မြေကမ္ဘာဘုရင်မ
Vol. 112 Ch. 1567
ဓားမျက်နှာပြင်ပေါ်တွင် အင်းသင်္ကေတများ တဖြည်းဖြည်း ပြည့်လာပြီး အစိမ်းရောင်အလင်းတန်းများ တောက်ပလာသည်။
ထို့နောက် ရန်ကျောက်ကဲက လက်ဟန်တစ်ခုပြုလုပ်လိုက်ရာ ဓားမျက်နှာပြင်ထက်မှ အင်းသင်္ကေတများက အသက်ဝင်လာသည့်ပမာ ဓားအစွန်ဆီသို့ စီးဆင်းသွားသည်။
အစိမ်းရောင်အလင်းတန်းများက ဓားအစွန်းတွင် တဖြည်းဖြည်းစုစည်းသွားပြီး ကျောက်စိမ်းရောင်ဓားတိုတစ်လက် ဖြစ်တည်လာသည်။
ကျောက်စိမ်းရောင် ဓားတိုထက်တွင် အနက်ရောင်နှင့် အဝါရောင် အင်းသင်္ကေတများ ပေါ်ထွက်လာလေသည်။
ရန်ကျောက်ကဲက ကျောက်စိမ်းဓားတိုကိုကိုင်လိုက်ပြီး အထဲတွင်ပါဝင်သည့် အငွေ့အသက်ကို အာရုံခံပြီးနောက် ကျန်လူများကိုခေါင်းညိတ်ပြလိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၊ ရွှီဖေးနှင့် ပန်ပန်တို့က သူတို့၏ စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာပါဝင်သည့် အလင်းတန်းအစုအဝေးသည်လည်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက လက်ထဲမှ အရောင်နှစ်မျိုးတောက်ပနေသည့် ကျောက်စိမ်းဓားတိုကို ခပ်ဆဆကိုင်လိုက်ရင်း...
“အရင်ဆုံး နတ်ဘုရားသုတ်သင်ဓားကို ထျန်းစူးစကြာဝဠာဆီ ယူသွားလိုက်ပါ ၊ ဒီလိုအဖိုးတန်ပစ္စည်းမျိုးက အိမ်မှာထားရတာပိုပြီးစိတ်ချရတယ်”
ထို့နောက် သူက ဆက်ပြောလိုက်သည်။
“ကျွန်တော် ယွင်ရှန်းနဲ့အတူ တစ်ခုခုရှာတွေ့နိုင်မလား သွားကြည့်လိုက်ဦးမယ်”
ရွှီဖေးတို့က တိုက်ပွဲကြောင့် စွမ်းအားများ ဆုံးရှုံးထားကြသည်။
ဖန်းယွင်ရှန်းကတော့ ကောင်းကင်နတ်ဘုရားအဆင့် တက်လှမ်းပြီးခါစဖြစ်သဖြင့် တန်ခိုးစွမ်းအား အလွန်မြင့်မားနေသည်။ ထို့ပြင် သူမက ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲတွင်လည်း ပုန်းကွယ်နေနိုင်စွမ်းရှိ၏။
ထို့ကြောင့် ဤခရီးစဉ်တွင်လိုက်ပါရန် သူမသည်သာ အသင့်တော်ဆုံးပင်။
ကောင်းချင်းရွှမ်က...
“သတိထားကြပါ...”
သတိပေးစကားဆိုလိုက်သော်လည်း သူမက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းအတွက် စိုးရိမ်ပူပန်ခြင်းမရှိလှပေ။
သူမက ဆက်ပြောလိုက်သည်။
“တခြားသူတွေက ကျောက်စိမ်းဝိညာဉန်နန်းတော် ထွက်ပေါ်လာတဲ့ကိစ္စမျိုးကို အာရုံစိုက်နေကြမှာပဲ...”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ...”
ပန်ပန်က လက်ထဲတွင် ပစ္စည်းတစ်ခုကို ပျော်ရွှင်စွာဖြင့် ဆုပ်ကိုင်ထားပြီး ဖန်းယွင်ရှန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
“မြန်မြန်ပြန်လာနော်...”
ပန်ပန်၏လက်ထဲတွင်ဆုပ်ကိုင်ထားသည်က ကွေးညွတ်နေသော ဆင်နှာမောင်းကြီးတစ်ခု ဖြစ်၏။
“ဆင်နှာမောင်းကမှ စားကောင်းတာ” ဟု ရန်ကျောက်ကဲပြောခဲ့သည့်စကားကို ပန်ပန်ပက သေချာမှတ်သားထားသည်ပင်။ ထို့ကြောင့် ရူယိရွှေတုတ်ဖြင့် ဆွဲဖြတ်ခံလိုက်ရသော ဆင်နတ်ဘုရား၏နှာမောင်းကို မမေ့မလျော့ ယူလာခဲ့လေသည်။
ယခု ပန်ပန်က ဖန်းယွင်ရှန်း ဆင်နှာမောင်းချက်ကျွေးမည်ကို စောင့်နေမည် ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီထဲက ဆင်နှာမောင်းကို မြည်းစမ်းခွင့် ရရှိရန် မျှော်လင့်နေလေသည်။
ရန်ကျောက်ကဲက ပန်ပန်ကို ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်ရင်း...
“လက်စသတ်တော့ ငါတို့ ဘေးကင်းကင်းနဲ့ အမြန်ပြန်လာဖို့ မင်းဆုတောင်းနေတာ ဆင်နှာမောင်း ချက်စားဖို့အတွက်ပေါ့လေ”
ဖန်းယွင်ရှန်း ခေါင်းတစ်ချက်ခါရမ်းရင်း မနေနိုင်ဘဲ ရယ်မောလိုက်သည်။
ပန်ပန်က မျက်လုံးလေးများ ပေကလပ်ပေကလပ်လုပ်ရင်း အပြစ်ကင်းစင်ဟန်ဖြင့်...
“အတူတူစားကြမယ်လေ...”
ထိုစကားကြောင့် လူတိုင်း ရယ်မောလိုက်ကြပြီး ရန်ကျောက်ကဲက ပန်ပန်၏ခေါင်းလေးကို အသာပုတ်ရင်း ရွှီဖေးနှင့် ကောင်းချင်းရွှမ်တို့ကို နှုတ်ဆက်လိုက်သည်။
ထို့နောက် ဖန်းယွင်ရှန်း၏ ပုံရိပ်ပျောက်ကွယ်သွားပြီး အလင်းရောင်များပျံ့နှံ့ပျောက်ကွယ်သွားကာ ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးအတွင်း ပြန်ဝင်သွားသည်။
ရန်ကျောက်ကဲက ပြင်ပဗလာနယ်အစွန်အဖျားသို့ သတိကြီးကြီးဖြင့် ဖြတ်သန်းသွားရင်း သဲလွန်စခြေရာများကိုလည်း အခြားသူများမရိပ်မိအောင် ဖုံးကွယ်ထားသည်။
“ကျောက်ကဲ၊ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ...”
ဖန်းယွင်ရှန်းက အသံပို့လွှတ်စနစ်ဖြင့် မေးလိုက်သည်။
ရန်ကျောက်ကဲက...
“နှောင်းပိုင်းမြေကမ္ဘာကျမ်းစာသာ လက်ထဲရှိနေရင် သဲလွန်စနည်းနည်း ဖော်ထုတ်လို့ရမှာ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မြေကမ္ဘာဘုရင်မက အရင်တုန်းက နတ်ဘုရားသုတ်သင်ဓားနဲ့ ထိတွေ့ခဲ့ဖူးတယ် ၊ ပြီးတော့ သူက ကျောက်စိမ်းဝိညာဉ်နန်းတော်ကိုလည်း ရှာဖွေနိုင်စွမ်းရှိတယ်ဆိုတော့... သဲလွန်စတွေ ပိုများလာပါတယ် ၊ ရှာကြည့်လို့ရမယ် ထင်တာပဲ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲက ဘယ်ဘက်မျက်လုံးမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ရာ အင်းသင်္ကေတများစွာ ထွက်ပေါ်လာလေသည်။
ထို့နောက် ရန်ကျောက်ကဲက ရှေ့ဆက်မသွားတော့ဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ထို့နောက် သူက နက္ခတ်ခြေလှမ်းပညာကိုထုတ်ဖော်လိုက်ပြီး အမတချီစွမ်းအားကိုအသုံးပြုကာ အစီအရင်များစွာ ပြုလုပ်လိုက်သည်။
အစီအရင်များပေါင်းစည်းသွားသည့်အခါ “ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်” ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက လက်ထဲမှဓားတိုကို အစီအရင်ထဲသို့ ထည့်သွင်းလိုက်၏။
ဓားတိုတွင် ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပနေဆဲဖြစ်ပြီး အနက်ရောင်နှင့် အဝါရောင် အင်းသင်္ကေတများသည်လည်း ဓားသွားထက်တွင် အဆက်မပြတ်လှည့်ပတ်လျှက် ရှိသည်။
ရန်ကျောက်ကဲက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာမှ ဆင်းသက်လာသော လျှို့ဝှက်အစီအရင်ကို မူလကောင်းကင်ကျမ်းစာနှင့် ပေါင်းစပ်အသုံးပြုလိုက်ခြင်းပင်။
“ဂုဏ်ရောင်ကိုးဝါ ကျောက်စိမ်းဧကရာဇ်၊ ရတနာခုနစ်ပါး ဧကရာဇ်နန်းခန်းမ ၊ ကောင်းကင်ကိုထမ်းရွက်ရန် အမိန့်တော်ကို လက်ခံကာ ယင်နှင့်ယန်ကို အမိန့်ပေးတယ် ၊ တာအိုကို ကြီးကျယ်ခမ်းနားစေပြီး ဖြောင့်မတ်ခြင်းကို တိုးပွားစေမယ် ၊ ကောင်းကင်ဘုံ၏တန်ခိုးဖြင့် ကမ္ဘာ့မူလအစကိုပျိုးထောင်ပြီး မယ်တော်၏စေတနာတရားကြောင့် အရာဝတ္ထုများ ဖြစ်တည်လာတယ် ၊ ရှုခင်းများကလှပပြီး တောင်တန်းများက လက်နက်များသဖွယ် ၊ ကြီးမြတ်သော ကရုဏာအရှင်... ကောင်းကင်ကိုပင်ထမ်းရွက်နိုင်သည့်တန်ခိုးစွမ်းအား ၊ နှောင်းပိုင်းမြေကမ္ဘာဘုရင်မ၏ နတ်ဘုရားစွမ်းအား...”
ရန်ကျောက်ကဲက မြေကမ္ဘာဘုရင်မကျမ်းစာကို ရွတ်ဆိုရင်း လက်ဟန်များကို အဆက်မပြတ် ပြောင်းလဲလျှက်ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ အစီအရင်အတွင်းရှိ ကျောက်စိမ်းဓားတိုက ခဏမျှ တုန်ခါသွားပြီး နှစ်ပိုင်းကွဲသွားသည်။
“အိုး...”
ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲမျက်နှာထက် ပျော်ရွှင်မှုများ ပြည့်နက်သွားသည်။
ဂုဏ်ရောင်ကိုးဝါ ရတနာခုနစ်ပါး ဝင်္ကပါအစီအရင်ထဲတွင် ကြယ်စင်တန်း(၇)ခု ထွက်ပေါ်လာပြီး ဂုဏ်ရောင်ကိုးဝါတိုင်လုံး(၄)ခုထဲသို့ နစ်မြုပ်သါားသည်။
အလင်းတန်းများအလယ်တွင် ကွဲထွက်သွားသော ဓားတို၏ အစိတ်အပိုင်းနှစ်ခု ပြန်လည်ပေါင်းစည်းသွားပြီး အနက်ရောင်နှင့်အဝါရောင် ဓားအလင်းတန်းတစ်ခုဖြစ်တည်လာကာ ၊ အစီအရင်အတွင်းမှထိုးထွက်သွားပြီး အဝေးသို့ ပျံသန်းသွားသည်။
ရန်ကျောက်ကဲလည်း ထိုဓားအလင်းတန်းနောက်သို့ ချက်ချင်း လိုက်ပါသွားလေသည်။
တစ်နေရာအရောက်မှာတော့ အနက်ရောငနှင့်အဝါရောင်ဓားအလင်းတန်း ရုတ်တရက် ရပ်တန့်သွားပြီး မျက်နှာပြင်ထက်တွင် အနက်ရောင် အင်းသင်္ကေတများ ပေါ်ထွက်လာသည်။
ဓားအလင်းတန်းက တုန်ခါနေသော်လည်း ရှေ့ဆက်မသွားတော့ချေ။
ရန်ကျောက်ကဲက...
“ယွိချင်အဆက်အနွယ်မှ ရန်ကျောက်ကဲ... မြေကမ္ဘာဘုရင်မကိုဂါရဝပြုပါတယ်”
ထို့နောက် သူက ရှေ့ဆက်မတိုးတော့ဘဲ နေရာမှာပင်ရပ်တန့်နေလေသည်။ သူ၏မျက်နှာအမူအရာကတော့ တည်ငြိမ်နေဆဲပင်။
အနက်ရောင်အင်းသင်္ကေတများဝန်းရံထားသည့် အနက်ရောင်နှင့်အဝါရောင်ဓားအလင်းတန်းထဲမှ အသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ထိုအသံများက အလွန်နက်နဲသည့် တာအိုတေးသွားများဖြစ်လေရာ အဓိပ္ပါယ်နားလည်ရန် ခက်ခဲသော်လည်း ကြားရသူ၏စိတ်ကို အေးချမ်းစေပြီး နှစ်သိမ့်မှုပေးသည်။
ထိုအသံများထဲမှ ရန်ကျောက်ကဲ တစ်ခါမှမထိတွေ့ဖူးသော ဘာသာစကားတစ်မျိုး ထွက်ပေါ်လာသော်လည်း သူက ထိုစကားကို ရှင်းလင်းစွာပင် နားလည်နိုင်စွမ်း ရှိ၏။
“မင်း ဒီလောက်ဆူညံပွက်လောရိုက်အောင်လုပ်နေရင်... ငါ့ကို လူတိုင်းရှာတွေ့သွားတော့မှာပဲ”
အတော်လေး ရင်းနှီးနေသောအသံကို ကြားလိုက်ရသဖြင့် ရန်ကျောက်ကဲ၏မှတ်ဉာဏ်များက မဟာကပ်ဘေးကြီး မဖြစ်ပွားမီခေတ်ကာလသို့ ပြန်လည်ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရသည်။
ထိုစဉ်က သူက ကောင်းကင်ဘုံနန်းတော် ၊ သိုင်းကျမ်းစာကြည့်တိုက်တွင် ရှိနေခဲ့စဉ်အချိန် ဖြစ်၏။
ရန်ကျောက်ကဲက မျက်နှာအမူအရာ မပြောင်းလဲဘဲ...
“ဓားကိုပေးအပ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ ကျွန်တော် မဆင်မခြင်လုပ်မိတာ ခွင့်လွှတ်ပေးပါ”
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရိုးရှင်းသောအသံတစ်သံ ထပ်မံ ပဲ့တင်ထပ်လာသည်။
“ငါလည်း လမ်းမှန်တာအိုဝါဒရဲ့ထူးချွန်သူတွေနဲ့ တွေ့ချင်နေတာပါ...”
ဓားအလင်းကိုချုပ်နှောင်ထားသော အနက်ရောင်အင်းသင်္ကေတများ ပျောက်ကွယ်သွားပြီး ဓားအလင်းတန်းက ပြန်လည်လွတ်မြောက်သွားသည်။
ရန်ကျောက်ကဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး အနက်ရောင်နှင့်အဝါရောင်ဓားအလင်းတန်းကို ပြန်လည်ရုတ်သိမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်နှင့်အဖြူရောင်ရောနှောထားသည့် စည်းတံဆိပ်တစ်ခု ဗလာနယ်အတွင်း တိတ်တဆိတ် ရွေ့လျားနေသည်။
ရန်ကျောက်ကဲက ထိုစည်းတံဆိပ်ကို သိမ်းဆည်းလိုက်ပြီး ခဏမျှအာရုံခံကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ရာ နားလည်သွားဟန်ဖြင့် ရှေ့ဆက်လျှောက်သွားသည်။
လမ်းခရီးက ရှည်လျားသော်လည်း ရန်ကျောက်ကဲက ရှေ့ဆက်ရမည့်လမ်းကို ပိုင်းခြားလျှက် ကြယ်စင်တန်းတစ်ခုဆီသို့ ဦးတည်ထွက်ခွာသွားသည်။
ကြယ်စင်တန်းနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ ကြယ်များ၏ဖိအားနှင့် ပူပြင်းမှုက သူ့အားဝန်းရံလာသည်။
ကြယ်စင်ရောင်များက ကြည့်မြင်သူအားလုံးကို မျက်စိကျိန်းစေလောက်အောင် တောက်ပနေပြီး ကြီးမားသော နေမင်းကြီးတစ်လုံးနှင့် ဆင်တူလေသည်။
သို့သော် ရန်ကျောက်ကဲက ရပ်တန့်ခြင်း မရှိပေ။
သူက ရှေ့ဆက်သွားရင်း နောက်ဆုံးမှာတော့ ကြယ်စင်တန်းအတွင်း ဝင်ရောက်သွားသည်။
မျက်စိကျိန်းစေသော အလင်းရောင်နှင့် ပူပြင်းမှုများကို ကျော်ဖြတ်ပြီးနောက် ရုတ်တရက် မြေဝါရောင်အလင်းတန်းတစ်ခု ရန်ကျောက်ကဲမျက်စိရှေ့တွင်ပေါ်လာပြီး ကြီးမားသော မြေကမ္ဘာတစ်ခု၏ပုံရိပ် ထွက်ပေါ်လာသည်။
ထိုပုံရိပ်အတွင်း ဝင်ရောက်လိုက်သည်နှင့် သာယာသည့် လေညင်းတစ်ချက်တိုက်ခတ်လာပြီး ပူလောင်ပြင်းပြမှုများ ပျောက်ကွယ်သွားကာ နွေးထွေးငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
သက်ရှိများ အမိဝမ်းတွင်းသို့ ပြန်လည်ရောက်ရှိသွားသည့် ခံစားချက်မျိုး ဖြစ်လေ၏။
ဤနေရာတွင် အခြားမည်သည့်ပုံရိပ်မှမရှိသော်လည်း ရန်ကျောက်ကဲကတော့ အလွန်အင်အားကြီးမားသည့် တည်ရှိမှုတစ်ခုကို အာရုံခံလိုက်မိသည်။
မြေကမ္ဘာဘုရင်မ၏ နတ်ဘုရားစွမ်းအား...။
ရန်ကျောက်ကဲက...
“ကျွန်တော် မဆင်မခြင်လုပ်မိတာ ခွင့်လွှတ်ပေးပါ မြေကမ္ဘာမယ်တော်”
ရန်ကျောက်ကဲ နေရာမှာပင် တိတ်ဆိတ်စွာရပ်နေပြီး ထပ်မံလှုပ်ရှားခြင်း မပြုတော့ပေ။
ထိုအချိန် နူးညံ့သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် သူမက စကားဆက်ပြောသည်။
“လမ်းမှန်တာအိုဝါဒမှာ ကောင်းကင်နတ်ဘုရားတစ်ပါး ထပ်မံထွက်ပေါ်ခဲ့ပြန်ပြီပေါ့ ၊ မင်းရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်”
မြေကမ္ဘာဘုရင်မ ဖန်ဆင်းထားသော ကမ္ဘာထဲတွင်ရောက်နေသည်ဖြစ်ရာ ဖန်းယွင်ရှန်း၏ တည်ရှိမှုသည်လည်း ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
သူမက ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးထဲမှ ခုန်ထွက်လိုက်ပြီး...
“မြေကမ္ဘာမယ်တော်ကို ဂါရဝပြုပါတယ်”
မြေကမ္ဘာဘုရင်မက...
“မင်းတို့နှစ်ယောက်လုံး အရမ်းယဉ်ကျေးနေစရာမလိုပါဘူး”
သူမက ဆက်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကိုတွေ့ရတာ ငါ အတော်လေး စိတ်ပျော်ရွှင်မိတယ် ၊ ငါတို့လမ်းမှန်တာအိုဝါဒက အနာဂတ်အလားအလာ အရမ်းကောင်းနေတာပဲ”
ရန်ကျောက်ကဲက မြေကမ္ဘာဘုရင်မ ယခင်က မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မေးမြန်းခြင်း မပြုပေ။
သူက...
“နတ်ဘုရားသုတ်သင်ဓားကိုပေးအပ်ခဲ့တဲ့အတွက် မြေကမ္ဘာမယ်တော်ကို ကျေးဇူးတင်ပါတယ်”
မြေကမ္ဘာဘုရင်မက...
“ငါ့ကို ကျေးဇူးတင်ရမှာမဟုတ်ဘူး ၊ ဓားကို ငါ့လက်နဲ့ယူခဲ့တယ်ဆိုပေမယ့် ဒီဓားက ငါ့လက်ထဲမှာ ရှိခဲ့တာ မဟုတ်ဘူးလေ ၊ အဲဒီဓားက ငရဲကိုးထပ်က ရောက်လာတာပဲ”