမ၏ အသံသည် မထိန်းချုပ်နိုင်အောင် တုန်ယင်သွားကာ ကြောက်ရွံ့မှုတစ်ချို့ ပြသလာခဲ့သည်။
“အို ဟုတ်လား”
ကျန်းချိုက်ချမ်း စပ်ဖြဲဖြဲ ရယ်ပြလိုက်ရင်း သတိမထားမိသလို ဟန်ဆောင်ကာ မေးလိုက်သည်။
“မိန်းကလေး အဲ့ဒါ ဘာကိုဆိုလိုတာလဲ။ သခင်မကြီးက ရေအိမ်မသွားဘူးလား”
“နင်တုံးနေလား သခင်မကြီးက နတ်သမီးလို လူစားမျိုးပဲ။ ရေအိမ် သွားဖို့လိုမယ် ထင်နေလား”
ထိုအစေခံမလေးက ရွံရှာစွာ စိုက်ကြည့်လာခဲ့ပြီး..
“အဲ့ဒီနေရာကို မသွားနဲ့ဆိုရင် မသွားနဲ့ပေါ့။ ဘာကိစ္စ အရစ်ရှည်နေတာလဲ။ မဟုတ်ဘူးဆိုရင် နင်အကျိုးဆက်တွေ အများကြီး ရင်ဆိုင်ရလိမ့်မယ်နော်”
ပြောပြီးသည်နှင့် သူမသည် ကျန်းချိုက်ချမ်းအနီးတွင် ဆက်နေလျှင် အန်ချတော့မည့်အတိုင်း လျင်မြန်စွာ ထွက်သွားလေ၏။
“ငါကြားတာတော့ သခင်မကြီးက အသက်လေးဆယ်ကျော်နေပြီတဲ့။ နတ်သမီးဆိုရင်တောင်မှ အသက်လေးဆယ်ကျော်နတ်သမီးအိုကြီးပဲ ဖြစ်မှာ၊ ဒီလိုဆိုမှတော့ ငါတို့ရဲ့ ဂိုဏ်းတူညီမလေး ရှန့်လိုမျိုး လတ်ဆက်ပြီး လှပနေတဲ့ လူမျိုးကမှနတ်သမီးလို့ ခေါ်ထိုက်မှာ။ ဖြစ်နိုင်တာကတော့ ဒီသခင်မကြီးက နတ်သမီးအို မဟုတ်ပဲနဲ့ စုန်းမအိုကြီးပဲ ဖြစ်ရမယ်”
ပွစိပွစိ ပြောနေရင်းဖြင့် ကျန်းချိုက်ချမ်းသည် ခြင်းတောင်နှစ်ခုကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ ထိုသေးငယ်သော အဆောက်အဦး အနားသို့ တိတ်တဆိတ် ချဥ်းကပ်လိုက်သည်။
ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ခေါင်းတစ်ဝက်ဝင်ကာ ချောင်းကြည့်လိုက်သည်နှင့် လူတစ်ဦးမှ နေထားသည့်ပုံ မရသော ပထမထပ်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
“ကြည့်ရတာ သူမက အပေါ်ထပ်မှာပဲ”
လူရှိမရှိ အတည်ပြုပြီးနောက်တွင် ကျန်းချိုက်ချမ်းသည် ကျွမ်းကျင်စွာဖြင့် ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ဝင်သွားပြီး တစ်ချက်မှ မကြားရအောင် လှုပ်ရှားခဲ့သည်။
အဆောက်အဦး အတွင်းသို့ဝင်လိုက်သည်နှင့် အရိုးထဲထိအောင် ချမ်းစိမ့်လာသော အအေးဓာတ်က ခန္ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံလိုက်သည့်အတွက် ကျန်းချိုက်ချမ်း တစ်ယောက် မထိန်းနိုင်အောင် တုန်ယင်သွားခဲ့သည်။
( ဒီနတ်သမီးအိုရဲ့ နေရာက တော်တော်လေး စွမ်းအင်တွေ များပြားနေတာပဲ )
ကျန်းချိုက်ချမ်း တွေးပြီးသည်နှင့် အပေါ်ထပ်သို့ လှေကားမှ တစ်ဆင့် ခပ်ဖြည်းဖြည်း တက်သွားရင်း ဒုတိယထပ်ကိုလည်း လျင်မြန်စွာ ရှာဖွေလိုက်သည်။ ဒုတိယထပ်ရှိ မြင်ကွင်းသည် သူ၏အမြင်အာရုံအား ချက်ချင်းပဲ ဖမ်းစားသွား၏။
အထူးကောင်းမွန်စွာ ဆောက်လုပ်ထားသော အခန်းသည် ဖန်တီးသူ၏ လက်ရောမြောက် အခန်းဟုပင် ဖော်ပြနိုင်၏။ ကြီးမားကျယ်ပြန့်စွာ နေရာယူထားသော အခန်းအလယ်၏ အိပ်ရာထက်တွင် သေးသွယ်ပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခု လဲလျောင်းနေခဲ့သည်။
ရွှေချည်ထိုးထားသော အနီရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားသော ထိုမိန်းကလေး၏ မြပုတုံးရောင် ဆံနွယ်များသည် အိပ်ရာထက်တွင် ရေတံခွန် တစ်ခုလိုမျိုး ဖြာကျနေသည်။ သူမ၏ရုပ်အသွင်အပြင်သည် အနည်းငယ် မှေးမှိန်နေသည် ဆိုသော်ငြား ယခုအချိန်အထိ ဆွဲဆောင်မှုရှိနေဆဲပင်။
(တွေ့ပြီ )
ကျန်းချိုက်ချန်းတစ်ယောက် စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ရင်း ပုံရိပ်ဖမ်း အဆောင်စာရွက်တစ်ခုကို ထုတ်ယူကာ အောင်မြင်မှုအား မှတ်တမ်းတင်သည့် အနေဖြင့် ပုံရိပ်ဖမ်းဖို့ ကြိုးစားလိုက်သည်။
ထိုအချိန်မှာပဲ..
အိပ်ရာထက်တွင် လဲလျောင်းနေသော သခင်မကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းစွာ ထထိုင်လာပြီး ဖြေးဖြေးချင်း လှည့်ကြည့်လာလေရဲ့။
ပိုမို ထိတ်လန့်ဖွယ် ကောင်းသည်မှာ ပတ်ဝန်းကျင်ရှိ လေထုသည်လည်း ရုတ်ချည်း အေးခဲသွားခဲ့ပြီး သူ၏ မှော်အစွမ်းပင် အလုပ် မလုပ်တော့တာကို ကျန်းချိုက်ချမ်း ခံစားလိုက်ရသည်။ တွေးခေါ်နိုင်စွမ်းတွေပါ ရုတ်တရက် ရပ်တန့်သွားဟန်ပင်။
( ဘာတွေဖြစ်နေတာလဲ။ အမတော်ကြီးရေ.. ကျွန်တော်က ပုံရိပ်ကလေး တစ်ချို့ပဲ ယူချင်ရုံပါ။ ဒီလောက်ကြီးထိ ကဲကဲဆတ်နေဖို့ မလိုဘူးနော် )
လုပ်ရှားမှုပါ ကန့်သတ်ခံလိုက်ရသည်ကို ကျန်းချိုက်ချမ်း ခံစားမိသည်နှင့် သခင်မကြီးအနားသို့ လျင်မြန်စွာ တိုးကပ်သွားရင်း ပုခုံးမှတစ်ဆင့် တားမြစ်လိုက်ကာ တဖြည်းဖြည်း လှည့်လာနေသောဦးခေါင်းကို အတင်းအကြပ် တွန်းထားရင်း အော်ဟစ်လေတော့၏။
“သခင်မကြီး ဆက်အိပ်နေပါ။ အနောက်လှည့်မလာနဲ့ ကျွန်တော်က မြို့အရှင်ပါ”
သို့သော်ငြား နောက်တစ်စက္ကန့်မှာပဲ သခင်မကြီး၏ ဦးခေါင်းသည်အနောက်ဖက်သို့ ၁၈၀ဒီဂရီ နောက်ပြန်ကြီးလှည့်လာကာ ခြောက်ခြားဖွယ် အရှိန်အဝါအပြည့်ဖြင့် စိုက်ကြည့်လာလေရဲ့။
ထိုအချိန်တွင် သခင်မကြီး၏ မျက်နှာထက်ရှိ မျက်လုံး နှာခေါင်း ပါးစပ် အားလုံးကို မဲနက်နေသော ဆံပင်ကြီးက ဖုံးအုပ်ထားခဲ့ပြီး မျက်နှာတစ်ခုလုံးသည် အဖြူရောင် တစ်စက်မှ မမြင်ရအောင် မဲနက်နေခဲ့သည်။
“မဟုတ်ဘူး။ မင်းကမြို့အရှင်ရဲ့ မိန်းမ မဟုတ်ဘူး။ မင်းက ဘာကောင်ကြီးလဲ”
ခြောက်ခြားဖွယ် မြင်ကွင်းကြောင့် ကျန်းချိုက်ချမ်းတစ်ယောက် သေးထွက်ကြတော့မတတ် ထိတ်လန့်သွားခဲ့သည်။ အလျင်အမြန် တိုက်ခိုက်ဖို့ ပြင်လိုက်ချိန်မှာပဲ ဘယ်နေရာကမှန်း မသိ ထွက်ပေါ်လာခဲ့သော အနက်ရောင် ကြိုးရှည်ကြီးများက သူ့ကို လှုပ်ရှားလို့ မရနိုင်အောင် ချုပ်နောင်လိုက်လေရဲ့။
ထို့ကြောင့် ကျန်းချိုက်ချမ်းသည် အသိစိတ် မပျောက်ဆုံးသွားခင်မှာ သန်မာမှုအားလုံးကို အသုံးပြုရင်း များစွာသော အကာအကွယ် စည်းမန္တာန်များဖြင့် ဖုံးအုပ်ထားသော သွားကို ကိုက်ချလိုက်သည်။
ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ လက်ရွှေးစင် တပည့်ဖြစ်သောသူ့အတွက် ထိုသွားသည် နောက်ဆုံးသော အသက်ကယ် လက်နက်တစ်ခုပင်။
ထိုသွားကို ချိုးလိုက်လျှင် အရင်းနှီးဆုံးမိတ်ဆွေသည် အချက်ပြမှုကို ချက်ချင်းပင် ရရှိပြီး လာကယ်လိမ့်မည် ဖြစ်သည်။ သို့သော်ငြား
ကျန်းချိုက်ချမ်းတစ်ယောက် နောက်ဆုံး တစ်စက္ကန့်မှာပဲ ဤဖူကျိုးမြို့နှင့် ထိုက်ရွှမ်း သန့်စင်နယ်မြေသည် မိုင်ပေါင်းသိန်းချီဝေးကွာပြီးတော့ အားကိုးအားထား ပြုလောက်စရာ မိတ်ဆွေအားလုံးသည် အလွန်အမင်း ဝေးကွာနေကာ ချက်ချင်း လာကယ်ဆယ်ဖို့မဖြစ်နိုင်မှန်းနှင့် ဤအခြေအနေတွင် ကယ်တင်ပေးနိုင်မည့် တစ်ဦးတည်းသော သူသည် လီမင်ဝမ်သာ ရှိမှန်း သိလိုက်ရပြီး အလွန်အမင်း စိတ်ပျက်သွားလေတော့သည်။
ထို့နောက်အရာအားလုံးက မှောင်မိုက်သွားလေတော့လေသတည်း။
……
ညနေခင်းတွင် မြို့အရှင်စံအိမ်တစ်ခုလုံးကို လင်းထိန်နေအောင် မီးများထွန်းထားပြီး ပန်းများဖြင့် အလှဆင်ထား၏။
စံအိမ်အတွင်းရှိ အစေခံ တစ်ယောက်မကျန် အားလုံးသည် အရေးကြီး ဧည့်သည်တော်လာရောက်သည်ကို ကြိုဆို နှုတ်ဆက်ရန်အတွက် အလုပ်ရှုပ်နေကြသည်။
စံအိမ်၏ ကြီးမား ကျယ်ပြန့်သော အဝင်လမ်းကို ရှင်းလင်းထားပြီး လေ သင်္ဘော ဆင်းသက်ရန် အသင့် ပြုလုပ်ပေးထားသည်။ ထိုလမ်း၏အောက်တွင် အနီရောင်ကော်ဇောများ ခင်းကျင်းပေးထားပြီး ဘေးတွင်ရှိနေသော ကြည်လင်သည့် စမ်းချောင်းနှင့်အတူ သစ်ပင်များတွင် အလှပုံစံ ချိတ်ဆွဲထားသော ပိုးစများစွာကြောင့် ပတ်ဝန်းကျင်သည် ခမ်းနားပြီး ထည်ဝါနေသည်။
မကြာမီမှာပဲ ကောင်းမွန်လှသော ဇိမ်ခံလေသင်္ဘောကြီး တစ်ခုသည် မပျံသန်းရ အမိန့်ထုတ်ထားသော မြို့အရှင်အမိန့်ကို မခန့်လေးစားစွာဖြင့် မြို့အရှင်စံအိမ်ထက်တွင် ခန့်ညားစွာ ရပ်တန့်လိုက်ပြီး ဖြေးညင်းစွာ ဆင်းသက်လာ၏။
လေသင်္ဘော အပြည့်အဝ မဆင်းသက်ရခင်မှာပဲ မြို့အရှင် အန်းလင်ရှူးနှင့်တကွ သူ၏ကလေးများသည် အလျင်အမြန် အရှေ့ထွက်လာကာ ဦးညွှတ်အရိုအသေ ပြုလိုက်ကြရင်း…
“ကျွန်တော် အန်းလင်ရှူး၊ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ကြိုဆိုပါတယ်”
နောက်တစ်စက္ကန့်မှာပဲ တံခါးပွင့်သွားခဲ့ပြီး ထင်ရှားသော ရုပ်ရည်များ ပိုင်ဆိုင်ထားသည့် အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ဆင်းသက်လာခဲ့သည်။
ခန့်ညားလောက်စရာ ရုပ်ရည်ရှိသော အမျိုးသား၏ဘေးတွင် လှပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦး ရှိနေခဲ့သည်။ သူတို့နှစ်ဦးသည် ချီယွမ်နှင့် ပိုင်ရှီရို့မှအပ တခြားမဖြစ်နိုင်ချေ။
ချီယွမ်သည် တည်ငြိမ်စွာခေါင်းညိတ်ပြလိုက်ပြီး ခေါင်းဆောင်ဖြစ်သော အန်းလင်ရှူးကို ကြည့်လိုက်ရင်း နက်ရှိုင်းသော လေသံဖြင့်
“ကျေးဇူးပြုပြီး ထကြပါ”
ဖူကျိုးမြို့၏ မြို့အရှင်သည် အသက်လေးဆယ် အရွယ်ခန့်ရှိပြီး အနည်းငယ် ပိန်ပါးသော်ငြား ခန့်ညာပြီး ပညာရှိတစ်ယောက်လိုမျိုး အရှိန်အဝါကို ဖော်ထုတ်နိုင်သည်။
ချီယွမ်၏စကားကို ကြားသည်နှင့် အန်းလင်ရှူး ချက်ချင်းပင်ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်ပြီး အထဲဝင်ဖို့ရန် လက်ဟန်ပြုရင်း ဖိတ်ခေါ်လာခဲ့သည်။
“တာအိုသားတော် ရောက်ရှိလာတဲ့အတွက် ကျွန်တော်တို့ တစ်အိမ်လုံးအရမ်းကို ပျော်ရွှင်ရပါတယ်။ ကျေးဇူးပြုပြီး ပင်မခန်းမထဲ လာခဲ့ဖို့ ဖိတ်ခေါ်လို့ရမလား။ အထဲမှာ ကျွန်တော် ကြိုဆိုဖို့အတွက် အရက်နဲ့ စားကောင်းသောက်ဖွယ်တွေ အဆင်သင့် ချထားပြီးပါပြီ”
အန်းလင်ရှူး၏ နှလုံးသားတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်သည် အလွန်အမင်း အဆင့်အတန်း မြင့်မားလေရာ၊ သူ့လိုမျိုး သေးငယ်သည့် သာမန်မြို့အရှင်တစ်ယောက် မပြောနှင့် တရှားတိုင်းပြည်၏ ရှင်ဘုရင်တစ်ယောက် ဖြစ်နေလျှင်တောင်မှ ရိုသေစွာ ဆက်ဆံရမည် ဖြစ်သည်။
“ဒါဆိုရင် အထဲဝင်ကြတာပေါ့”
ချီယွမ် ခေါင်းညိတ်ပြလိုက်ပြီး မြို့အရှင်၏ ဖိတ်ခေါ်မှုနောက်မှ ထည်ဝါသော ခန်းမအတွင်းသို့ ရောက်ရှိလာခဲ့သည်။
စားကောင်း သောက်ဖွယ်များ ခင်းကျင်းထားသော ကြီးမားသည့် စားပွဲအရှည်ကြီးကို အရင်ဦးဆုံး မြင်တွေ့လိုက်ရ၏။ ရွှေလင်ဗန်းများနှင့် ကျောက်စိမ်းခွက် အသီးသီးကို ကိုင်ဆောင်ထားသော လှပသော မိန်းကလေးများသည် ဘေးနှစ်ဖက်တွင် အစီအရီရှိနေပြီး လေးစားစွာ ရပ်နေကြသည်။
ချီယွမ်တစ်ယောက် ဟိတ်ကြီးဟန်ကြီး မပြုမူပဲ ထိပ်ဆုံးခုံတွင် သာမန်လိုမျိုး ဝင်ထိုင်လိုက်ရင်း စားပွဲခုံနားရှိ အကုန်လုံးကို တစ်ချက် လှမ်းကြည့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“မြို့အရှင်၊ သခင်မကြီးရဲ့ တူနှိုင်းမမှီတဲ့ အလှတရားနဲ့ ဆွဲဆောင်မှုကို ကျုပ် ကြားထားတာ ကြာပြီ။ ဘာလို့ သူမကို မတွေ့ရတာလဲ”
ချီယွမ်၏စကားကြောင့် တည်ငြိမ်နေသော ပိုင်ရှီရို့မှအပ ခန်းမအတွင်းရှိ ကျန်သောသူများအားလုံး ထိတ်လန့်သွားကြသည်။ ခန်းမအတွင်းတွင် ရှိနေသော မြို့၏အရေးပါသော အရာရှိများ အသီးသီးလည်း ထူးဆန်းစွာ အကြည့် ဖလှယ်လိုက်ကြ၏။
( ဘုရားရေ ကြားလို့မှကောင်းသေးရဲ့လား။ တာအိုသားတော်က တစ်စုံတစ်ယောက်ရဲ့ မိန်းမကို မေးနေတယ်တဲ့။ ဖြစ်နိုင်တာ.... ဒီတာအိုသားတော်က လက်ထပ်ထားတဲ့ မိန်းမတွေကို စိတ်ဝင်စားတာများလား )
လူများစွာသည် ဘေးမှာရှိနေသော မြို့အရှင်အား သနားရိပ်သမ်းနေသော မျက်လုံးများဖြင့် သတိမထားမိစွာ လှည့်ကြည့်လိုက်ကြသည်။
( သနားစရာလူအိုကြီး သူ့ရဲ့မိန်းမက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ဖမ်းစားသွားခဲ့ပြီ။ သူဘယ်လို တောင့်ခံတော့မှာလဲ။ ဘယ်သူသိမလဲ အမြဲတမ်း မိန်းမကိုအူတိုနေတဲ့ ဒီမြို့အရှင်လည်း နောက်ဆုံးတော့ ဦးအုပ်စိမ်း အဆောင်းခံရတော့မှာ များလား )
ချီယွမ်၏ မေးခွန်းကို ကြားသည်နှင့် အန်းလင်ရှူးတစ်ယောက် ကျောရိုး တစ်လျှောက်လုံး ချမ်းစိမ့်သွားခဲ့ပြီး
“တာအိုသားတော် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်ရဲ့ မိန်းမက ဒီနေ့ နေထိုင်လို့ မကောင်းတဲ့အတွက်....”
ထိုသူ၏ စကားမဆုံးခင်မှာပဲ ချီယွမ် လက်တစ်ဖက် ယမ်းပြလိုက်ကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်၏။
“သူမကိုခေါ် ပြီးတော့ ကျုပ်အတွက် အရက်ငှဲ့ခိုင်းလိုက်ပါ”
( အဲ့ဒီတစ္ဆေဝိညာဉ်က ထိုက်စွမ်းသန့်စင်နယ်မြေရဲ့ တပည့်တစ်ယောက်ကို တိုက်ခိုက်ရဲတယ်ပေါ့။ ငါ တာအိုသားတော်ကို မရှိတဲ့လူတစ်ယောက်လို့ သတ်မှတ်နေတာလား။ မင်းဘာသာမင်း တစ္ဆေဘုရင် ဖြစ်နေရင်တောင်မှ ငါ့ကို အရက်လာငှဲ့ပေးရမယ် )
…….