← Chapters

ကောင်းကင်နတ်ဘုရားသွေးကိုသောက်သည့်နတ်ဆိုးဓား

Vol. 112 Ch. 1562

ကောင်းကင်နတ်ဘုရားသွေးကိုသောက်သည့်နတ်ဆိုးဓား

Vol. 112 Ch. 1562

မင်ရောင်ပမာ နက်မှောင်လွန်းသည့် ဓားတစ်လက်...။

ကျောက်စိမ်းသားပမာ အပြစ်ကင်းစွာ သန့်စင်လွန်းသည့် လက်နှစ်ဖက်...။

ထို့နောက် အမှောင်ရိပ်ထဲမှ အဖြူရောင်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာလေသည်။

သူမ ထွက်ပေါ်လာသည်နှင့် အဆုံးမဲ့တိတ်ဆိတ်မှု ပျောက်ကွယ်သွားပြီး ဓားအလင်းတန်းများနိုးထလာကာ ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာသည်။

မျက်စိဖြင့် မမြင်ရသလို ထင်မှတ်ရသော ဓားအလင်းတန်းများက သမာဓိကောင်းကင်မုန်တိုင်းကို ဖြတ်တောက်ပစ်လိုက်ကာ ဓားဆန္ဒ၏အမှန်တရားကို ထင်ရှားစွာ ဖော်ပြလိုက်သည်။

ရက်စက်ကြမ်းတမ်းလွန်းသည့် ဆုံးဖြတ်ချက် ၊ အမြစ်ပြတ်သုတ်သင်ပစ်တော့မည့် ရိုင်းစိုင်းသော ဓားဆန္ဒတို့က ကမ္ဘာပျက်သည့်နေ့တွင် ဓမ္မအားလုံးအဆုံးသတ်သွားသည့်ပမာ ပေါက်ကွဲထွက်လာသည်။

ဖန်းယွင်ရှန်း၏မျက်ဝန်းထဲတွင် နက်မှောင်သည့်အလင်းတန်းက တဖျတ်ဖျတ်တောက်ပနေသည်။

သူမ၏ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူရှိနေပြီး ပရမ်းပတာဖြစ်နေသော ချောက်နက်ကြီးတစ်ခုက သူမနှင့်တစ်သားတည်းပေါင်းစပ်နေသည့်ပမာ ထင်မှတ်ရသည်။

လွှမ်းမိုးနိုင်စွမ်းမြင့်မားလွန်းသော “အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” ဓားဆန္ဒက ယင်ကျောက်၏ ကောင်းကင်စက်ဝန်းလှံရှည်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်တော့သည်။

ထို့နောက် ဓားအလင်းတန်းက ရှေ့ဆက်တိုးလာပြီး ယင်ကျောက်ကိုပါ ခုတ်ပိုင်းချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူက ထိုက်ရွှီးမူလနတ်ဘုရားပဲ မဟုတ်လား ၊ သူ့ရဲ့ အမတချီစွမ်းအားနှစ်သာရက ငါ့ရဲ့ ကောင်းကင်နတ်ဘုရားခန္ဓာကို ဘာမှထိခိုက်အောင် မလုပ်နိုင်ပါဘူး... နေဦး... တစ်ခုခုမူမမှန်သလိုပဲ”

ရှောင်ရန်အချိန်မရတော့သဖြင့် ယင်ကျောက်က ဓားချက်ကို ကောင်းကင်နတ်ဘုရားရုပ်ခန္ဓာဖြင့် ခံယူရန် အသင့်ပြင်လိုက်သည်။

ယခင်က ဖန်းယွင်ရှန်းနှင့် တိုက်တိုင်းအောင်ဗုဒ္ဓတိုက်ခိုက်စဉ်ကတည်းက သူမ၏

ဖန်းယွင်ရှန်းက ယခင်က တိုက်တိုင်းအောင်ဗုဒ္ဓနှင့် တိုက်ခိုက်ခဲ့စဉ်ကတည်းက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး အခွင့်အာဏာတွင် အားနည်းချက်ရှိကြောင်း အမတခုံရုံးက သိရှိထားခဲ့သည်။

သူမ၏ဓားသိုင်းက အလွန်ရက်စက်ကြမ်းတမ်းသော်လည်း မူလပရမ်းပတာသုတ်သင်ခြင်းကျမ်းလောက် မပြင်းထန်ပေ။

ထို့ပြင် သူမ၏ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့်သရဖူသာရှိနေသဖြင့် ယင်ကျောက်က ကြောက်စိတ်မရှိခဲ့ချေ။

သို့သော် ဓားအလင်းတန်းတောက်ပသွားသည်နှင့် ဝိညာဉ်ခေါ်ခေါင်းလောင်းသံ ပျက်ဆီးသွားပြီး ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းသည်လည်း ဆက်လက်ဆင်းသက်လာသည်။

ယင်ကျောက်က သတိထားနေသဖြင့် အချိန်မီရှောင်လိုက်နိုင်သော်လည်း ခေါင်းလောင်းကိုင်ထားသည့်လက်နှင့်အတူ ခေါင်းတစ်လုံး ၊ လက်မောင်းနှစ်ဖက်ပါ ခုတ်ပိုင်းခံလိုက်ရပြီး ပြတ်တောက်သွားသည်။

ယင်ကျောက် နာကျင်စွာအော်ဟစ်လိုက်ပြီး ချက်ချင်းနောက်သို့ ဆုတ်ပြေးတော့သည်။

အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၊ ပတ္တမြားတံခွန်ဗုဒ္ဓ၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားသူများမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

အမှောင်ထုဗလာနယ်ထဲမှ ပရမ်းပတာချောက်နက်ကြီးထဲတွင် စိတ်မသက်မသာခံစားရမှုများဖြင့် ပြည့်နက်နေသည်။

ထိုနရာတွင် ဖန်းယွင်ရှန်း၏ပုံရိပ်က ပေါ်လာလိုက် ပျောက်လာလိုက်ဖြင့် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား အပြန်အလှန်ပြောင်းလဲနေသည်။

သူမက ဖန်ဆင်းခြင်းတရား၏အဆုံးသတ်ကို ကိုယ်တိုင်ပုံဖော်ထားသည့်ပမာဖြစ်ပြီး အဆုံးသတ်၏အုပ်စိုးရှင်လည်း ဖြစ်နေသည်။

ထိုသို့ပရမ်းပတာအခြေအနေကို စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပေ။

သို့သော် လူတိုင်း၏စိတ်ထဲတွင် ထူးဆန်းစွာပင် မျှော်လင့်ချက်ကင်းမဲ့မှု ၊ စိတ်အာရုံများထုံကျဉ်သွားမှုနှင့် အထိတ်တလန့်ခံစားချက်များကို တပြိုင်တည်းခံစားလိုက်ကြရသည်။

ယင်ကျောက်၏ ဖြတ်တောက်ခံလိုက်ရသော ဦးခေါင်းနှင့် လက်မောင်းများမှာ တစ်ခဏအတွင်း သဲလွန်စပင်မကျန် ‌ပျောက်ကွယ်သွားပြီး ဤလောကတွင် လုံးဝမရှိခဲ့သလို ထင်မှတ်ရ၏။

ထို့ပြင် ဒဏ်ရာများမှာလည်း အဆုံးမဲ့ကာလပတ်လုံး အမြဲတမ်းစွဲကပ်နေမည့်ပမာ ပြန်လည်ပျောက်ကင်းရန်‌ မျှော်လင့်ချက် မရှိတော့ပေ။

ပတ္တမြားတံခွန်ဗုဒ္ဓ၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။

“သူ အမွေဆက်ခံထားတဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့အခွင့်အာဏာက… ပြည့်စုံတဲ့ပုံစံမျိုး မဟုတ်သေးဘူးမလား”

ချွိစုက...

“သူက ရှေ့ဆက်လျှောက်လိုက်တာနေမယ် ၊ အခုဆိုရင် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးနဲ့ ပိုပြီးနီးကပ်သွားပြီ”

ချွိစုစိတ်ထဲ အတိတ်တစ်ချိန်က တွေ့ဖူးသူတစ်ယောက်အား သတိရလိုက်မိသည်။

ထိုစဉ်အချိန်က သူက ကောင်းကင်နတ်ဘုရားအဆင့်တောင် မရောက်သေး ၊ ထိုသူသည်လည်း နက်ရှိုင်းနတ်ဘုရားအဆင့်သာ ရှိသေးသည်။

ထိုသူက...

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ၏ ခွန်လွန်အထင်ကရကိုးပါးထဲက တစ်ပါးဖြစ်သော ရာဟုကြယ်ထက်ယံအရှင်သခင် ”ကျန်းရွှင်ဟွား” ပင်။

ခွန်လွန်အထင်ကရကိုးပါးထဲတွင် ကျန်းရွှင်ဟွား အကျွမ်းကျင်ဆုံးနယ်ပယ်မှာ ချောင်းမြောင်းတိုက်ခိုက်ခြင်းနှင့် လုပ်ကကြံသတ်ဖြတ်ခြင်း ဖြစ်သည်။

အချက်ပြသံတစ်ခု ၊ အရိပ်အယောင်တစ်ချက်ပင်မပေးဘဲ ရုတ်တရက် ပေါက်ကွဲထွက်သလို တိုက်ခိုက်တတ်သည်။

ရန်သူ၏အသက်ကို တစ်ချက်တည်းဖြင့်ရိတ်သိမ်းပြီး အောင်မြင်သွားသည်နှင့် ချက်ချင်းပျောက်ကွယ်သွားတတ်သည်။

စောစောက ဖန်းယွင်ရှန်း၏ ထိုးဖောက်တိုက်ခိုက်သည့်ပုံစံက ကျန်းရွှင်ဟွား၏အကျွမ်းကျင်ဆုံးပညာရပ်ဖြင့် ပုံတူကူးထားသည့်ပမာ အတိအကျ တူညီသည်။

ကျန်းရွှင်ဟွားကိုယ်တိုင်သည်ပင် ဖန်းယွင်ရှန်းနှင့် တူညီသည့်အဆင့်တွင်ရှိနေလျှင် ဤမျှရက်စက်ကြမ်းတမ်းသည့်တိုက်ကွက်မျိုး ထုတ်သုံးနိုင်မည် မဟုတ်ပေ။

သတ်ဖြတ်လိုသည့်အငွေ့အသက် တစ်စက်မှထွက်ပေါ်လာခြင်းမရှိခဲ့ပေ။

သူမ တိုက်ခိုက်မည်ဟု ဆုံးဖြတ်လိုက်မှသာ အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာနှင့် အခြားသော ကောင်းကင်နတ်ဘုရားများက သူမရောက်နေကြောင်းကို သတိထားမိခဲ့ကြသည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ငေးကြည့်ရင်း စိတ်ထဲမှ သက်ပြင်းတိုးတိတ်ချလိုက်မိ၏။

“ယွင်ရှန်း… ဒါမှ မင်းရဲ့ တကယ့်ပကတိပုံစံပဲ...”

“ကမ္ဘာဖျက်နတ်ဆိုးဓား ၊ အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” ပညာရပ်ကို ကျင့်ကြံပြီးနောက် ဖန်းယွင်ရှန်း၏ တန်ခိုးစွမ်းအားက အဆမတန် မြင့်မားလာခဲ့သော်လည်း နတ်ဆိုးအငွေ့အသက်များ စိမ့်ဝင်ခြင်းမဖြစ်စေရန် သူမကိုယ်သူမ အချိန်ကြာမြင့်စွာ ချုပ်တည်းထားခဲ့ရသည်။

ဤသည်မှာ သူမ၏သဘာဝအလေ့အထနှင့်ရော သူမ၏ဓားဆန္ဒနှင့်ပါ လုံးဝ ဆန့်ကျင်နေခဲ့သည်။

ဥပမာပြရလျှင် -

ဓားတစ်လက်ကိုကြည့်မည်ဆိုလျှင် သံမဏိအရည်အသွေးကောင်း‌လေ ဓားသွားက ပိုပြီးတုံးလာလေ ဖြစ်သည်။

ထို့အတူပင်ဖြစ်သည်။

ဖန်းယွင်ရှန်း ဝါဒတောင်ကိုရောက်လာပြီးနောက် အခြေအနေက ပိုမိုကောင်းမွန်လာသည်။ ပြင်ပလောကတွင် လှည့်လည်သွားလာရင်း အမျိုးမျိုးသောဒုက္ခများကို ခါးစည်းခံစရာ မလိုတော့ပေ။

သို့သော် ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ တန်ခိုးစွမ်းအားကြီးမားလာသည်ဟု ခံစားရသော်လည်း သူမကိုယ်သူမ ပြန်လည်အားနည်းသွားသလို ခံစားမိခဲ့သည်ပင်။

ထို့ကြောင့်ပင် သူမ အံတင်းတင်းကြိတ်ပြီး ရန်ကျောက်ကဲအပေါ်ထားရှိသည့် သံယောဇဉ်ကိုဖိနှိပ်ကာ ဝါဒတောင်မှ ထွက်ခွာသွားခဲ့သည်။

တစ်ယောက်တည်းအပြင်လောကတွင် လှည့်လည်သွားလာရင်း ငရဲကိုးထပ်နှင့်ပတ်သက်သော ကံကြမ္မာကို ရင်ဆိုင်ခဲ့ရသည်။

သို့ပေသိ တစ်ယောက်တည်းလှည့်လည်သွားရာစဉ်အချိန်နှင့် ငရဲကိုးထပ်တွင် ကျန်းရွှင်ဟွားနှင့် စိတ်ပိုင်းဆိုင်ရာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည့်အချိန်များက... ဖန်းယွင်ရှန်းအတွက် ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသလို ခံစားရစေခဲ့သည်။

တစ်ချိန်တည်းပင် သူမ၏တန်ခိုးစွမ်းအားသည်လည်း အဆမတန်ခုန်တက်ပြီး မြင့်မားသွားခဲ့သည်။

သို့ရာတွင် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကြောင့် သူမ၏တန်ခိုးစွမ်းအားများကို ဖိနှိပ်ထားရပြန်သည်။

ထိုက်ရွှီးမူလနတ်ဘုရား အထွတ်ထိပ်အဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်နတ်ဘုရားများကို ထည့်မတွက်ဘူးဆိုလျှင် သူမက တာအိုဝါဒ၏ တန်ခိုးစွမ်းအား အမြင့်မားဆုံးသူ ဖြစ်လာခဲ့သည်။

ကောင်းကင်နတ်ဘုရားအများစုကိုပင် သူမက ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိလေသည်။

သို့သော် ဖန်းယွင်ရှန်းက မကျေနပ်ခဲ့ချေ။

ရန်ကျောက်ကဲတို့အုပ်စု ငရဲကိုးထပ်မှ မဟာနတ်ဆိုးများနှင့် ဆက်တိုက် တိုက်ပွဲဝင်နေချိန် တာအိုဝါဒဘက်မှ ခြေလှမ်းတစ်ချက်မှားသွားခဲ့သည်။

ထိုအခွင့်အရေးကို အပြည့်အဝအသုံးချကာ သတ္တုပလ္လင်ကိုပိုင်ဆိုင်သော ရှေးဟောင်းနတ်ဆိုး ပြန်လည်မွေးဖွားလာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲတို့ အကြီးအကျယ် အမျက်ထွက်ခဲ့ရသလို ဖန်းယွင်ရှန်းသည်လည်း သည်းခံနိုင်စွမ်း မရှိခဲ့ပေ။

ထို့ကြောင့် သူမ၏နတ်ဆိုးဓား ပိုမိုတိုးတက်လာစေရန် ကြိုးစားခဲ့သည်။

နတ်ဘုရားထောင်ချောက်ဓား အောင်မြင်စွာရရှိပြီးနောက် ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ပြန်ရောက်လာချိန်ကတည်းက ဖန်းယွင်ရှန်း တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ရန်ကျောက်ကဲနှင့် တာအိုလမ်းစဉ်အကြောင်း ဆွေးနွေးပြောဆိုသည်မှအပ ကျန်အချိန်များအားလုံး မိမိကိုယ်ကို ဖန်တီးပုံဖော်ရန်သာ အပ်နှံထားခဲ့သည်။

ထိုသို့ပြုလုပ်သည့်အခါ အတိတ်က သူမကိုတားဆီးခဲ့သည့် သံကြိုးများကို ပိုမိုစိတ်အားထက်သန်စွာ ၊ မယိမ်းယိုင်စွာ ရင်ဆိုင်တိုက်ခိုက်ရတော့သည်။

သူမကို ဆင်းရဲဒုက္ခမျိုးစုံ ခါးစည်းခံစားစေခဲ့သော ၊ သေရေးရှင်ရေးအခြေအနေထဲသို့ အကြိမ်ကြိမ်တွန်းချဖူးခဲ့သော ကျန်းရွှင်ဟွား၏ သိုင်းပညာအနှစ်သာရကို ဖန်းယွင်ရှန်း စတင်လေ့လာခဲ့သည်။

ဖန်းယွင်ရှန်း၏ သိုင်းပညာက ပွင့်လင်းမြင်သာမှုရှိသည်။ တည်ကြည်ခိုင်မာမှုရှိသလို ပျော့ပြောင်းနူးညံ့မှုဖြင့်လည်း ပေါင်းစပ်ထားသည်။

ကျန်းရွှင်ဟွား၏ သိုင်းပညာက လုပ်ကြံသတ်ဖြတ်သည့်ပုံစံမျိုးဖြစ်ပြီး ထိတ်လန့်ဖွယ်ရာကောင်းသည်။

ဖန်းယွင်ရှန်းက ကျန်းရွှင်ဟွား၏ သိုင်းပညာလမ်းစဉ်သို့ ပြောင်းလဲလိုက်ခြင်း မဟုတ်ပေ။ သူမ၏သိုင်းပညာနှင့် ဖန်းယွင်ရှန်း၏ သိုင်းပညာကို ပေါင်းစည်းလိုက်ခြင်းသာ ဖြစ်သည်။

နောက်ဆုံးမှာတော့ ယခင်တစ်ချိန်က ကန့်သတ်ချုပ်ချယ်ထားမှုများအားလုံး ကြီးမားသည့်စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားတော့၏။

ကြီးမားသည့်မြစ်ကြီးတစ်ခုကို နှစ်ပေါင်းများစွာပိတ်ဆို့ထားသည့် ရေကာတာကျိုးပျက်ကာ ရေများဒလဟော ပွင့်ထွက်သွားသည့်ပမာပင် ဖြစ်သည်။

ထို့ကြောင့် ယနေ့ ဗလာနယ်ထဲတွင် အလွန်တရာကြောက်မက်ဖွယ်ကောင်းသော ဓားချက်တစ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေ၏။

သူမကို အမြဲတမ်းချုပ်နှောင်ထားပြီး စိုးရိမ်ပူပန်စေခဲ့သော နတ်ဆိုးဆန္ဒကိုလည်း ဖန်းယွင်ရှန်းက တည်ငြိမ်စွာ အနီးကပ်လေ့လာခဲ့သည်။

ထိုအခါ စိတ်ထဲမှ အကြောက်တရားသည်လည်း ဖြည်းဖြည်းချင်း လုံးဝ ပျောက်ကွယ်သွားတော့၏။

တစ်ဖက်တွင် ကျန်းရွှင်ဟွား၏သိုင်းပညာအနှစ်သာရဖြင့် ပေါင်းစပ်ကျင့်ကြံရင်း တစ်ဖက်တွင်လည်း စိတ်ဓာတ်ကို ပိုမိုထက်ရှအောင်ကြိုးစားပြီး ထိုနတ်ဆိုးဆန္ဒကို ပိုမိုနက်ရှိုင်းစွာနားလည်စေရန် ကြိုးစားခဲ့သည်။

နောက်ဆုံး ထိုနတ်ဆိုးဆန္ဒကို ထိန်းချုပ်သွားနိုင်ပြီး ထိုစွမ်းအား၏အရှင်သခင်အဖြစ် ပြောင်းလဲသွားတော့သည်။

ထို့ကြောင့် ဖန်းယွင်ရှန်းအနေဖြင့် ကျန်းရွှင်ဟွား၏ သိုင်းပညာအနှစ်သာရကို နက်နက်ရှိုင်းရှိုင်းနားလည်သွားပြီး သူမ၏ကိုယ်ပိုင်သိုင်းပညာဖြင့် အပြည့်အဝ အရှိန်မြှင့်ကာ ပေါင်းစည်းနိုင်ခဲ့သည်။

အစပိုင်းတွင် လုံးဝ ပုန်းကွယ်နေပြီး နောက်မှ ရုတ်တရက်တိုက်ခိုက်သည့် သိုင်းပညာသဘောတရားအရ ၊ ဓားချက်၏ မုန်တိုင်းဆန်သော အရှိန်အဟုန်ကို ဖိနှိပ်ထားပြီး အချိန်တန်သည်နှင့် ပေါက်ကွဲထွက်စေကာ လုပ်ကြံသတ်ဖြတ်ခြင်း အထွတ်ထိပ်သို့ ရောက်ရှိသွားစေသည်။

ဤသို့သောဓားချက်က အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။

ထိုသို့ သိုင်းပညာကိုပြောင်းလဲလိုက်ခြင်းက “အလုံးစုံသုတ်သင်ဖျက်ဆီးခြင်းအသူရာချောက်နက်” ဓားသိုင်းစွမ်းအားကို ကြောက်မက်ဖွယ်ရာ ပိုမိုထက်မြက်စေခဲ့သည်။

ကျင့်စဉ်လမ်းတွင် ပြောင်းလဲမှု(၂)ခု ကြုံတွေ့ရသည့်အခါ ဖန်းယွင်ရှန်း၏ဓားသိုင်းသည်လည်း ကမ္ဘာပျက်ချိန် ဓမ္မအဆုံးသတ်နေ့ရက်အား ဆင့်ခေါ်နိုင်လောက်သည့်အထိ ထိတ်လန့်ဖွယ်ရာ ပြောင်းလဲသွားတော့သည်။

ထို့ပြင် သူမ၏ဓားသွားက သတ်မှတ်ထားသည့်နယ်နိမိတ်များကို ချိုးဖျက်နိုင်စွမ်းရှိသွားကာ ဓမ္မအဆုံးသတ်ဓားဆန္ဒက ဤလောကသို့ ဆင်းသက်လာတော့၏။

ထိုဓားဆန္ဒက စန့်ချင်အဆက်အနွယ်၏ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနှင့်ပင် ကောင်းစွာယှဉ်ပြိုင်နိုင်နေပေပြီ။

ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ပစ်နိုင်လောက်သည့် တန်ခိုးစွမ်းအားမျိုးသာပင်။

ဤသည်မှာ ဖန်းယွင်ရှန်း နှစ်ပေါင်း(၅၀)ကြာအောင် တံခါးပိတ်ကျင့်ကြံပြီးနောက် ပထမဆုံးထုတ်သုံးလိုက်သည့် ဓားတစ်ချက် ဖြစ်၏။

စန့်ချင်အဆက်အနွယ်များ အချိန်ယူကျင့်ကြံကြသည့် “ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” သဘောတရားနှင့် အတူတူပင် ဖြစ်သည်။

ဤဓားချက်က ထွက်ပေါ်လာသည်နှင့် အခြား မည်သည့်ပစ်မှတ်ကိုမှ အရေးမစိုက်ဘဲ ကောင်းကင်နတ်ဘုရားများကိုသာ တည့်မတ်စွာ ဦးတည်တိုက်ခိုက်လိုက်သည်။

သူမက ကောင်းကင်နတ်ဘုရားများ၏ မသေနိုင်သောသွေးရည်စက်များဖြင့် ဓားကို စွန်းထင်းစေလိုက်ခြင်းသာပင်။

ဤဓားချက်တစ်ချက် အောင်မြင်သွားသည်နှင့် ဖန်းယွင်ရှန်း၏ဓားသိုင်းပညာသည်လည်း ပြီးပြည့်စုံသွားပြီ ဖြစ်၏။ မူလကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းတော့မည်မှာ အသေအချာပင်။

သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ပရမ်းပတာ အသူရာချောက်နက်ထဲသို့ နစ်မြုပ်သလိုဖြစ်သွားပြီး ဦးခေါင်းထက်ရှိ ပန်းနှစ်ပွင့်သရဖူကြားတွင် တတိယမြောက်ပန်းပွင့်က ဖြည်းဖြည်းချင်း ထင်ရှားလာသည်။

ချီစွမ်းအားငါးမျိုးပေါင်းစည်းခြင်း ၊ ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ...။

ပရမ်းပတာ အသူရာချောက်နက်ထဲမှ နက်နဲလွန်းသည့် တာအိုဓမ္မသံစဉ်များ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်တွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများသည်ပင် ဖန်းယွင်ရှန်း၏ ပကတိပုံရိပ်ကို တွေ့မြင်နိုင်ခြင်း မရှိကြ‌တော့ပေ။

All Chapters