← Chapters

ခဏမျှပြန်လည်ထွက်ပေါ်လာသည့် ကျောက်စိမ်းဝိညာဉ်နန်းတော်

Vol. 112 Ch. 1566

ခဏမျှပြန်လည်ထွက်ပေါ်လာသည့် ကျောက်စိမ်းဝိညာဉ်နန်းတော်

Vol. 112 Ch. 1566

ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာနှင်ပတ်သက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အပြည့်အဝ ဖျက်ဆီးသုတ်သင်ပစ်နိုင်သည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသော ဖန်းယွင်ရှန်းက အခြားသော ကောင်းကင်နတ်ဘုရားများနှင့်မတူပေ။

ဝူတန့်မယ်တော်အပါအဝင် အခြားသော ကောင်းကင်နတ်ဘုရားများက တာအိုအဓိပတိများ၏အာရုံစိုက်မှုကို အလွယ်တကူ ရင်ဆိုင်ရလေ့ ရှိသည်။

ထို့ကြောင့်ပင် သူတို့က ပြင်ပဗလာနယ် အစွန်အဖျားတွင် ပုန်းကွယ်နေခဲ့ကြသည်။ သူတို့ရုပ်ခန္ဓာက ဗလာနယ်နှင့် တသားတည်းကျကာ နိုးတစ်ဝက်အိပ်တစ်ဝက် အခြေအနေတွင် ရောက်ရှိနေလေသည်။

ဤသို့ ပြုလုပ်ရခြင်းမှာ တာအိုအဆင့် တန်ခိုးစွမ်းအားရှင်များ ပစ်မှတ်ထားလာမည်ကို ကာကွယ်ရန် ဖြစ်သည်။ အထူးသဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ ပစ်မှတ်ထားလာမည်ကို ရှောင်ရှားရန် ဖြစ်၏။

လွန်ခဲ့သည့်နှစ်များအတွင်း ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်လက်ထဲသို့ ကျရောက်သွားသည့် လူသားအမြုတေကျောက်တုံးအပိုင်းအစအတွက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ အချင်းချင်းတိုက်ခိုက်ရင်း အလုပ်ရှုပ်နေခဲ့ကြသည်။

ထိုကာလအတွင်း တာအိုဝါဒ ကောင်းကင်နတ်ဘုရားများ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ခဲ့ပြီး ဗလာနယ်ထဲတွင် မကြာခဏ ထွက်ပေါ်လာတတ်ကြသည်။

သို့တိုင် သူတို့အနေဖြင့် သတိကြီးစွာထားရင်း အသင့်အနေအထားဖြင့် နေထိုင်ကြရစမြဲပင်။

ကွမ်းချန်ထျန်းကျွင်း၏ လက်ပြတ်ကြီးအား ဝူတန့်မယ်တော်ထံပေးအပ်ပါရန် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်အား အကူအညီတောင်းခဲ့သည်။

တစ်ဆက်တည်းပင် ကွမ်းချန်ထျန်းကျွင်း၏ ရုပ်အလောင်းနှင့် နတ်ဘုရားသုတ်သင်ဓားကိုရှာဖွေပေးပါရန်လည်း တောင်းဆိုခဲ့သည်။

ဝူတန့်မယ်တော်က အောင်မြင်စွာရှာဖွေတွေ့ရှိခဲ့သော်လည်း ဓားကိုယူဆောင်လာခြင်းမရှိဘဲ နေရာမှာပင် အချိန်အတန်ကြာအောင် ဆက်လက်ရှိနေခဲ့သည်။

သူမက ဗလာနယ်ထဲသို့ ချက်ချင်းထွက်ခွာမလာသည်မှာ ကွမ်းချန်ထျန်းကျွင်း၏ရုပ်အလေင်းကို ဆက်လက်ကြည့်ရှုလေ့လာနေခြင်းကြောင့် ဖြစ်၏။

သူမ၏စိတ်အာရုံတွင် တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားနေရသည်။

ဝူတန့်မယ်တော်က...

“ကွမ်းချန်ထျန်းကျွင်း သေဆုံးပြီးတဲ့နောက် နောက်ဆက်တွဲတွေဆက်ဖြစ်တဲ့အရိပ်အယေင်တွေ ငါမြင်ခဲ့တယ်”

သူမက ဆက်ပြောသည်။

“ငါမြင်တာတော့... ကွမ်းချန်ထျန်းကျွင်းက သူ့ကိုင်ဝိုင်းတိုက်တဲ့ ရန်သူတွေလက်ထဲက လွတ်အောင်ပြေးနိုင်ခဲ့တယ် ၊ ဒါပေမဲ့ အသက်ဓာတ်စွမ်းအားကုန်ခမ်းပြီး သေဆုံးသွားခဲ့တယ် ၊ နတ်ဘုရားသုတ်သင်ဓားကလည်း သူနဲ့အတူ ရှီနေခဲ့တယ် ၊ သူ့ရဲ့ရုပ်အလောင်းရော ဓားရောက ဗလာနယ်နက်ရှိုင်းရာထဲမှာ နစ်မြုပ်နေခဲ့တယ် ၊ ဒီနေ့မှ ငါတို့ ပြန်ရှာတွေ့နိုင်ခဲ့တာပဲ”

“ဒါပေမဲ့...”

သူမ၏ မျက်နှာထက်တွင် မရေရာမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ဒီဓားထဲကနေ တခြားတာအိုကျင့်ကြံသူတစ်ယောက်ရဲ့ တည်ရှိမှုကို အာရုံခံမိနေတယ် ၊ ခံစားချက်က အရမ်းအားနည်းပေမယ့်... ငါ အမှတ်မှားတာမျိုး မဟုတ်နိုင်ဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲတို့အားလုံး၏မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။

“မြေကမ္ဘာဘုရင်မ...”

ထိုအမည်က ဝူတန့်မယ်တော်၏နှုတ်ဖျားမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲကလည်း နတ်ဘုရားသုတ်သင်ဓားကို ကြည့်ရင်း ထပ်မံရေရွတ်လိုက်သည်။

“မြေကမ္ဘာဘုရင်မ...”

ဝူတန့်မယ်တော်၏ ဖော်ပြချက်နှင့် ကိုက်ညီသည့် လူတစ်ဦးတည်းသာ ရှိသည်။

ကောင်းကင်ဘုံနန်းတော်မှ တာအိုဝါဒ၏ ဧကရာဇ်(၄)ပါးထဲမှတစ်ပါးဖြစ်သော “မဟာဖြောင့်မတ်သူအလင်းရှင်မြေကမ္ဘာဘုရင်မ” ....။

လူအများက သူမကို ‘မြေကမ္ဘာဘုရင်မ’ ဟု ခေါ်ဆိုကြသည်။

အတိတ်တစ်ချိန်က မြေကမ္ဘာဘုရင်မ၏ကျမ်းစာကို ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ၊ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်၊ ကျူတောပင်လယ်ဒေသတွင် မြှုပ်နှံထားခဲ့သည်။

နောက်ပိုင်းတွင် ရန်ကျောက်ကဲက ထိုကျမ်းစာကို ရရှိခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း(၅၀)က ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ရန်ကျောက်ကဲက ရွှီဖေးကိုကယ်တင်ရန်အတွက် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို စွန့်လွှတ်ခဲ့ရသည်။

ထိုကျမ်းစာ၏ နက်နဲသော နိယာမတရားများကို ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုထဲသို့ ပေါင်းစပ်ခဲ့သည်။

ကောင်းချင်းရွှမ်က တည်ငြိမ်သည့်မျက်နှာထားဖြင့်...

“မြေကမ္ဘာဘုရင်မက ကွမ်းချန်ထျန်းကျွင်းကို ဝိုင်းပြီးတိုက်ခိုက်တဲ့သူတွေထဲမှာ ပါဝင်ခဲ့တာလား... ၊ အဲဒါက မဖြစ်နိုင်ဘူးထင်တာပဲ”

သူမက ဆက်ပြောလိုက်သည်။

“အဲဒီလိုဆိုရင် မြေကမ္ဘာဘုရင်မက ကွမ်းချန်ထျန်းကျွင်းရဲ့ ရုပ်အလောင်းနဲ့ နတ်ဘုရားသုတ်သင်ဓားကို ရှာတွေ့ခဲ့မှာပဲ ၊ ဒါပေမဲ့ သူက ဘာလို့ ဓားကိုယူမသွားခဲ့တာလဲ ၊ ကွမ်းချန်ထျန်းကျွင်းကိုရော ဘာလို့ မြှုပ်နှံသဂြိုဟ်မပေးခဲ့တာလဲ ၊ အားလုံးကို ဒီအတိုင်းပဲ ထားခဲ့တယ် ၊ သူ မလုပ်ချင်လို့လား ဒါမှမဟုတ် လုပ်ဖို့မတတ်နိုင်လို့လား”

ဝူတန့်မယ်တော်က...

“ငါတို့လည်း မသိနိုင်ဘူးလေ”

သူမက ဆက်ပြောသည်။

“မလုပ်ချင်လို့ဆိုတာထက် လုပ်ဖို့မတတ်နိုင်လို့ဆိုတာက ပိုပြီးဖြစ်နိုင်ခြေ ရှိတယ် ၊ ဒါပေမဲ့... ငါသာဆိုရင်တော့ နတ်ဘုရားသုတ်သင်ဓားကို ရှာတွေ့ပေမယ့် ယူမသွားနိုင်သေးဘူးဆိုရင် ငါ ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတာကို တခြားသူတွေနဲ့ တာအိုအဓိပတိတွေ သတိမထားမိအောင် သဲလွန်စတွေ ဖျက်ဆီးပစ်လိုက်မှာပဲ”

စကားပြောနေစဉ်မှာပင် ဝူတန့်မယ်တော် ရုတ်တရက် မျက်ခုံးများတွန့်ချိုးသွားပြီး တိတ်ဆိတ်သွားသည်။ သူမ၏အမူအရာကိုကြည့်ရင်း ရန်ကျောက်ကဲတို့သည်လည်း အနည်းငယ် ထိတ်လန့်သွားကြသည်။

ခဏနေမှ ဝူတန့်မယ်တော်က...

“အခုပဲ သတင်းတစ်ခုဝင်လာတယ် ၊ ဒီလောကမှာ ကျောက်စိမ်းဝိညာဉ်နန်းတော် ပြန်လည်ထွက်ပေါ်လာတယ်တဲ့”

လူတိုင်း၏ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားကြသည်။

ရှေးခေတ်ကာလ ခွန်လွန်တောင် ၊ ချီလင်ကမ်းပါးရှိ ကျောက်စိမ်းဝိညာဉ်နန်းတော်...။

ဤနေရာက တာအိုဝါဒ အဆက်အနွယ်တိုင်းအတွက် နာမည်ကြီးလှသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်ဆိုသည်က ယွိချင်အဆက်အနွယ်မှ ယွမ်စီထျန်းကျွင်း စံမြမန်းရာနေရာဖြစ်သည်။

ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်သွားပြီး ရှေးခေတ်ကာလ အဆုံးသတ်သွားချိန်မှစတင်ကာ ထိုနန်းတော်သည်လည်း ပုန်းကွယ်သွားခဲ့ပြီး ထပ်မံပေါ်ထွက်လာခြင်း မရှိတော့ပေ။

ယခု ဤလောကတွင် ကျောက်စိမ်းဝိညာဉ်နန်းတော် ပြန်လည်ပေါ်ထွက်လာခဲ့သည်ဆိုတော့ ရန်ကျောက်ကဲတို့ အံ့အားမသင့်ဘဲ မနေနိုင်ပေ။

ထို့ပြင် ဤသတင်းကိုရရှိသူက ဝူတန့်မယ်တော် ဖြစ်သည်။ သူမက မယုံကြည်ထိုက်သောကိစ္စများကို စကားထဲထည့်မပြောတတ်ချေ။

ဝူတန့်မယ်တော် စကားဆိုလာလျှင် ထိုဖြစ်ရပ်က အမှန်တရားနှင့် အလွန်နီးစပ်သည်။

ဝူတန့်မယ်တော်က မျက်ခုံးများတွန့်ချိုးရင်း...

“ဒါပေမဲ့ ခဏပဲထွက်ပေါ်လာခဲ့တာ ၊ ပြီးတော့ ပြန်လည်ပျောက်ကွယ်သွားတယ်တဲ့”

သူမက ဆက်ပြောလိုက်သည်။

“နတ်ဘုရားသုတ်သင်ဓားကို ရှာဖွေနေတာနဲ့... ငါ ဒီကိစ္စကို လွဲချော်သွားတယ်”

ရန်ကျောက်ကဲက တိုးတိတ်သည့်လေသံဖြင့်...

“တစ်ယောက်ယောက်များ အထဲကိုဝင်သွားခဲ့တာလား”

ဝူတန့်မယ်တော်က...

“ငါလည်း အတိအကျ မသိနိုင်ဘူး”

သူမက ဆက်ပြောသည်။

“ဒါပေမဲ့ တာအိုအဆင့်အောက် ကျင့်ကြံသူတွေ ကျောက်စိမ်းဝိညာဉ်နန်းတော် ဒါမှမဟုတ် အပြာရောင်ခရီးရှည်နန်းတော်ထဲ ဝင်ရောက်မယ်ဆိုရင်... နန်းတော်ပျောက်ကွယ်သွားတာနဲ့ ချက်ချင်း အပြင်ဘက်ကို ပစ်ထုတ်ခံရမှာပဲ ၊ အထဲမှာ နေနိုင်မယ်ဆိုရင်တောင် ခဏပဲ ခံနိုင်ရည်ရှိလိမ့်မယ်”

ကျောက်စိမ်းဝိညာဉ်နန်းတော်အတွင်းမှ အချိန်စီးဆင်းမှုက ပုံမှန်မဟုတ်ပေ။

အချိန်ရေစီးကြောင်းကို ကျော်လွန်နိုင်သည့် ကောင်းကင်နတ်ဘုရားများသည်ပင် ထိုနန်းတော်အတွင်းဝင်ရောက်ပါက ခဏအတွင်း ပုံမှန်အချိန်စီးဆင်းမှုထဲသို့ ပြန်လည်ပစ်ထုတ်ခံရပေသည်။

ရန်ကျောက်ကဲတို့အားလုံး လေထဲတွင်ပျံသန်းနေသည့် နတ်ဘုရားသုတ်သင်ဓားကို လှမ်းကြည့်လိုက်မိကြသည်။

ဖန်းယွင်ရှန်းက...

“ဒါဖြင့် မြေကမ္ဘာဘုရင်မ အသက်ရှင်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့”

ရွှီဖေးက ခါးတွင်ချိတ်ထားသည့် သေရည်ဘူးကိုဖြုတ်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။

“ဒါပေမဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်တောင် ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ရှာမတွေ့တာ ၊ မြေကမ္ဘာဘုရင်မက ဘယ်လိုလုပ်ရှာတွေ့နိုင်မှာလဲ”

တောင်ပိုင်းချန်စန်းဧကရာဇ်က ယွိချင်အဆက်အနွယ်မှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သော်လည်း ရှေးခေတ်ကာလတွင် သိပ်ပြီးလှုပ်ရှားခဲ့ခြင်း မရှိပေ။

ထို့ကြောင့် တာအိုသခင်’ယွင်ကျုန်းကျီ’ ကဲ့သို့ပင် ကျောက်စိမ်းဝိညာဉ်နန်းတော်မှ နာမည်ကျော် နတ်ဘုရား(၁၂)ပါးတွင် ပါဝင်ခြင်း မရှိခဲ့ပေ။

သို့သော် နတ်ဘုရား(၁၂)ပါး၏ ခေါင်းဆောင်ဖြစ်သော’ကွမ်းချန်ထျန်းကျွင်း’ သည်ပင် တောင်ပိုင်းချန်စန်းဧကရာဇ်ကို “ဂိုဏ်းတူအစ်ကို” ဟု ခေါ်ဆိုရလေသည်။

ဝူတန့်မယ်တော်က...

“ငါလည်း သိပ်တော့ မသေချာဘူး”

သူမက ဆက်ပြောလိုက်သည်။

“ကျောက်စိမ်းဝိညာဉ်နန်းတော် ပျောက်ကွယ်သွားတယ်ဆိုပေမယ့် နန်းတော်ထွက်ပေါ်လာခဲ့တဲ့နေရာကို ငါသွားကြည့်လိုက်ချင်တယ် ၊ မင်းတို့က နတ်ဘုရားသုတ်သင်ဓားကို သေချာသိမ်းဆည်းထားပါ”

ထို့နောက် သူမက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး...

“မင်း အရင်က မြေကမ္ဘာသခင်မရဲ့ကျမ်းစာကို ရခဲ့ဖူးတယ်မဟုတ်လား ၊ သူနဲ့မင်းနဲ့ကြားမှာ တစ်ခုခု ဆက်စပ်မှုရှိနိုင်တယ် ၊ မင်း ဒီဓားထဲမှာ စမ်းသပ်ကြည့်ပါလား”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ ၊ ကျွန်တော်လုပ်လိုက်ပါ့မယ်”

ထို့နောက် ဝူတန့်မယ်တော်၏ပုံရိပ်က ဗလာနယ်ထဲတွင် ပျောက်ကွယ်သွားပြီး အလင်းစက်များအဖြစ်ပြောင်းလဲကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သါားသည်။

ရန်ကျောက်ကဲတို့အား ဝန်းရံထားသော ဓားအလင်းတန်းနယ်မြေသည်လည်း လေပြင်းတစ်ချက်တိုက်ခတ်သွားသလို ကွဲကြေပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက...

“ဝူတန့်မယ်တော်ပြောသလိုပဲ ဒီဓားက တစ်ခုခုထူးဆန်းနေတယ်”

ရွှီဖေးက ရန်ကျောက်ကဲဘက်သို့ လှည့်ကြည့်လိုက်ပြီး...

“ဘာပဲဖြစ်ဖြစ်... နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲက (၃)လက်ကို ရခဲ့ပြီးပြီပဲ ၊ ဒီနှစ်တွေအတွင်း ငါတို့တွေကြိုးစားခဲ့တာ အလကားမဖြစ်ဘူးပေါ့”

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နတ်ဘုရားသုတ်သင်ဓားကို သိမ်းဆည်းထားလိုက်သည်။

“အပြန်လမ်းမှာ ဆက်ဆွေးနွေးကြတာပေါ့”

ထို့နောက် ကောင်းချင်းရွှမ်က ဓားအလင်းများကို ထုတ်လွှတ်ပြီး လူတိုင်းကိုဝန်းရံကာ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။

ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရွှီဖေးနှင့် ပန်ပန်တို့အား စကားဆိုလိုက်သည်။

“ငါတို့ စပြီး ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်”

တိုက်ပွဲများကြောင့် သူတို့(၃)ယောက်လုံး အင်အားများကုန်ခမ်းနေပြီ ဖြစ်သည်။

အပြန်လမ်းတွင် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို ထပ်မံအသုံးပြုစရာ မလိုတော့သဖြင့် ကံကောင်းသည်ဟု ဆိုရမည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ရွှီဖေးတို့က ညာလက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်ကြပြီး ပန်ပန်ကမူ ရှေ့ခြေတစ်ချောင်းကို မြှောက်လိုက်သည်။

သူတို့ဦးခေါင်းများထက်မှ အလင်းတန်းများထွက်ပေါ်လာပြီး အလင်းတန်းအစုအဝေးတစ်ခု ဖြစ်တည်လာသည်။

ထိုအလင်းတန်းအစုအဝေးထဲတွင် မှုန်ဝါးသည့်စာလုံးများ ထွက်ပေါ်လာ၏။ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏ အကြောင်းအရာများပင်။

အလင်းတန်းများ နတ်ဘုရားသုတ်သင်ဓားထက်သို့ကျရောက်သွားချိန် ခရီးဆက်ရင်းပင် ရန်ကျောက်ကဲတို့အုပ်စု ခွဲခြမ်းစိတ်ခြာခြင်းကို ပြုလုပ်လိုက်ကြသည်။

အတန်ကြာလေ့လာပြီးမှ ရန်ကျောက်ကဲက...

“ဝူတန့်မယ်တော် ပြောသလိုပဲ၊ မြေကမ္ဘာဘုရင်မရဲ့ အရိပ်အယောင်တွေ ရှိနေတာပဲ...”

အချိန်အတန်ကြာ တွေးတောပြီးနောက် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်အား နတ်ဘုရားထောင်ချောက်ဓားကို သိမ်းဆည်းပြီး နတ်ဘုရားသုတ်သင်ဓားကို ဓားအိမ်ထဲမှဆွဲထုတ်ရန် တောင်းဆိုလိုက်သည်။

ထို့နောက် သူက လေထဲတွင်လွင့်ပျံနေသည့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ခွဲခြမ်းစိတ်ဖြာလိုက်ပြီး နတ်ဘုရားသုတ်သင်ဓားထက်တွင် အင်းသင်္ကေတများရေးဆွဲလိုက်လေသည်။

All Chapters