← Chapters

မျက်စိတမှိတ်အတွင်းမှာ သေသွားသော သခင်မကြီး)

Vol. 10 Ch. 92

မျက်စိတမှိတ်အတွင်းမှာ သေသွားသော သခင်မကြီး)

Vol. 10 Ch. 92

အန်းလင်ရှူး၏ တွန့်ဆုတ်နေသောပုံစံကြောင့် ချီယွမ် မျက်နှာကို အေးစက်စွာ မဲ့ရွှဲ့လိုက်ပြီး ချက်ချင်းပင် ခက်ထန်သွား၏။

"ဘာလဲ။ ကျုပ်လိုမျိုး တာအိုသားတော်တစ်ယောက်က ခင်ဗျားရဲ့မိန်းမ ထွက်တွေ့ဖို့တောင် မထိုက်တန်ဘူးလို့ ဆိုလိုချင်တာလား။"

"တာအိုသားတော် အထင်လွဲနေပါပြီ။"

အန်းလင်ရှူး၏ နှဖူးပြင်ထက်တွင် ချွေးစေးများ ပြည့်နှက်လာပြီး မျက်နှာတစ်ခုလုံး ခါးသက်သွားလေတော့၏။

"ကျွန်တော့်ရဲ့မိန်းမက အနည်းငယ်အဆင်ပြေမနေလို့ပါ။ ကျွန်တော့်ရဲ့သမီးကို တောင်းပန်တဲ့အနေနဲ့ အရက်ဆက်သခိုင်းမယ်ဆိုရင် တာအိုသားတော် ဘယ်လိုသဘောရပါသလဲ။"

အန်းလက်ရှူးသည်‌ ပြောပြီးသည်နှင့် အဝေးမှာရပ်နေသော အန်းစွေ့လန်ကို အချက်ပြလိုက်ရင်း

"လန်အာ မြန်မြန်လာပြီး တာအိုသားတော်ကို အရက်ဆက်သလိုက်လေ။ ဘာလို့ရပ်နေတာလဲ။"

ထိုစကားကြောင့် ခန်းမအတွင်းရှိ လူများအားလုံး အံ့အားသင့်သွားခဲ့ပြီး ထူးဆန်းသောအကြည့်များဖြင့် အန်းလင်ရှူးကို လှည့်ကြည့်လာကြကာ မနေနိုင်အောင်‌ လေးစားသွားတော့သည်။

(အာ)

(ဒီကောင်က လုပ်ချင်တိုင်း လုပ်နေတော့တာပဲ။ မိန်းမကိုကာကွယ်ဖို့အတွက်နဲ့ သမီးဖြစ်သူကိုတောင်မှ ထုတ်ရောင်းနေတာလား။)

(ဟုတ်တော့လည်းဟုတ်ပါတယ်။ တွေးကြည့်ရင် တော်တော်လေးကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုပဲ။ အရှက်တကွဲ အကျိုးနည်းဖြစ်မှုကနေလည်း လွတ်မြောက်သွားမယ်။ သမီးဖြစ်သူလည်း အမြင့်ကိုတက်ဖို့ အခွင့်အရေးရသွားတာပေါ့။ တစ်ကယ်လို့ သမီးဖြစ်သူကသာ တာအိုသားတော်ရဲ့ အကြိုက်ကိုဆွဲဆောင်နိုင်မယ်ဆိုရင် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာရင်တောင်မှ အဲ့တာက ကြီးမားတဲ့ ကံကောင်းမှုပဲ။)

"ဟုတ်...ဟုတ်ကဲ့ပါအဖေ။"

အဖေဖြစ်သူ၏ ခေါ်သံကြောင့် ထောင့်တစ်ထောင့်တွင် အေးခဲစွာ ရပ်နေသော အန်းစွေ့လန်ရုတ်တရက် သတိဝင်လာကာ အနည်းငယ်နီရဲနေသော ပါးပြင်နှင့် အရှေ့ကိုလျှောက်လာခဲ့ပြီး အစေခံမလေးထံမှ ကျောက်စိမ်းပုလင်းကိုယူလိုက်ကာ ချီယွမ်၏အရှေ့ရှိ ခွက်ထဲကို တုန်ယင်စွာ လောင်းထည့်ပေးလိုက်သည်။

"တာအိုသားတော် ကျေးဇူးပြုပြီး သောက်ပါ။"

သို့သော်ငြား ချီယွမ်က စနောက်လိုသော မျက်နှာထားဖြင့် အရက်ခွက်ကို ကောက်မလိုက်ရင်း ရယ်မောလာ၏။

"ဒါဆိုရင် ဒီမိန်းကလေးနဲ့ ခင်ဗျားရဲ့မိန်းမက အမေနဲ့သမီးပေါ့။ ပိုတောင်ကောင်းသေးတယ်။ ခင်ဗျားရဲ့ မိန်းမကိုလည်း ခေါ်လိုက်။ ကျုပ် နှစ်ယောက်လုံးကို လိုချင်တယ်။"

(သောက်ကျိုးနဲကြီးဟေ့။ ဒီသန့်စင်နယ်မြေရဲ့ တာအိုသားတော်က ဘယ်လိုမျိုး စိတ်လှုပ်ရှားစရာ ကစားပွဲကို ကစားချင်နေတာလဲ။)

ချီယွမ်၏ စကားဆုံးသည်နှင့် အကုန်လုံး ကြောင်အသွားကြကာ အလွန်မယုံကြည်နိုင်သော မျက်နှာထားများ ဖြစ်လာကြ၏။

(ဒီတာအိုသားတော်က တော်တော်လေးထူးခြားတာပဲ။သူ့ရဲ့စကားလုံးနဲ့ လုပ်ရပ်တွေအားလုံးက မျှော်လင့်ထားတာကို ကျော်လွန်နေတယ်။ ဒီလောက်လူတွေအများကြီးရှိတာတောင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းရမှန်းမသိဘူး။ )

ကျရောက်လာသော အကြည့်များစွာကို လျစ်လျူရှု့ထားရင် ချီယွမ်ကတော့ တည်ငြိမ်စွာ ပြုမူနေဆဲပင်။ လက်တစ်ဖက်ကို ပိုင်ရှီရို့၏ ပိန်သွယ်သောခါးထက်တွင် သက်သာစွာတင်ထားရင်း ကျန်လက်တစ်ဖက်က ကျောက်စိမ်းခွက်ကို ဆော့ကစားနေကာ အလွန်အမင်း‌ မောက်မာနေလေ၏။

"တာအိုသားတော် ဘာလုပ်နေတာပါလဲ။"

တစ်ဖက်သူ၏ စနောက်နေဟန်မရသောပုံစံကြောင့် အန်းလင်ရှူးဒေါသထွက်လာပြီး မျက်ဆံများပင် တုန်ယင်လာကာ မျက်နှာတစ်ခုလုံး အဖြူရောင်နှင့် အနီရောင် ပြောင်းလဲလာတော့သည်။ အချိန်အကြာကြီး နေပြီးမှသာ ဒေါသများကိုအတင်းအကြပ် ဖိနှိပ်ရင်း စကားကိုမနဲပြောဆိုလိုက်ရ၏။

"ကောင်းပါပြီ။ တာအိုသားတော်က တောင်းဆိုနေမှတော့ ကျွန်တော့်ရဲ့ မိန်းမကို ထွက်လာပြီး အဖော်ပြုခိုင်းပါ့မယ်။"

ပြောပြီးသည်နှင့် အန်းလင်ရှူး၏ မျက်လုံးထဲတွင် ခန်းမှန်း၍မရနိုင်သော အေးစက်မှုတစ်ချို့ ဖြတ်‌ပြေးသွားကာ ခန်းမအတွင်းမှ ချက်ချင်းပင် ချာကနဲ လှည့်ထွက်သွား၏။

မြို့အရှင် ထွက်သွားသည်နှင့် ခန်းမ၏ လေထုသည် ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။ ဖုကျိုးမြို့၏ အင်အားကြီးသော ပုဂ္ဂိုလ်များစွာသည် ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်ထံမှ အမြင်ကောင်းရဖို့ရန်အတွက် အရက်ခွက်များမြှောက်ပင့်ရင်း ချီးကျူးစကားများ ပြောဆိုဖို့ ရှေ့တိုးလာကြလေရဲ့။

"တာအိုသားတော်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သတင်းကို ကျွန်တော်ကြားထားတာကြာပါပြီ။ ဒီနေ့ မျက်မြင်တွေ့လိုက်ရတော့မှ လူတွေကြားထဲက နဂါးတစ်ကောင်လိုမျိုး တော်တော်လေးထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါလား။"

"တာအိုသားတော်၊ ကျွန်တော့်ဆီမှာ အရမ်းကို ကောင်းမွန်တဲ့ နုပျိုခြင်းဆေးလုံး တစ်ပုလင်းရှိပါတယ်။ ဒီဆေးလုံးကို သောက်ပြီးသွားရင် လုံးဝစွမ်းအင်ပြည့်ဝသွားပြီး အင်အားကြီးသွားမှာနော်။ ကျွန်တော် အာမခံပေးနိုင်တယ်။ ခနနေကျရင်အသုံးဝင်လာကောင်း ဝင်လာမှာပေါ့။"

"ကျွန်တော်က လက်မထပ်ရသေးပေမယ့် အိမ်မှာ လှပပြီး အကျင့် စာရိတ္တကောင်းမွန်တဲ့ ညီမငယ်လေးရှိတယ်။ တာအိုသားတော်များ..."

"တာအိုသားတော်၊ ကျွန်တော့်ရဲ့သမီးက ဆယ့်ခြောက်နှစ်ရှိပါပြီ။ သူမရဲ့ ကျင့်ကြံမှုက နိမ့်တယ်ဆိုပေမယ့် တော်တော်လေးထူးခြားတဲ့ ရုပ်အသွင်ကို ပိုင်ဆိုင်ထားတယ်။ အော် ပြီးတော့ ကျွန်တော့်ရဲ့ တတိယမြောက် မိန်းမက ဖုကျိုးမြို့ရဲ့ ကျိုက်ဟွမ်း အပျော်စံအိမ်က အလှဆုံး မိန်ကလေးထဲက တစ်ယောက်ပဲ။ တာအိုသားတော် စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော့်ရဲ့ အိမ်ကို အချိန်မရွေးလာရောက် လည်ပတ်လို့ရပါတယ်။"

တစ်ဖြည်းဖြည်း ချဲ့ကားလာသော စကားလုံးများကြောင့် ချီယွမ် အလျင်အမြန် ချောင်းဟန့်ပြီး တားဆီးလိုက်ရ၏။ ငြင်းဆိုတော့မည့် အချိန်မှာပဲ တစ်စုံတစ်ယောက်၏ ပြောဆိုသံကို ကြားလိုက်ရသည်။

"ကြည့်လိုက်၊ သခင်မကြီးလာနေပြီ။"

ထိုစကားကြောင့် အစောပိုင်းကဆူညံနေသော ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး အကုန်လုံး ဝင်ပေါက်ကို လှည့်ကြည့်လိုက်ကြသည်။

အရင်ဦးဆုံး မြို့အရှင် အန်းလင်ရှူးသည် ဝင်လာခဲ့ပြီး သူ့၏နောက်တွင် ဆံပင်ကို ခပ်မြင့်မြင့်ထုံးထားသည့် လှပကာ ဆွဲဆောင်မှုရှိသော မိန်းမတစ်ဦးဝင်လာသည်။

အသက်သုံးဆယ်အရွယ်ခန့်သာ ရှိသေးသော ထိုမိန်းမသည် ထူးခြားကောင်းမွန်သောရုပ်အသွင်ရှိပြီး ဆွဲဆောင်မှုအရှိဆုံးက မျက်လုံးပင်ဖြစ်သည်။ လှပသော ကောက်ကြောင်းကို မြင်သာစေသော အနီရဲရဲဝတ်စုံရှည်ကြောင့် ပိုမိုဆွဲဆောင်မှုရှိနေ၏။

သိုသော် အနည်းငယ်ထူးဆန်းသည်မှာ သခင်မကြီး၏ အသားအရေသည် ဖြူဖွေးပြီးနူးညံ့သည်ဆိုသော်ငြား နေမကောင်းနေသလိုမျိုး ဖြူဖတ်နေခဲ့သည်။

သူမ၏နူးညံ့သော မက်မွန်မျက်လုံးများသည် မြူခိုးထဲပျောက်ကွယ်နေသည့်နှယ် ဖော်ပြ၍မရနိုင်သော အအေးဓာတ်တစ်ချို့ကို ခပ်ဖျော့ဖျော့ခံစားရစေသည်။

စိုက်ကြည့်နေမှု များစွာကို ခံယူနေရင်း အန်းလင်ရှူးသည် အစောပိုင်းကလိုမျိုး ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုကို မဖော်ပြတော့ဘဲ တည်ငြိမ်စွာဖြင့် မိန်းမဖြစ်သူကို စားပွဲနားသို့ ခေါ်သွားခဲ့ပြီး နက်ရှိုင်းစွာပြောလိုက်သည်။

"ရှင်မ၊ ဒီပုဂ္ဂိုလ်က ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ပဲ။ ဒီနေ့သူ့ကို ကောင်းကောင်းလေး ကြိုဆိုရမယ်။ အရေးပါတဲ့ ဧည့်သည်ကို မလေးမစား ပြုမူလို့မဖြစ်ဘူးနော်။"

ထိုစကားကို ကြားသည်နှင့် သခင်မကြီးသည် ခံစားချက်မဲ့စွာ ခေါင်းညိမ့်ပြလာပြီး ဒူးညွှတ်အရိုအသေပေးလိုက်ကာ..

"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို နှုတ်ဆက်ပါတယ်။"

ပြောပြီးသည်နှင့် ချီယွမ်၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ သခင်မကြီးသည် ဘေးဖက်သို့တိုက်ရိုက်ပဲ သွားရောက်ကာ အရက်ခွက်အား လေးစားစွာဖြင့် ငှဲ့ပေးလိုက်သည်။

"တာအိုသားတော် ဒီရတနာရှစ်ပါး ပျိုမြစ်ခြင်းအရက်ကို ကျွန်မကိုယ်တိုင် လုပ်ထားတာပါ။ နှစ်ငါးရာ သက်တမ်းရှိတဲ့ရှားပါး ဆေးပင်တွေနဲ့ ရတနာတွေကနေ ဖန်တီးထားတာမလို့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး မကောင်းတဲ့ စွမ်းအင်တွေကိုဖယ်ထုတ်ပေးနိုင်တယ်။ ကျေးဇူးပြုပြီး မြည်းကြည့်ပါအုန်း”

"ဒီလိုလား။"

ချီယွမ် ခပ်ဖွဖွပြုံးလိုက်ရင်း

"ကောင်းပြီလေ။ ဒီလိုဆိုမှတော့ နည်းနည်းလေး အရှေ့တိုးလာပြီး ဒီတာအိုသားတော်ကို ကိုယ်တိုင်တိုက်ပါ့လား။"

ဘေးမှာရပ်နေသော အန်းစွေ့လန်သည် ချီယွမ်ကို စိတ်လှုပ်ရှားစွာကြည့်နေခဲ့ပြီး သူမ၏လက်နှစ်ဖက်က အင်္ကျီစကို အဆက်မပြတ် လုံးချေနေ၏။

ပိုင်ရှီရို့သည်လည်း အန်းလင်ရှူးအား သတိထားမှုအပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။

"တာအိုသားတော်က အမိန့်ပေးမှ ကျွန်မက မနာခံလို့ ဘယ်ဖြစ်မလဲ။"

ပြောပြီးသည်နှင့် သခင်မကြီးသည် ချီယွမ်၏ အနီးသို့ တစ်လှမ်းတိုးကပ်လိုက်ကာ ခွက်ကိုမြှောက်လိုက်ရင်း ဆက်သဖို့ အသင့်ပြင်လိုက်သည်။

သို့သော်ငြား မထင်ထားစွာပင် ထိုသူသည် ခွက်ကိုယူလိုက်ပြီး မသောက်ပါဘဲ အားလုံး၏ မျက်စိရှေ့တွင် မြေပြင်နှင့်ရိုက်ခွဲချလိုက်လေရဲ့။

ဘန်း

ကျောက်စိမ်းခွက်သည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြီး မွှေးရနံ့က နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

ထိုမြင်ကွင်းကြောင့် အကုန်လုံးအံ့အားသင့်သွားခဲ့သလို အန်းလင်ရှူးသည်လည်း ခဏမျှ ပြောစရာပျောက်ဆုံးသွားခဲ့ပြီး ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ချေ။

နောက်တစ်စက္ကန့်မှာပဲ ချီယွမ်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ သခင်မကြီး၏ ဦးခေါင်းမှ စားပွဲပေါ်သို့ ဖိချလိုက်ပြီး နှဖူးကိုရိုက်ချလိုက်သည်။

ဘတ်

"အား"

ချက်ချင်းဆိုသလို သခင်မကြီး၏ စူးရှသောအော်ဟစ်သံသည် ခန်းမတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ထူးဆန်းစွာပင် ထိုအော်သံသည် အစောပိုင်းကလိုမျိုး နူးညံ့ညင်သာပြီး သာယာနာပျော်ဖွယ်မရှိတော့ဘဲ.. အဝတ်ကြမ်းနှစ်ခု အချင်းချင်း ပွတ်တိုက်နေသလိုမျိုး ကြမ်းရှပြီး အက်ကွဲနေသည်။ ထိုကြမ်းတမ်းသော အသံက အကုန်လုံး၏ ကျောရိုးတစ်လျှောက်လုံးကို ချမ်းစိမ့်သွားစေ၏။

ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်အနောက်မှ မဲနက်နေသော မီးခိုးငွေ့များထွက်လာခဲ့ပြီး ခန်းမအတွင်းရှိလေထုသည် အမုန်းတရားများ ပြည့်နှက်လာကာ ခြောက်ခြားဖွယ် အရှိန်အဝါများ ဖုံလွှမ်းသွားတော့သည်။

ထို အနက်ရောင်မြူခိုးငွေ့များ မပျောက်ကွယ်ခင်မှာဘဲ ချီယွမ်အေးစက်စွာ မဲ့ရွှဲ့လိုက်ရင်း ခန္ဓာကိုယ်မှ တောက်ပသော အလင်းများကို ဖြာထွက်စေလိုက်သည်။ ခန္ဓာကိုယ်အတွင်းမှ ခန့်ညားသောနေလုံးကြီး ထွက်ပေါ်လာသည့်နှယ် တောက်ပသော အလင်းရောင်က အဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။

ထိုကျယ်ပြောပြီး အင်အားကြီးသော ယန်စွမ်းအင်က ပတ်ဝန်းကျင်တွင် ကပ်ငြှိနေသော ကျောချမ်းဖွယ် အရှိန်အဝါကို ချက်ချင်းပင် ဖယ်ထုတ်လိုက်ပြီး ခန်းမတစ်ခုလုံးထဲသို့ ရှင်းလင်းမှုကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ထိုအချိန်မှာ… ချီယွမ်၏ လက်ဖဝါးအောက်၌ ဖိနှိပ်ခြင်းခံထားရသော သခင်မကြီးသည် အရိုးစုအဖြစ်ပြောင်းလဲသွားလေပြီ။

ထိုထိန့်လန့်ဖွယ် ပြောင်းလဲသွားမှုကြောင့် အကုန်လုံး အံ့အားသင့်သွားကာ ချီယွမ်ကိုအယုံကြည်နိုင်မှုများ အပြည့်ဖြင့် ကြည့်လာကြတော့သည်။

(ဘာဖြစ်သွားတာလဲ။ အစောပိုင်းကမှ သခင်မကြီးက လုံးဝကိုအဆင်ပြေနေသေးတာကို အခု မရှိတော့ဘူးလား)

ထိုအချိန်တွင် ခန်းမတစ်ခုလုံးသည် အပ်ကျသံပင် ကြားရ‌လောက်အောင်အထိ သေလောက်အောင် တိတ်ဆိတ်နေလေတော့သည်။

" မင်းဘာလုပ်နေတာလဲ။"

အရိုးစုအဖြစ်ပျောက်ကွယ်သွားသော မိန်းမဖြစ်သူကိုကြည့်နေရင်း အန်းလက်ရှူး နောက်ဆုံးတော့ သတိဝင်လာကာ မျက်နှာတစ်ခုလုံးက ပေါက်ကွဲထွက်တော့မတတ် နီရဲလာခဲ့ပြီး အလွန်အမင်း ဒေါသထွက်လာတော့သည်။

"ကျုပ်ဘာလုပ်နေလဲ ခင်ဗျားသိပါတယ်။"

ချီယွမ်အနည်းငယ် မျက်လုံးများ ကျဉ်းမြောင်းလိုက်ရင်း တည်ငြိမ်စွာပြောလိုက်သည်။

"သေပြီးသားသူတွေ စပ်ထားတဲ့အရက်ကို ကျုပ်တော့ မသောက်ရဲပါဘူး။"

ထိုအချိန်မှာပဲ ချီယွမ်၏ အကြည့်သည် အန်းလင်ရှူးပေါ်သို့ ခပ်ဖြည်းဖြည်းကျရောက်

သွားရင်း လေသံသည်လည်း‌ အေးစက်သွားလေ၏။

"သခင်မကြီးက သေသွားတာကြာပြီ။ မြို့အရှင် အန်း အစစ်ကလည်း ခင်ဗျားဆီမှာ လှည့်စားခံထားရတာပဲ။ ကျုပ်သာမမှားဘူးဆိုရင် ဒီလိုမျိုး တစ္ဆေဝိညာဉ်တွေကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်တဲ့ ခင်ဗျားကလည်း တစ္ဆေဂိုဏ်းကဖြစ်ရမယ်”

"မင်းဘယ်လိုလုပ် သိသွားတာလဲ။"

အန်းလင်ရှူး၏ မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွားလေ၏။

ဤမျှထိ ကြီးမားအောင် ဖုံးကွယ်ထားတာတောင်မှ ဤထိုက်ရွှမ်းသန့်စက်နယ်မြေ၏ တာအိုသားတော်ထံတွင် ဖော်ထုတ်ခံလိုက်ရမည်လို့ မမျှော်လင့်ထားခဲ့ချေ။ သိုသော်ငြား အန်းလင်ရှူးသည် ချက်ချင်းပင် တည်ငြိမ်သွားခဲ့ပြီး ယုတ်မာသောလေသံဖြင့် ပြောလိုက်သည်။

"ကောင်လေး မင်းဆက်ပြီးပြဿနာ မရှာတာကောင်းမယ်နော်။ မင်းရဲ့အင်အားကြီးတဲ့ နောက်ခံကို စဉ်းစားပြီးတော့ ငါမင်းကိုမသတ်ချင်ဘူး။ ဒါပေမယ့် မင်းကတစ်ကယ် သေချင်နေတယ်ဆိုရင်လည်း မင်းရဲ့ဝိညာဉ်ကို သေခြင်းမြစ်ထဲ ပို့ပေးရလည်း ငါစိတ်ထဲမထားဘူးကွ။ ငါ့ဘက်က ဆုံးရှုံးစရာဆိုလို့ ဒီမြို့အရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဒီခန္ဓာကိုယ်ပဲ။ ငါကနောက်ခန္ဓာကိုယ်တစ်ခုကို အလွယ်တကူ ရှာလိုက်လို့ရတယ်။"

"ငါပြောမယ်။ ဒီလောက်နှစ်တွေအများကြီး ပြုပြင်ထားတာမလို့ ဒီနေရာတစ်ခုလုံးက ယင်ဖြိုဖျက်ခြင်းအစီအရင်အဖြစ် အပြီးတိုင်ပြောင်းလဲပြီးသွားပြီ။ မင်းငါ့ရဲ့ အစေခံကို သတ်လိုက်တဲ့အတွက် သွေးကြေးပြန်ဆပ်ရမယ် မှတ်ထား။"

ထိုအန်းလင်ရှူး၏ စကားဆုံးသည်နှင့် လေဟာနယ်ထဲမှ ယင်စွမ်းအင်လှိုင်းသည် သိပ်သည်းစွာ ကျရောက်လာခဲ့ပြီး စံအိမ်တစ်ခုလုံးကို လက်တွေ့ကမ္ဘာထဲမှ ဆွဲထုတ်ခံလိုက်ရသလိုမျိုး ပြောင်းလဲပစ်လိုက်သည်။

ကောင်းကင်ထက်၌လည်း ကြေးနီရောင် လနီကြီးတစ်လုံး ထွက်ပေါ်လာတော့၏။

……

All Chapters