← Chapters

ခင်ဗျားက ဘယ်သူလဲ

Vol. 112 Ch. 1568

ခင်ဗျားက ဘယ်သူလဲ

Vol. 112 Ch. 1568

“ငရဲကိုးထပ်က... ဟုတ်လား”

ထိုစကားက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားသည်။

တစ်ခုခု မူမမှန်ကြောင်း သတိထားခဲ့မိသော်လည်း ငရဲကိုးထပ်နှင့် ဆက်စပ်နေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ခဏမျှတိတ်ဆိတ်နေပြီးမှ ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“ကျွန်တော်က သိုးလွိနန်းတော်နဲ့ ဆက်စပ်နေမယ်လို့ ထင်ခဲ့တာ...”

ဖန်းယွင်ရှန်းက သူ့ကို လှမ်းကြည့်လိုက်သည်။

မြေကမ္ဘာဘုရင်မ၏လက်ထဲတွင် နတ်ဘုရားသုတ်သင်ဓား ရှိခဲ့သည်။

သို့သော် သူမက ထိုဓားကို ကွမ်းချန်ထျန်းကျွင်း၏ရုပ်အလောင်း တည်ရှိရာနေရာသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ရန်ကျောက်ကဲတို့အုပ်စု ဓားနှင့် ရုပ်အလောင်းကို တပြိုင်နက် ရရှိနိုင်အောင် ကူညီပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် နတ်မိစ္ဆာမျိုးနွယ်၊ လမ်းမှန်ဗုဒ္ဓဘာသာ၊ အမတခုံရုံး နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ စိတ်အာရုံကိုလည်း လှည့်စားခဲ့သည်။

သို့သော် ထိုအချိန်အတွင်းမှာပင် လောကတွင် ကျောက်စိမ်းဝိညာဉ်နန်းတော်က ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ထိုသို့ဆိုလျှင် မြေကမ္ဘာဘုရင်မက နတ်ဆိုးသုတ်သင်ဓားကို အသုံးပြုပြီး အခြားသူများ၏အာရုံကိုလွှဲဖယ်ကာ ကျောက်စိမ်းဝိညာဉ်နန်းတော်အတွင်းသို့ အခွင့်အရေးယူပြီး ဝင်‌ရောက်ခဲ့သည်လား...။

တွေးစရာဖြစ်လာပေသည်။

ပြီးတော့ နောက်ထပ်မေးခွန်းတစ်ခု မေးစရာရှိသည်မှာ...

မြေကမ္ဘာဘုရင်မက ကျောက်စိမ်းဝိညာဉ်နန်းတော်ကို မည်သို့ရှာတွေ့ခဲ့ပါသနည်း။

ဤပ‌ဟေဠိများနှင့်ပတ်သက်၍ အဖြေများစွာ ရှိနိုင်သည်။

ဥပမာ - မြေကမ္ဘာဘုရင်မက လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက ထိုနန်းတော်ကို လျှို့ဝှက်ရှာဖွေနေခြင်းဖြစ်ပြီး မကြာသေးခင်ကမှ နန်းတော်အတွင်းဝင်ရောက်ရန် နည်းလမ်းတစ်ခု ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သို့မဟုတ် အခြားနေရာမှ သတင်းအချက်အလက်များ ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်၏။

သို့ပေသိ ဤအဖြေများစွာထဲတွင် ဖြစ်နိုင်ခြေအများဆုံးမှာ သိုးလွိနန်းတော်အတွင်းမှ ထိုပုဂ္ဂိုလ်ကို ညွှန်ပြနေသည်။

ကျောက်စိမ်းဝိညာည်နန်းတော် ၊ မြေပြင်ရှစ်သွယ်နန်းတော်နှင့် အပြာရောင်ခရီးရှည်နန်းတော်တို့ လောကမှ ပျောက်ကွယ်သွားပြီးနောက် ၊ ၎င်းတို့၏တည်နေရာများကို မည်သူမှ မသိရှိကြတော့ပေ။

တာအိုအဓိပတိများပင် သိရှိနိုင်ခြင်း မရှိကြပေ။

သို့သော် တောက်တယ်ထျန်းကျွင်း၏ တည်ရှိမှုပုံရိပ်ဖြစ်သော လောင်ကျွင်းကတော့ ကျောက်စိမ်းဝိညာဉ်နန်းတော်၏ တည်နေရာကို အမှန်တကယ် ရှင်းရှင်းလင်းလင်း သိရှိနေမည်ပင်။

ထို့ကြောင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ဤနေရာသို့လာရောက်စဉ် ပထမဆုံးသံသယဝင်ခဲ့သည်မှာ လောင်ကျွင်းပင် ဖြစ်၏။

မြေကမ္ဘာဘုရင်မ ပုန်းကွယ်နေခဲ့သောနေရာမှာ သိုးလွိနန်းတော်တွင် ဖြစ်နိုင်သည်။

ရန်ကျောက်ကဲ၏စကားကိုကြားတော့ မြေကမ္ဘာဘုရင်မက သိမ်မွေ့သည့်အသံဖြင့်...

“ဟုတ်တယ်... ငါ သိုးလွိနန်းတော်က လာခဲ့တာပဲ”

သူမ၏အဖြေကြောင့် ရန်ကျောက်ကဲတို့နှစ်ယောက် စိတ်ဓာတ်များတက်ကြွသွားကြသော်လည်း သူတို့စိတ်ထဲ မေးခွန်းအသစ်များ ထပ်မံထွက်ပေါ်လာပြန်သည်။

ရန်ကျောက်ကဲက မြေဝါရောင်ကမ္ဘာထဲတွင် တိတ်ဆိတ်စွာရပ်တည်ရင်း အချိန်ခဏအတွင်း အကြောင်းအရာများစွာကို စဉ်းစားလိုက်သည်။

မြေကမ္ဘာဘုရင်မက...

“ဒါပေမဲ့ နတ်ဘုရားသုတ်သင်ဓားကိုတော့ ငါ ငရဲကိုးထပ်ကနေ တကယ်ယူလာခဲ့တာ...”

သူမက သက်ပြင်းချလိုက်ပြီး...

“ကွမ်းချန်ထျန်းကျွင်း သေဆုံးသွားတော့ နတ်ဘုရားသုတ်သင်ဓားက နတ်ဆိုးတွေလက်ထဲ ရောက်သွားတယ်လေ”

သူမက ဆက်ပြောလိုက်၏။

“နတ်ဘုရားသတ်ဖြတ်ဓားနဲ့ နတ်ဘုရားထောင်ချောက်ဓား လောကမှာပြန်လည်ထွက်ပေါ်လာပြီးတဲ့နောက်... မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက နတ်ဘုရားသုတ်သင်ဓားကိုယူပြီး အပေးအယူလုပ်ဖို့အတွက် သိုးလွိနန်းတော်ကိုရောက်လာတယ်”

“လောင်ကျွင်းက ဒီကိစ္စကိုမကိုင်တွယ်ဘဲ ငါးပွင့်ထင်ရှားဧကရာဇ်ကို အဲဒီကိစ္စ ကိုင်တွယ်ခိုင်းလိုက်တယ် ၊ နောက်ဆုံး အပေးအယူလုပ်တာ အဆင်ပြေသွားပြီး နတ်ဘုရားသုတ်သင်ဓားကို သိုးလွိနန်းတော်မှာ သိမ်းဆည်းထားခဲ့တယ်”

မြေကမ္ဘာဘုရင်မက ဆက်လက်ပြောပြသည်။

“အခုမှ ငါက ဒီဓားကိုယူလာပြီး ကွမ်းချန်ထျန်းကျွင်းရဲ့ ရုပ်အလောင်းရှိတဲ့နေရာမှာ ပြန်ထားခဲ့တာပါ”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ခေါင်းညိတ်လိုက်ကြပြီး ကိုယ်စီးအတွေးထဲ နစ်မြုပ်သွားကြသည်။

“ရွှမ်တုကိုယ်တော်...”

ရွှမ်တုကိုယ်တော်ကို အံ့ဖွယ်ထင်ရှားကောင်းကင်ဘုံအရှင်ဟုလည်းလူသိများပြီး သူ၏ဘွဲ့အမည်အပြည့်အစုံမှာ “ငြိမ်သက်သိမြင်ကရုဏာရှင် အံ့ဖွယ်ထင်ရှားကောင်းကင်ဘုံအရှင်” ဟူ၍ ဖြစ်သည်။

သူက ကြိုးကြာအတောင်(၁၀)ခုဖြင့်ပြုလုပ်ထားသော ဦးထုပ်ကိုဆောင်းလျှက် ကိုးရောင်ခြယ်ကြာပလ္လင်ထက်တွင် ထိုင်လေ့ရှိသည်။

သူ့ကို တာအိုဝါဒ၏ အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်တစ်ပါးဟု သတ်မှတ်ကြလေသည်။

ထို့ပြင် သူ့ကို “ငါးပွင့်ထင်ရှားဝိညာဉ်အလင်းဧကရာဇ်” ဟုလည်း ခေါ်ဆိုကြသည်။ ထိုဘွဲ့အမည်ကိုတော့ ကောင်းကင်ဘုံနန်းတော်က ချီးမြှင့်ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ကောင်းကင်ဘုံနန်းတော်မှ ဧကရီတစ်ပါးဖြစ်သော မြေကမ္ဘာဘုရင်မက ရွှမ်တုကိုယ်တော်ကို ‘ငါးပွင့်ထင်ရှားဧကရာဇ်’ ဟု ခေါ်ဆိုလေ့ရှိသည်။

သို့သော် စန်းချင်း(၃)ပါးအဆက်အနွယ်မှ တာအိုဝါဒဆက်ခံသူများကတော့ သူ့ကို “ရွှမ်တုကိုယ်တော်” ဟုသာ ‌ခေါ်ဆိုလေ့ ရှိကြသည်။

ရွှမ်တုကိုယ်တော်က တောက်တယ်ထျန်းကျွင်း(ထိုက်စန့်လောင်ကျွင်း) ၏ အနီးကပ်တပည့်တစ်ယောက်ဖြစ်သည်။

သူက အလွန်တရာတန်ခိုးစွမ်းအားမြင့်မားသည်ဖြစ်ရာ အချို့ကတော့ သူ့ကို တောက်တယ်ထျန်းကျွင်း(ထိုက်စန့်လောင်ကျွင်း) ၏ အကြီးဆုံးတပည့်ဟု သတ်မှတ်ကြသည်။

ပြောရမည်ဆိုလျှင် အစစ်အမှန်သိုင်းဧကရာဇ်ဟု လူသိများသည့် “ကောင်းကင်ကိုးထပ်နတ်ဆိုးရှင်းလင်းကောင်းကင်ဘုံအရှင်” ဆိုလျှင် ရွှမ်တုတောက်ကျွင်း၏လမ်းညွှန်မှုဖြင့် တာအိုလမ်းကြောင်းသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း ဖော်ပြရပေမည်။

သို့သော် အလယ်ခေတ်တွင် ရွှမ်တုကိုယ်တော်က လောကမှပုန်းရှေင်သွားခဲ့သဖြင့် သူ၏ဂုဏ်သတင်းသည်လည်း ငြိမ်သက်သွားခဲ့ရသည်။

လက်ရှိအချိန်တွင် ထိုက်ချင်အဆက်အနွယ်၏ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ကိုပြပါဆိုလျှင် ဧကရာဇ်(၄)ပါး၏ ခေါင်းဆောင်ဖြစ်သော “ကျီဝေးဧကရာဇ်” ကိုသာ တွေးမိကြမည်ဖြစ်သည်။

သို့သော် နှိုင်းယှဉ်ပြောရမည်ဆိုလျှင် ကျီဝေးဧကရာဇ် မဟာတာအိုကို စတင်ခံဘူသည့်အချိန်မှာပင် စန်းချင်း(၃)ပါး ဆရာသခင်များက လောကကို ကျော်လွန်သွားပြီ ဖြစ်သည်။

နောက်ဆုံး သူက လောင်ကျွင်းထံတွင် တပည့်ခံပြီး ပညာများကို ဆက်လက်လေ့လာခဲ့ရသည်။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“ဘယ်လိုအပေးအယူလုပ်တာလဲ ၊ မြေကမ္ဘာဘုရင်မသိတယ်ဆိုရင် ပြောပြပေးလို့ရနိုင်မလား”

မြေကမ္ဘာဘုရင်မက...

“ဒီကိစ္စကို ငါးပွင့်ထင်ရှားဧကရာဇ်ကပဲ အပြည့်အဝကိုင်တွယ်ခဲ့တာ ၊ ငါလည်း အသေးစိတ်ကိုမသိဘူး ၊ ဒါပေမဲ့ ကိစ္စအားလုံးစီစဉ်ပြီးတဲ့နောက် ငါးပွင့်ထင်ရှားဧကရာဇ်က ဒီဓားကို ငါ့ဆီလွှဲပြောင်းပေးခဲ့တယ်”

ရန်ကျောက်ကဲကပြုံးလိုက်ပြီး...

“နားလည်ပါပြီ ၊ ဘာပဲဖြစ်ဖြစ်... နတ်ဘုရားသုတ်သင်ဓားကို ပေးအပ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါနဲ့ အတင့်ရဲပြီးမေးပါရစေ... မြေကမ္ဘာဘုရင်မ ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲ ဝင်ခွင့်ရခဲ့သလား ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲမှာ ဘယ်လိုအဖိုးတန်ပစ္စည်းတွေများ ရှိနေခဲ့သလဲ”

မြေကမ္ဘာဘုရင်မက ရန်ကျောက်ကဲတို့အုပ်စုနှင့် နတ်ဘုရားသုတ်သင်ဓားကိုအသုံးပြုပြီး အခြားသူများ၏စိတ်အာရုံကိုလွှဲဖယ်ကာ ကျောက်စိမ်းဝိညာဉ်နန်းတော်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။

မဟုတ်ပါက နတ်ဘုရားသုတ်သင်ဓားကို ရန်ကျောက်ကဲတို့လက်ထဲ တိုက်ရိုက်ထည့်ပေးလိုက်နိုင်သည်။

သူမအနေဖြင့် ဓားကို ကွမ်းချန်ထျန်းကျွင်း၏ရုပ်အလောင်းရှိရာသို့ တကူးတက သွားရောက်ပို့ဆေင်နေစရာမလိုပေ။ ဓားက ကွမ်းချန်ထျန်းကျွင်းနှင့်အတူ အမြဲရှိနေခဲ့သည့်ပမာ လှည့်စားစရာလည်း မလိုအပ်ပေ။

ကျောက်စိမ်းဝိညာဉ်နန်းတော်မှ သူမ ဘာရရှိခဲ့သည်ကို ရန်ကျောက်ကဲက မမေးမြန်းချေ။

ရန်ကျောက်ကဲက မြေကမ္ဘာဘုရင်မ ရရှိလာသည့်ရတနာပစ္စည်းထက် သူကိုယ်တိုင်ရော ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲ ဝင်ရောက်ခွင့်ရနိုင်မည်လားဆိုသည့်အချက်ကို ပိုမိုစိတ်ဝင်စားနေသည်။

မြေကမ္ဘာဘုရင်မက သိမ်မွေ့စွာဖြင့်...

“ကျောက်စိမ်းဝိညာဉ်နန်းတော်တံခါးက ခဏပဲ ဖွင့်လှစ်ခဲ့တာ ၊ ငါတောင် အပြင်ဘက်ကို တွန်းထုတ်ခံလိုက်ရတယ် ၊ ဘယ်အချိန်မှ နန်းတော်တံခါးထပ်ဖွင့်မလဲဆိုတာ ငါလည်းမသိနိုင်ဘူး”

သူမက ဆက်ပြောပြသည်။

“နန်းတော်ထဲမှာ ဘာမှမရှိဘူး... ဗလာနတ္ထိပဲ ၊ ဒါပေမဲ့ မီးအိမ်တစ်လုံးတော့ရှိနေတယ် ၊ ကံကောင်းတာက ငါရှာနေတာလည်း အဲဒီမီးအိမ်ပဲလေ ၊ အဲဒါကိုရခဲ့တဲ့အတွက် ငါ နန်းတော်ထဲဝင်ခဲ့တာ အလကားမဖြစ်တော့ဘူးပေါ့”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ သူမ ဘာကို ရည်ညွှန်းကြောင်း ချက်ချင်း နားလည်သွားသည်။

ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်...။

‌ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် ယွမ်စီထျန်းကျွင်း တရားဟောကြားစဉ်က အသုံးပြုခဲ့သော ဝိညာဉ်မီးအိမ် ဖြစ်သည်။

ထိုမီးအိမ်တွင် အံ့သြဖွယ်ရာ တန်ခိုးစွမ်းအားများပါဝင်သော်လည်း ယွမ်စီထျန်းကျွင်းတွင် ထို့ထက်ပိုပြီးအဖိုးတန်သော ရတနာပစ္စည်းများစွာ ရှိခဲ့လေသည်။

ထို့ကြောင့် ထိုမီးအိမ်ကို အခြားနေရာတွင်အသုံးမပြုဘဲ တရား‌ဟောကြားစဉ်ထွန်းညှိသည့် မီးအိမ်အဖြစ်သာ အသုံးပြုခဲ့ရသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် မည်သည့်ပစ္စည်းမှ မရှိတော့ကြောင်း ကြားသိရသည့်တိုင် အတွင်းသို့ဝင်ရောက်၍ ရနိုင်သေးသည်ဟု သိလိုက်ရသဖြင့် ရန်ကျောက်ကဲ ကျေနပ်သွားမိသည်။

သူက သံသယမေးခွန်းများကိုလည်း မေးမြန်းခြင်း မပြုခဲ့ပေ။

သူက ပြုံးလိုက်ပြီး မြေဝါရောင်ကမ္ဘာတည်ရှိရာသို့ လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။

“ဒီနေ့ မြေကမ္ဘာဘုရင်မ ပေးအပ်ခဲ့တဲ့ အသိပညာတွေက ကျွန်တော့်ကို အမြင်ကျယ်စေပြီး စိတ်ထဲက မေးခွန်းတွေအတွက်လည်း အဖြေတွေအများကြီးရခဲ့ပါတယ် ၊ တကယ်ပဲ ကျေးဇူးတင်မိပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ နောက်ဆုံးမေးခွန်းတစ်ခု ရှိနေပါသေးတယ် ၊ ဖြစ်နိုင်ရင် ဖြေပေးစေချင်ပါတယ်”

ပြီးမှ သူက ဖြည်းညင်းသည့်လေသံဖြင့်...

“ဘာလို့ မြေကမ္ဘာဘုရင်မ အယောင်ဆောင်နေရတာလဲ”

သူ့စကားဆုံးသွားသည်နှင့် မြေဝါရောင်ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ခင်ဗျားသာ ရည်ရွယ်ချက်ရှိရှိနဲ့ သဲလွန်စမထားခဲ့ဘူးဆိုရင်... ဝူတန့်မယ်တော်နဲ့ ကျွန်တော်တို့တွေ တစ်ခုခုမူမမှန်ဘူးဆိုတာကို သတိထားမိကြမှာ မဟုတ်ဘူး”

နတ်ဘုရားသုတ်သင်ဓားထဲမှ မြေကမ္ဘာဘုရင်မ၏တည်ရှိမှုကို အာရုံမခံမိဘူးဆိုလျှင် ထိုဓားက ကွမ်းချန်ထျန်းကျွင်းနှင့် အမြဲအတူ ရှိနေခဲ့သည်ဟု ထင်မှတ်မိကြမည်သာပင်။

ဓားက အခြားသူများလက်သို့ ကျရောက်ခဲ့ကြောင်း မည်သူမှ သတိထားမိမည် မဟုတ်ပေ။

ထိုသို့ဆိုပါက ရန်ကျောက်ကဲသည်လည်း နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို အသုံးပြုပြီး ဤနေရာအထိ လာရောက်ရှာဖွေမည် မဟုတ်ပေ။

“ကျွန်တော်က မြေကမ္ဘာဘုရင်မရဲ့ကျမ်းစာကို အကြိမ်ပေါင်းများစွာ ဖတ်ရှုခဲ့တဲ့သူပါ ၊ ခင်ဗျားက မြေကမ္ဘာဘုရင်မအစစ် မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်”

အတန်ကြာတိတ်ဆိတ်သွားပြီးမှ...

“ဒီတော့... ခင်ဗျားက ဘယ်သူလဲ...”

All Chapters