ဒီလူရဲ့လက်စားချေပုံကြီးက ကြောက်ဖို့ကောင်းလိုက်တာ
Vol. 10 Ch. 98
( ငတုံးစနစ် မင်းစောင့်နေလိုက်စမ်းပါ။ တစ်ရက် ငါတို့တွေ အဆက်အသွယ်ဖြတ်တာနဲ့ မင်းနဲ့ပတ်သက်ပြီး မကောင်းကြောင်းကို အကြီးကြီးကို ရေးပေးလိုက်ဦးမယ် )
ဒေါသတွေကို ပုံချပြီးသည်နှင့် ချီယွမ်တစ်ယောက် တည်ငြိမ်အောင်ပြုလုပ်လိုက်ရင်း သိုလှောင်အိတ်အတွင်းမှ ဆက်သွယ်ရေးမန္တာန်စာရွက်တစ်ရွက်အား အလျင်အမြန်ထုတ်ယူကာ ပုံမှန်လိုမျိုး အသက်သွင်းလိုက်ပြီး ခံစားချက်မဲ့စွာ မေးလိုက်သည်။
“ လီမင်ဝမ် မင်းဘယ်မှာလဲ ”
တစ်ဖက်ရှိ လီမင်ဝမ်သည် ထိတ်လန့်သွားဟန်ရပြီး ခဏမျှကြာပြီးမှသာ ရိုးသားစွာဖြေကြားလာ၏။
“ ဂိုဏ်းတူအစ်ကိုကျန်းနဲ့ ကျွန်တော်က ကျိုက်ဝန်းစံအိမ်မှာပါ တာအိုသားတော်။ ဒါပေမဲ့ တာအိုသားတော် ယုံကြည်ပေးပါ။ ဒီတစ်ခေါက် ကျွန်တော်သွားချင်လို့ သွားရတာမဟုတ်ဘူး။ ဂိုဏ်းတူအစ်ကိုကျန်းက သူ့ရဲ့ရင်ထဲက ဒဏ်ရာတွေကို ကုသဖို့လိုတယ်ဆိုပြီး အတင်းအကျပ်တိုက်တွန်းလို့ ကျွန်တော်က မဖြစ်မနေလိုက်လာရတာပါ။ ဒါပေမဲ့ ကျွန်တော်ဒီနေရာမှာ ဘယ်သူနဲ့တွေ့ခဲ့လဲဆိုတာကို တာအိုသားတော် လုံးဝခန့်မှန်းမိမှာ မဟုတ်ဘူးနော်”
“ အရေးမပါတာတွေ ရပ်လိုက်တော့ ”
ထိုဉာဏ်နည်းသော ငတုံးနှစ်ကောင်ကိုတော့ ချီယွမ်တစ်ယောက် လက်လျှော့ထားလေသည်။ ထိုကြောင့် တစ်ဖက်သူ၏ စကားသံမဆုံးခင်မှာပဲ ချီယွမ်က အေးစက်စွာအော်ဟစ်လိုက်ရင်း တားမြစ်လိုက်သည်။
“ ကျုပ်အခု မြို့အရှင်စံအိမ်မှာရှိနေတဲ့ မြို့အရှင်စံအိမ်ကိုလာဖို့အတွက် အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ မဟုတ်ဘူးဆိုရင်တော့ ရင်ဆိုင်ရမယ့်အကျိုးဆက်ကို တွေးထားလိုက်တော့။ ”
“ ဟမ် ”
မန္တာန်စာရွက်တစ်ဖက်ရှိ အခြားလူသည် ခဏမျှအံ့ဩသွားခဲ့ပြီးမှ အလျင်အမြန် ဖြေကြားလာသည်။
“ တာအိုသားတော် ကျေးဇူးပြုပြီး အမွှေးတိုင်ကို အခုထိ မထွန်းသေးနဲ့ဦးနော်။ ကျွန်တော်အခု လာနေပြီ။ ”
ထိုစကားသံဆုံးသည်နှင့် စားပွဲခုံနှင့်ထိုင်ခုံများကို ဝင်တိုက်သံကို ကြားလိုက်ရသည့်အတွက် တစ်ဖက်လူက ထွက်ပြေးလာသည်ဟု မှန်းဆလို့ရနိုင်ပါသည်။
“ မောင်လေးချီ ဘာလုပ်နေတာလဲ ”
ထိုဆက်သွယ်ရေးမန္တာန်စာရွက်အား သိမ်းဆည်းပြီးချိန်မှာပဲ နူးညံ့သော မိန်းကလေးအသံတစ်ခုကို ချီယွမ်ကြားလိုက်ရသည်။ အနောက်လှည့်ကြည့်လိုက်ချိန်တွင် အိမ်အတွင်းမှ ခပ်ဖြည်းဖြည်းထွက်လာနေသော ပိုင်ရှီရို့အား တွေ့လိုက်ရ၏။
အခုအချိန်တွင် သူမထံ၌ မနေ့ကလို မုန်းတီးဟန်များ မရှိတော့ပေ။ သူမ၏ပုံစံသည် အလွန်အမင်းအင်အားပြည့်ကာ သွက်လက်နေပြီး ကျင့်ကြံမှုသည်လည်း အခြေခံတည်ထောင်ခြင်းနယ်ပယ် ထိပ်သီးအဆင့်မှ ရွှေအမြုတေနယ်ပယ်သို့ အချိန်မရွေး အဆင့်တတ်နိုင်တော့လုနီးပါး မြင့်တတ်လာခဲ့သည်။
ပိုင်ရှီရို့သည် အဆင့်တတ်ခြင်းအား ချက်ချင်းဆောင်ရွက်လို့ ရပါသော်ငြား ချီယွမ်၏အကြံအတိုင်း ထိုက်ရွှမ်းသန့်စင်နယ်မြေသို့ သွားရောက်ပြီးမှ ရွှေအမြုတေအတွက် သီးခြားတံခါးပိတ်ကျင့်ကြံရင်း အဆင့်တတ်ဖို့ ဆုံးဖြတ်ထားသည်။
ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ပိုမိုများပြားသည်။ သန့်စင်နယ်မြေ၏ တပည့်တစ်ယောက်ဖြစ်လာပါက သန့်စင်နယ်မြေ၏ ကံကြမ္မာထံမှ အနည်းငယ်တိုးမြှင့်မှုကို ရရှိမည်ဖြစ်သောကြောင့် အဆင့်တတ်မှုတွင် အောင်မြင်နိုင်ချေများပြားသည်။
“ ဘာမှမဟုတ်ပါဘူး ”
ချီယွမ်သည် ပိုင်ရှီရို့အား အနည်းငယ် ခေါင်းညိတ်ပြလိုက်ရင်း ပုံမှန်လိုပြောလိုက်သည်။
“ လီမင်ဝမ်ကို မေးစရာရှိလို့ လာခိုင်းလိုက်တာပါ။ သူမကြာခင် ရောက်လာလိမ့်မယ် ”
“ အော် ”
ပိုင်ရှီရို့ သဘောပေါက်စွာ ခေါင်းညိတ်လိုက်ပြီးမှ သူမ၏လှပသော မျက်လုံးများသည် အပြုံးအဖြစ်ပြောင်းလဲသွားကာ
“ ဒါဆိုရင် မောင်လေး အလုပ်ဆက်လုပ်ပါ။ အမ ညီမလေးအန်းနဲ့ သွားတွေ့လိုက်ဦးမယ် ”
ပြောပြီးသည်နှင့် သူမသည် လျင်မြန်စွာထွက်သွားခဲ့ပြီး လှပသောပုံရိပ်လေးသာ ချန်ထားခဲ့၏။
ခဏမျှကြာပြီးနောက်တွင် ချီယွမ်၏ရှေ့သို့ အလင်းတန်းနှစ်ခု လျင်မြန်စွာ ဆင်းသက်လာသည်။
ထိုအလင်းတန်းနှစ်ခုက နောက်ဆုံးတွင် သိပ်သည်းလာပြီး ရင်းနှီးနေသော အမျိုးသားကျင့်ကြံသူနှစ်ဦး၏ ပုံရိပ်ထွက်ပေါ်လာ၏။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် လီမင်ဝမ်ဖြစ်ပြီး အစိမ်းရောင်ဝတ်စုံနှင့် ကျန်တစ်ယောက်ကတော့ ကျန်းချိုက်ချမ်းမဟုတ်ပါချေ။ ထိုသူသည် ချီယွမ်၏ မိတ်ဆွေဟောင်းဖြစ်သော ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော် ဖန်ကဲစွေ့ ဖြစ်သည်။
( ဒီနှစ်ကောင် ဘယ်လိုလုပ်တွေ့သွားတာလဲ )
ဖန်ကဲစွေ့၏ ရုပ်ဆိုးသောမျက်နှာထက်မှ ထင်ရှားသော အစိတ်အပိုင်းများနှင့် ရွံရှာဖွယ်အငွေ့အသက်ကြောင့် ချီယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သော်ငြား ကိုယ့်ကိုယ်ကိုယ် လျင်မြန်စွာထိန်းသိမ်းလိုက်သည်။
အကယ်၍ တစ်ဖက်သူက တိမ်ကြွေဂိုဏ်း အတွင်းမှာ ချီတအဖြစ်နေထိုင်ခဲ့သော အတိတ်ကာလအကြောင်းကို သိသွားခဲ့လျှင်တောင်မှ ပြဿနာရှိလိမ့်မည်မဟုတ်ချေ။
ဖန်ကဲစွေ့သည် ဝိညာဉ်အခြေတည်နယ်ပယ် အလယ်အဆင့်ကို ကျော်ဖြတ်လုနီးပါးဖြစ်နေသော ထူးချွန်သည့် ကျင့်ကြံသူတစ်ဦးဆိုသော်ငြား ကောင်းကင်တာအိုဝိညာဉ်သန္ဓေအား ပိုင်ဆိုင်ထားသော ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူထက်တော့ များစွာနိမ့်ကျသေး၏။
ချီယွမ် စကားပြော၍ မပြီးသေးခင်မှာပဲ ဖန်ကဲစွေ့က ရုတ်တရက်ရှေ့တိုးလာကာ နှုတ်ဆက်လာ၏။
“ ဒါက ညီလေးချီ မဟုတ်လား။ အရင်တစ်ခေါက်တုန်းက ညီလေးချီရဲ့ တာအိုသားတော်အဖြစ် ခန့်အပ်တဲ့ အခမ်းအနားကို ကျွန်တော်မတတ်လိုက်ရဘူး။ ဒါပေမဲ့ လက်ဆောင်တော့ ပို့ပေးလိုက်ပါတယ်။ အခု ညီလေးချီက ဒီနေရာမှာ ရှိနေတယ်လို့ကြားလို့ လာရောက်တွေ့ဆုံတာပါ။ ဒါနဲ့ ဟိုမိန်းကလေးတွေလည်း... ”
ပြောနေရင်းဖြင့် ဖန်ကဲစွေ့၏ စကားသည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားကာ ပြူးကျယ်နေသောမျက်လုံးဖြင့် အံ့ဩတကြီး တုန်ယင်စွာပြောလာ၏။
“ ဘုရားရေ ညီလေးချီက လွန်ခဲ့တဲ့လတစ်ချို့ကမှ ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ဦးပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူဖြစ်လာတာလဲ။ ”
ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း
“ အစ်ကိုဖန် မတွေ့တာကြာပြီနော်။ အစ်ကိုဖန်က အရင်အတိုင်းပဲ။ ကျွန်တော်က ဒီနောက်ပိုင်းလေ့ကျင့်ရင်းနဲ့ ကံကောင်းမှုတစ်ချို့ရပြီးတော့ ဝိညာဥ်အခြေတည် နယ်ပယ် အလယ်အဆင့်ကို ရောက်လာတာလေ။ ဒါကကိစ္စကြီးတစ်ခု မဟုတ်ပါဘူး။ ”
“ အော် ဟုတ်ပြီ ဟုတ်ပြီ ”
ဖန်ကဲစွေ့သည် ချီယွမ်အား စစ်ဆေးကြည့်လိုက်ရင်း တစ်ဖက်သူ၏ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားအား တွေ့သည်နှင့် အံ့ဩတကြီးပြောလိုက်ပြန်သည်။
“ ညီလေးချီ မင်းရဲ့ကျောက်စိမ်းပြားက တော်တော်လေး ရင်းနှီးနေတယ်နော် ”
“ ဂိုဏ်းတူအစ်ကိုဖန် အထင်မှားနေပါပြီ ”
ချီယွမ်၏ မျက်နှာထားကတော့ တည်ငြိမ်နေစဲပင်။
“ ဒီလောကမှာ ဆင်တူတဲ့ ကျောက်စိမ်းပြားတွေ အများကြီးရှိတယ်။ ဘယ်လိုလုပ် အကိုရဲ့ဟာ ဖြစ်နိုင်မှာလဲ။ အကို ခေါ်ကြည့်လိုက်ရင် ဒီကျောက်စိမ်းပြားက တုံ့ပြန်မှာလား ”
“ မင်းပြောတာမှန်တယ် အကို အထင်မှားနေတာပဲ ဖြစ်မှာပါ။ ”
ဖန်ကဲစွေ့ တစ်ယောက် သံသယတစ်ချို့ဖြင့် ခေါင်းညိတ်လိုက်သည်။
“ အကို့ရဲ့ ခွဲဖြာခြင်းကိုးသွယ်ကျောက်စိမ်းပြားက တခြားတစ်ယောက်ရဲ့ လက်ထဲမှာပါ။ ညီလေးချီဆီမှာ ရှိနေဖို့မဖြစ်နိုင်ဘူး”
ထိုအတွေးကြောင့် ဖန်ကဲစွေ့ချက်ချင်းပင် တည်ငြိမ်သွားခဲ့ပြီး နွေးထွေးသောမျက်နှာထား ပြန်ဖြစ်လာခဲ့သည်။
“ ညီလေးချီယွမ်၊ အကိုတို့နှစ်ယောက်လုံးက သန့်စင်နယ်မြေရဲ့ တာအိုသားတော်တွေပဲ။ ဒီလိုမျိုး တွေ့လာပြီဆိုမှတော့ ကံကြမ္မာအရ ရေစက်ပါလို့ တွေ့ရတာပဲဖြစ်ရမယ်။ ကျိုက်ဝန်းအပျော်အိမ်ကို သွားပြီတော့ အောင်ပွဲခံတဲ့အနေနဲ့ သောက်ကြရအောင်လား”
ချီယွမ်သည် ထိုလူအား လျစ်လျူရှုထားလိုက်ပြီး ဘေးမှာရပ်နေသော လီမင်ဝမ်အား နက်ရှိုင်းစွာမေးလိုက်သည်။
“ လီမင်ဝမ် ကျုပ်မေးမယ်။ ဝမ်အိမ်တော်ခေါင်းဆောင် ဝမ်ထျန်းသဲက တစ်ကယ်သေသွားပြီလား ”
“ ဝမ်အိမ်တော်ခေါင်းဆောင် ဟုတ်လား “
ထိုမေးခွန်းကို မမျှော်လင့်ထားသောကြောင့် လီမင်ဝမ် အံ့ဩသွားခဲ့သည်။
( ဘာလို့ တာအိုသားတော်က ရုတ်တရက်ကြီး ဒီလိုမျိုး ထူးဆန်းတဲ့မေးခွန်းကို မေးရတာလဲ )
တစ်ဖက်သူ၏ တည်ငြိမ်နေသော မျက်နှာထားကြောင့် လီမင်ဝမ် ဂရုမပြုဘဲ မနေရဲတော့ပေ။ ချက်ချင်းပင် ခိုင်မာစွာခေါင်းညိတ်လိုက်ပြီး
“ ဝမ်ထျန်းသဲက သေချာပေါက် သေသွားပါပြီ။ သူရဲ့ပြစ်မှုတွေကို အတည်ပြုပြီးတာနဲ့ ကျွန်တော်ကိုယ်တိုင် အဲ့ဒီနေရာမှာပဲ ခေါင်းဖြတ်သတ်ပစ်လိုက်တာ ”
“ အဲ့ဒီမကောင်းတဲ့ လူအိုကြီးက ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင်မဟုတ်ဘူး။ ခေါင်းဖြတ်အသတ်ခံရပြီးရင် ရွှေအမြုတေနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ သေချာပေါက်သေပါပြီ ”
လီမင်ဝမ်လည်း လိမ်နေပုံမရသောကြောင့် ချီယွမ်တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားတော့သည်။
( ရွှေအမြုတေနယ်ပယ်ကျင့်ကြံသူတွေက ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတွေလိုမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် တစ်ခုပဲရှိတယ်။ အဲ့ဒီဟာကို ဖျက်ဆီးခံလိုက်ရရင် အသက်ရှင်နိုင်ခြေမရှိဘူး။ ပုံစံကွဲအနေနဲ့ ကျင့်ကြံထားခဲ့ဖူးရင်တောင်မှ အဲ့ဒီပုံစံကွဲကလည်း ပင်မခန္ဓာကိုယ်သေသွားတာနဲ့ သေသွားမှာပဲ။ ပုံစံခွဲတွေကနေ ကျင့်ကြံသူကို မသေမျိုးဘဝရစေမယ့် ကောင်းကင်ဘုံကိုပါ ဆန့်ကျင့်နိုင်တဲ့ သိုင်းပညာတစ်ချို့ကို ကျင့်ကြံနေတယ် ဆိုရင်တော့ တစ်မျိုးပေါ့…)
( ဒါပေမဲ့ အဲ့ဒီသိုင်းပညာတွေက အနည်းဆုံး သူတော်စင်နယ်ပယ်ရှိကြတယ်။ ဝမ်ထျန်းသဲမှာ ဒီလိုမျိုး စွမ်းဆောင်ရည် ရှိနေမယ်ဆိုရင် သူ့ရဲ့အသက်ကို ဆန့်နိုင်ဖို့အတွက် နတ်ဆိုးလမ်းစဉ်ကို အသုံးပြုနေမှာကိုမဟုတ်ဘူး။ )
ချီယွမ်တစ်ယောက် အတွေးလွန်နေစဉ်မှာပဲ စပ်စုတတ်သော ဖန်ကဲစွေ့သည် လီမင်ဝမ်အား ဆွဲခေါ်ကာမေးလိုက်၏။
“ ညီအစ်ကိုလီ အစောပိုင်းက မင်းတို့ရဲ့ တာအိုသားတော်ဖော်ပြသွားတဲ့ ဝမ်အိမ်တော်ခေါင်းဆောင်နဲ့ ဘာပြဿနာရှိခဲ့တာလဲ ”
အပျော်အိမ်တော်သခင်ကြီးဖြစ်သော ဖန်ကဲစွေ့အား လီမင်ဝမ်တစ်ယောက် အမြင်ကောင်းရှိသည့်အတွက် ဘာကိုမှ ဖုံးကွယ်မထားခဲ့ဘဲ ဝမ်အိမ်တော်၏ မကောင်းသောလုပ်ရပ်များအား ချက်ချင်းပင်ပြောပြလာခဲ့သည်။
“ ဒါက မဖြစ်နိုင်တာပဲ။ ဝမ်အိမ်တော်ရဲ့ အိမ်တော်ခေါင်းဆောင်က ဒီလိုမျိုး နတ်ဆိုးဆန်တဲ့ လူတစ်ယောက်ဆိုတာ လုံးဝကိုထင်မထားခဲ့ဘူး ”
ဖန်ကဲစွေ့တစ်ယောက် နားထောင်ပြီးသည်နှင့် ကျိန်ဆဲလေတော့သည်။
“ ညီအစ်ကိုလီ မင်းလုပ်ခဲ့တာတော်တယ် ”
“ ဒီကောင့်ကို ဒီလိုမျိုး လွယ်လွယ်လေး သေခွင့်ပေးလိုက်တာတော့ စိတ်မကောင်းစရာပဲ။ ငါသာဆိုလို့ကတော့ သူ့ရဲ့ဝိညာဉ်ကိုဆွဲထုတ်ပြီး သန့်စင်ပစ်မယ်။ အဲ့ဒီအဘိုးကြီး ဘယ်တော့မှ ပြန်လည်မမွေးဖွားနိုင်အောင်ကို လုပ်ပြစ်မှာ ”
( နေဦး )
ထိုစကားကြောင့် အတွေးလွန်နေသော ချီယွမ်တစ်ယောက် ရုတ်တရက်အလင်းပွင့်သွားခဲ့ပြီး ဖန်ကဲစွေ့ကို အကျီမှတစ်ဆင့် ဆွဲဆောင့်ခေါ်လိုက်ကာ
“ အစောပိုင်းက ဘာပြောလိုက်တာ၊ ထပ်ပြောပါဦး ”
ချီယွမ်၏ စိတ်လှုပ်ရှားလာမှုကြောင့် ဖန်ကဲစွေ့က ရှုပ်ထွေးစွာကြည့်လာပြီး ထပ်မံပြောပြလိုက်၏။
“ ကျွန်တော်ပြောလိုက်တာ အဲ့ဒီခွေးအိုကြီး ဆက်ပြီးမမွေးဖွားစေရဘူးလို့ ”
“ မဟုတ်ဘူး အဲ့ဒီအရှေ့က စာကြောင်းကိုပြန်ပြော ”
ဖန်ကဲစွေ့တစ်ယောက် ရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်ရင်း
“ အော် ရှေ့စာကြောင်းလား။ သူ့ရဲ့ဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ သန့်စင်ပစ်ရမယ် “
“ အဲ့တာအမှန်ပဲ ”
ချီယွမ်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
“ ဟုတ်တယ် ဒါဆိုရင် ဝမ်အိမ်တော်ခေါင်းဆောင်ရဲ့ ဝိညာဉ်ကို ပြန်ခေါ်ရအောင်။ ပြီးရင် ထပ်သတ်ကြမယ်”
...
ချီယွမ်၏ဘေးတွင်ရှိနေသော လူနှစ်ယောက်ကတော့ အံ့ဩမှင်သက်သွားလေရဲ့။
( ဘုရားရေ တာအိုသားတော်က အဲ့ဒီအဖိုးကြီးကို ဘယ်လောက်တောင် မုန်းတီးနေတာများလဲ )
( ဘယ်လိုပဲဆိုဆို ဝမ်အိမ်တော်က ဖူကျိုးမြို့မှာ အင်အားကြီးတယ်ဆိုပေမဲ့ တာအိုသားတော်အတွက်တော့ လမ်းဘေးမှာရှိနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လို တည်ရှိမှုပဲ။ တာအိုသားတော်က ဝမ်အိမ်တော်ကို ပစ်မှတ်ထားတဲ့တာဝန်ကို အထူးတလှယ် ခိုင်းစေခဲ့ရုံတင်သာမက သူတို့ကို သတ်ခိုင်းတယ်။ သေသွားတာတောင်မှ ချမ်းသာမပေးသေးဘူး။ ဝိညာဉ်ကို ပြန်ခေါ်ပြီးတော့ ထပ်သတ်ဖို့ လုပ်နေသေးတယ်။ )
( ဒီလောက်ကြီးထိ ရက်စက်ဖို့ လိုအပ်လို့လား )
ဖန်ကဲစွေ့နှင့် လီမင်ဝမ်သည် ချီယွမ်အား ထူးဆန်းစွာကြည့်လာခဲ့ပြီး သူတို့ရော ချီယွမ်ကို ဒေါသထွက်အောင် လုပ်မိသေးလားဟု အသည်းအသန်တွေးတောလိုက်ကြသည်။
( ဒီတာအိုသားတော်ကို ဒေါသထွက်အောင် သွားလုပ်လို့မဖြစ်ဘူးပဲ။ ကြောက်ဖို့ကောင်းလိုက်တာ)
…….