ဆန်းကြယ်ချိုင့်ဝှမ်း
Vol. 1 Ch. 335
"အာ့..."
ကျန်းရီ နိုးလာချိန်တွင် အချိန်မည်မျှ ကြာသွားခဲ့ပြီမှန်း မသိပေ။ ကျန်းရီသည် သူ့ခေါင်းမှာ ပေါက်ထွက်တော့မည်ဟု ခံစားနေရသည်။ သူ့ကိုယ်မှာ နာကျင်လွန်း၍ လှုပ်တောင်မလှုပ်ဝံ့ပေ။ သူသည် အားနည်းလွန်းနေရာ မျက်ဝန်းများပင် မဖွင့်နိုင်ခဲ့ချေ။ ထို့နောက် သူမူးဝေလာကာ ပြန်အိပ်ပျော်သွားခဲ့သည်။
သူ့အသိစိတ်သည် သူအသက်ရှင်နေသေးကြောင်း သေချာသိနေသည်။ သူပြန်မေ့မျောမသွားခင်တွင် သူ့စိတ်သည် ဤမျှမြင့်သော ချောက်ကမ်းပါးမှ ပြုတ်ကျလာပြီးနောက် သူအဘယ့်ကြောင့် အသက်ရှင်နေသနည်းဟူသော မေးခွန်းအား စဉ်းစားနေခဲ့သည်။
သူပြန်နိုးလာချိန်တွင် ခေါင်းမှာ မူးဝေနေဆဲပင်။ သို့သော် နာကျင်မှုတော့ မရှိတော့ပေ။ သူ့ကိုယ်သည် အားနည်းနေသော်လည်း အင်အားအချို့တော့ ပြန်ရနေပြီဖြစ်သည်။
သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သော်လည်း အပြင်မှ အလင်းစူးစူးကြောင့် ဘာကိုမှ မမြင်ရပေ။ အလင်းစူးစူးအား အသားကျသွားမှ ပတ်ဝန်းကျင်အား သးအကဲခတ်လိုက်သည်။ ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက် သူ့အိပ်မက်တစ်ခုထဲ ရောက်နေသည်ဟု ခံစားလိုက်ရသည်။
သူ နန်းတော်တစ်ခုထဲ ရောက်နေခဲ့ခြင်းဖြစ်သည်။ ထိုနန်းတော်သည် ခမ်းနားလွန်းခြင်း မရှိသော်လည်း အလွန်ကြီးမားပြီး ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားသည်။ နန်းတော်၏ အလျားနှင့် အနံမှာ အနည်းဆုံး သုံးကီလိုမီတာခန့်စီ ရှိလိမ့်မည်ဖြစ်ပြီး အမြင့်မှာ မီတာပေါင်းများစွာ မြင့်လေသည်။ အထဲတွင် ဘာမှမရှိဘဲ ရှင်းလင်းနေပြီး နံရံများထက်ရှိ ညလင်းပုလဲများမှတစ်ပါး ဘာဆိုဘာမှမရှိချေ။
"မဟုတ်သေးဘူး"
ကျန်းရီသည် အောက်သို့ငုံ့ကြည့်လိုက်သော် ရုပ်ကြွင်းများ၊ လက်နက်များနှင့် ချပ်ဝတ်များကို တွေ့ရလေသည်။ အရိုးများတွင် အပေါက်များပင် ရှိနေပြီဖြစ်ပြီး ထိုရုပ်ကြွင်းပိုင်ရှင်များ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း သက်သေပြနေသည်။
"ဒါ..."
ကျန်းရီသည် ဆက်အကဲခတ်လိုက်သော် နန်းတော်သည် ထွက်ပေါက်မရှိဘဲ အလုံပိတ်ဖြစ်ကြောင်း သူတွေ့လိုက်ရရာ အံ့အားသင့်သွားခဲ့သည်။ သူသည် ကီလိုမီတာသုံးဆယ်ကျော်မြင့်သော ချောက်ကမ်းပါးမှ ပြုတ်ကျလာခဲ့ပြီး အလုံပိတ်နန်းတော်ထဲသို့ ရောက်ရှိနေခဲ့သည်။ ချောက်ကမ်းပါးအောက် သူ့အား ဤနေရာသို့ ပို့ပေးလိုက်သူ တစ်စုံတစ်ယောက်များ ရှိနေသည်လော။
သူတွေးမရတော့ရာ ဆက်လက်၍ စဉ်းစားမနေတော့ပေ။
ကျန်းရီသည် သူအသက်ရှင်နေသေးမှန်း သိရသည့်အတွက် အလွန်ဝမ်းသာသွားခဲ့သည်။ သူ ကောင်းကင်ဧကရာဇ်၏ အုတ်ဂူထဲ၌ ပိတ်မိနေစဉ်ကလို ထွက်ပေါက်အား နောက်မှသာရှာမည်။ မီးဝိဉာဉ်ပုလဲထဲတွင် မီးဝိဉာဉ်ကျောက်တုံး ခြောက်တုံးကျန်နေသေးရာ အပြင်မထွက်နိုင်ဟု သူမယုံပေ။
သူသည် မျက်လုံးများကို မှိတ်၍ အချိန်တစ်ခုကြာ အနားယူလိုက်သည်။ ထို့နောက် ဆေးတစ်လုံးသောက်လိုက်ပြီး ကိုယ်တွင်းအဂါၤများ နာကျင်မှု သက်သာအောင် ထိုင်၍ ပြန်လည်ကုစားနေလိုက်သည်။
"အမ်...ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေက ဒီမှာ အရမ်းသိပ်သည်းတယ်။ နတ်သမီးတောင်ထွတ်က ကောင်းကင်မျှော်စင်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်"
အမည်မဲ့ကျင့်စဉ်၏ နည်းလမ်းအတိုင်း အတွင်းအားတို့ကို လှည့်ပတ်လိုက်ပြီးနောက် နေရာ၏ ထူးခြားချက်တစ်ခုကို ကျန်းရီသတိပြုမိသွားခဲ့သည်။ သူသည် ကောင်းကင်သတ္ထုကြောအနီး၌ ဤထက်ပိုမိုများပြားသော စွမ်းအင်များကို ခံစားခဲ့ဖူးရာ အထူးအဆန်းလုပ်မနေတော့ဘဲ ဒဏ်ရာများကုစားရာတွင်သာ အာရုံစိုက်ထားလိုက်သည်။
လေးနာရီ ကုန်ဆုံးသွားပြီးနောက် သူသည် ကုစားနေခြင်းကို ရပ်တန့်ကာ မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် မတ်တပ်ရပ်လိုက်၍ အကြောအချင်များ ဆန့်လိုက်သည်။ သူ့ကိုယ်မှာ မူလအခြေအနေ၏ ခုနှစ်ဆယ်ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပြန်ကောင်းနေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။ သူ့တွင် ဒဏ်ရာများကို ဆက်လက်ကုစားချင်စိတ် မရှိတော့ရာ နေရာကို စတင်၍ စူးစမ်းလိုက်သည်။
ဘန်း...
သူသည် နံရံအား လက်ဝါးဖြင့် အသာရိုက်ချလိုက်သည်။ သိုသော် နံရံသည် အဖြူရောင်အလင်းတစ်ချက်သာ လင်းလက်သွားပြီး သူ့လက်မှာ ပြန်ကန်ထွက်လာသည်။ သူထင်ထားသည့်အတိုင်းပင် ဤနန်းတော်၏ နံရံများထက်တွင် အားကောင်းသည့် အစီအရင်များ ရှိနေသည်။ မဟုတ်ပါက အနှီလူများ သေသည်အထိ ပိတ်မိနေမည် မဟုတ်ပေ။
ကျန်းရီသည် သေလူများအကြောင်း တွေးမိသွားသောအခါ ရုပ်ကြွင်းများထံ အလျင်အမြန် လျှောက်သွားလိုက်ပြီး ရုပ်ကြွင်းတစ်ခုဘေးမှ ဆေဘာဓားရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။ သူသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
"ကောင်းကင်အဆင့်လက်နက်...မဆိုးဘူး"
သူသည့ သေဆုံးသူများ အားလုံး၏ လက်နက်များကို စုစည်းလိုက်သည်။ ကောင်းကင်အဆင့်လက်နက် ဆယ်ခုကျော်၊ ဝိဉာဉ်အဆင့်လက်နက် အခုနှစ်ဆယ်နှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ် နှစ်ကွင်းရရှိခဲ့သောကြောင့် အံ့အားသင့်နေခဲ့သည်။ သူ့တွင် ၎င်းတို့အား စိတ်ဝိဉာဉ်နှင့်ပေါင်းစပ်ရန် အချိန်အလုံအလောက် မရှိသောကြောင့် မီးဝိဉာဉ်ပုလဲအတွင်းသို့သာ အကုန်ပစ်ထည့်ထားလိုက်သည်။
"မီးနဂါးဓားနဲ့ စမ်းကြည့်မယ်"
ကျန်းရီသည် နေရာတစ်ခုလုံးအား လှည့်ပတ်သွားလိုက်ပြီးနောက် ယန္တရားများရှိမရှိ စစ်ဆေးလိုက်သည်။ ထို့နောက် နံရံအား ခွဲပစ်၍ အပြင်ထွက်ရန် သူပြင်ဆင်နေလိုက်သည်။ သူသည် မီးနဂါးဓားကို ဆွဲထုတ်၍ အတွင်းအားများ ထည့်ကာ ရှေ့ရှိနံရံထံ ခုတ်ချလိုက်သည်။
ဝမ်...
ဗုန်း...
နံရံသည် ချက်ချင်းလင်းလက်သွားခဲ့ပြီး အလင်းစူးစူးများ ဖြာထွက်လာခဲ့သည်။ အလင်းရောင်မှာ စူးရှလွန်း၍ ကျန်းရီသည် မျက်လုံးများအား မှိတ်လိုက်ရသည်။ မီးနဂါးနှစ်ကောင် နံရံထက်ကျဆင်းသွားသောအခါ နန်းတော်တစ်ခုလုံသည် အနည်းငယ် တုန်ခါသွားခဲ့သည်။ နံရံများထံမှ မြင့်မြတ်ပြီးအားပြင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းရီအား ဆယ်မီတာကျော် လွင့်ထွက်သွားစေခဲ့သည်။ မကြာခင်ကမှ ပြန်ကောင်းစပြုသော သူ၏ဒဏ်ရာများမှာ ပိုအခြေအနေ ဆိုးသွားခဲ့သည်။
"ထင်ထားတဲ့အတိုင်းပဲ အလုပ်မဖြစ်ဘူး"
ကျန်းရီသည် လည်ချောင်းထဲမှ သွေးများကို ပြန်မျိုချလိုက်ပြီး ပြန်လည်ကုစားရန် ထိုင်ချလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် လေးနာရီကြာ ကျင့်ကြံပြီးနောက် ရိက္ခာခြောက်အချို့ကို ရေနှင့်မျှောချ၍ စားသောက်လိုက်သည်။ ထို့နောက် နောက်ထပ်တစ်နာရီ ထပ်မံကျင့်ကြံလိုက်ပြီး မတ်တပ်ရပ်ကာ နံရံတစ်ခုထံ လျှောက်သွားလိုက်သည်။
"စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်"
သူ့ကိုယ်သည် နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်စက္ကန့်တွင် ရှေ့ရှိနံရံထက်တွင် သူပြန်ပေါ်လာခဲ့သည်။ နံရံသည် အဖြူရောင်အလင်း နောက်တစ်ကြိမ် လက်သွားခဲ့ပြီး သူ့ကိုယ်အား ထပ်မံတွန်းကန်ထုတ်လိုက်ပြန်သည်။
"နေရာရွှေ့ပြောင်းတာလည်း အလုပ်မဖြစ်ဘူးလား"
ကျန်းရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ ဘေးရှိနံရံထံသို့ လျှောက်သွားကာ သူ၏နောက်ဆုံးအားကိုးရာ မီးဝိဉာဉ်ကျောက်တုံးကို ထုတ်သုံးလိုက်သည်။
မီးဝိဉာဉ်ကျောက်တုံးသည် နန်းတော်၏ နံရံအား လောင်ကျွမ်းသွားစေခဲ့သည်။ ၎င်းသည် အစိမ်းရောင်မီးတောက်များဖြင့် နံရံထက်ရှိ အစီအရင်များကို လျင်မြန်စွာ တိုက်စားသွားနေခဲ့သည်။ အချိန်အနည်းငယ်အကြာတွင် နံရံထက်၌ ခေါင်းတစ်လုံုးစာအကျယ်နှင့် သုံးမီတာနက်သော အပေါက်တစ်ခု ဖြစ်တည်လာခဲ့သည်။
"ပေါက်သွားပြီ"
အပြင်ဘက်မှ အလင်းရောင်အား မြင်လိုက်ရပြီး လတ်ဆတ်သော လေများအား ရှူလိုက်ရသောအခါ ကျန်းရီ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ သူနန်းတော်ထဲမှ ထွက်နိုင်သရွေ့ အပြင်ပြန်ထွက်ရန် နည်းလမ်းတစ်ခုခု ရှာနိုင်သည်။ သူသည် အပေါက်ငယ်လေးမှတစ်ဆင့် ချောင်းကြည့်လိုက်သောအခါ အပြင်ဘက်၌ ချိုင့်ဝှမ်းတစ်ခုကို တွေ့လိုက်ရသည်။ ရေလှောင်ကန်တစ်ခုကိုပါ သူမြင်နေရသေးသည်။
"ဆက်လုပ်ရမယ်"
အပေါက်သည် သေးငယ်လွန်းသဖြင့် ကျန်းရီ မဝင်နိုင်လောက်ပေ။ မီးဝိဉာဉ်ကျောက်တုံးသည် ငါးခုသာ ကျန်ရစ်သော်လည်း သူ့တွင် ရွေးချယ်စရာ မရှိရာ နံရံကို ထပ်မံမီးရှို့ရန် နောက်တစ်ခုကိုထုတ်၍ သုံးရတော့သည်။
"ဟုတ်ပြီ"
မကြာခင်တွင် ကျန်းရီသည် အပေါက်အား သူ့တစ်ကိုယ်စာ ဝင်ဆံ့ရုံ ချဲ့ပြီးသွားခဲ့သည်။ သူသည် နောက်ထပ်မီးဝိဉာဉ်ကျောက်တုံးအား မသုံးရက်တော့သောကြောင့် အတင်းတိုးဝင်၍ ထွက်လာခဲ့သည်။
"ဟောဟဲ...ဟောဟဲ"
ကျန်းရီသည် နန်းတော်အပြင်သို့ ရောက်သည်နှင့် မြေပြင်ထိုင်ချကာ အရုပ်ဆိုးလှသော အနေအထားနှင့် အသက်လုရှူနေရသည်။ သူသည် ဤကဲ့သို့သော ဘေးဒုက္ခမှ လွတ်မြောက်လာသော ခံစားမှုမျိုးကို နဂါးတောင်ကြားတွင် ခံစားခဲ့ဖူးသော်လည်း ယခုထိ အသားမကျသေးပေ။
တစ်ခဏကြာအောင် အနားယူပြီးနောက် ပတ်ဝန်းကျင်အား သူအကဲခတ်လိုက်သည်။ ဤနေရာသည် တောင်ကြားချိုင့်ဝှမ်းတစ်ခု ဖြစ်သော်လည်း ထွက်ပေါက်လုံးဝ မရှိပေ။ ချိုင့်ဝှမ်း၏ ဘေးပတ်လည်တွင် မတ်စောက်လှသော ကမ်းပါးယံကြီးများက ဝန်းရံထားသည်။ အပေါ်မှ မြူငွေ့များမှာလည်း ထူထပ်လှသောကြောင့် ကောင်းကင်ကိုပင် မမြင်နိုင်ချေ။
ချိုင့်ဝှမ်းထဲတွင် သစ်ပင်များ၊ ပန်းပင်များနှင့် ဟင်းရွက်ပင်များလည်း ရှိလေသည်။ ရေလှောင်ကန်တစ်ခုပင် ရှိနေခဲ့သည်။ ကျန်းရီထွက်လာခဲ့သော နန်းတော်သည် ချိုင့်ဝှမ်းထဲရှိ တစ်ခုတည်းသော အဆောက်အဦး ဖြစ်သည်။ ထိုနန်းတော်သည် ငါးထပ်ရှိပြီး တိမ်များအကြား ရောက်သည်အထိ မြင့်မားလှသည်။ ကျန်းရီ အစောပိုင်းက ရောက်နေသည်မှာ ပထမထပ် ဖြစ်လေသည်။
"ယွင်လုဘယ်မှာလဲ"
ကျန်းရီသည် သံသယ ဝင်နေခဲ့သည်။ ယွင်လုသည် သူ့အရင် ပြုတ်ကျသွားခဲ့ခြင်းဖြစ်ပြီး သူမသေလျှင် ယွင်လုလည်း အသက်ရှင်နေလောက်သည်။ နန်းတော်ထဲတွင် သူအဘယ့်ကြောင့် မရှိသနည်း။ ဤချိုင့်ဝှမ်းထဲတွင်ရော အဘယ့်ကြောင့် သူ့အားမတွေ့ရသနည်း။
ချိုင့်ဝှမ်းသည် သိပ်မကျယ်ပေ။ ကျန်းရီသည် နေရာအနှံ့ အလျင်အမြန် စစ်ဆေးလိုက်သော်လည်း ထွက်ပေါက်တစ်ခုတစ်လေကိုမှ မတွေ့ရပေ။ သူသည် ကမ်းပါးယံကြီးများအား ခွဲကြည့်ရန် ကြိုးစားခဲ့သော်လည်း ဖျက်ဆီး၍မရသည့် အစီအရင်များ ရှိနေပြန်လေသည်။ ထိုအပေါ်သို့ တက်ရန် နည်းလမ်းလည်းမရှိပေ။
"ဟွမ်ကြီး"
သူသည် ကျုံးဝူသားရဲအား ဆင့်ခေါ်လိုက်သည်။ ကျုံးဝူသားရဲသည် မြေပြင်အား မီတာအနည်းငယ် တူးပြီးနောက်တွင် မြေအောက်၌လည်း အစီအရင်များ ရှိနေသည်ကို သူတွေ့လိုက်ရလေသည်။ ဤနေရာသည် လွတ်မြောက်ရန် မဖြစ်နိုင်သည့် အကျဉ်းထောင်ကြီး ဖြစ်နေလေသည်။
"နန်းတော်"
ကျန်းရီသည် ချိုင့်ဝှမ်းအလယ်ရှိ ဘုံငါးဆင့်ပါသော နန်းတော်ကြီးအား လှမ်းကြည့်လိုက်သည်။ သူဤတားမြစ်နယ်မြေမှ ထွက်သွားချင်လျှင် နန်းတော်ကြီး၏ အပေါ်ဆုံးထပ်သို့ ရောက်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။
ပြဿနာမှာ နန်းတော်သည် ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး တစ်ထပ်ချင်းစီသည် မီတာရာပေါင်းများစွာ မြင့်လေသည်။ နံရံများ၏ မျက်နှာပြင်သည် မှန်များကဲ့သို့ ချောမွေ့နေသဖြင့် ကုတ်တွယ်တက်ရန်လည်း မဖြစ်နိုင်ချေ။ အပေါ်ဆုံးအထပ်သို့ သူမည်သို့ တက်ရမည်နည်း။
"ဟူး....ချိုင့်ဝှမ်းထဲမှာ ယန္တရားတွေ ရှိမရှိ အရင်ရှာကြည့်ရမယ်။ ထွက်ပေါက်ကို ဦးတည်နေတဲ့ ယန္တရားတစ်ခုခုရှိရင် အကောင်းဆုံးပေါ့"
ကျန်းရီသည် ချိုင့်ဝှမ်းထဲတွင် ဟိုဟိုဒီဒီ လျှောက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် နေရာလပ်မကျန်အောင် စေ့စေ့စပ်စပ် ရှာဖွေနေခဲ့သည်။ သူသည် သစ်ပင်ငယ်အချို့ကိုပင် ဆွဲနှုတ်ကြည့်ခဲ့သည်။
ဘန်း...
ကျန်းရီသည် ရှာဖွေနေခဲ့သည်မှာ နေ့တစ်ဝက်ကျော် ကြာသွားခဲ့ပြီဖြစ်သည်။ ရုတ်တရက် နန်းတော်အတွင်းမှ ဆူညံသံတစ်ခု ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် လည်ဆံမွေးများ ထောင်ထလာသော ခြင်္သေ့တစ်ကောင်ပမာ သတိအနေအထား ဖြစ်သွားခဲ့သည်။ မီးနဂါးဓားသည် သူ့လက်ထဲတွင် ချက်ချင်းပေါ်ထွက်လာခဲ့ပြီး သူ၏သတ်ဖြတ်ခြင်းအရှိန်အဝါတို့မှာလည်း ဖြာထွက်လာသည်။ သူသည် နန်းတော်ရှိရာသို့ ပြေးသွားလိုက်သည်။
"တစ်ယောက်ယောက် ရှိနေတယ်"
ကျန်းရီသည် အပေါက်၏တစ်ဖက်မှ ကြည့်လိုက်ရာ အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများသည် အပေါက်ထံမှတစ်ဆင့် နန်းတော်အတွင်းသို့ တိုးဝင်သွားခဲ့သည်။ သူသည် အတွင်းသို့ ဝင်၍ ရန်သူအား မသတ်ခင်တွင် လက်ဦးမှုရယူ၍ ဖိနှိပ်ထားလိုက်ခြင်းဖြစ်သည်။
"သခင်လေးရီ...ဘာမှမလုပ်ပါနဲ့ဦး။ ကျွန်တော်က ကျန့်ဂိုဏ်းရဲ့ အကြီးအကဲ ဟဲထျဲရှုပါ"
ကြည်လင်ပီသသော အသံတစ်ခုသည် နန်းတော်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါများကို ရုတ်သိမ်းလိုက်သည်။ ထိုသူအား သူရင်းရင်းနှီးနှီး သိလေသည်။ သူသည် အံ့သြတကြီး အော်ဟစ်လိုက်သည်။
"ဟဲလောင်...မြန်မြန်ထွက်လာခဲ့၊ ဒီသောက်ကျိုးနဲနေရာကနေ ထွက်သွားဖို့ နည်းလမ်းကို စဉ်းစားကြစို့"
*****