← Chapters

အသက်ရှင်လျက်ပြန်လာပါ

Vol. 1 Ch. 334

အသက်ရှင်လျက်ပြန်လာပါ

Vol. 1 Ch. 334

တမလွန်တောအုပ်၏ တောနက်ပိုင်းတွင် အရိပ်ကိုးခုသည် လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။ သူတို့သည် စိတ်မအေးသော အမူအရာများ ရှိနေကြပြီး သူတို့၏ ဝတ်ရုံများ၊ ဆံပင်များမှာ ရှုပ်ပွနေသည်။ ဝတ်ရုံများပေါ်တွင် ပေါက်ပြဲနေသော နေရာများလည်း ရှိလေ၏။

"ခေါင်းဆောင်ငယ်...ဒီမှာ ခြေရာလက်ရာတွေ ရှိတယ်"

တစ်ယောက်သည် ရုတ်ချည်းအော်ပြောလိုက်ရာ ကျန်လူများသည် ချက်ချင်းလှည့်ကြည့်လာကြပြီး နေရာတစ်ဝိုက်ကို အလျင်အမြန် စစ်ဆေးကြသည်။ အမှန်တကယ်ပင် လူတစ်ဦးနှင့် နတ်ဆိုးသားရဲတစ်ကောင်အကြားမှ တိုက်ပွဲ၏ လက္ခဏာများ ရှိနေလေသည်။ လူတိုင်းသည် အားတက်လာကြပြီး ဆက်လက်ရှာဖွေကြသည်။ တစ်ယောက်သည် တစ်ဖန် အော်ပြောလိုက်ပြန်သည်။

"ခေါင်းဆောင်ငယ်...ဒီမှာကြည့်၊ ခြေရာကြီးတစ်ခု ရှိနေတယ်။ သခင်လေးရီရဲ့ ကျုံးဝူသားရဲ ခြေရာနဲ့တူတယ်"

"အင်း...အရွယ်အစားက အတူတူလောက်ပဲ"

လူတိုင်းသည် လှည့်ကြည့်လာကြပြီး အားပိုတက်လာကြသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တစ်ယောက်၏ သယ်ဆောင်ထားခြင်းခံရသော ကျန့်ဝူရွှမ်းသည် ခေါင်းငြိမ့်ရင်း ပြောလာခဲ့သည်။

"ပုံစံတူတယ်...အဲ့အတိုင်း လိုက်ကြ"

သူတို့သည် ခြေရာများအတိုင်း လိုက်သွားကြရာ တစ်ချက်တည်းဖြင့် အသတ်ခံထားရသော နတ်ဆိုးသားရဲအချို့၏ အလောင်းများကို တွေ့လိုက်ရသည်။ ကျန့်ဝူရွှမ်းတို့ အဖွဲ့သည် နတ်ဆိုးသားရဲတစ်ကောင်၏ မျက်လုံးထဲမှ အကြောက်တရား အရိပ်အယောင်များကို တွေ့သည့်အခါ ကျန်းရီ၏ လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ကောက်ချက်ချလိုက်ကြသည်။

စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူတစ်ယောက်တောင် တတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်ကို ထိုမျှလွယ်လွယ် မသတ်နိုင်ပေ။ ထို့ပြင် ထိုတတိယအဆင့် နတ်ဆိုးသားရဲသည် မသေခင်တွင် အကြောက်တရားကို ခံစားရပြီးမှ သေဆုံးသွားခြင်းဖြစ်သည်။ ၎င်းသည် ကျန်းရီ၏ သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် ကြောက်လန့်သွားခြင်း ဖြစ်ရမည်။

အားလုံးသည် ဆက်လက်ရှာဖွေကြသော်လည်း အလျင်အမြန် ရပ်တန့်သွားကြသည်။ ကျန့်ဝူရွှမ်း၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းလာသည်။ သူတို့၏အရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသော မြူထုကြီး ရှိနေလေသည်။

"အားလုံးသွားပြီပဲ"

လူတစ်ယောက်သည် သက်ပြင်းချ၍ ပြောလာခဲ့သည်။

"သခင်လေးရီက စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲကို ဝင်သွားတာ...အရင်တုန်းက ရှားနိုင်ငံရဲ့ ဗာဂျရာအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဒီနေရာကို ဝင်သွားပြီး ပြန်ထွက်မလာခဲ့ဘူး"

အားလုံးသည် တွေဝေသွားကြပြီး ဘာဆက်လုပ်ရမည်ကို မသိကြတော့ပေ။ ဝင်သွားသူတိုင်း ပြန်ရောက်မလာကြသောကြောင့် မည်သူမှ အရဲစွန့်၍ မဝင်ရောက်ရဲကြပေ။

ဝှစ်...

ကျန့်ဝူရွှမ်းသည် ရုတ်တရက် အတွင်းအားများကို ထုတ်ဖော်၍ အရှေ့သို့ ပြေးသွားခဲ့သည်။ သို့သော်လည်း သူ့ဘေးရှိ ကျန့်ဂိုဏ်းမှ စွမ်းအားမြင့်သူသည် သူ့ထက်ပို၍ မြန်ဆန်ခဲ့သည်။ ထိုသူ၏ကိုယ်သည် လျှပ်စီးအလျင်နှင့် လှုပ်ရှားကာ ကျန့်ဝူရွှမ်းအား ဖမ်းဆွဲလိုက်သည်။ ကျန်လူများသည်လည်း ထိတ်လန့်တကြားဖြင့် ကျန့်ဝူရွှမ်းအား ဝိုင်းထားလိုက်ကြသည်။

"ငါ့ကိုလွှတ်ပေး"

ကျန့်ဝူရွှမ်း၏ မျက်နှာချောချောမှာ ပျက်ယွင်းနေပြီး ဆောက်တည်ရာမရစွာ အော်ဟစ်လိုက်သည်။

"ငါဝင်သွားပြီး ကျန်းရီကို ရှာရမယ်၊ မဟုတ်ရင် စုလောရွှယ်ကို ငါဘယ်မျက်နှာနဲ့ ပြန်သွားတွေ့ရမလဲ။ အစ်မရှောင်နူကိုရော...မင်းတို့ ငါ့ကို ဂိုဏ်းချုပ်လောင်းအနေနဲ့ အသိအမှတ်ပြုကြသေးတယ်ဆိုရင် ငါ့ကိုလွှတ်ပေးကြ"

"ဘန်း"

ကျန့်ဝူရွှမ်းကို တုံ့ပြန်လိုက်သည်မှာ လက်ဝါးစောင်းရိုက်ချက်တစ်ခု ဖြစ်လေသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသည် ကျန့်ဝူရွှမ်းအား မေ့မျောသွားအောင် ရိုက်ချလိုက်ခြင်း ဖြစ်သည်။ သူ့မျက်လုံးများမှာ လေးနက်နေပြီး ကျန့်ဝူရွှမ်းအား တခြားတစ်ယောက်ထံ လွှဲပေးကာ မှာကြားလိုက်သည်။

"မင်းတို့တွေ ခေါင်းဆောင်ငယ်နဲ့အတူ ချက်ချင်းပြန်ကြ၊ ရှားနိုင်ငံကို ပြန်ဖို့မလိုဘူး။ ရှန်ဝူနိုင်ငံကိုသာ တန်းပြီးပြန်တော့။ ခေါင်းဆောင်ငယ် နိုးလာပြီး သောင်းကျန်းရင် ထပ်ပြီး မေ့သွားအောင်ရိုက်လိုက်၊ သခင်လေးချမ်နဲ့ ဘုရင်မလောရွှယ်ကိုလည်း လူလွှတ်ပြီး အကြောင်းကြား၊ ယွင်လုက စုန်းနတ်ဘုရားရဲ့ တားမြစ်နယ်မြေထဲမှာလို့ မဟုတ်ရင် သခင်လေးရီ လိုက်ဝင်သွားမှာ မဟုတ်ဘူး။ ဒီစစ်ဆင်ရေးက အောင်မြင်တယ်...ပြန်သွားပြီး တင်ပြလိုက်ကြ"

ဝှစ်...

စကားဆုံးသော် ထိုသူသည် ပုံရိပ်အဖြစ် ပြောင်းလဲသွယးကာ မြူခိုးဖြူဖြူများထံ ပြေးသွားခဲ့သည်။ သူသည် စကားတစ်ခွန်းကိုလည်း ချန်ရစ်ခဲ့လေသည်။

"ခေါင်းဆောင်ငယ်နိုးလာရင် သူ့ကို ပြောပေးဦး၊ ငါသူ့ကိုယ်စား သခင်လေးရီကို သွားရှာတယ်...တကယ်လို့ ငါပြန်မလာခဲ့နိုင်ခဲ့ရင် ငါ့ရဲ့မျိုးဆက်တွေကို စောင့်ရှောက်ဖို့ သူ့ကိုပဲ ဒုက္ခပေးရတော့မယ်လို့"

"ဟဲလောင်"

အားလုံးသည် အလန့်တကြား အော်ဟစ်လိုက်ကြသော်လည်း ထိုစိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်လူမှာ မြူငွေ့ဖြူဖြူများအကြား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"သွားစို့"

အားလုံးသည် တစ်ခဏငြိမ်သက်နေပြီးနောက် ဘယ်သူမှ လိုက်မဝင်ရဲကြသည့်အတွက် အံကြိတ်၍ ရှားနိုင်ငံနယ်မြေထဲသို့ ပြန်ထွက်ခွာလာကြသည်။ ယွင်လုနောက် လိုက်လံသတ်ဖြတ်ခြင်းသည် ဂိုဏ်းနှစ်ဂိုဏ်းလုံးအား ဆုံးရှုံးမှုများစေခဲ့သည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့် လူသုံးယောက်သည် လုလောင်၏ မှော်ပညာကြောင့် အရိုးစုများ ဖြစ်သွားကြသည်။ ယခု နောက်ထပ်စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် ထိပ်ဆုံးအဆင့် တစ်ယောက်သည် ပြန်လမ်းမရှိသော တားမြစ်နယ်မြေထဲ ဝင်သွားခဲ့ပြန်သည်။

ဟေးမိမြို့မှ ကင်းထောက်များ ရောက်လာကြတော့မည်ဖြစ်ရာ သူတို့ကြာကြာမနေရဲပေ။ ကျန်းရီကို ရှာဖွေနေခြင်းကြောင့် အချိန်အတော်ကြာသွားခဲ့သည်။ သူတို့ ယခုမသွားပါက သူတို့အား ရှာတွေ့သွားကြလိမ့်မည်။

***

"ဘာ...အစ်ကိုကြီးက တားမြစ်နယ်မြေထဲကို ဝင်သွားတယ်ဟုတ်လား"

ချမ်ဝမ်ကွမ်သည် ထိုသတင်းကိုကြားသော သူ့ကိုယ်မှ အဆီတုံးကြီးများပင် တုန်ခါသွားခဲ့သည်။ သို့သော် သူသည် အလောတကြီးနှင့် တမလွန်တောအုပ်သို့ လိုက်သွားရန် မလုပ်ပေ။ ကျန်းရီကို ကယ်တင်ရန် လူလွှတ်ခြင်းလည်း မပြုခဲ့ပေ။ သူ့မျက်လုံးများသည် ကျဉ်းမြောင်းနေပြီး အချိန်အတော်ကြာ စဉ်းစားပြီးမှ အော်ဟစ်လိုက်သည်။

"ဆရာမစုကို ဒီအကြောင်း သွားအသိပေးချေ။ အစ်မရှောင်နူကိုတော့ မပြောနဲ့...ဆရာမစုကို မြေခွေးလေးကနေတစ်ဆင့် နတ်ဆိုးဧကရီဆီ အကူအညီတောင်းခိုင်းလိုက်"

တမလွန်တောအုပ်တွင် အန္တရာယ်များသည့် တားမြစ်နယ်မြေ တစ်ခုရှိသည်ဟုသာ သာမန်လူများ သိထားကြသည်။ သူတို့လို အင်အားကြီးဂိုဏ်းများမှ သခင်လေးများသာ ထိုတားမြစ်နယ်မြေ မည်မျှ ကြောက်စရာကောင်းကြောင်း သိကြသည်။

ထိုတားမြစ်နယ်မြေသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ရှန်မိနိုင်ငံ၏ ဗာဂျရာအမြင့်ဆုံးအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ထိုသူမှာ ရှန်မိနိုင်ငံ၏ မင်းသားတစ်ပါးဖြစ်ခဲ့သည်။ သူသည် ထီးနန်းလုပွဲတွင် စစ်ရှုံးပြီးနောက် လုပ်ကြံမှုများကြားမှ တမလွန်တောအုပ်၏ အနက်ပိုင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ နောက်ဆုံးတွင် ကံတရားကြောင့် သူသည် စတုတ္ထအဆင့် နတ်ဆိုးသားရဲဘုရင်အား ယဉ်ပါးအောင် လုပ်နိုင်ခဲ့သည်။ ရှန်မိနိုင်ငံတွင် ဗာဂျရာအဆင့် အစောင့်အရှောက်ရှိခဲ့သောကြောင့် သူအလျင်စလို လက်စားသွားမချေခဲ့ပေ။ သူသည် တောထဲတွင် ပုန်းအောင်းနေခဲ့ပြီး မှော်ပညာနှင့် ဝင်္ကပါပညာရပ်များတွင်သာ စိတ်နှစ်ထားခဲ့သည်။

ထိုသူသည် အလွန်ပါရမီရှိလေသည်။ နှစ်ပေါင်းသုံးဆယ်ကြာ တောထဲတွင် တံခါးပိတ်ကျင့်ကြံပြီးနောက် သူ့အင်အားသည် ဗာဂျရာအမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူသည် နတ်ဆိုးသားရဲဘုရင်အား ခေါ်ဆောင်၍ ရှန်မိမြို့သို့ပြန်ကာ ရှန်မိနိုင်ငံ၏ ဗာဂျရာအဆင့် အစောင့်အရှောက် ရှေ့၌ပင် ဘုရင်ဖြစ်သော သူ့အစ်ကိုအား သတ်ဖြတ်ခဲ့သည်။ သို့သော် သူသည် နန်းမတက်ဘဲ တမလွန်တောအုပ်သို့သာ ပြန်သွားခဲ့သည်။ ထိုသူသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန်အတွက် မှော်ပညာ၊ တာအိုသဘောတရားတို့ကို လေ့လာခြင်းထံတွင်သာ စိတ်နှစ်ထားခဲ့သည်။

သူသည် အလွန်အမင်း အားကောင်းသည့်အပြင် ရှေးဟောင်းမှော်ပညာရပ် အများစုအား နားလည်ထားသည့်အတွက် ရှန်မိနိုင်ငံမှ လူအမြောက်အများသည် သူ့အား ဆရာတင်၍ မှော်ပညာကို သင်ယူလိုကြသည်။ အင်အားကြီးဂိုဏ်းများမှ မျိုးဆက်သစ်များသည် သူနှင့်ရင်းနှီးမှုကို အသုံးချ၍ သူ့အား ဆရာတင်ရန် ကြိုးစားကြသည်။ ထို့ကြောင့် လူများစွာသည် အသက်ကိုရင်း၍ တမလွန်တောအုပ်၏ တောနက်ပိုင်းထဲသို့ ဝင်ရောက်ကြသည်။ နောက်ဆုံးတွင် သူသည် တမလွန်တောအုပ်ထဲ၌ တားမြစ်နယ်မြေတစ်ခု တည်ဆောက်၍ အတွင်းသို့ ဝင်ရောက်လာသူမှန်သမျှ သေရမည်ဟု ကြေငြာခဲ့သည်။

ထိုကြေငြာချက်ထွက်လာပြီးနောက် ရှန်မိနိုင်ငံမှ လူများသည် အသက်ကိုရင်းပြီး သွားရောက်ကြဆဲပင်။ ရလဒ်အနေနှင့် တစ်ရောက်မှ ပြန်ရောက်မလာခဲ့ကြပေ။ ရှားနိုင်ငံမှ ဗာဂျရာအဆင့် ပုဂ္ဂိုလ်တစ်ဦးသည်လည်း မယုံ၍ ဝင်ရောက်သွားခဲ့သော်လည်း တစ်သက်လုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုဖြစ်ရပ်သည် နယ်မြေတွင် ထိတ်လန့်စရာ ဖြစ်သွားခဲ့သည်။ လူအများစုသည် ရှန်မိနိုင်ငံမှ ထိုပုဂ္ဂိုလ်သည် ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်း၍ နယ်မြေအား အုပ်ချုပ်တော့မည်ဟု ပြောကြသည်။

တမလွန်တောအုပ်၏ တောနက်ပိုင်းသည် ထိုအချိန်မှစတင်၍ တားမြစ်နယ်မြေ ဖြစ်လာခဲ့သည်။ ထိုဗာဂျရာအဆင့် ပုဂ္ဂိုလ်သည်လည်း ထိုစဉ်တည်းက ပြန်ထွက်မလာခဲ့ချေ။ သူကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်မရောက်ကိုလည်း မည်သူမှ မသိကြပေ။ မည်သူကမှလည်း စုန်းနတ်ဘုရား၏ တားမြစ်နယ်မြေသို့ ဝင်မသွားရဲကြတော့ပေ။ မတော်တဆ ဝင်သွားမိသူများလည်း ပြန်ရောက်မလာကြချေ။

နှစ်သုံးထောင်ကျော် ကြာသွားခဲ့ပြီဖြစ်သည်။

ထိုသူ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ခဲ့လျှင်တောင် ယခုအချိန်လောက်ဆို သေသွားလောက်ပေပြီ။ တားမြစ်နယ်မြေ အတွင်း၌ သတ်ဖြတ်ခြင်းဝင်္ကပါများ၊ တားမြစ်အစီအရင်များစွာ ရှိသည်။ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့် မဆိုထားနှင့် ဗာဂျရာအဆင့်များတောင် ဝင်ရောက်မိပါက သေသွားနိုင်သည်။

ချမ်ဝမ်ကွမ်သည် ဆောက်တည်ရာမရ ဖြစ်နေသော်လည်း စိတ်ထိန်း၍ စုလောရွှယ်အား မြေခွေးလေးမှတစ်ဆင့် နတ်ဆိုးဧကရီထံ အကူအညီတောင်းခိုင်းလိုက်သည်။ သူ့စိတ်ထဲတွင် နတ်ဆိုးဧကရီကသာ ကျန်းရီအား ကယ်တင်နိုင်လောက်သည်ဟု ခံစားနေရသည်။

သတင်းသည် နှစ်ရက်အကြာတွင် စုလောရွှယ်ထံ ရောက်ရှိသွားခဲ့သည်။ သူမ၏ကိုယ်သည် ပျော့ခွေသွားကာ ကြမ်းပေါ် လဲကျသွားခဲ့သည်။ သို့သော် သူမသည် အလျင်အမြန် ပြန်ထကာ ကျန်းရှောင်နူအား မြေခွေးလေးအနီးမှ ပထုတ်ရန် တစ်စုံတစ်ယောက်အား စေခိုင်းလိုက်သည်။ ထို့နောက် သူမသည် မြေခွေးလေးအား ကိုယ်တိုင်သွားတွေ့လေသည်။

မြေခွေးလေးသည် ထိုသတင်းအားကြားသော် စိတ်လေးသွားခဲ့သည်။ ၎င်းသည် စုလောရွှယ်၏ လူများ အကာအကွယ်အောက်တွင်  မြောက်ဘက်မြို့တံခါးမှထွက်၍ အနီးအနားရှိ တောင်တစ်လုံးပေါ်တွင် ရှိနေသော နတ်ဆိုးသားရဲဘုရင် ဆယ့်ရှစ်ကောင်ကို သွားရှာခဲ့သည်။ ထို့နောက် သူတို့သည် တောင်စဉ်သုံးထောင်ထံ အလျင်အမြန် ထွက်ခွာသွားကြသည်။

"အဘွားထောင်"

စုလောရွှယ်သည် မြေခွေးလေး နတ်ဆိုးသားရဲဘုရင်များနှင့်အတူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် တည်ငြိမ်ချင်ယောင်ဆောင်၍ သူမ၏လူယုံ အဘွားကြီးအား ပြောလိုက်သည်။

"ချက်ချင်း ကျန်းလန်နဲ့ တစ်ပုံစံတည်းတူတဲ့ လူသားအရေပြား မျက်နှာဖုံးတစ်ခု လုပ်ခိုင်းလိုက်ပါ၊ ပြီးရင် တစ်ယောက်ယောက်ကို ကျန်းလန်အဖြစ် ဟန်ဆောင်ခိုင်းပြီး တစ်ခါတစ်လေ လူလုံးထွက်ပြခိုင်းရမယ်။ ကျန်းလန်ပျောက်သွားတာ ဘယ်သူမှ သိလို့ မဖြစ်ဘူး။ မဟုတ်ရင် ရှန်မိနိုင်ငံက ယွင်လုကို သတ်တဲ့သူက ကျန်းလန်ဆိုတာ ခန့်မှန်းမိသွားကြလိမ့်မယ်"

အဘွားကြီးသည် စီစဉ်စရာရှိသည်တို့ စီစဉ်ရန် ချက်ချင်းထွက်ခွာသွားခဲ့သည်။ စုလောရွှယ်သည် မြို့တံတိုင်းထက်တွင်ရပ်၍ အနောက်တောင်ဘက်အရပ်ဆီ မျှော်ကြည့်နေခဲ့သည်။ မျက်ရည်များသည် သူမ၏ မျက်ဝန်းများထံမှ အလိုလို စီးကျလာခဲ့ပြီး လေအဝေ့တွင် လျင်မြန်စွာ ခြောက်သွေ့သွားခဲ့သည်။ ထို့နောက် သူမသည် နာကျင်စွာ မျက်လုံးများ မှိတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"ကျန်းလန်...ရှင်အသက်ရှင်လျက် ပြန်လာရမယ်။ ရှင်မရှိဘဲ...လောရွှယ် ဘယ်လို အသက်ဆက်ရှင်ရမလဲ"

*****

All Chapters