← Chapters

ငါ လီမင်ဝမ် ကျရှုံးတော့မှာများလား)

Vol. 10 Ch. 93

ငါ လီမင်ဝမ် ကျရှုံးတော့မှာများလား)

Vol. 10 Ch. 93

ထိုသွေးနီရောင်လ ထွက်ပေါ်လာသည်နှင့် တစ်ခါက ခမ်းနားပြီး ထည်ဝါခဲ့သော ခန်းမကြီး တစ်ခုလုံးသည် ပုံစံအစစ်ကို ဖော်ထုတ်ခံလိုက်ရသည့်နှယ် ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ချောက်ချားဖွယ်ကောင်းသော တစ္ဆေအရှိန်အဝါများသည် မြို့စံအိမ်၏ ထောင့်တိုင်းစေ့ မကျန်နိုင်အောင် ဖုံးလွှမ်းထား၏။ ဗလာဖြစ်နေသော ခြံဝင်းတစ်ခုလုံး အမှောင်ရိပ်ကျသွားခဲ့ပြီး လေတိုးသံနှင့် ပွတ်တိုက်သံများက အဆက်မပြတ် ထွက်ပေါ်လာကာ တစ္ဆေဝိညာဉ်ပေါင်းများစွာ ဖြတ်ပြေးနေသည့်နှယ် ခံစားရလိမ့်မည်။

ချီယွမ်၏ မှန်းဆချက်အတိုင်းပင် ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များအားလုံးကို အရည်အဖြစ် သိပ်သည်းခြင်း ခံလိုက်ရ၏။ သူနှင့် ပိုင်ရှီရို့မှလွဲ၍ စံအိမ်အတွင်းရှိ လူအားလုံးသည် ထိုမြူခိုး၏ ဖုံးလွှမ်းမှုအောက်မှာ သတိလွတ်သွားခဲ့ပြီး တစ်ယောက်ချင်း မြေပြင်ပေါ် လဲကျသွားလေသည်။

အစီအရင်၏ တိုးမြှင့်ပေးမှုကြောင့် အန်းလင်ရှူး၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည်လည်း ကြမ်းတမ်းစွာ မြင့်တက်လာကာ ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့ပြီး သာမန်ဝိညာဉ် အခြေတည်နယ်ပယ် ထိပ်ပိုင်းအဆင့် ကျင့်ကြံသူထက်တောင် ပိုမိုသာလွန်လာ၏။

“ဟီးဟီးဟီးဟီး”

နေရာမှာ မလှုပ်မရှားရပ်နေသော ချီယွမ်၏ ပုံစံကြောင့် အန်းလင်ရှူးတစ်ယောက် သူ၏ အရှိန်အဝါကြောင့် ကြောက်ရွံ့သွားသည်ဟု ထင်မှတ်ပြီး ကျယ်လောင်စွာ ရယ်မောလေတော့သည်။

“ငါ့ရဲ့ ထိုက်ယင် တစ္ဆေခန္ဓာကိုယ်က အပြည့်အဝ မကောင်းမွန်သေးပေမဲ့ မင်းလိုမျိုး ဝိညာဉ်အခြေတည် နယ်ပယ် အငယ်တန်း ကျင့်ကြံသူတစ်ဦး ရန်စချင်သလို ရန်စလို့ရတဲ့ အခြေအနေမှာ မဟုတ်ဘူးကွ။ ဒါကို မှတ်ထားလိုက်။ အခု မင်းကို သတ်မယ့်သူက တစ္ဆေဂိုဏ်းရဲ့ ဘယ်လက်ရုံး လုကျိယွမ်ပဲ"

ထိုစကားသံ အဆုံးသတ်သွားသည်နှင့် အချိန်မကိုက်စွာ ထွက်ပေါ်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။

"ဟိုတစ္ဆေအိုကြီး ဘာပြောလိုက်တာ.. ခင်ဗျားရဲ့နာမည်က လုကျို့ဟုတ်လား"

အန်းလင်ရှူး ခဏမျှ ရပ်တန့်သွားပြီး သတိမထားမိစွာ တုံ့ပြန်လိုက်လေ၏။

"လုကျိယွမ်ကွ"

ထို့နောက်တွင် ထိုအသံက ထပ်မံထွက်ပေါ်လာပြန်၏။

"လု ယွမ် ဟုတ်လား"

"လုကျိ"

အန်းလင်ရှူးတစ်ယောက် ပြောနေရင်းနှင့် အခြေအနေကို သဘောပေါက်သွားသောကြောင့် ဒေါသတကြီး ကြိမ်းမောင်းလေတော့သည်။

"မင်းက ဘာကောင်လဲ။ ထွက်လာခဲ့စမ်း"

ထိုအချိန်မှာပဲ သတိမေ့နေသော လူပုံကြားမှ လူတစ်ဦး ထွက်ပေါ်လာကာ အော်ဟစ်လာခဲ့သည်။

"တာအိုသားတော်၊ ဒီလက်အောက်ခံက လာပြီး ကူညီပါတယ်။ ဟို လုကျိယွမ်ဆိုတဲ့ကောင် ရော့ ငါ့ရဲ့လူပျိုစစ်စစ် သေးတစ်အိုး သောက်လိုက်"

ထိုစကားသံ ဆုံးသည်နှင့် ကြီးမားသော အဝါရောင်အရည်များ ပါဝင်သည့် အိုးကြီးသည် လုကျိယွမ်၏ ခေါင်းထက်သို့ ရောက်လာကာ မျက်နှာတစ်ခုလုံး ဖုံးလွှမ်းသွားအောင် လောင်းချပစ်လိုက်လေရဲ့။

လုကျိယွမ်တစ်ယောက် ရုတ်တရက် ကျရောက်လာသော နံဟောင်မှုကိုသာ ခံစားလိုက်ရပြီး ထိုအရည်က ဘာဆိုတာ သဘောပေါက်သွားသည်နှင့် ဒေါသကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ…

"မျိုးမစစ်ကောင် ငါ မင်းကို ရှင်လျက် အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်"

ပြောပြီးသည်နှင့် အန်းလင်ရှူး၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ မြူခိုးများက ပိုမိုပြင်းထန်လာကာ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အဝါရောင်အရည်များ အားလုံးကို အပြီးတိုင် ဖယ်ရှားပစ်လိုက်၏။

ဂရုတစိုက် ပြင်ဆင်ထားသော သေးရည်အိုးလည်း သက်ရောက်မှု မရှိသောကြောင့် လီမင်ဝမ် ချက်ချင်းပင် ကြောက်ရွံ့သွားခဲ့ပြီး သိုလှောင်လက်စွပ်အတွင်းမှ နောက်ထပ် အိုးတစ်ခုကို ထုတ်ယူလိုက်သည်။

"တစ္ဆေအိုကြီး တော်တော်လေး လုပ်နိုင်စွမ်း ရှိနေတယ်ပေါ့။ နောက်ထပ် ခွေးနက်သွေးတစ်အိုးကို လက်ခံလိုက်စမ်း"

နောက်တစ်စက္ကန့်မှာပဲ ထပ်မံပြီး နံထောင်းနေသော နီညိုရောင် အရည်များသည် လုကျိယွမ်အပေါ်သို့ ကျရောက်လာလေရဲ့။

လီမင်ဝမ်၏ ထူးချွန်သော လုပ်ဆောင်မှုကြောင့် တိုက်ခိုက်ဖို့ ပြင်ဆင်ထားသော ချီယွမ်ပင် မနေနိုင်အောင် ရှုံ့မဲ့သွားခဲ့ပြီး ပိုင်ရှီရို့ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်ဖို့ အချက်ပြလိုက်သည်။

ပိုင်ရှီရို့၏ ပါးစပ်က အံ့သြမှုကြောင့် ပွင့်ဟနေခဲ့ပြီး သံသယတစ်ချို့ဖြင့် ချီယွမ်ကို မေးလာ၏။

"မောင်လေးချီ၊ သူက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တပည့်ရော ဟုတ်ရဲ့လား။ သူ ဘာတွေလုပ်နေတာလဲ။ အပျိုစင်သေးနဲ့ ခွေးနက်ရဲ့သွေးက တစ်ကယ်ပဲ အကျိုးရှိလို့လား"

ချီယွမ်၏ မျက်နှာက မည်းမှောင်သွားပြီး ခံစားချက်မရှိစွာ ဖြေကြားလိုက်သည်။

"အားနည်းတဲ့ တစ္ဆေတစ်ချို့နဲ့ ရင်ဆိုင်ရရင်တော့ ဒီနည်းလမ်းနှစ်ခုက ခဏမျှ ထိန်းသိမ်းပေးနိုင်တယ်။ ဒါပေမဲ့ ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်ပိုင်းကိုရောက်နေတဲ့ တစ္ဆေအိုနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဒါတွေ သွားသုံးလို့ကတော့ မသေခင် တစ်ဖက်လူကို လှောင်နေသလိုပဲ ခံစားရမှာ။ အနည်းဆုံးတော့ သေရင်တောင် ဂုဏ်ရှိရှိ သေလို့ရသွားတာပေါ့"

"မင်း သေချင်နေတာလား"

လှည့်ကွက်တစ်ခုကို ၂ကြိမ် အကျရောက်မခံနိုင်သော လုကျိယွမ်သည် လွယ်ကူစွာ ရှောင်တိမ်းလိုက်ရင်း လက်ဖဝါးတစ်ဖက်ကို ရုတ်တရက် ဆန့်တန်းလိုက်ကာ စွမ်းအင် ထုတ်လွှတ်လိုက်ခြင်းကြောင့် ထိုလက်ဖဝါးမှတစ်ဆင့် စွမ်အင်သည် ကြီးမားသော အနက်ရောင် အစွယ်များ ပါဝင်နေသည့် ဧရာမတစ္ဆေလက်ဝါးအဖြစ် ပြောင်းလဲသွားပြီး လီမင်ဝမ် ရှိရာသို့ ခုန်ပြေးသွား၏။

ဂုဏ်သိက္ခာရှိလှသော တစ္ဆေဂိုဏ်း၏ ကျန်ရစ်သူ အကာအကွယ်ကြီးအား လူတစ်ယောက်၏ သေးရည်အိုးနှင့် အပစ်ခံရခြင်းသည် တော်တော်လေး စော်ကားခံရခြင်းပင်။

အခုချိန်တွင် လုကျိယွမ်အတွက် လီမင်ဝမ်အပေါ် ထားရှိသော အမုန်းတရားများက တာအိုသားတော်ထက်ပင် ပိုမိုနေခဲ့ပြီဖြစ်သည်။

"ကောင်စုတ်လေး ဒီလောက်နဲ့ ငါ ကျေနပ်မယ် မထင်နဲ့။ မင်းရဲ့အရေခွံကို အသက်ရှင်လျက်နဲ့ ဆုတ်ဖြဲပစ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းလုပ်ပစ်မယ်”

ထိုလက်ဖဝါးမှ ထွက်နေသော ကြောက်မက်ဖွယ် အရှိန်အဝါသည် လီမင်ဝမ်၏ ခြေထောက်ကို အားနည်းသွားစေသည်။

“အို မဖြစ်တော့ဘူး။ အဲ့ဒီတစ္ဆေအိုကြီးက ကြောက်ဖို့ကောင်းလိုက်တာ။ ငါ ဒီတစ်ခေါက် သေတော့မှာလား”

ထိုအချိန်မှာပဲ ဘေးမှ အေးဆေးပွဲကြည့်နေခဲ့သော ချီယွမ်သည် နောက်ဆုံးတော့ လှုပ်ရှားလာခဲ့သည်။ လျင်မြန်စွာဖြင့် အရှေ့တိုးလိုက်ပြီး လီမင်ဝမ်၏ လမ်းကြောင်းကို ပိတ်လိုက်ကာ တိုက်ခိုက်မှုအား လက်သီးတစ်ချက်ဖြင့် ဖြေရှင်းလိုက်၏။

ဗုန်း

အင်အားအပြည့်ဖြင့် လျှံထွက်လာခဲ့သော ယန်စွမ်းအင်သည် တစ္ဆေလက်ဝါးအား ချက်ချင်းပင် ဖြိုဖျက်လိုက်ပြီး တစ္ဆစွမ်းအင်ကို ခန်းမအတွင်းမှ မောင်းထုတ်လိုက်သည်။

“သန့်စင်တဲ့ ယန်တာအို ခန္ဓာကိုယ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လုကျိယွမ်၏ မျက်နှာထက်မှ အပြုံးသည် ချက်ချင်းပင် အေးခဲသွားခဲ့ပြီး ချီယွမ်ကို အလွန်အမင်း ထိတ်လန့်စွာ ကြည့်လာခဲ့သည်။

မျက်စိရှေ့တွင် ရှိနေသော ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်အား သန့်စင်သော ယန်တာအို ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားလိမ့်မည်ဟု ဘယ်လိုမှကို မမျှော်လင့်ထားခဲ့ချေ။

သူ၏အစေခံကို သတ်ခဲ့တုန်းက ထိုကောင်လေး ဖော်ထုတ်ခဲ့သော သန့်စင်သည့် ယန်စွမ်းအင်သည် အခုမျှလောက် မခမ်းနားသည့်အတွက် သတိမထားမိခဲ့တာဖြစ်သည်။

တစ်နည်းပြောရလျှင် ဤကောင်လေးသည် တုံးအချင်ယောင်ဆောင်ပြီး သူ့ကို လှည့်ကွက်အတွင်းသို့ ဆွဲခေါ်နေတာပဲ။

လုကျိယွမ် ချက်ချင်းပဲ မကောင်းသော ခံစားချက်ကို ခံစားလိုက်ရသည်။

ချီယွမ်ကလည်း ထိုတစ္ဆေအား ထပ်မံစဥ်းစားဖို့ အခွင့်အရေး မပေးပါချေ။ လက်သီးတစ်ချက်ဖြင့် တစ္ဆေလက်ဝါးအား ဖြေရှင်းပြီးသည်နှင့် မြားတစ်စင်းလို အရှေ့ကို ပြေးသွားလိုက်ကာ လုကျိယွမ် ရှိရာသို့ နောက်ထပ် လက်သီးတစ်ချက်ကို ထိုးစစ်ဆင်လိုက်သည်။

လက်သီးအတွင်းတွင် ပါဝင်နေသော ပြင်းထန်သည့် ယန်စွမ်းအင်က လုကျိယွမ်၏ မျက်နှာထားကိုပင် အနည်းငယ် ပြောင်းလဲသွားစေ၏။ သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းတချို့ကို ချက်ချင်းပင် ဖော်ထုတ်လိုက်ပြီး အပြင်ဘက် လေဟာနယ်အတွင်းမှ ကြမ်းတမ်းသော လေတိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ အင်အားပြင်းသော တစ္ဆေစွမ်းအင်သည် အဆုံးမှာတော့ များစွာသော မဲနက်နေသည့် ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဟူး

ပြင်းထန်သော အမုန်းတရားများ ပြည့်နှက်နေသည့် ထိုချိန်းကြိုးများသည် ရှုပ်ထွေးပွေလီစွာဖြင့် ချီယွမ်ရှိရာသို့ ပြေးလာရင်း ချုပ်နှောင်ဖို့ အသင့်ပြင်လိုက်သည်။

တစ္ဆေစွမ်းအင်များ လွှမ်းမိုးထားသော ချိန်းကြိုးများနှင့် ရင်ဆိုင်နေရတာတောင်မှ ချီယွမ်၏ မျက်နှာထားသည် တစ်စက်မှ မပြောင်းလဲချေ။ ထိုချိန်းကြိုးများကို ရှောင်ရှားခြင်း မပြုဘဲ အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားလိုက်၏။

သို့သော်ငြား ထိုချိန်းကြိုးများ အားလုံးသည် သူ၏ ခန္ဓာကိုယ်ကို မထိနိုင်စဥ်မှာဘဲ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် ယန်စွမ်းအင်နှင့် တိုက်စားခံလိုက်ရကာ ခြေစလက်စ မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

လုကျိယွမ်တစ်ယောက် အံ့အားသင့်နေစဥ်မှာပဲ ချီယွမ်၏ ညာလက်သည် ချိန်းကြိုးများ၏ ပိတ်နှောင်မှုမှတစ်ဆင့် ထိုးထွက်လာကာ လုကျိယွမ်၏ ရင်ဘတ်တည့်တည့်ကို ခိုင်မာစွာ ကျရောက်သွား၏။

ဘန်း

ကြီးမားသော အသံတစ်ခုအပြီးတွင် လုကျိယွမ်၏ ခန္ဓာကိုယ်သည် တူကြီးတစ်ခုနှင့် ရိုက်နှက်ခံလိုက်ရသည့်နှယ် မီတာပေါင်းများစွာ ပျံသန်းသွားခဲ့ပြီး မြေပြင်နှင့် ပြင်းထန်စွာ ရိုက်နှက်ရင်း ခန်းမ၏ အပြာရင့်ရောင် ကြမ်းပြင်ကိုပင် ကျွင်းအကြီးကြီး ဖြစ်ပေါ်သွားစေသည်။

လုကျိယွမ် ပြန်မထနိုင်ခင်မှာဘဲ ချီယွမ်က ထပ်မံ ရောက်ရှိလာကာ နောက်ထပ် လက်သီးတစ်ခုကလည်း …

ဘန်း ဘန်း ဘန်း ဘန်း

ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့် တစ္ဆေဝိညာဉ်အား တာအိုသားတော်ထံမှ အရုပ်လေး တစ်ရုပ်လိုမျိုး ဖိနှိပ်ခံနေရသော မြင်ကွင်းကြောင့် လီမင်ဝမ်တစ်ယောက် ခက်ခဲစွာ တံတွေးမျိုချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဘုရားရေ တာအိုသားတော်ဆိုတဲ့အတိုင်းပါပဲ။ တော်တော်ကို အံ့သြဖို့ကောင်းတာပါလား”

ထို့နောက်တွင် လီမင်ဝမ်သည် ပိုင်ရှီရို့အနားသို့ ပုံမှန်လိုမျိုး တိုးကပ်လိုက်ရင်း ရိုးသားစွာ မေးလိုက်သည်။

“ညီမလေး၊ ကျွန်တော့်လိုမျိုး ရွှေအမြုတေနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတောင်မှ တစ္ဆေဝိညာဉ် လွှတ်ထားတဲ့ ခန်းမထဲက ယင်စွမ်းအင်ကို တောင့်မခံနိုင်ဘူး။ မင်းက အခြေခံတည်ထောင်ခြင်းနယ်ပယ်ပဲ ရှိသေးတာ။ ဘယ်လိုလုပ် နည်းနည်းတောင်မှ သက်ရောက်မခံရတာလဲ”

ချီယွမ်တစ်ယောက် လုကျိယွမ်အား အပြီးသတ် အနိုင်ယူနေပုံကြောင့် ပိုင်ရှီရို့ စိတ်သက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ လီမင်ဝမ်၏ မေးခွန်းကို ကြားသည်နှင့် သူမ အနည်းငယ် မျက်တောင်ခတ်သွားပြီး ပုံမှန်လိုမျိုး ဖြေကြားလိုက်သည်။

“ရှင်တို့ရဲ့ တာအိုသားတော်က အစောပိုင်းကတင် ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို ယန်စွမ်းအင်တွေ အများကြီး ထည့်ပေးထားတယ်။ ဒါကြောင့် သက်ရောက်မခံရတာဘဲ”

(ယန်စွမ်းအင်တွေ အများကြီး ထည့်ပေးထားတယ် ဟုတ်လား)

လီမင်ဝမ်က ချက်ချင်းပင် ငါသိပါတယ်ဟူသော အကြည့်တစ်ချက်ဖြင့် လှည့်ကြည့်လိုက်ပြီး လေသံကလည်း လေစားမှုများ ပြည့်နှက်သွားလေ၏။

“သခင်မကြီး…. အာ မဟုတ်သေးပါဘူး။ မရီးရေ ကျွန်တော့်ရဲ့နာမည်က လီမင်ဝမ်ပါ။ အနာဂတ်မှာ တာအိုသားတော်ဆီမှာ ကျွန်တော့်အကြောင်း ချီးကျူးစကားတွေ ပြောပေးဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင် အရမ်းကို ကျေးဇူးတင်မိမှာပါ”

…….

All Chapters