ယွိချင်အဆက်အနွယ်၏ နံပါတ်(၁)ဆက်ခံသူ
Vol. 112 Ch. 1569
“ခင်ဗျားက... ဘယ်သူလဲ...”
“ဘယ်သူလဲ....”
ရန်ကျောက်ကဲ၏အသံက မြေဝါရောင်ကမ္ဘာထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ အချိန်အတန်ကြာမှသာ ပဲ့တင်သံက ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားသည်။
ရန်ကျောက်ကဲက နေရာမှာပင် တိတ်ဆိတ်စွာမတ်တတ်ရပ်နေပြီး မျက်နှာအမူအရာသည်လည်း တည်ငြိမ်နေဆဲပင်။ သူ့ပုံစံက ကောင်းကင်နတ်ဘုရားတစ်ပါး ဒေါသထွက်အောင်လုပ်မိမည်ကို တစ်စက်လေးပင် ကြောက်ရွံ့ဟန် မပြပေ။
သူ့နံဘေးတွင်ရပ်နေသည့် ဖန်းယွင်ရှန်းသည်လည်း အလားတူပင် ဖြစ်သည်။ သူမ၏မျက်တန်းများက တည်ငြိမ်နေဆဲ ဖြစ်၏။
ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရင်း...
“ကျုပ်လက်ထဲမှာ မြေကမ္ဘာဘုရင်မရဲ့ကျမ်းစာရှိတယ်ဆိုတာ လျှို့ဝှက်ချက် မဟုတ်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ခင်ဗျားက မြေကမ္ဘာဘုရင်မပုံစံကို အသေးစိတ်အကျဆုံးအထိ အတုခိုးနိုင်တာပဲ ၊ သူ့ကို ဘယ်လောက်ထိ နားလည်ထားလဲဆိုတာ သိသာပါတယ် ၊ ဟုတ်တယ်... နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို နားလည်နေတဲ့ကျုပ်တောင်မှ ခင်ဗျားနဲ့ ကိုယ်တိုင်မတွေ့ခဲ့ရရင် သံသယဝင်မိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ အခု ကိုယ်တိုင်တွေ့မြင်ရတော့ တချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ”
“ကျုပ်တို့ရဲ့ ပထမတွေ့ဆုံမှုက စမ်းသပ်မှုတစ်ခုဖြစ်တယ်ဆိုရင် ကျုပ် အဲဒါကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ယူဆပါတယ်”
မြေဝါရောင်ကမ္ဘာထဲတွင် တာအိုတေးသွားများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“စမ်းသပ်မှုလို့ မဆိုနိုင်ပါဘူး ၊ နည်းနည်းပါးပါး နောက်ပြောင်လိုက်တာပါ”
အစောပိုင်းစကားပြောနေစဉ်တွင် မြေကမ္ဘာဘုရင်မ၏အသံက နူးညံ့တိုးလျပြီး မိန်းကလေးဆန်လေသည်။ သို့သော် ယခုအသံကတော့ ယောကျ်ားလေးတစ်ယောက်၏အသံဖြစ်ပြီး အတော်လေး ကျယ်လောင်ရှင်းလင်းသည်။
ရန်ကျောက်ကဲက ခဏမျှစဉ်းစားလိုက်ရင်း...
“ခင်ဗျားက အသေးစိတ်အချက်အလက်တွေကိုပါ ဟန်ဆောင်နိုင်တယ်ဆိုတော့... ခင်ဗျားက မြေကမ္ဘာဘုရင်မကိုပဲ နားလည်တာမဟုတ်ဘူး ၊ ကျုပ်ဇနီးကလည်း ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေပါပြီ ၊ ပုံမှန်ဆိုရင် သူ့ကိုလိမ်ညာလို့ရမှာမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒီလောက်အားကောင်းတဲ့ အပြောင်းအလဲစွမ်းရည်ရှိတာ... ကျင့်ကြံခြင်းအဆင့်တူညီတဲ့သူတွေရဲ့မျက်စိကိုပါ လှည့်စားနိုင်တဲ့စွမ်းရှည်ရှိတာ... အတိတ်ကိုပြန်ကြည့်မယ်ဆိုရင် ခင်ဗျားလိုလူ နည်းနည်းပါးပါးပဲ ရှိနိုင်ပါတယ် ၊ ဟုတ်တယ်မလား”
တစ်ဖက်လူက...
“ဒါက သေးငယ်တဲ့လှည့်ကွက်လေးတစ်ခုသက်သက်ပါပဲ...”
စကားဆုံးသွားသည်နှင့် မြေဝါရောင်များဖြင့်ပြည့်နက်နေသည့် ကောင်းကင်ယံက တဖြည်းဖြည်းဝေးကွာသွားပြီး တောက်ပသည့်ကြယ်စင်တန်းများ ပြန်လည်ထွက်ပေါ်လာသည်။
ကြယ်စင်အလင်းရောင်များက အဝေးမှတောက်ပနေခြင်းဖြစ်သော်လည်း သူတို့တည်ရှိရာ သီးခြားစကြာဝဠာထိတိုင် လင်းထိန်နေစေသည်။
အမှောင်ထုအနည်းငယ် လွှမ်းမိုးနေသော်လည်း ကြောက်မက်ဖွယ်ရာ အထီးကျန်အေးစက်ခြင်း မရှိလှပေ။
ကြယ်များက ကြယ်ပတ်လမ်းများအတိုင်းလှည့်ပတ်နေပြီး နက်နဲမှုကိုအပြည့်အဝပြသထားကာ အတွင်းထဲမှကမ္ဘာ၏ တည်ရှိမှုကြောင့် ပို၍ပင် ခမ်းနားလာသည်။
ခမ်းနားထည်ဝါသော သို့မဟုတ် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ချီစွမ်းအားများမရှိသည့်တိုင် တစ်ဖက်လူက မူလအသွင် ပြောင်းလဲလိုက်ညသ့်အခါ မြေကမ္ဘာဘုရင်မထက်ပင် ပို၍အားကြီးသော တည်ရှိမှုတစ်ခုအား ရန်ကျောက်ကဲရော ဖန်ယွင်ရှန်းပါ ခံစားလိုက်မိကြသည်။
သူတို့စိတ်အာရုံများ အနည်းငယ်တုန်ခါသွားပြီး ဦးတည်ရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိကြသည်။
စကြဝဠာကြီးက ကြီးမားလွန်းပြီး ဦးတည်ချက်များ ရှုပ်ထွေးလွန်းသဖြင့် ဆုံးဖြတ်ရန် မဖြစ်နိုင်ချေ။ သူတို့ ကြည့်နေသော နေရာမှာ စကြဝဠာဗဟိုချက်နှင့် ဆင်တူလေသည်။
ထိုနေရာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
လူငယ်တာအိုဆရာတစ်ယောက်...။
သူသည်လည်း ဝူတန့်မယ်တော်ကဲ့သို့ပင် ရန်ကျောက်ကဲတို့နှစ်ယောက်ရှေ့တွင် မူလပုံစံကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။
ရန်ကျောက်ကဲက ထိုပုံရိပ်ကိုအကဲခတ်လိုက်ပြီးနောက် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
ထိုသူက တိမ်တိုက်ဦးထုပ်ကိုဆောင်းထားပြီး ရှေးဟောင်းတာအိုဝတ်စုံ ဝတ်ဆင်ထားသည်။ ကြိုးဖိနပ်တစ်စုံစီးထားပြီး ခါးတွင် ပိုးသားခါးပတ်ကို ပတ်ထား၏။
သူ့ပုံစံက မြင့်မြတ်သန့်စင်ပြီး နှုတ်ခမ်းအစုံက ပြုံးရယ်လို့နေသည်။
တာအိုဝါဒတပည့်များဖြစ်သောကြောင့် ဖန်းယွင်ရှန်းရော ရန်ကျောက်ကဲပါ ထိုသူကို ရင်းနှီးပြီးသားဖြစ်သည်။
“သန့်စင်ခြင်းမူလဧကရာဇ်...”
ရန်ကျောက်ကဲ အော်ဟစ်လိုက်သည်။
သူတို့ရှေ့တွင်ရပ်နေသည့် လူငယ်တာအိုဆရာမှာ ဒဏ္ဍာရီထဲမှ “ယန်ကျန်း” ပင် ဖြစ်သည်။ အခြားအမည်ဖြင့်ပြောရလျှင် “ယန်အော့လန်” ပင်။
ယန်အော့လန်၏ လူသိများသော ဘွဲ့အမည်များတွင် “ဧကရာဇ်” ဆိုသောစာလုံး ပါဝင်လေ့ရှိသည်။
ဥပမာ - သန့်စင်ခြင်းမူလအထင်ကရဧကရာဇ်”အော့လန်” ၊ ပုံရိပ်ယောင်ဧကရာဇ်”အော့လန်” ၊ အထင်ကရကာကွယ်သူဧကရာဇ် ၊ သန့်စင်ခြင်းမူလဧကရာဇ် စသည်ဖြင့် နာမည်ပေါင်းများစွာ ရှိလေသည်။
ယွိချင်အဆက်အနွယ် တတိယမျိုးဆက်၏ နံပါတ်(၁) တန်ခိုးစွမ်းအားရှင်ဖြစ်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပေပြီ။
သူကဲ့သို့ ပါရမီထူးခြားသူကို ယွိချင်အဆက်အနွယ်၏ အထူးခြားဆုံးသူ၏ ခေါ်ဆိုပါက မှားယွင်းမည်မထင်ပေ။
သူ၏တန်ခိုးစွမ်းအားက မျိုးဆက်တူသူများထက် များစွာသာလွန်ပြီး တာအိုဝါဒသမိုင်းတစ်လျှောက် သို့မဟုတ် အသင်္ချေကမ္ဘာတွင် အနည်းငယ်သော ထိပ်တန်းတန်ခိုးစွမ်းအားရှင်များထဲမှတစ်ပါး ဖြစ်၏။
သူက အလယ်ခေတ်တွင် ချီထျန်းမဟာသူတော်စင်နှင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးပြီး ၊ ထိုတိုက်ပွဲက ကောင်းကင်နတ်ဘုရားအဆင့် အထွတ်ထိပ်နှစ်ယောက် တိုက်ခိုက်သည့် မဟာတိုက်ပွဲကြီး ဖြစ်ခဲ့သည်။
ထူးခြားချက်တစ်ခုမှာ ယခုတွေ့ရသည့် ယန်ကျန်းက ရန်ကျောက်ကဲ၏ အတိတ်ဘဝမှတ်ဉာဏ်များထဲရှိ ဒဏ္ဍာရီများနှင့် ကွဲပြားနေခြင်း ဖြစ်သည်။
ဤကမ္ဘာတွင် ယန်ကျန်းက ယင်ယန်မဟာနက်ရှိုင်းပညာရပ်ကို ကိုယ်တိုင်ဖန်တီးခဲ့သူ ဖြစ်သည်။
ယန်အော့လန်က ယွိချင်အဆက်အနွယ်တွင် အထူးချွန်ဆုံးဖြစ်ပြီး လမ်းသစ်တစ်ခုတည်ထောင်ခဲ့သူ ၊ ထိပ်တန်းအဆင့် ကိုယ်ပိုင်သိုင်းပညာရပ်ဖန်တီးကာ ထိုလမ်းကြောင်းဖြင့်ပင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်လေသည်။
ရှေးခေတ်ကာလကို ပြန်ကြည့်မည်ဆိုလျှင် ယန်ကျန်းက သူ၏ ယင်ယန်မဟာနက်ရှိုင်းပညာရပ်ဖြင့် လူ့ခန္ဓာကိုယ် အသွင်ပြောင်းဖန်ဆင်းရာတွင် ထိပ်တန်းအဆင့် ရပ်တည်ခဲ့သည်။
ယန်ကျန်း၏ ဦလေးမှာ တောင်ပိုင်းချန်စန်းနတ်ဘုရားဖြစ်ပြီး နောက်ပိုင်းတွင် တောင်ပိုင်းချန်စန်းဧကရာဇ်ဟု လူသိများသူ ဖြစ်သည်။
ဦးလေးဖြစ်သူက မိုးကြိုးပညာရပ်ကို ယန်ကျန်းထက်နောက်ကျမှ ဖန်တီးခဲ့ပြီး တန်ခိုးစွမ်းအားနှင့် ဖန်တီးမှုတွင်လည်း ယန်ကျန်းထက် နိမ့်ကျပေသည်။
သို့သော် ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလနောက်ပိုင်းတွင် ယန်ကျန်း လောကအလယ်ထွက်ပေါ်လာသည်မှာ ခပ်ရှားရှားဖြစ်၏။
ကောင်းကင်ဘုံနန်းတော် အမည်စာရင်းတွင် သူ၏အမည်ပါဝင်သော်လည်း ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်သည်မှာ ခပ်ရှားရှားဖြစ်သည်။
သူ၏ဆရာဖြစ်သူ တာအိုဆရာ’ယွိတင်’ မှလွဲပြီး ခွန်လွန်တောင်ရှိ အခြားသောယွိချင်အဆက်အနွယ်များနှင့်လည်း ဆက်ဆံသည်မှာ ခပ်ရှားရှားပင်။
အလယ်ခေတ် အစောပိုင်းတွင် အကြိမ်အနည်းငယ် ထွက်ပေါ်လာပြီးသည့်နောက် ယွိချင်အဆက်အနွယ်၏ အထူးချွန်ဆုံးဆက်ခံသူမှာ လောကအလယ်တွင် ကိုယ့်ကိုယ်ကိုယ်ဖုံးကွယ်နေထိုင်ပြီး လှုပ်ရှားမှုပြုလုပ်သည်မှာ အလွန်ရှားပါးခဲ့သည်။
လက်ရှိခေတ် မဟာကပ်ဘေးကြီး မဖြစ်ပွားမီ သူနှင့်ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာသော်လည်း ၊ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် သူနှင့်ဆက်စပ်သောသတင်းများအားလုံး ပျောက်ကွယ်သွားရပြန်သည်။
ယခင်က ဤဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်၏တည်နေရာကို ရန်ကျောက်ကဲတို့ မကြာခဏ ခန့်မှန်းကြည့်ခဲ့ဖူးသည်။ ယခုတော့ မထင်မှတ်စွာပင် ထိုသူနှင့် မျက်နှာချင်းဆိုင်တွေ့နေရပေပြီ။
ရန်ကျောက်ကဲက လူငယ်တာအိုဆရာကို စူးစိုက်ကြည့်ရင်း...
“စောစောကတည်းကပြောပါတယ် ၊ ဒီလိုအသွင်ပြောင်းပညာကို တတ်မြောက်တဲ့သူ နည်းနည်းပဲရှိတယ်လို့...”
ခဏမျှတိတ်ဆိတ်နေပြီးမှ သူက ပြုံးလိုက်ရင်း...
“ဒါပေမဲ့ လူနည်းနည်းဆိုတာ... တစ်ယောက်ထက်ပိုတယ်ဆိုတဲ့ သဘောပဲ ၊ ကျုပ် သံသယဝင်နေတုန်းပဲ ၊ ခင်ဗျားက တကယ်ပဲ သန့်စင်ခြင်းမူလဧကရာဇ် ဟုတ်ပါတယ်နော်”
ရန်ကျောက်ကဲ၏မေးခွန်းကို လူငယ်တာအိုဆရာက ဒေါသထွက်ခြင်းမရှိပေ။
သူက ရယ်မောလိုက်ပြီး...
“မင်းပဲ ငါ ဘယ်သူလဲမေးလို့ ငါ့မူလပုံစံ ထုတ်ပြရတယ် ၊ ဒါပေမဲ့ အခုကျတော့ မင်းက မယုံတော့ပြန်ဘူး ၊ ဘာလဲ... သိုင်းကွက်ပါ ထုတ်ပြရမှာလား”
ရန်ကျောက်ကဲကလည်း ရယ်မောလိုက်ရင်း...
“ကျုပ် အရမ်းသတိထားမိနေတာ အပြစ်မတင်ပါနဲ့”
ယန်ကျန်းက...
“ဒီလိုပဲလုပ်ရမှာပေါ့ ၊ ကိစ္စမရှိပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ငါ ဘယ်သူလဲဆိုတာ သက်သေပြပြီးတာတောင်... ငါ့စကားတွေကို အပြည့်အဝ မယုံကြည့်နိုင်သေးဘူး မဟုတ်လား ၊ အဲဒီလိုဆိုရင်တော့ ဘယ်လိုစကားပြောပြော ဘာမှထူးခြားမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အဲဒီလို မဟုတ်ပါဘူး ၊ ခင်ဗျားက ကျုပ်အလေးစားရဆုံးသူတွေထဲက တစ်ယောက်ပါ”
ဤသည်က အလိမ်အညာစကားမဟုတ်ဘဲ စိတ်ရင်းဖြစ် ပြောလိုက်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲစိတ်ထဲတွင် ချီထျန်းမဟာသူတော်စင်ကို အလေးစားဆုံးဖြစ်သော်လည်း ယန်ကျန်းအပေါ် အထင်ကြီးမှုကလည်း အတော်လေးမြင့်မားသည်။
ယန်ကျန်းက ခေါင်းခါယမ်းကာ ပြုံးလိုက်ပြီး...
“မင်းပြောတာ မှန်ပါတယ် ၊ ငါ မင်းတို့ကို ရည်ရွယ်ချက်ရှိရှိ မျှားခေါ်လာခဲ့တာ ၊ မင်းတို့ကို စ နောက် ချင်လို့ပါ ၊ ဒီတော့ ငါနဲ့စကားပြောတာ အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး”
ရန်ကျောက်ကဲက...
“ခင်ဗျားက တာအိုဆရာ’ယွိတင်’ ရဲ့ တပည့်ပါ ၊ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ တာအိုဝါဒရဲ့ အကြီးအကဲဖြစ်နေတုန်းပဲလေ”
ယန်ကျန်းက...
“မင်းတို့ ဘိုးဘေးတွေအကြောင်း ငါ သိထားပြီးပါပြီ ၊ ငါတို့ အဆက်အနွယ်မတူကြတဲ့အတွက် သိပ်ပြီးအလေးအနက်ထားနေစရာ မလိုပါဘူး ၊ မိတ်ဆွေတွေလိုပဲ ပြောဆိုကြတာပေါ့ ၊ ငါတို့နှစ်ယောက်လုံး လမ်းမှန်တာအိုဝါဒ တပည့်တွေဖြစ်ပြီး စန်းချင်း(၃)ပါးကို လေးစားကိုးကွယ်ကြတယ် ၊ ပြီးတော့... ငါတို့နှစ်ယောက်လုံး ကိုယ်ပိုင်အောင်မြင်မှုတွေ ရရှိခဲ့ပြီး ကိုယ်ပိုင်ထူးခြားချက်တွေ စွမ်းရည်တွေ ဖန်တီးခဲ့ကြတယ် ၊ ငါက မင်းထက် နည်းနည်းအချိန်စောပြီးလုပ်ခဲ့တာပဲ ရှိတာပါကွာ”
သူက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“တာအိုဝါဒမှာ ထူးချွန်တဲ့လူငယ်တွေ အများကြီးထွက်ပေါ်လာတာ... ငါလျှောက်ရတဲ့လမ်းလည်း အထီးမကျန်တော့ဘူးပေါ့ ၊ ဘာပဲဖြစ်ဖြစ် စိတ်အေးရပါတယ်”
ရန်ကျောက်ကဲက...
“ဒါနဲ့တစ်ခုလောက် မေးချင်ပါတယ် ၊ မြေကမ္ဘာဘုရင်မ... သူ...”
ယန်ကျန်း၏မျက်လုံးများ အနည်းငယ်ဝေဝါးသွားသည်။
“မြေကမ္ဘာဘုရင်မက မဟာကပ်ဘေးကြီးအတွင်း ကျဆုံးသွားခဲ့ပါပြီ...”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့၏မျက်နှာများ အုံ့ဆိုင်းမှိုင်းညို့သွားကြလေသည်။
ခဏကြာမှ ရန်ကျောက်ကဲက မေးလိုက်သည်။
“ဒါဆို ဘာလို့ မြေကမ္ဘာဘုရင်မပုံစံ အသွင်ပြောင်းရတာလဲ”
ယန်ကျန်းက...
“ဘာလို့လဲဆိုတော့... ငါ အတိတ်တစ်ချိန်တုန်းက လျှို့ဝှက်ချက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ် ၊ ငါ့မူလပုံစံကိုပြသလိုက်ရင် အဲဒီကိစ္စနဲ့ ဆက်စပ်နေတဲ့သူတွေ သိရှိသွားကြလိမ့်မယ် ၊ ငါ ထွက်ပေါ်မလာရင်တော့ သူတို့က ငါ့ကို သေသွားပြီလို့ ယူဆပြီး လျှို့ဝှက်ချက်မပျံ့နှံ့သေးဘူးလို့ ယူဆပြီး လက်ရှိ သူတို့လုပ်နေတဲ့ အစီအစဉ်တွေကို ဆက်လုပ်ကြလိမ့်မယ်”