← Chapters

ဒီကျေးဇူးကြွေးက မဆပ်လို့မဖြစ်ဘူး

Vol. 10 Ch. 95

ဒီကျေးဇူးကြွေးက မဆပ်လို့မဖြစ်ဘူး

Vol. 10 Ch. 95

“အဟမ်း”

အံ့အားသင့်နေသော ပွဲကြည့်ပရိတ်သတ်များအား မောင်းထုတ်ပြီးသည်နှင့် လီမင်ဝမ်သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ အနည်းငယ်ထူးဆန်းနေသော မျက်နှာထားများဖြစ်နေသည့် လူများကို ရှင်းပြဖို့ ပြင်လိုက်သည်။

“သခင်မလေး ကျွန်တော် ရှာတွေ့ခဲ့တာအရ မင်းရဲ့အမေက သေသွားတာ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပါ။ သေသွားရတဲ့အကြောင်းအရင်းက အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်တဲ့အချိန်မှာ ကျရှုံးသွားပြီး နောက်ဆက်တွဲဆိုးကျိုးကြောင့် သေသွားရတာပဲ။”

“ဖူကျိုးမြို့ရဲ့ မြို့အရှင်ဖြစ်တဲ့ မင်းရဲ့အဖေက မိန်းမဖြစ်သူ အပေါ်မှာ ထားရှိတဲ့ နက်ရှိုင်းတဲ့ မေတ္တာတရားကြောင့် အဲ့အဖြစ်အပျက်ကို လက်မခံနိုင်ခဲ့ဘူး။ ဒါကြောင့် မိန်းမဖြစ်သူရဲ့ သေဆုံးတဲ့သတင်းကို ဖုံးကွယ်ထားခဲ့ပြီး သူမကိုပြန်ခေါ်နိုင်ဖို့အတွက် ရှေးဟောင်းအပြိုအပျက်နေရာတွေအများကြီးကို စူးစမ်းသွားရောက်ခဲ့တယ်။ အဲ့လိုနဲ့ အဆုံးမှာ တစ္ဆေအိုဆီက ဝင်ပူးခံလိုက်ရတာပဲ။”

( ဒီကောင် ဒီလောက်ထိတောင် စုံစမ်းနိုင်တာလား)

ချီယွမ်ပင် အနည်းငယ် အံ့ဩသွား၏။ မယုံကြည်ရသော လီမင်ဝမ်ထံမှ အခုလောက်ထိ ကောင်းမွန်သော ရလဒ်ကို ထုတ်ပေးနိုင်မည်ဟု မထင်ထားခဲ့ပါချေ။

နှစ်ရက်အတွင်းမှာပဲ ထိုနှစ်ယောက်သည် ဖြစ်စဉ်အပြည့်အဝကို စုံစမ်းနိုင်ခဲ့ကာ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသူလိုမျိုး ချက်ကျလက်ကျ ရှင်းပြနိုင်နေလေ၏။

စိတ်ပျက်စွာရပ်နေသော ကျန်းချိုက်ချမ်းပင် ဆွံ့အစွာဖြင့် လှည့်ကြည့်လာခဲ့သည်။

“နေဦး မင်းဘယ်တုန်းက ဒီလောက်ထိ အံ့ဩစရာကောင်းသွားတာလဲ။ ဒီလိုလျှို့ဝှက်တဲ့ ကိစ္စတွေကို ရှာတွေ့သွားတယ်ပေါ့။”

ထိုစကားကြောင့် လီမင်ဝမ်သည် ဂုဏ်ယူစွာဖြင့် အစေခံဦးထုပ်အား ပြုပြင်လိုက်ရင်း

“ဒီလောက်ကတော့ အသေးအမွှားလေးပါ။ ကျွန်တော်က သခင်လေးရဲ့ ခြံဝန်းကိုစောင့်ရှောက်ရတဲ့ အစေခံပဲ။ ဒီတာဝန်နဲ့ဆိုရင် စာဖတ်ခန်းထဲကို စိတ်ကြိုက်သွားလို့ရတယ်။ ဒီလိုနဲ့ ကျွန်တော်က မြို့အရှင်ရဲ့ မှတ်တမ်းစာအုပ်ကို ရှာတွေ့သွားခဲ့ပြီး အဲ့ဒီထဲမှာ အကြောင်းအရာတွေကို သိခဲ့ရတာပဲ။”

“အဲ့လိုလား”

ချီယွမ်၏ မျက်နှာထားသည် အနည်းငယ်ထူးဆန်းသွား၏။ အန်းလင်ရှူးလိုမျိုး မြို့အရှင်တစ်ယောက်ဖြစ်သည့် ရွှေအမြုတေကျင့်ကြံသူက နေ့စဉ်မှတ်တမ်းရေးသားသော အကျင့်ကောင်းရှိနေတာပဲ။

ပိုမိုအံ့ဩဖို့ကောင်းသည်မှာ ထိုသူသည် အရေးပါသော မှတ်တမ်းစာအုပ်အား အနီးနားတွင်သိမ်းဆည်းမထားဘဲ စာဖတ်ခန်းအတွင်းမှာ လက်လွှတ်စပယ် ပစ်ထားသည်။ စံအိမ်အတွင်းသို့ ဝင်ရောက်တာ မကြာသေးသော အစေခံတစ်ယောက်ကတောင်မှ ရှာတွေ့ခဲ့၏။

(ဟိုအဖိုးကြီး လုကျိယွမ်က စာပေကောင်းကို မဖတ်တတ်ဘူးနဲ့တူတယ်။ အန်းလင်ရှူးကို ဝင်ပူးပြီးတဲ့နောက်မှာ စာဖတ်ခန်းကို ဝင်တောင်မဝင်ခဲ့တဲ့ပုံပဲ။ မဟုတ်ရင် ဒီမှတ်တမ်းစာအုပ်ကို သူအရင် ရှာတွေ့ခဲ့မှာပေါ့။)

ထိုသို့ဖြင့် လီမင်ဝမ်သည် ဖြစ်စဉ်ကိုအပြည့်အဝရှင်းပြသွားခဲ့သည်။

ချီယွမ်အတွေးလွန်နေစဉ်မှာပဲ အန်းစွေ့လန်၏ ဘေးတွင်ရပ်နေသော ခပ်ဝဝကောင်လေး တစ်ဦးသည် လီမင်ဝမ်ရှိရာသို့ အပြေးရောက်လာကာ ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။

“ဟေ့ လီမင်ဝမ်၊ ငါမင်းကို ဒီလောက်ထိ ယုံကြည်ခဲ့တာကို ငါ့အဖေရဲ့ ကိုယ်ရေးမှတ်တမ်းစာအုပ်ကို ခိုးကြည့်ရဲလား”

“ပြီး၊ ငါ့ရဲ့ တဟွမ်လေးကို စောင့်ရှောက်ဖို့ပြောထားတယ်မလား။ ဘယ်မှာလဲငါ့ရဲ့တဟွမ်လေး”

“အယ်.. အဲ့တာက”

လီမင်ဟွမ်သည် မြေပြင်ပေါ်တွင် ပေနေသော သွေးစတစ်ချို့ကို လှမ်းကြည့်ရင်း အားနည်းစွာပြောလိုက်သည်။

“မင်းရဲ့ အဖေကို ဝင်ပူးထားတဲ့ တစ္ဆေအိုကို ရှင်းဖို့ အတွက် ခွေးနက်သွေးတစ်ချို့လိုအပ်တယ်လေ”

“သွေးတစ်ချို့ လိုအပ်တာမို့ တဟွမ်ရဲ့ သွေးကို ထုတ်ယူရုံအပြင် ရွေးချယ်စရာ မရှိခဲ့ဘူး။”

“ဘာ..ဘယ်လိုတောင် လုပ်နိုင်တာလဲ။”

ထိုဖက်တီးပုတ်သည် ချက်ချင်းပင် ငိုယိုလေတော့၏။

“အူဝါး တဟွမ်က ခွေးအဝါလေးပါ။ ခန္ဓာကိုယ်မှာ အမဲစက်တစ်စက်တောင် မရှိဘူး။ ဘာကိစ္စခွေးနက်ရဲ့သွေးကို သူ့ဆီက ယူရတာလဲ။”

လီမင်ဝမ်က အလျင်အမြန်ရှင်းပြလိုက်သည်။

“အဲ့ဒီ ခွေးငတုံးက ကျွန်တော့်ကိုမြင်တာနဲ့ သွားဖြီးပြီး မာန်ဖီပြနေတာလေ။ မနေ့ကတောင် ကိုက်လိုက်သေးတယ်။ သေချာပေါက် သူ့ရဲ့ နှလုံးသားက မဲနက်နေတာပဲ။ အဲ့ဒါကြောင့် ခွေးနက်ပဲ။”

ထိုဖက်တီးပုတ်၏ ငိုသံက ပိုမိုကျယ်လောင်လာခဲ့ပြီး လီမင်ဝမ်ကို စူးရဲစွာ စိုက်ကြည့်လာရင်းနေရာမှာတွင် ခုန်အုပ်မတတ် ဖြစ်လာတော့သည်။

သည်းမခံနိုင်တော့သော ချီယွမ်သည် ချက်ချင်းပင် ဖြေရှင်းရတော့၏။

“မင်းက ကလေးကို အနိုင်ကျင့်နေတာလား။ ဒီရက်ပိုင်းအတွင်း မင်းသူ့ကို သေချာပေါက် အလျော်ပြန်ပေးရမယ်။”

လီမင်ဝမ်သည်ဂုဏ်ယူစွာ ရင်ဘတ်ကို ပုတ်လိုက်ရင်း

“တာအိုသားတော် စိတ်မပူပါနဲ့။ ခွေးဝါတစ်ကောင် နောက်ရက်ကျ လာပို့ပေးလိုက်ပ့ါမယ်။”

“လီမင်ဝမ်”

ချီယွမ်သည် ငိုနေဆဲဖြစ်သော ဖက်တီးပုတ်အား ကြည့်လိုက်ရင်း စပ်စုစွာမေးလိုက်သည်။

“မင်းအစောပိုင်းက သုံးခဲ့တဲ့ သေးရည်အိုးကလည်း ဒီကောင်လေးဆီကပဲလား”

ထိုစကားကြောင့် လီမင်ဝမ် ရှက်ရွံ့စွာပြုံးလိုက်ရင်း အနေခက်စွာဖြေလိုက်၏။

“တာအိုသားတော်မှန်းတာ မှားသွားပါပြီ။ ကျွန်တော်က ရည်းစား တစ်ခါမှတောင်မထားဖူးတဲ့ လူရိုးလေးပါ။ ဒါကြောင့် ကျွန်တော့်ကို အပျိုစင်အဖြစ်သတ်မှတ်လို့ရတာပဲ။”

ချီယွမ် တစ်ယောက် မဲမှောင်နေသော မျက်နှာနှင့် ရွံရှာစွာ လက်တစ်ဖက်ယမ်းပြနိုင်တော့သည်။ ဆက်လက်စကားပြောဖို့ပင် ဆွံ့အသွားလေတော့၏။

“ကျန်းချိုက်ချမ်းကိုသာ သွားကုပေးလိုက်တော့။ ဒီမှာလာမရှုပ်နဲ့။ မင်းတို့နှစ်ကောင်ကို မြင်ရတာနဲ့တင်ပင်ပန်းတယ်။”

လက်ရှိတွင် အန်း မောင်နှမနှင့်အတူ ထိုင်ရွှမ်းသန့်စင်နယ်မြေ၏ တပည့်ဖြစ်ခါနီး ပိုင်ရှီရို့လည်းကြည့်နေခဲ့သည်။ ထိုနှစ်ကောင်သာ ဆက်လက်ပြဿနာရှာနေပါက ထိုင်ရွှမ်းသန့်စင်နယ်မြေ၏ ဂုဏ်သတင်းသည် လုံဝပျက်စီးရတော့မည်ဖြစ်သည်။

“ဟုတ်ပြီ ကျွန်တာ်တို့ထွက်သွားပါတော့မယ်။”

တာအိုသားတော်၏ အေးစက်နေသော လေသံကြောင့် လီမင်ဝမ်တစ်ယောက် ကြောင်အနေဆဲဖြစ်သော ကျန်းချိုက်ချမ်းအား ဆွဲခေါ်ပြီးထွက်သွားလိုက်သည်။

ထိုနှစ်ယောက်ထွက်သွားသည်နှင့် ခန်းမသည် ချက်ချင်းပင်တိတ်ဆိတ်သွားလေ၏။

ထိုအချိန်မှာပဲ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ပိုင်ရှီရို့သည် အရင်ဦးဆုံးစကားစလိုက်သည်။ ပူဆွေးနေသော အန်းစွေ့လန်အား ကြည့်လိုက်ရင်း ညှာတာမှုအပြည့်ဖြင့် နူးညံ့စွာပြောလိုက်လေ၏။

“ညီမလေးအန်း အခုဆိုရင် မြို့အရှင်နဲ့ သခင်မကြီးလည်း မရှိတော့ဘူး။ ညီမဘာဆက်လုပ်မှာလဲ။”

အန်းစွေ့လန်က မျက်ဝန်းထောင့်ရှိ မျက်ရည်တစ်စကို ညင်သာစွာပွတ်သပ်လိုက်သည်။ ထို့နောက်တွင် သူမ၏ မှိန်ဖျော့နေသော မျက်ဝန်းထဲတွင် အလင်းတစ်ချက်ဖြတ်ပြေးသွားခဲ့ပြီး..

“အစ်မပိုင် စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်။ မြို့တော်မှာရှိတဲ့ ညီမရဲ့ မိသားစုကို ဘာဖြစ်နေလဲ အကြောင်းကြားလိုက်မယ်။ မကြာခင်မှာ ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် လူလွှတ်ပေးလာမှာပါ။ ညီမလေးမိဘတွေရဲ့ အသုဘ အခမ်းအနားကို စီစဉ်ပြီးတာနဲ့ မောင်လေးကိုပါ ခေါ်ပြီးတော့ မြို့တော်ကိုသွားမယ်။ အဲ့ဒီမြို့တော်မှာ ညီမရဲ့အဘိုးအဘွားတွေရှင်နေသေးတယ်။ သူတို့နဲ့ အတူနေလို့ရတယ်။ ညီမ ကာကွယ်ပေးမှ မောင်လေး ငြိမ်းငြိမ်းချမ်းချမ်းနေရလိမ့်မယ်။”

သူမကပြောပြီးသည်နှင့် ဘေးမှာရှိနေသော ချီယွမ်ကို ကျေးဇူးတင်မှုအပြည့်ဖြင့် လှည့်ကြည့်လိုက်ကာ

“တာအိုသားတော်၊ တာအိုသားတော်က ကျွန်မအမေနဲ့ ကျွန်မကို ကယ်တင်ပေးရုံတင်မကဘူး။ အဖေ့အတွက်ပါ လက်စား‌ချေပေးခဲ့တယ်။ ဒီလောက်ကြီးမားတဲ့ကျေးဇူးတရားကို ပြန်ဆပ်လို့ မရတော့ပါဘူး။ ညီမ မြို့တော်မှာအခြေကျသွားပြီးရင် ထိုင်ရွှမ်းသန့်စင်နယ်မြေကို လာပြီးတော့ ကျင့်ကြံချင်ပါတယ်။ တာအိုသားတော်ရဲ့ ကြင်နာမှုကို အနာဂတ်မှာ ပြန်ပေးဆပ်နိုင်ဖို့ မျှော်လင့်မိတယ်။”

ချီယွမ်သည် အနာဂတ်တွင် ဒုက္ခမခံဖို့အတွက် ယဉ်ကျေးသောစကားလုံးများဖြင့် ငြင်းဆိုချင်ခဲ့သော်ငြား ထိုကောင်မလေး၏ စိတ်ပိုင်းဖြတ်ထားသော ပုံစံကြောင့် ဘာမှမပြောခဲ့ချေ။

“မင်းရဲ့ကျေးဇူးပြန်ဆပ်တာကို မလိုအပ်တာမို့ မင်းသက်သာသလို လုပ်ပါ”

သူသည် အစောပိုင်းက အန်းစွေ့လန်၏ ခန္ဓာကိုယ်ကို စစ်ဆေးချိန်တွင် သူမ၏ ဝိဉာဉ်သွေးကြောသည် အလွန်အမင်းရှားပါးသော သစ်သားဒြပ်စင်ရှိသည့် ကောင်းကင်ဝိဉာဉ်သွေးကြောမှန်း သိထားသည်။

ထိုစွမ်းဆောင်ရည်နှင့်ဆိုလျှင် သူမ၏ လုပ်ဆောင်မှုကသာ လက်ခံဖွယ်ရှိနေပါက ထိုင်ရွှမ်းသန့်စင်နယ်မြေသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး အထူးလေ့ကျင့်မှုကို ရနိုင်လိမ့်မည်။

ကောင်းကင်ဝိဉာဉ်သွေးကြောအား ပိုင်ဆိုင်ထားသော ထူးချွန်သည့် တပည့်တစ်ယောက်ရရှိမည့် အခွင့်အရေးအား ချီယွမ် ပျော်ရွှင်ပါ၏။ တာအိုသားတော်တစ်ဦးအနေနှင့် ထိုင်ရွှမ်းသန့်စင်နယ်မြေပိုမို သန်မာလာလျှင် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်သည်။

ထို့အပြင် ဤကောင်မလေးသည် သူ့အပေါ်တွင် များစွာသော ကျေးဇူးတရားများရှိပြီး သစ္စာရှိမည့်ပုံပေါ်သည်။ သူမအောင်မြင်လာတာနှင့် သေချာပေါက် အားကိုး၍ရနိုင်သော အကူအညီတစ်ယောက်ဖြစ်လာမှာပဲ။

ထို့ကြောင့် ချီယွမ် ကျေနပ်စွာပြုံးလိုက်ပြီး

“ဒီလိုဆိုမှတော့ မင်းရဲ့ အစ်မပိုင်နဲ့ ကျွန်တော် ထိုင်ရွှမ်းသန့်စင်နယ်မြေကနေ စောင့်နေပါ့မယ်”

……..

All Chapters