နတ်ဘုရားသုတ်သင်ဓားကိုရရှိခြင်း
Vol. 112 Ch. 1564
“စောစောက မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးရဲ့ အငွေ့အသက်ကို မသိမသာ ခံစားလိုက်ရတယ်”
ရန်ကျောက်ကဲ ညာဘက်မျက်လုံးထဲတွင်ရှိနေသည့် ဖန်းယွင်ရှန်းအသံ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက...
“အခုချိန်မှာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နဲ့ ဘုရားလောင်းက လူသားအမြုတေကျောက်တုံးအပိုင်းအစကို လုနေတာနဲ့ အလုပ်ရှုပ်နေကြတယ် ၊ ဒါကြောင့် အာရုံပြောင်းဖို့ အချိန်ရမှာ မဟုတ်ဘူး”
“ဒါပေမဲ့ အော်မီတော်ဖော်ဗုဒ္ဓနဲ့ အရှေ့ဧကရာဇ်ကတော့ မတူဘူး ၊ မင်း ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်သွားပြီဆိုတော့ သူတို့က သေချာပေါက် အာရုံစိုက်မိမှာပဲ”
ထို့ကြောင့်ပင် ပတ္တမြားတံခွန်ဗုဒ္ဓ ၊ အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ ၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားသူများကို မောင်းထုတ်ပြီးနောက် ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ချက်ချင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။
လမ်းမှန်တာအိုဝါဒဘက်တွင် ကောင်းကင်နတ်ဘုရား အသစ်တစ်ပါးထွက်ပေါ်လာခြင်းမှာ အခြားသောအင်အားစုများကို အနည်းနှင့်အများ အာရုံစိုက်စေမည် အမှန်ပင်။
စောမင်ကျန့် ကောင်းကင်နတ်ဘုရားအဖြစ်သို့ အဆင့်တက်ခြင်းက ရုတ်တရက်ဆန်လွန်းပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဖန်းယွင်ရှန်းကတော့ ထိုသို့မဟုတ်ဘဲ အတော်လေး အခြေအနေထူးခြားသည်။
သူမက စန်းချင်း(၃)ပါးအဆက်အနွယ်မှ ထွက်ပေါ်လာသည့် ကောင်းကင်နတ်ဘုရားတစ်ပါး ဟုတ်မဟုတ် မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမခန္ဓာကိုယ်တွင် ငရဲကိုးထပ်နှင့်ပတ်သက်သည့် အငွေ့အသက်ရောင်ဝါများရှိနေသည် မဟုတ်ပါလား။
ဖန်းယွင်ရှန်းက ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးတွင် ဆဋ္ဌမမြောက်ဖြစ်သော ကမ္ဘာလောကအဆုံးသတ်ခြင်းကို ကိုယ်စားပြုသည့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးနှင့် သက်ဆိုင်နေသည်။
ထို့ကြောင့် အခြားသူများက သူမကို သတိကြီးကြီးထားပြီး အာရုံစိုက်နေမည်မှာ သေချာသည်။
ပဉ္စမမြောက် ဘိုးဘေးမဟာနတ်ဆိုးဖြစ်သည့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးသည်လည်း ဤအကြောင်းကို သတိထားမိပေမည်။
ရန်ကျောက်ကဲက...
“ကြည့်ရတာ ဒီတစ်ခေါက် မဟာလွတ်မြောက်ခြင်း ကောင်းကင်နတ်ဆိုးက ငါတို့ကို ကူညီပေးလိုက်တာပဲ ၊ ဒါပေမဲ့ သူက ငါတို့ကို စေတနာရှိလို့ လုပ်ပေးတာတော့ မဟုတ်ဘူး ၊ သူက ငရဲကိုးထပ်အကျိုးအတွက် လုပ်ဆောင်လိုက်တာပဲ”
ထို့နောက် ရန်ကျောက်ကဲငြိမ်သက်သွားပြီး အတွေးထဲနစ်မျောသွားလေသည်။
သူ့မျက်လုံးထဲတွင် ပုန်းအောင်းနေသည့် ဖန်းယွင်ရှန်းအသံသည်လည်း တိတ်ဆိတ်သွားသည်။
ရွှီဖေးနှင့် ကောင်းချင်းရွှမ်က ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ခေါင်းခါရင်း
“သူတို့ ဘာတွေ စီစဉ်နေလဲဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မပြောနိုင်ဘူး ၊ လက်ရှိမှာတော့ သူတို့တွေ အစီအစဉ်ဆွဲတဲ့အဆင့်မှာပဲ ရှိနေလောက်သေးတယ်”
သူက နားသယ်စပ်ကို ညင်သာစွာပွတ်သပ်လိုက်ရင်း ဆက်ပြောသည်။
“ပြန်တွေးကြည့်ရင်တော့... ယွင်ရှန်းနဲ့ ကျန်းရွှင်ဟွားက လက်ဝှေ့ယှဉ်ထိုးသလို ဖြစ်ခဲ့တာပဲ ၊ ပိုပြီးစွမ်းအားရှိတဲ့သူက ပြိုင်ပွဲမှာ အနိုင်ရသွားတာပေါ့”
ဖန်းယွင်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်...
“ကျွန်မက ရှုံးမယ့်သူ မဟုတ်ပါဘူး”
ရန်ကျောက်ကဲ ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ညာဘက်မျက်လုံးကို လက်ချောင်းဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။
ရွှီဖေးက...
“ဒဏ္ဍာရီတွေအရဆိုရင်တော့ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ထွက်ပေါ်မလာတာ အချိန်အတော်ကြာနေပြီ မဟုတ်လား ၊ အခု သူ ပြန်ပေါ်လာပြီပေါ့”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ အခု အခြားတာအိုအဓိပတိတွေလည်း လှုပ်ရှားကြတယ်ဆိုတော့... အော်မီတော်ဖော်ဗုဒ္ဓက လောကီရေးရာတွေနဲ့ ပတ်သက်လေ့မရှိဘူးလို့ ကြားဖူးတယ် ၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူးထင်တယ်”
ရန်ကျောက်ကဲက လက်ကာပြလိုက်ပြီး...
“အလယ်ခေတ်နှောင်းပိုင်းမှာ အလယ်ပိုင်းသုခဘုံက အများကြီးဖွံ့ဖြိုးတိုးတက်လာခဲ့တယ် ၊ ဒါကြောင့် အော်မီတော်ဖော်ဗုဒ္ဓနဲ့ အနောက်ဘက်သူတော်စင်ဘုံက ဘာမှမလှုပ်ရှားခဲ့တာပဲ ၊ ဒါပေမဲ့ မေ့မထားနဲ့... ရှေးခေတ်ကာလရဲ့ ဒုတိယမြောက်ဘိုးဘေးဖြစ်တဲ့ အော်မီတော်ဖော်ဗုဒ္ဓဆိုတာ ဗုဒ္ဓဘာသာရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ပဲ ၊ သူတစ်ယောက်တည်းနဲ့ လူပေါင်းသုံးထောင်ကျော်ကို တရားရစေပြီး ဗုဒ္ဓဘာသာအခြေခံအုတ်မြစ်တွေကို ချမှတ်ပေးနိုင်ခဲ့တယ်”
ထိုအချိန် ကောင်းချင်းရွှမ်က ပြုံးလိုက်ပြီး...
“ဝူတန့်မယ်တော် သတင်းပို့လာတယ် ၊ သူ နတ်ဘုရားသုတ်သင်ဓားကို ရပြီတဲ့...”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရွှီဖေးတို့ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီး လက်ဝါးချင်းရိုက်လိုက်ကြသည်။
သို့သော် ရွှီဖေးက ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားပြီး ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့... ယွိချင်အဆက်အနွယ်က ကွမ်းချန်ထျန်းကျွင်းကတော့ တကယ်ပဲ သေဆုံးသွားပြီပေါ့ ၊ ဝူတန့်မယ်တော်က သူရဲ့ရုပ်အလောင်းနဲ့ ဓားကို အတူတွေ့ခဲ့တာ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲနှင့် ရွှီဖေးတို့ မျက်နှာထက်မှ ပျော်ရွှင်မှုများပျောက်ကွယ်သွားပြီး ခေါင်းခါရမ်းလိုက်ကြသည်။
ယခင်ကပင် ဤသို့ဖြစ်မည်ကို ခန့်မှန်းထားပြီးသားဖြစ်သည့်တိုင် ၊ ခန့်မှန်းချက် တကယ်မှန်ကန်လာသည့်အခါ ဝမ်းနည်းမှုက သူတို့ကို လွှမ်းမိုးသွားသည်။
ကွမ်းချန်ထျန်းကျွင်းက ယွိချင်အဆက်အနွယ်၏ ပထမဆုံးတပည့်ဖြစ်သလို ယွိချင်အဆက်အနွယ်ဘိုးဘေးဖြစ်သော ယွမ်စီထျန်းကျွင်း၏ အချစ်ဆုံးတပည့်လည်းဖြစ်သည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ နောက်ပိုင်းတွင် စန်းချင်း(၃)ပါး ဆရာသခင်များ လောကကိုကျော်လွန်သွားခဲ့ပြီး စန်းချင်း(၃)ပါး အဆက်အနွယ်များက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်နှင့် သီးခြားစီ ရပ်တည်ခဲ့သည်။
ထိုအချိန်မှာပင် ကွမ်းချန်ထျန်းကျွင်းကို ယွိချင်အဆက်အနွယ်၏ ဦးဆောင်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြသည်။
ယခု နှစ်ပေါင်းများစွာကြာပြီးနောက် သူက ကံမကောင်း အကြောင်းမလှစွာဖြင့် မဟာကပ်ဘေးကြီးအတွင်း အသက်ဆုံးခဲ့ရသည်။
ဤသို့ဖြစ်ရသည်မှာ အတိတ်ကရန်ငြိုးရန်စကြောင့်လား ၊ သို့မဟုတ် သူကိုင်ဆောင်ထားသည့် နတ်ဘုရားသုတ်သင်ဓားကြောင့်လားဆိုသည်မှာ ပြောရခက်သည်။
ထို့နောက် ရန်ကျောက်ကဲတို့ ဝူတန့်မယ်တော်ရှိရာနေရာသို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် ဓားအလင်းတန်းများဖုံးလွှမ်းနေပြီး လေထုထဲတွင် အစိမ်းရောင်တောက်ပနေသော ဓားတစ်လက်ပျံဝဲလျှက် ရှိ၏။
ထိုရှေးဟောင်းဓား၏အောက်တွင် တန်ခိုးအရှိန်အဝါကြီးမားလှသော ပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။
သူ၏လက်တစ်ဖက်ပျောက်ဆုံးနေသဖြင့် ကိုယ်လက်အင်္ဂါမစုံသော်လည်း သူ အသက်ရှင်စဉ်ကက ပိုင်ဆိုင်ခဲ့သည့် ဂုဏ်သိက္ခာနှင့် ရောင်ဝါကိုတော့ ခံစားနိုင်ဆဲ ဖြစ်သည်။
သူက မြင့်မြတ်တည်ကြည်သည့်ပုံရိပ်အဖြစ် တည်ရှိနေဆဲဖြစ်ပြီး သန့်စင်ပြတ်သားသည့်အမူအရာသည်လည်း ပျောက်ဆုံးသွားခြင်း မရှိသေးပေ။
တာအိုဆရာ’ယွိတင်’ ကို ဖယ်ထားမည်ဆိုလျှင် ကွမ်းချန်ထျန်းကျွင်းက ယွိချင်အဆက်အနွယ်မှ နာမည်ကြီး ဓားသိုင်းကျ့င်ကြံသူ အနည်းငယ်များထဲမှ တစ်ယောက် ဖြစ်သည်။
သို့သော် သူက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ပိုမိုကျွမ်းကျင်ပြီး ထိုပညာရပ်များဖြင့် ပိုပြီးနာမည်ကျော်ကြားခဲ့သည်။
ကွမ်းချန်ထျန်းကျွင်း၏ရုပ်ကလာပ်ဘေးတွင် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေသည်။
သူမ၏ပုံရိပ်က မှန်သားပြင်ပမာ ကြည်လင်ပြီး ပုံရိပ်ယောင်ပမာ ထင်မှတ်ရသည်။ သို့သော် သူမထံမှ ထူးခြားသည့်အရှိန်အဝါတစ်ခု ထွက်ပေါ်နေပေ၏။
ရန်ကျောက်ကဲတို့အုပ်စု အနားသို့ လမ်းလျှောက်သွားလိုက်ပြီး...
“ဝူတန့်မယ်တော်ကို ဂါရဝပြုပါတယ်”
ဓားအလင်းတန်းများလွှမ်းခြုံနေသည့်နယ်မြေထဲတွင် အလွန်ပင်လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ထိုအမျိုးသမီးမှာ စန့်ချင်အဆက်အနွယ် ထိပ်တန်းကျွမ်းကျင်သူ ၊ လင်ပေါင်ထျန်းကျွင်း၏တပည့် “ဝူတန့်မယ်တော်” ပင် ဖြစ်သည်။
ယခု တွေ့မြင်နေရသည့်ပုံစံက ရန်ကျောက်ကဲတို့နှင့်တွေ့ဆုံရန်အတွက် ကိုယ်ထင်ပြထားသော သူမ၏မူလရုပ်သွင် ဖြစ်သည်။
ရှေးခေတ်အချိန် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် စန့်ချင်အဆက်အနွယ်အနည်းငယ်ကတော့ လွတ်မြောက်ခဲ့ကြသည်။
ထိုလူနည်းစုထဲတွင် ဝူတန့်မယ်တော်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်၏။
ဝူတန့်မယ်တော်က ထိုခေတ်ကာလကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်ခဲ့ပြီး မဟာကပ်ဘေးကြီးကိုလည်း ကျော်ဖြတ်နိုင်ကာ ယခုထိ အသက်ရှင်သန်နေခဲ့သည်။
သူမက ရန်ကျောက်ကဲကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ဦးညွှတ်အရိုအသေပေးနေသည့် ကောင်းချင်းရွှမ်ကို ခေါင်းပြန်မော့ရန် လက်ဟန်ပြလိုက်သည်။
ထို့နောက် သူမက ရန်ကျောက်ကဲတို့အုပ်စုကို မကြည့်တော့ဘဲ လက်တစ်ဖက်သာရှိသော တာအိုကျင့်ကြံသူရုပ်အလောင်းကိုပြန်ကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။
အတိတ်တစ်ချိန်တွင် သူတို့နှစ်ယောက်က ရန်ဘက်များပမာ ဖြစ်ခဲ့ကြသော်လည်း ခေတ်အဆက်ဆက် အချင်းချင်းသိကျွမ်းသူများ ဖြစ်ခဲ့ကြသည်။
အားလုံးက စန်းချင်း(၃)ပါးအဆက်အနွယ်ထဲမှပင်ဖြစ်လေရာ ဝူတန့်မယ်တော်သည်လည်း ကွမ်းချန်ထျန်းကျွင်း ကွယ်လွန်သွားခြင်းအပေါ် များစွာ စိတ်မကောင်းဖြစ်နေခဲ့သည်။
ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နှင့် ကွမ်းချန်ထျန်းကျွင်းတို့နှစ်ယောက်လုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် သူမ ရှောင်လွှဲမရအောင် စိတ်မကောင်းဖြစ်ခဲ့ရသည်ပင်။
သို့သော် ဘေးမှကြည့်နေသည့် ရန်ကျောက်ကဲတို့အုပ်စုကတော့ ဤစန့်ချင်အဆက်အနွယ် တန်ခိုးစွမ်းအားရှင်အမျိုးသမီးက တစ်စုံတစ်ခုကို စဉ်းစားနေသည်ဟု အာရုံခံမိကြသည်။
သူမစိတ်ထဲတွင် မရှင်းလင်းသည့်မေးခွန်းများစွာ ရှိနေခဲ့ပုံရသည်။ ထို့ကြောင့်ပင် သူမက ဤနေရာမှ ထွက်ခွာမသွားဘဲ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ဟန်တူသည်။
ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုသည်လည်း ဝူတန့်မယ်တော်ကို အနှောင့်အယှက်မပေးရန် ဆုံးဖြတ်လိုက်ကြပြိး ကွမ်းချန်ထျန်းကျွင်း၏ရုပ်အလောင်းကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
သေဆုံးချိန်အထိ တည်ငြိမ်သည့်အမူအရာကိုထိန်းထားဆဲဖြစ်သော တာအိုကျင့်ကြံသူ၏မျက်နှာကိုကြည့်ရင်း ရန်ကျောက်ကဲတို့အားလုံး စိတ်ထဲမှ သက်ပြင်းချလိုက်မိကြ၏။
ထို့နောက် ဝူတန့်မယ်တော်က ကန့်ကွယ်သည့်အရိပ်အယောင်မပြသဖြင့် ရန်ကျောက်ကဲက လက်တစ်ဖက်ဆန့်တန်းပြီး လေထဲတွင်ပျံဝဲနေသည့် နတ်ဘုရားသုတ်သင်ဓားကို လှမ်းယူလိုက်သည်။
ဓားအလင်းတန်းက တုန်ခါသွားပြီး မဟာကပ်ဘေးကြီးအတွင်း ဖြစ်ပျက်ခဲ့သမျှကို ဖော်ပြနေသည့် ပုံရိပ်များက ရန်ကျောက်ကဲဦးခေါင်းထဲ လျှပ်တပြက် ဝင်ရောက်လာသည်။
အချို့ပုံရိပ်များကပြီးပြည့်စုံခြင်းမရှိ ၊ အချို့ပုံရိပ်များက ပြောင်းပြန်ဖြစ်နေပြီး သူ၏စိတ်အာရုံထဲသို့ ပြည့်လျှံစွာ ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီး အစီအစဉ်မကျသည့်ပုံရိပ်များကို ဖြည်းဖြည်းချင်း အစီအစဉ်တကျဖြစ်အောင် စတင်ပြုလုပ်လိုက်သည်။
သူက ရွှီဖေးနှင့် ကောင်းချင်းရွှမ်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်ရင်း...
“ကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲ ၊ မဟာကပ်ဘေးကြီးအတွင်းမှာ တခြားအင်အားစုတွေက ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒကိုဖိနှိပ်ဖို့အတွက် ပူးပေါင်းခဲ့ကြတယ်”
မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်က မဟာကပ်ဘေးကြီး၏အစ ဖြစ်ခဲ့သည်။
မဟာကပ်ဘေးကြီး ကမ္ဘာတစ်ခုလုံးသို့ လွှမ်းခြုံသွားသည့်အခါ ထိုအဖြစ်အပျက်မှ ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်နိုင်သူ နည်းပါးလွန်းခဲ့သည်။
ကပ်ဘေးကြီးကြားတွင် မတော်လောဘကြောင့် လုယူလိုစိတ်များ ၊ ရန်ငြိုးကြောင့်လက်စားချေခြင်းများသည်လည်း ရှောင်လွှဲမရ ဖြစ်ပေါ်ခဲ့သည်။
ဆိုရိုးစကားရှိလေသည်။
“မကောင်းမှုလုပ်ထားသူများက နောက်ကျသည်ဖြစ်စေ ၊ စောသည်ဖြစ်စေ အကျိုးဆက်ကို ခံစားရမည်” ဟူ၏။
ထို့ကြောင့် အချိန်အခါသင့်သည်နှင့် ကျူးလွန်ထားသူများကို ကျူးလွန်ခံထားရသူများက လာရောက်လက်စားချေကြပေမည်။
မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှလွဲပြီး မဟာကပ်ဘေးကြီးအတွင်း အဆိုးရွားဆုံးပျက်ဆီးခဲ့သည်က လမ်းမှန် စန်းချင်း(၃)ပါးအဆက်အနွယ်တွင် အထင်ရှားဆုံးဖြစ်သည့် ယွိချင်အဆက်အနွယ်သာ ဖြစ်သည်။
ဟုတ်ပေ၏။
အတိတ်က ရန်ငြိုးများအပြင် အခြားအကြောင်းများလည်း ရှိပေသေးသည်။
ဥပမာ - လူတိုင်း၏ ကိုယ်ကျိုးစီးပွားအတွက်တိုက်ပွဲ ၊ မဟာတာအိုအတွက်တိုက်ပွဲနှင့် အခြားအကြောင်းအရာများစွာ ရှိသည်ပင်။
ထိုစဉ်အချိန်က ကွမ်းချန်ထျန်းကျွင်းမှာ ရန်သူဟောင်းများနှင့် ရင်ဆိုင်ရရုံသာမက သူ့လက်ထဲတွင်ရှိသော နတ်ဘုရားသုတ်သင်ဓားနှင့် အခြားသောရတနာပစ္စည်းများကို လိုချင်တပ်မက်သည့် ထိပ်တန်းကျွမ်းကျင်သူများကိုပင် တိုက်ခိုက်ခဲ့ရသည်။
နတ်ဘုရားသုတ်သင်အစီအရင် မရှိလျှင်တောင်မှ နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို လိုချင်တပ်မက်သူ များစွာရှိပေ၏။
ထို့ကြောင့် နတ်ဘုရားသုတ်သင်အစီအရင် မူကြမ်းကိုပိုင်ဆိုင်ထားသူများပင် ဤအစီအရင်ကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ကြပေ။
ကွမ်းချန်ထျန်းကျွင်းကတော့ များစွာသော တိုက်ပွဲများဖြင့် ရင်ဆိုင်ခဲ့ရဟန်ရှိသည်။
အင်အားစုများ၏ ဝိုင်းဝန်းတိုက်ခိုက်မှု ၊ မရပ်မနား လိုက်လံနှောင့်ယှက်မှုများအပြင် မရေမတွက်နိုင်သည့် တိုက်ပွဲငယ်များကိုလည်း တွန်းလှန်ခဲ့ရဟန် ရှိသည်။
နောက်ဆုံးမှာတော့ လူတိုင်း၏ရန်သူအဖြစ် ကျိန်စာသင့်နေသည့် ငရကိုးထပ်မှ မဟာနတ်ဆိုးများသည်ပင် ကွမ်းချန်ထျန်းကျွင်းထံမှ အကျိုးအမြတ်ရရှိရန်ကြိုးပမ်းရင်း ဤကိစ္စထဲတွင် ဝင်ရောက်ပတ်သက်လာကြသည်ဟု ပြောရပေမည်။