အဲ့ဒါကလူသားတောင် မဟုတ်ဘူး
Vol. 10 Ch. 94
ဘန်း
ထပ်မံ ကျရောက်လာသော ယန်စွမ်းအင်များ ပြည့်နှက်နေသည့် လက်သီးကို မြင်ရသဖြင့် လုကျိယွမ် အလွန်အမင်း စိတ်ပျက်သွားတော့သည်။ ရွေးချယ်စရာမရှိတော့သောကြောင့် အလွန်အမင်း ကြိုးစားအားထုတ်ပြီး ရယူထားသော ဤခန္ဓာကိုယ်ကိုစွန့်ခွာရင်း တစ္ဆေအခြေအနေအဖြစ် ပြောင်းလဲလိုက်ကာ ကြောက်လန့်တကြား ထွက်ပြေးဖို့ ပြင်ဆင်လိုက်သည်။
ဟူး
ဝေဝါးနေသောအမဲရောင်အရိပ်သည် အန်းလင်ရှုး၏ ခန္ဓာကိုယ်မှထွက်ပေါ်လာခဲ့ပြီး အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ထွက်ပြေးသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ခန်းမ၏ ထွက်ပေါက်သို့ ရောက်ရှိသွားကာ မိုင်ပေါင်းများစွာ ဝေးကွာသွားသည်။ ထိုဝိညာဉ်က မထွက်သွားသေးခင်မှာ ကြမ်းတမ်းသော ခြိမ်းခြောက်စကားများကို ပြောဆိုသွားဖို့တော့ မမေ့ခဲ့သေးချေ။
"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော် ငါမင်းကို မှတ်ထားလိုက်ပြီ။ ငါပြန်ကောင်းတာနဲ့ ဒီသွေးကြွေးကို အဆပေါင်းများစွာ ပြန်ပေးဆပ်ရမယ်။"
ထိုအချိန်တွင် မိုင်ပေါင်းများစွာ ဝေးကွာသွားပြီ ဖြစ်သည့်အတွက် လုကျိယွမ်၏ အတွေးထဲတွင် သေခြင်းတရားမှ လွတ်မြောက်ပြီ ဟူ၍ ပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။
ထိုအချိန်မှာပဲ ကျောရိုးတစ်လျှောက်လုံး အေးစက်စေသော ချမ်းစိမ့်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး တစ်ခါမှမကြုံဖူးသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလို လေဟာနယ်အတွင်းမှ မျက်စိကျိန်းလောက်အောင် တောက်ပနေသော ရွှေရောင် ဓားအလင်းက ဖြိုခွင်းပြီးထွက်လာကာ သူ၏ဝိညာဉ်ခန္ဓာကိုယ်အား အပြီးတိုင် ဖောက်ထွင်းသွားလေရဲ့။
"မဖြစ်ဘူး အား"
ကျောချမ်းဖွယ် အော်သံကြီးတစ်ခုအပြီးမှာ ဝိညာဉ်အခြေအနေမှာ ရှိနေသော လုကျိယွမ်သည် ဓားအလင်းကြောင့် တစ်လက်မချင်း ပျောက်ကွယ်သွားခဲ့ပြီး လေထဲတွင် အမှုန်အဖြစ် ပျံ့နှံ့သွားလေတော့၏။
ဘုတ်
ယင်စွမ်းအင်များ ဖြာထွက်နေသော သိုလှောင် လက်စွပ်တစ်ကွင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ကြည့်ရတာ မင်းပြန်လာလို့ မရနိုင်တော့ဘူးနဲ့ တူပါတယ်။"
တစ္ဆေဂိုဏ်း၏ ဘယ်လက်ရုံး လုကျိယွမ် အပြီးတိုင် ပျောက်ကွယ်သွားမှန်း အတည်ပြုပြီးသည်နှင့် ချီယွမ်သည် သူ၏ ရွှမ်ထျန်းဓားအား ခပ်ဖြည်းဖြည်း သိမ်းဆည်းလိုက်ကာ ရှေ့တိုးပြီး လက်စွပ်ကို ကောက်ယူလိုက်သည်။
ထိုတစ္ဆေအိုသည် ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် များစွာသော ပစ္စည်းကောင်းများကို ပိုင်ဆိုင်ထားနိုင်သည် ဖြစ်လေရာ အနည်းငယ် စစ်ဆေးဖို့အတွက်တော့ ထိုက်တန်ပါသေး၏။
တစ္ဆေ လမ်းစဉ်သည် ကြမ်းတမ်းရက်စက်ပြီး ခန့်မှန်း၍မရနိုင်သော နည်းလမ်းများစွာ ရှိသည်ဆိုသော်ငြား သိသာသော အားနည်းချက်များလည်း ရှိသေး၏။
သူတို့သည် အလင်း၊ မီးနှင့် ယန်စွမ်းအင်ကို ကြောက်ရွံ့သည်။ တိုတိုပြောရလျှင် အားနည်းချက်များပြားသော ဤလမ်းစဉ်အား သေဆုံးခဲ့၍ မဟုတ်လျှင် ဘယ်လိုမျိုး ကျင့်ကြံသူကမှ ရွေးချယ်လိမ့်မည်မဟုတ်ချေ။
တစ္ဆေဂိုဏ်း၏ ဘယ်လက်ရုံး လုကျိယွမ်သည်လည်း ဤတစ္ဆေလမ်းစဉ်အား မလျှောက်လှမ်းခင်တွင် အရင်ဦးဆုံး သေဆုံးထားသူဖြစ်သည်။ ထို့ကြောင့် တစ္ဆေလမ်းစဉ်အားလျှောက်လှမ်းပြီး တစ္ဆေဘုရင် အဖြစ်သို့ ရောက်ရှိလာသော တစ္ဆေတစ်ကောင်အတွက် အဆုံးမဲ့သန့်စင်ခြင်းယန်တာအို ခန္ဓာကိုယ်ရှိသော ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးအား တွေ့ရခြင်းသည် ကံကောင်းခြင်းဟု မသတ်မှတ်နိုင်ချေ။
ထို့ကြောင့်ပင် ချီယွမ်သည် မြို့စံအိမ်အတွင်းသို့ ပေါ်ထင်စွာ ဝင်ရောက်ပြီး ပြုမူရဲခြင်း ဖြစ်သည်။
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်အဖြစ် တိုက်ရိုက်ဝင်ရောက်လိုက်လျှင် တရှားတိုင်းပြည်၏ ရှင်ဘုရင်ဖြစ်နေလျှင်တောင်မှ ရိုသေမှုပြကာ ဧည့်ခံရမည်ဖြစ်သည်။ အကယ်၍ သူကပါ ဖုံးကွယ်ပြီးဝင်ရောက်လိုက်ပါက ထိုတစ္ဆေကို သံသယများသွားစေပြီး ထွက်ပြေးဖို့ အခွင့်အရေးပေးသလိုဖြစ်သွားကာ လှည့်ကွက်တစ်ချို့ အသုံးပြုလာနိုင်သည်။
အခုတော့ လုကျိယွမ်၏သေဆုံးမှုကြောင့် သူဖန်တီးထားခဲ့သော ယင်ဖြိုဖျက်ခြင်း အစီအရင်သည်လည်း အသက်သွင်းနိုင်ခြင်းမရှိဘဲ အလိုအလျောက် ပျက်းစီးသွားခဲ့သည်။ ဒီရေ လှိုင်းတစ်ခုလိုမျိုး ယင်စွမ်းအင်လှိုင်းများက လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး မြို့စံအိမ်၏မြင်ကွင်းသည်လည်း ပြောင်းလဲကာ ပုံမှန်အခြေအနေကို ရောက်ရှိလာခဲ့သည်။
စံအိမ်အတွင်းသို့ ချီယွမ် ပြန်ရောက်လာသည်နှင့် လီမင်ဝမ်တစ်ယောက် ပြေးလာရင်း ကျယ်လောင်စွာ ချီးကျူးလေတော့၏။
"ကျွန်တော်သိနေတယ်။ ဒီလိုမျိုးတစ္ဆေတစ်ကောင်က ကျွန်တော်တို့ရဲ့ တာအိုသားတော်ကို ဘယ်လိုလုပ် ယှဥ်ပြိုင်နိုင်မှာလဲ။ တစ္ဆေဂိုဏ်းရဲ့ ခေါင်းဆောင် ရောက်လာရင်တောင်မှ အခွင့်အရေးရှိမယ် မထင်ဘူး။"
"တာအိုသားတော်၊ တာအိုသားတော်ရဲ့ လုပ်နိုင်စွမ်းက ကမ္ဘာကြီးကိုပါ တုန်လှုပ်စေပြီး ဉာဏ်ပညာနဲ့ လက်ရုံးပညာအစွမ်းက အဆုံးမရှိအောင် ကျယ်ပြောပါတယ်။ တစ်ဖြည်းဖြည်းမြင့်မားလာတဲ့ မြစ်ရေပြင်လိုမျိုး ကျွန်တော့်ရဲ့လေးစားမှုက အဆုံးမရှိတော့..."
"တော်လိုက်တော့"
ချီယွမ်တစ်ယောက် လက်တစ်ဖက်ယမ်းပြရင်း အကဲမသတ်နိုင်သော ချီးကျူးစကားများကို တားမြစ်ရတော့၏။
“ကျန်းချိုက်ချမ်းကို အရင်သွားရှာလိုက်အုံး။ မသေသေးဘူးဆိုရင် ထင်တာတော့... အခုထိ ပိတ်မိခံထားရတုန်း ဖြစ်မယ်”
"အာ ဟုတ်သားပဲ။ ဂိုဏ်းတူအစ်ကိုကျန်းကို မရှာရသေးဘူး။ သေများသေသွားပြီလားမသိဘူး။"
လီမင်ဝမ် ချက်ချင်းသတိပြန်ဝင်သွားကာ လှည့်ပြေးလေတော့၏။
"တာအိုသားတော် ကျေးဇူးပြုပြီး ခဏစောင့်ပါအုန်း။ ဂိုဏ်းတူအစ်ကိုကျန်းရဲ့ ပြာအိုးကို သွားယူပြီးတော့ တာအိုသားတော်ကို နှုတ်ဆက်ခိုင်းရမယ်။"
ချီယွမ် “...”
ယန်စွမ်းအင်များ ထွက်ခွာသွားသည်နှင့် ခန်းမအတွင်းရှိ သတိမေ့နေသောသူများအားလုံး တစ်ယောက်ပြီးတစ်ယောက် နိုးထလာ၏။ ပတ်ဝန်းကျင်အား ရှုပ်ထွေးစွာကြည့်နေရင်း မြေပြင်ပေါ်တွင် လှဲနေသော အရိုးခြောက်နှစ်ခုကို တွေ့လိုက်ရကာ အကုန်လုံးထိန့်လန့်သွားကြသည်။
ထိုအချိန်မှာပဲ ခန်းမအလယ်တွင် ရပ်နေသောချီယွမ်သည် ခံစားချက်မဲ့စွာဖြင့် အကုန်လုံးကို ကြည့်လိုက်ပြီး ခပ်ဖြည်းဖြည်းပြောလိုက်၏။
"တစ္ဆေဂိုဏ်းရဲ့ ဘယ်လက်ရုံး လုကျိယွမ်က မြို့အရှင် အန်းလင်ရှုးရဲ့ ခန္ဓာကိုယ်ကို ယူထားပြီးတော့ ဒီရာထူးကိုအသုံးပြုရင်း မကောင်းတဲ့လမ်းစဉ်ကို ကျင့်ကြံနေတယ်။ ဒီလက်တလောပျောက်သွားတဲ့ ကျင့်ကြံသူတွေရဲ့ အသွေးအသားနဲ့ အဆီအနှစ်တွေကို သူယူထားခဲ့တာပဲ”
"သန့်စင်တဲ့ ယင်တာအို ခန္ဓာကိုယ်တည်ဆောက်ခြင်းကို ပိုင်ဆိုင်ထားတဲ့ မြို့အရှင် မိန်းမကလည်း လုကျိယွမ်ထံမှာ ရန်ပြုခံလိုက်ရပြီး အစေခံတစ်ဦးလိုမျိုး ဆေးပေါင်းဖိုလို အသုံးပြုခြင်းခံခဲ့ရတယ်”
“တစ်ကယ်လို့ သူ့ရဲ့အစီအစဉ်တွေသာ အောင်မြင်သွားမယ်ဆိုရင် ဖုကျိုးမြို့တစ်ခုလုံးက အချိန်ခဏအတွင်းမှာပဲ တစ္ဆေနယ်မြေအဖြစ် ပြောင်းလဲသွားမှာပဲ။ ကံဆိုးစွာနဲ့ အမှန်တရားဆိုတာ ဖုံးကွယ်လို့မရနိုင်ဘူး။ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ အတွင်းတပည့် နှစ်ယောက်က သဲလွန်စတစ်ချို့နောက်ကို လိုက်ပြီးတော့ မြို့အရှင်စံအိမ်အတွင်းကို အစေခံအဖြစ်ဖောက်ဝင်ပြီး အမှန်တရားကို စုံစမ်းခဲ့တယ်။ သူတို့ထဲကတစ်ယောက်က မတော်တဆ အဖမ်းခံလိုက်ရတယ်။"
"ကျုပ်က ဒီအနီးအနားမှာ ရှိနေခဲ့တဲ့အတွက် ဂိုဏ်းတူတပည့်တွေရဲ့ အကူအညီတောင်းမှုကို သိလိုက်ရပြီး ကယ်တင်ဖို့ရောက်လာတာပဲ။ ဒီလိုမျိုးလှည့်စားမှု တစ်ချို့ လုပ်လိုက်တာနဲ့ အဖြစ်အပျက်တစ်ခုလုံးကို ရှာတွေ့သွားမယ်လို့ မထင်ထားမိဘူး။ အဲ့ဒီ့ မကောင်းတဲ့သူက ခုခံဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျုပ်ဆီကနေ အသတ်ခံလိုက်ရတယ်။ အခုမကောင်းတဲ့ နတ်ဆိုးကိုလည်း ဖြေရှင်းပြီးသွားပြီ။ ဒါကြောင့် ခင်ဗျားတို့အားလုံး ထွက်သွားလို့ရပြီ။"
"ဘာ"
"မြို့အရှင်အန်းက တစ်ကယ်တော့ တစ္ဆေဂိုဏ်းရဲ့ ပုန်းကွယ်နေတဲ့ ဂိုဏ်းသားတစ်ယောက်တဲ့လား။"
ဇာတ်လမ်းတစ်ခုလုံးကို နားထောင်ပြီးသည်နှင့် ခန်းမအတွင်းရှိ လူအားလုံးသည် အလွန်အမင်း ထိန့်လန့်သွားတော့သည်။ ချီယွမ်၏ နောက်ခံကြောင့် ချီယွမ်၏ ရှင်းပြချက်များအားလုံးကို ဘယ်သူကမှ သံသယမဝင်ခဲ့ကြချေ။ ချီယွမ်လိုမျိုး လိုတိုင်းရနိုင်သော တာအိုသားတော်တစ်ဦးက လိမ်ညာဖို့မလိုအပ်ပါချေ။
မထင်ထားစွာပင် သူတို့အားလုံးသည် အရေးကြီးဧည့်သည်တော်အား အထူးကြိုဆိုရန်အတွက် မြို့အရှင်ထံမှဖိတ်ကြားခံရ၍ ရောက်လာခဲ့ခြင်းသာဖြစ်ပြီး အခုလိုမျိုးထိန့်လန့်ဖွယ် ကိစ္စရပ်တွင် ပါဝင်ခဲ့ရသည်။
ပိုမို မယုံကြည်နိုင်ဖွယ် ကောင်းသည်မှာ တစ္ဆေဂိုဏ်းသည် ထိပ်သီးအဆင့် ဂိုဏ်းအဖြစ် သတ်မှတ်၍ မရပါသော်ငြား ပထမအဆင့်ဂိုဏ်းတစ်ခုအဖြစ် ဖော်ပြ၍ ရနိုင်ပါသေး၏။
ဂိုဏ်းတစ်ဂိုဏ်း၏ ဘယ်လက်ရုံးသည် ဂိုဏ်းခေါင်းဆောင်နှင့် လက်ထောက်ဂိုဏ်းခေါင်းဆောင်ထက်သာ တစ်ဆင့်နိမ့်ပြီးပြီး အနည်းဆုံး ဝိညာဉ်အခြေတည်နယ်ပယ်ရှိကြပြီး များသောအားဖြင့် ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်သည်။ အခုတော့ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ သာမန် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးထံမှ ရိုးရှင်းစွာပင် အသတ်ခံလိုက်ရ၏။
"အဖေ"
"အမေ"
ချီယွမ်၏ စကားလုံးများကြောင့် အကုန်လုံးထိန့်လန့်နေစဉ်မှာပဲ အန်းစွေ့လန်သည် တုန်ယင်နေသော အော်သံတစ်ခုကိုကြားလိုက်ရသည်။ သူမသည် ချက်ချင်းပဲ အရိုးစုနှစ်ခုအနားသို့ အပြေးသွားရောက်ကာ မျက်ရည်အပြည့်ဖြင့် မထိန်းနိုင်အောင် ငိုယိုလေတော့သည်။
ထိုမြင်ကွင်းကြောင့် ငယ်စဉ်ကတည်းကမိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အစောပိုင်းကမှ ဖခင်ကိုပါ ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့သော ပိုင်ရှီရို့တစ်ယောက် သနားစိတ်ကိုခံစားလာရ၏။
သူမလျင်မြန်စွာရှေ့တိုးလိုက်ပြီး အန်းစွေ့လန်ကို နှစ်သိမ့်လိုက်သည်။
ထိုအချိန်မှာပဲ တံခါးအပြင်ဘက်ကနေ ဝမ်းသာအားရ အော်သံတစ်ခုကိုကြားလိုက်ရသည်။
"တာအိုသားတော် ဂိုဏ်းတူအစ်ကိုကျန်းက မသေသေးဘူး။ ကျွန်တော်ကယ်လာခဲ့တယ်။"
ချီယွမ်လှည့်ကြည့်လိုက်သည်နှင့် ယိုင်နဲ့နေသော ကျန်းချိုက်ချမ်းအား ထိန်းပေးထားသော လီမင်ဝမ်ကို တွေ့လိုက်ရသည်။
ကျန်းချိုက်ချမ်းသည် အရင်တစ်ခေါက် တွေ့တုန်းကထက် တော်တော်လေးပိန်သွားလေ၏။ သူ၏ မျက်လုံးအောက်တွင် အမည်းရောင်အကွင်းများရှိနေပြီး ပါးနှစ်ဖက်သည်လည်း လျှောကျနေကာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့် မောဟိုက်နေပြီး အလွန်အမင်း အားနည်းနေပုံပေါက်သည်။
"သူဘာဖြစ်လာတာလဲ။"
ပုံမှန်အားဖြင့် ဝဖြိုးနေတတ်သော ကျန်းချိုက်ချမ်းသည် အခုများတော့ အလွန်အမင်း ကူရာမဲ့နေသောပုံစံကြောင့် ချီယွမ်ပင်မနေနိုင်စွာ မေးလိုက်တော့သည်။
တာအိုသားတော်တစ်ဦးအနေနှင့် လက်အောက်ခံတပည့်များအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စိတ်ပူပေးရမည်ဖြစ်သည်။
" မမေးပါနဲ့ဗျာ။ ကျွန်တော်သာ သွားမရှာဘူးဆိုရင် ဂိုဏ်းတူအစ်ကိုကျမ်းက ခါးပတ်ကြိုးနှင့် ထုတ်တန်းကနေ ကြိုးဆွဲချပြီးသေဖို့လုပ်နေတာရယ်။ ကျွန်တော်သာ မတားခဲ့ရင် သူ့ကိုအလောင်းပဲ မြင်ရတော့မှာ”
လီမင်ဝမ်သည် စကားပြောနေရင်းနှင့် သက်ပြင်းချလိုက်ပြီး
"ကျွန်တော်ဘယ်လိုမေးမေး သူက လုံးဝကို မပြောဘူးဗျာ"
ချီယွမ်သည် ပိုမိုသိချင်လာခဲ့ပြီး ကျန်းချိုက်ချမ်းအား မနေနိုင်စွာ လှည့်ကြည့်လိုက်သည်။
"ဂိုဏ်းတူညီလေးကျန်း မင်းအပူးခံထားရတာလား။"
"ကျွန်တော် တုံးအသွားတာ..ကျွန်တော်တုံးတာ.. တစ်ကယ်တော့”
ကျန်းချိုက်ချမ်းးသည် အသက်မပါစွာ ခေါင်းရမ်းလိုက်သည်။
"သိလား။ ကျွန်တော်ရိုးရိုးသားသားနဲ့ ရေအိမ်ကိုပဲ သန့်ရှင်းရေးလုပ်နေသင့်တာ။ ဘာလို့များ သခင်မကြီးကို ရန်စလိုက်မိတာလဲ။"
"မင်းဘာဖြစ်နေတာလဲ။"
ချီယွမ် မျက်မှောင့်ကျုံ့သွားခဲ့ပြီး…
"သံသယများအောင်မလုပ်နဲ့၊ ဘာဖြစ်နေတာလဲပြော”
"မမေးပါနဲ့ဗျာ။"
ကျန်းချိုက်ချမ်း ခပ်ဖြည်းဖြည်းခေါင်းမော့လာခဲ့ပြီး မျက်လုံးအတွင်းတွင် မျက်ရည်များစိုရွှဲလာတော့သည်။
"အဲ့တစ္ဆေ… သူကြောင့် ကျွန်တော့်ရဲ့ အရေးပါတဲ့စွမ်းအင်တွေအားလုံး ကုန်ဆုံးတော့မလို ဖြစ်ခဲ့ရတယ်။"
လီမင်ဝမ်တစ်ယောက် ချက်ချင်း မဲ့ရွဲ့သွားပြီး
"ဟာဒါများ၊ ဟေ့ကောင် မင်းက ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ယောက်လေ။ မင်းရဲ့စွမ်းအင်က ရက်အနည်းငယ်နေရင် ပြန်ကောင်းသွားမှာပဲ။ ဘာတွေစိတ်ပူနေတာလဲ။"
ထို့နောက်တွင် လီမင်ဝမ် ရုတ်တရက် တွေးမိခဲ့ပြီး ချက်ချင်းပင် ပြုံးဖြီးဖြီး ဖြစ်သွားလေရဲ့။
"ငါသိပြီ..အဲ့ဒါမလား။ အဲ့ဒါများ ဘာဖြစ်လဲကွာ။ သခင်မကြီးရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ တစ္ဆေက မိန်းကလေးတစ္ဆေပဲ။ မင်းကဘာတွေဖြစ်နေတာလဲ။"
လီမင်ဝမ်သည် ပြောနေရင်းနှင့် ကျန်းချိုက်ချမ်း၏ မျက်နှာတစ်ခုလုံးက တဖြည်းဖြည်းစိမ်းလာတာကို တွေ့လိုက်ရသည်။ လီမင်ဝမ်ချက်ချင်း ထိန့်လန့်သွားခဲ့ကာ မျက်လုံးတစ်ခုလုံး သနားရိပ်များ ပြည့်သွားလေတော့၏။
"မဖြစ် မဖြစ်နိုင်တာ...။ ယောင်္ကျားလေးတစ္ဆေကြီးလား..ဟာ”
(တစ်ကယ်ကြီး ယောင်္ကျားလေးတစ္ဆေသာ ဆိုလို့ကတော့ ငါတို့ရဲ့ဂိုဏ်းတူအစ်ကိုကျန်းက တော်တော်လေး သနားဖို့ကောင်းတာပဲ။)
သို့သော် ကျန်းချိုက်ချမ်းသည် ထပ်မံ ခေါင်းရမ်းလိုက်ပြီး တုန်ယင်နေသော လေသံဖြင့်
"မဟုတ်ဘူး။ အဲ့တာက လူသားတစ်ယောက်ဆီကနေ အသွင်ပြောင်းလာတဲ့ တစ္ဆေကောင်ကိုမဟုတ်ဘူး.. ငါတုံးတာ.. ငါမှားတာ”
ထိုစကားများကြောင့် ချီယွမ်ပင် အနည်းငယ် နှစ်သိမ့်ချင်စိတ်ပေါက်သွားခဲ့သည်။ သို့သော် ဘယ်လိုအစပြုရမည် မသိသောကြောင့် ထိုနေရာမှသာ ထွက်သွားချင်မိတော့သည်။
…….