← Chapters

တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 112 Ch. 1561

တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ခြင်း

Vol. 112 Ch. 1561

ဤသို့ဝိုင်းဝန်းတိုက်ခိုက်မှုကို ထိုးဖောက်မထွက်နိုင်ပါက ရန်ကျောက်ကဲတို့အတွက် အန္တရာယ်ကြီးလှသည်။

ချီထျန်းမဟာသူတော်စင်က ရေရှည်တိုက်ပွဲအတွက် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အမှန်တော့ ရွှေခန္ဓာ(၃)ခုပေါင်းစည်းကာ ချီထျန်းမဟာသူတော်စင်၏ ကိုယ်ပွားအစစ်ကို ထုတ်မသုံးဘဲ ရူယိရွှေတုတ် အသုံးပြုခြင်းသည်ပင် အင်အားများစွာ ကုန်ခမ်းနေပြီ ဖြစ်သည်။

တိုက်ပွဲအချိန်ကြာလာပါက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက သမာဓိကောင်းကင်မုန်တိုင်းကို ထုတ်မသုံးလျှင်တောင်မှ ရန်ကျောက်ကဲတို့မှာ ချီထျန်းမဟာသူတော်စင်၏ကိုယ်ပွားအစစ်ကို ထုတ်သုံးရန် စွမ်းအားအလုံအ‌လောက် ကျန်တော့မည် မဟုတ်ပေ။

ပြီးတော့ သူတို့ရန်သူများကလည်း နာမည်မရှိသူများ မဟုတ်ကြပေ။

ဆင်နတ်ဘုရား ၊ ခြင်္သေ့နတ်ဘုရား ၊ ပတ္တမြားတံခွန်ဗုဒ္ဓ... အားလုံးက ကောင်းကင်နတ်ဘုရားအဆင့်ဖြစ်ပြီး တိုက်ပွဲအတွေ့အကြုံမြင့်မားသည့် ဝါရင့်များဖြစ်ကြသည်။

သူတို့တစ်ဦးချင်းတွင် အလွန်ထက်မြက်သည့် ကိုယ်ပိုင်စွမ်းရည်များ ရှိကြသည်။

လမ်းခြောက်သွယ်ဓားသခင် – ချွိစုဆိုသည်ကလည်း ဓားဗုဒ္ဓထက်ပင်သာလွန်သည့် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူ ထိပ်တန်းတန်ခိုးစွမ်းအားရှင်တစ်ယောက်ပင်။

ခြင်္သေ့နတ်ဘုရားနှင့် အခြားသော လမ်းမှန် ကောင်းကင်နတ်ဘုရားများယှဉ်လျှင်တောင်မှာ သူ၏ဂုဏ်ရှိန်က လျော့ကျသွားခြင်း မရှိပေ။

ယခု (၄)ယောက် (၃)ယောက် ရင်ဆိုင်ရသည့်အနေအထားတွင် ရန်သူဘက်က ရူယိရွှေတုတ်၏ ရိုက်ချက်များကို ရှောင်တိမ်းနေသည်ကလွဲပြီး မည်သည့်အားနည်းချက်မှ မရှိပေ။

ယင်ကျောက်ဆိုသည်က ရှေးခေတ်ကာလကတည်းက မွေးဖွားလာသူ ဖြစ်သည်။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်နေခဲ့ပြီးမှ အမတခုံရုံးသို့ ဝင်ရောက်ပြီးနောက် မူလကောင်းကင်ကပ်ဘေးကို အောင်မြင်စွာ စိန်ခေါ်နိုင်ခဲ့သည်။

သူက ချွိစုလောက် စွမ်းအားမကြီးမားသော်လည်း တိုက်ခိုက်ပုံနည်းလမ်း ထူးခြားသည်။

သူက တိုက်ပွဲထဲသို့ဝင်မလာဘဲ အပြင်ဘက်တွင် သတိထားစောင့်ကြည့်နေရင်း ဝိညာဉ်ခေါ်ခေါင်းလောင်းကို တီးခတ်လိုက်သည်။

ဝိညာဉ်ခေါ်ခေါင်းလောင်းက ယခင်က ကွမ်းချန်ထျန်းကျွင်းပိုင်ဆိုင်သော ရတနာဖြစ်ပြီး ယခု ယင်ကျောက်လက်ထဲ ရောက်ရှိနေခြင်းပင်။

ခေါင်းလောင်းသံထွက်ပေါ်လာသည်နှင့် လူအများမှာ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည့်ပမာ ဘာဖြစ်မှန်းပင်မသိရဘဲ အသက်ဆုံးရှုံးသွားစေနိုင်သည်။

ဤခေါင်းလောင်းက အတော်လေး အစွမ်းထက်သော လူသတ်လက်နက်ဟု ဆိုနိုင်၏။

ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်ပြီး ကောင်းကင်နတ်ဘုရားများကိုပါ စိန်ခေါ်နိုင်စွမ်း ရှိသည်။

သို့သော် ထိုစွမ်းအားက ရွှေခန္ဓာတစ်ခုချင်းစီ၏ စွမ်းအားမဟုတ်ဘဲ ရွှေခန္ဓာ(၃)ခုပေါင်းစည်းပြီး ချီထျန်းမဟာသူတော်စင်၏ ကိုယ်ပွားကို ထုတ်ဖော်နိုင်မှသာ ဖြစ်နိုင်သည်။

ယခု ဝိညာဉ်ခေါ်ခေါင်းလောင်းသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည့်အခါ သူတို့၏ပေါင်းစပ်မှုက ပိုမိုလှုပ်ခါသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့ အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားရသည်။

သူတို့က ပေါင်းစပ်မှုကို ထိန်းထားရန်အတွက် စိတ်ကိုလည်း တည်ငြိမ်အောင်းထားရသည်။

သို့ဖြစ်ရာ ရူယိရွှေတုတ်ကိုင်ဆောင်ထားသည့်တိုင် ရန်ကျောက်ကဲတို့၏အခြေအနေက ပိုဆိုးသထက် ဆိုးလာလေသည်။

ခြင်္သေ့နတ်ဘုရား၊ ပတ္တမြားတံခွန်ဗုဒ္ဓနှင့် အခြားသူများ၏ တိုက်ခိုက်မှုအောက်တွင် သူတို့အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။

သို့တိုင် ရန်သူများအားလုံး၏ဖိအားက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ ယူဆောင်လာသည့် ဖိအားလောက် ကြီးမားခြင်း မရှိသေးပေ။

ထိုနတ်မိစ္ဆာ၏ကျင့်ကြံခြင်းစွမ်းအားက ဆင်နတ်ဘုရားနှင့် ခြင်္သေ့နတ်ဘုရားတို့လောက် အားကောင်းခြင်း မရှိပေ။

သို့သော် သူ၏ သမာဓိကောင်းကင်မုန်တိုင်းကတော့ အလွန်နက်ရှိုင်းပြီး စွမ်းအားကြီးမားလွန်းသည်။

သူ၏စွမ်းအားက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ ရွှေရောင်အလင်းတန်း ၊ အဝါရောင်မြူခိုးများဖြင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

နတ်မိစ္ဆာမျိုးနွယ်၏ သူတော်စင်ငယ်အဆင့်တွင်ရှိသော မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က သူ၏မွေးရာပါစွမ်းရည်ကို ထုတ်လွှတ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းများ ပျံ့နှံ့လာပြီး အဝါရောင်မြူခိုးများက ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားလေ့ရှိသည်။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ပြိုင်ဘက်များတင်မကဘဲ ကောင်းကင်နတ်ဘုရားများပင် သူ့ကိုရင်ဆိုင်ရန် နည်းလမ်းမရှိခဲ့ပေ။

အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက မဟာသူတော်စင်တစ်ပါးဖြစ်သဖြင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ထက် အများကြီး ပိုပြီးသန်မာသည်။

အထူးသဖြင့် သူ၏ ‘သမာဓိကောင်းကင်မုန်တိုင်း’ က ရန်ကျောက်ကဲ၏ “စွမ်းအားတစ်ခုကိုယ်ခွဲသုံးခု” စွမ်းအားဖြင့် ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာသုံးခု ပေါင်းစပ်ခြင်းကို တန်ပြန်နိုင်၏။

ထို့ကြောင့် ခြင်္သေ့နတ်ဘုရားတို့အုပ်စုက ရန်ကျောက်ကဲလက်ချက်ဖြင့် ခံသွားရသည့်တိုင် ပြန်လာရဲသည်မှာ အံ့သြစရာမရှိတော့ပေ။

“ဝူး...”

ဆင်နတ်ဘုရားက နှာမောင်းကြီးကို နောက်တစ်ကြိမ် လွှဲလိုက်ပြီး ရူယိရွှေတုတ်ကို ရစ်ပတ်လိုက်သည်။

ရူယိရွှေတုတ်ကို ကိုင်ဆောင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထိန်းချုပ်ထားသည့် ဧရာမမျောက်ဝံကြီးသည်ပင် အတင်းအကျပ် ဆွဲယူခံလိုက်ရသည်။

သို့သော် ထိုအချိန်မှာပင် ကြီးမားသောမျောက်ဝံကြီးနှင့် သံမဏိတုတ်ကြီးမှာ အတူတကွ ကျုံ့ဝင်သွားသဖြင့် ရှာလျားသော ဆင်နှာမောင်းကြီးမှာ ပစ်မှတ်ကိုလွဲချော်သွားသည်။

ကျုံ့ဝင်သွားသည့် မျောက်ဝံကြီးက သံတုတ်ကိုမြှောက်ပြီး ဆင်းကြီး၏နှာခေါင်းပေါက်ထဲကို ထိုးသွင်းလိုက်သည်။ အစွယ်ခြောက်ချောင်းပါသည့်ဆင်ဖြူကြီးမှာ သူ့နှာမောင်းကို အလျှင်အမြန် ပြန်ရုပ်သိမ်းလိုက်ရတော့သည်။

ရူယိရွှေတုတ်က ဆင်နတ်ဘုရားကို ဟန့်တားလိုက်နိုင်သော်လည်း ခြင်္သေ့နတ်ဘုရားနှင့် ချွိစုတို့က ပန်ပန်မှထိန်းချုပ်ထားသည့် နတ်မိစ္ဆာမျောက်ဝံကြီးဆီသို့ ကြမ်းတမ်းစွာ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

ရွှီဖေးက ပန်ပန်ကိုကူညီပေးရန် ရည်ရွယ်လိုက်သော်လည်း သူ၏ဦးခေါင်းထက်သို့ မီးလျှံမိုးစက်များ ရုတ်တရက် ရွာကျလာသည်။

ပတ္တမြားတံခွန်ဗုဒ္ဓက သူ၏တံခွန်ကိုဖွင့်လိုက်ပြီး ကောင်းကင်ယံဗဟိုသို့ပစ်လွှတ်လိုက်သည်။

တံခွန်က အလွန်တရာကျယ်ပြန့်လာပြီး အနီရောင်မီးခဲများထွက်ပေါ်လာကာ အောက်သို့ရွာသွန်းချလိုက်သည်။

ထိုပတ္တမြားနီရောင် မီးကျီးခဲများက အခိုးအငွေ့ပမာဖြစ်ပြီး မည်သည့်အပူဓာတ်မှ ထုတ်လွှတ်ခြင်းမရှိပေ။ သို့သော် ရန်သူ၏စိတ်ဝိညာဉ်ကို တည့်တည့်မတ်မတ်ပင် ဦးတည်တိုက်ခိုက်လိုက်လေသည်။

ထိုမီးကျီးခဲများက ဗုဒ္ဓဘာသာ၏ ကြာပန်းနီသန့်စင်မီးလျှံဖြစ်ပြီး အလွန်ပင်စွမ်းအားကြီးမားသည်။

ရွှီဖေးမှထိန်းချုပ်ထားသည့် ဧရာမမျောက်ဝံကြီး တုန်ခါသွားပြီး ပုံရိပ်ရောင်မြူခိုးအဖြစ် ပြောင်းလဲသွားလေသည်။

သို့သော် မျောက်ဝံကြီးက ချက်ချင်းပင် မူလအသွင် ပြန်လည်ရောက်ရှိသွားပြီး ရှိခြင်းနှင့်မရှိခြင်းကြား အခြေအနေနှစ်ခုတွင် ပြောင်းလဲကူးလူးရင်း ပတ္တမြားတံခွန် လွှမ်းခြုံထားသည့်ဧရိယာမှ ခုန်ထွက်သွားကာ တိုက်ပွဲတစ်ဖက်ခြမ်းသို့ ဝင်ရောက်သွားပြီး ပန်ပန်ကို ကူညီပေးလိုက်သည်။

ပတ္တမြားတံခွန်ဗုဒ္ဓက သူ၏တိုက်ကွက်လွဲချော်သွားသော်လည်း ထိတ်လန့်သွားခြင်းမရှိဘဲ ဆက်တိုက်ဆိုသလို ဆက်လက်တိုက်ခိုက်လိုက်သည်။

တိုက်ပွဲကိုအချိန်ဆွဲထားနိုင်လေ သူတို့အတွက် အကျိုးရှိလေ မဟုတ်ပါလား။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ခြေကုန်လက်ပန်းကျသွားမှ သူတို့က အသာ‌လေး အနိုင်ယူလိုက်ရုံပင်။

လက်ရှိတွင် သူတို့အုပ်စုက ရန်ကျောက်ကဲထက် အချိန်မရွေးပြန်ရောက်လာနိုင်သည့် ကောင်းချင်းရွှမ်နှင့် ဝူတန့်မယ်တော်ကို ပိုပြီးသတိထားနေမိကြသည်။

ထိုသူများလက်ထဲတွင် နတ်ဘုရားထောင်ချောက်ဓားရော နတ်ဘုရားသုတ်သင်ဓားပါ ရှိနေမည် မဟုတ်ပါလား။

အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကတော့ အပြင်ဘက်တွင် မတ်တတ်ရပ်နေခဲံသည်။

သူက သမာဓိကောင်းကင်မုန်တိုင်းကိုသုံးပြီး ဘေးနားမှာသာ ကူညီပေးနေကာ ရန်ကျောက်ကဲတို့အုပ်စုအား အခြားသူများ လာရောက်ကယ်ဆယ်ခြင်းမရှိစေရန် စောင့်ကြပ်ပေးနေသည်။

အခြားသော နတ်မိစ္ဆာမျိုးနွယ် ၊ အနောက်ဘက်သူတော်စင်ဘုံမှ တန်ခိုးစွမ်းအားရှင်များရှိနေသည့်တိုင် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကတော့ လုံးဝ သတိလက်လွတ် မရှိခဲ့ပေ။

“ဟမ်...”

နှစ်ဖက် တိုက်ခိုက်နေစဉ် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏မျက်ဝန်းများ အနည်းငယ်လှုပ်ရှားသွားလေသည်။

ဟုတ်ပေ၏။

ဗလာနယ်ထဲတွင် သွေးနီရောင်ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ကောင်းချင်းရွှမ် ပြန်ရောက်လာခြင်း ဖြစ်လေသည်။

သူမက နတ်ဘုရားထောင်ချောက်ဓားနှင့်အတူ စစ်မြေပြင်သို့ လျှင်မြန်စွာ ရောက်ရှိလာသည်။ ဝူတန့်မယ်တော်ကတော့ သူမနှင့်အတူ ပါမလာခဲ့ပေ။

ကောင်းချင်းရွှမ်က ကွမ်းချန်ထျန်းကျွင်း၏လက်ပြတ်ကြီးကို ဝူတန့်မယ်တော်ထံသို့ပေးပြီးသည်နှင့် ရန်ကျောက်ကဲတို့ဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူမ နောက်မကျခဲ့ပေ။

ရောက်ရောက်ချင်းပင် ကောင်းချင်းရွှမ်က ရန်သူအားလုံးတွင် အားအနည်းဆုံးဖြစ်သည့် ထိုက်စွေ့ထျန်းကျွင်း’ယင်ကျောက်’ ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။

သွေးနီရောင်ဓားအလင်းတန်း တောက်ပသွားပြီး ယင်ကျောက်လက်ထဲမှ ဝိညာဉ်ခေါ်ခေါင်းလောင်းကို ခုတ်ပိုင်းချလိုက်သည်။

အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက သတိပေးလိုက်သဖြင့် ယင်ကျောက်က ခန္ဓာကိုယ်ကိုလှည့်ပတ်လိုက်ပြီး ကောင်းချင်းရွှမ်၏ဓားချက်ကို ရှောင်တိမ်းလိုက်သည်။

လက်ထဲတွင် နတ်ဘုရားထောင်ချောက်ဓားရှိနေသဖြင့် ကောင်းချင်းရွှမ်၏တိုက်ခိုက်မှုတိုင်းက ယခင်ကထက် ပိုမိုလျှင်မြန်နေပြီး ဓားချက်တိုင်းက ပိုမိုကြမ်းတမ်းနေသည်။

ယင်ကျောက်က သူမကို လျှော့မတွက်ရဲခဲ့ပေ။

သူက ကောင်းချင်းရွှမ်၏တိုက်ခိုက်မှုကို ကောင်းကင်စက်ဝန်းလှံရှည်ဖြင့်ကာကွယ်ပြီး ဝိညာဉ်ခေါ်ခေါင်းလောင်းကို ကောင်းချင်းရွှမ်ရှိရာသို့ ရည်ရွယ်ပြီး တီးခတ်လိုက်သည်။

ဤရတနာပစ္စည်းက အလွန်ထူးခြားသည်။

နက်ရှိုင်းနတ်ဘုရားတစ်ပါးဖြစ်သော ကောင်းချင်းရွှမ်သည်ပင် စိတ်အာရုံများထုံထိုင်းသွားပြီး စိတ်များ မကြည်မလင်ဖြစ်လာသည်။

ဤသည်က နက်ရှိုင်းနတ်ဘုရားအဆင့်မတက်ရောက်ခင် မဟာတာအို၏စူးရှတေးသံဖြင့် ဖိနှိပ်ခံရခြင်းမျိုးဖြင့် ဆင်တူသည်။

သို့သော် နတ်ဘုရားထောင်ချောက်ဓားက အံ့သြဖွယ်ရာ ကောင်းလွန်းလှသည်။

ဓားအလင်းတန်းများက ကောင်းချင်းရွှမ်အားလွှမ်းခြုံသွားပြီး သူမ၏ဝိညာဉ် ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရမည်ကို ကာကွယ်ပေးလိုက်သည်။

သို့ပေသိ ထိုအခြေအနေကြောင့်ပင် ကောင်းချင်းရွှမ်၏တိုက်ခိုက်မှု လွဲချော်သွားခဲ့သည်။

ယင်ကျောက်က ချက်ျင်းပင် ခြေထောက်ကိုမြဲမြံစွာရပ်လိုက်ပြီး ကောင်းကင်စက်ဝန်းလှံရှည်ကိုမြှောက်ကာ ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလိုက်သည်။

သို့သော် ထိုခဏတွင်...

ယင်ကျောက်၏စိတ်အစဉ်က ပုန်မှန်မဟုတ် ခုန်လှုပ်လာပြီး ကြက်သီးမွေးညင်းများလည်း ထသွားလေသည်။

ဖိစီးလာသည့် ကြောက်ရွံ့မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ထုံထိုင်းသွားစေပြီး ခြေဖျားမှခေါင်းအထိ အေးစိမ့်စွာခံစားလိုက်ရသည်။

နက်မှောင်သည့် ဟင်းလင်းပြင်စကြာဝဠာထဲတွင် အရိပ်မဲ့ သဏ္ဌန်မဲ့ ဖြစ်တည်မှုကင်းမဲ့သည့် ဓားအလင်းတန်းတစ်ခုက အမှောင်ထုဖြင့်ရောနှောလျှက် မည်သည့်အသံမှမပေးဘဲ တိတ်ဆတ်စွာပင် ယင်ကျောက်၏နောက်ကျောသို့ ရောက်ရှိလာလေသည်။

လောကနိယာမအားလုံး ပြိုကွဲသွားပြီး ဗလာနယ်တစ်ခုလုံး ရှုပ်ထွေးသွားသည်။

သက်ရှိအားလုံးအဆုံးသတ်သွားပြီး အရာဝတ္ထုအားလုံး ပြိုကွဲပျက်ဆီးသွားကြသည်။

အရာရာက ကံကြမ္မာကိုလက်ခံလိုက်ရသည့်ပမာ ရုတ်ချည်းပင် အဆုံးသတ်သွားကြရလေသည်။

ဤသည်က ရုတ်တရက်ဖြစ်လာသည်ဆိုသော်လည်း အရာအရာတိုင်းက ဖြစ်သင့်၍ဖြစ်သည့်ပမာ သဘာဝကျလှသည်။

အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက တစ်ခုခုမှားနေပြီဟုခံစားလိုက်ရပြီး ချက်ချင်းပင် သမာဓိကောင်းကင်မုန်တိုင်းကို မှုတ်ထုတ်လိုက်ကာ ဓားအလင်းတန်းကိုတားဆီးရန် ကြံရွယ်လိုက်၏။

သို့သော် ဓားအလင်းတန်းဖြတ်သန်းသွားသည်နှင့် နက်နဲလှသော သမာဓိကောင်းကင်မုန်တိုင်းသည်ပင် ပိုင်းဖြတ်ခံလိုက်ရတော့သည်။

ဒါပေမဲ့ ဓားမီးအလင်းတန်း ဖြတ်သန်းသွားတဲ့အခါ အင်မတန် အစွမ်းထက်ပြီး နက်ရှိုင်းတဲ့ သမာဓိကောင်းကင်မုန်တိုင်းတောင် လှီးဖြတ်ခံလိုက်ရတယ်။

ကမ္ဘာပျက်ကပ် ဆိုက်ရောက်သည့်ပမာ အရာခပ်သိမ်း ညှိုးနွမ်းပျက်သုဉ်းသွားလေသည်။

All Chapters