အခန်း (၁၆၁-၁၆၂)
Vol. 15 Ch. 161-162
အခန်း (၁၆၁ ) ချီချောင်ပွဲတော်။
မီးရှုးမီးပန်းတွေကို ကြည့်ဖို့အတွက် တရားသူကြီးစုန့်နှင့် သူဇနီးသာမက အမှုထမ်းတွေ အများကြီးလည်း နေရစ်ခဲ့ကြသည်။
ပြီးခဲ့တဲ့ ကိစ္စကတည်းက ကာကွယ်ရေးခေါင်းဆောင်ကျန်းက လီယောင်ကို ပိုလေးစားလာပြီး သူမအကြောင်းကိုလည်း ကောင်းကောင်း ပိုသိလာခဲ့သည်။
ညစာစားပြီးသွားတော့ ခြံထဲမှာ သိုင်းလေ့ကျင့်နေကြတဲ့ ကလေးတွေကို မြင်ချိန်မှာ ကာကွယ်ရေးခေါင်းဆောင်ကျန်း အတော် စိတ်ဝင်စားသွားသည်။ အထူးသဖြင့် နွားတစ်ကောင်နှင့် နပန်းလုံးနေတဲ့ တာ့ကျွမ်းကို ကြည့်ပြီး လူတိုင်းက ပျော်ရွှင်စွာ ရယ်မောနေတာကြောင့်ပဲ ဖြစ်သည်။
“ မင်း အဲ့လို လုပ်လို့ မရဘူးလေ တာ့ကျွမ်းရ။ ” ခေါင်းဆောင်ကျန်းက တဟားဟား ရယ်မောနေခဲ့သည်။ “ မင်းက နွားလေးတစ်ကောင်ကိုတောင် နပန်းမလုံးနိုင်ဘူး။ အများကြီး လေ့ကျင့်ဖို့ လိုသေးတယ်။ ”
တကယ်တော့ တာ့ကျွမ်း နွားကို လဲကျသွားအောင် နပန်းလုံးနိုင်ခဲ့ပေမဲ့ နွားကလည်း ဉာဏ်ကောင်းတာမို့ တစ်ခါ ရှုံးပြီးကတည်းက သင်ခန်းစာရသွားကာ သတိထားလာသည်။ သူ့ကို တွန်းလှဲပစ်ဖို့ တူညီတဲ့ နည်းလမ်းကိုပဲ ထပ်တလဲလဲ သုံးရတာက အလွန် ခက်ခဲလာသည်။ ထို့ကြောင့် နပန်းပညာလေ့ကျင့်ရေးမှာ လူရော ၊ နွားရော တိုးတက်လာသည်ဟု ပြောလို့ ရသည်။
တာ့ကျွမ်းက ပေါ့သွမ်းသွမ်း ရယ်မောလိုက်သည်။ “ အစ်ကိုကျန်းကိုယ်တိုင် လာစမ်းကြည့်ပါလား။ ”
“ အေး။ စမ်းကြည့်တာပေါ့။ ”
ခေါင်းဆောင်ကျန်းက သူ့ရဲ့ အမှုထမ်းဝတ်စုံကို ချွတ်ပြီး နွားအရှေ့တည့်တည့်မှာ သွားရပ်လိုက်သည်။ နွားက လူစိမ်းကို မြင်တော့ ပိုလို့တောင် နိုးနိုးကြားကြား ဖြစ်သွားပြီး ခေါင်းဆောင်ကျန်းဘက်က မတိုက်ခိုက်ရသေးခင်ကတည်းက စတင်တိုက်ခိုက်လာကာ ခေါင်းဆောင်ကျန်းရဲ့ ဗိုက်ကို ခေါင်းနှင့် ဝင်တိုက်ခဲ့သည်။
ခေါင်းဆောင်ကျန်းက အငိုက်မိသွားပြီး ထိုတိုက်ခိုက်မှုကြောင့် ခြေလှမ်းရပ်သွားကာ ချက်ချင်း လဲကျသွားတော့မလို ဖြစ်သွားသဖြင့် နွားရဲ့ ဂျိုတွေကို လက်နှစ်ဖက်ဖြင့် အမြန် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရသည်။ ဒါပေမဲ့ နွားက အလျှော့မပေးဘဲ ခေါင်းကို လိမ်၍ ခေါင်းဆောင်ကျန်းကို တွန်းထုတ်ကာ မြေပြင်ပေါ် ခြေပစ်လက်ပစ် လဲကျသွားစေခဲ့သည်။
“ ဟားဟားဟား … ”
အမှုထမ်းတွေက ဝါးလုံးကွဲ ဝိုင်းရယ်ကြသည်။ “ ဆရာရယ် … ဆရာကမှ ပိုဆိုးနေတယ် ထင်တယ်။ ”
ရှက်ရွံ့မှုကြောင့် ခေါင်းဆောင်ကျန်းရဲ့ မျက်နှာက နီရဲတက်လာသည်။ “ ဟေး ၊ မင်းလို နွားက တော်တော်လေးကို ဒေါသကြီးတာပါလား။ ငါ ဒီနေ့ မင်းကို ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာ ကြည့်လိုက်။ ”
သို့သော်လည်း အကြိမ်ပေါင်းများစွာ နပန်းလုံးအပြီးမှာ ခေါင်းဆောင်ကျန်းသည် ပြင်းပြင်းထန်ထန်ပင် ထိုးနှက်ခံခဲ့ရသည်။ နွားက တစ်ကြိမ်လေးတောင် လဲကျမသွားဘဲ သူကိုယ်တိုင်ကသာ အထိနာနေခဲ့ရသည်။
“ မင်းတို့မိသားစုရဲ့ နွားက တစ်ခုခုတော့ လွဲနေပြီ။ ”
တာ့ကျွမ်းကတော့ ‘ ဒီနွားကို ကျုပ်နဲ့ ကျုပ်အမေ နေ့တိုင်း သင်ပေးလာတာ ဘယ်နေရာက လွဲရမှာလဲ ’ ဟူ၍သာ စိတ်ထဲက ပြန်ပြောလိုက်သည်။
“ ဦးလေးကျန်း။ ” ဟု ဝမ်ရှောင်စစ်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြောလိုက်သည်။ “ တကယ်တော့ ဦးလေး ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုနဲ့ နပန်းလုံးလို့ ရတယ်။ သူလည်း နည်းနည်းပါးပါး လေ့ကျင့်ထားတယ်။ ”
ခေါင်းဆောင်ကျန်းက “ ထားလိုက်တော့ ထားလိုက်တော့။ ” ဟု ဆိုကာ ထပ်တလဲလဲ လက်ကာပြလိုက်၏။ “ ငါ လူတွေကို အနိုင်ကျင့်လို့ မရဘူး။ ”
“ ဦးလေးက ကြောက်လို့လား။ ”
“ ငါ … ”
ခေါင်းဆောင်ကျန်းသည် ဒေါသကြောင့် ပြောစရာစကားတောင် ပျောက်ဆုံးသွားခဲ့ရသည်။ ဝမ်အာကရော မသိဘဲ နေမတဲ့လား … ။ သူ့ကို သူ လက်တစ်ဖက်တည်းနှင့် အနိုင်ယူလို့ ရတဲ့ နူးနူးညံ့ညံ့ ကောင်လေးတစ်ယောက်နှင့် နပန်းလုံးဖို့ လာစကားစနေတာလေ … ။
လီယောင်လည်း ဝမ်အာရဲ့ တကယ့် တိုက်ရည်ခိုက်ရည်ကို စစ်ဆေးကြည့်ချင်တာမို့ “ ဝမ်အာနဲ့ ကစားပေးတယ်လို့ပဲ သဘောထားပေးပါ ခေါင်းဆောင်ကျန်း။ ” ဟု ပြောလိုက်သည်။
ခေါင်းဆောင်ကျန်းက ထိုစကားကို ကြားတော့မှ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာ နားလည်သွားသည်။ အမျိုးသမီးလီကိုယ်တိုင် ဒီစကား ပြောပြီ ဆိုကတည်းက ဝမ်အာ သိုင်းပညာတချို့ လေ့ကျင့်ထားတာ သေချာသည်။ ဝမ်အာက သူ့ထက် တော်နေရင် ဘယ်နှယ့်လုပ်မလဲ … ။ သူ အခုလေးတင် နွားတစ်ကောင်ဆီမှာ ထိုးနှက်ခံရတာမို့ ဝမ်အာ့ဆီမှာ ထပ်ရှုံးလို့ မရတော့။
ထို့ကြောင့် အမှုထမ်းတစ်ယောက်ကို “ မာကျောက် … ဒီကို လာခဲ့။ ” ဟု လှမ်းပြောလိုက်သည်။
“ လာပါပြီ။ ”
မာကျောက်က အမှုထမ်းတွေထဲမှာ လူကောင်အသေးဆုံး ဆိုပေမဲ့ ဝမ်အာရဲ့ ခန္ဓာကိုယ်ထက် နှစ်ဆလောက် ရှိသည်။ ဘယ်လိုပဲကြည့်ကြည့် ဝမ်အာက သူ့ပြိုင်ဖက် မဟုတ်ပါ။
စည်းမျဉ်းတွေကို ရိုးရှင်းစွာ ရှင်းပြပြီးသွားတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြ၏။ မာကျောက်က ဝမ်အာကို လေးလေးနက်နက် သဘောမထားခဲ့ပေ။ ပွဲစသည်နှင့် သူ ဝမ်အာရဲ့ ပခုံးကို ဆုပ်ကိုင်ဖို့ လက်လှမ်းလိုက်ပေမဲ့ ဝမ်အာရဲ့ လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား မမြင်နိုင်သေးခင်မှာပဲ ကမ္ဘာကြီးက သူ့ကို ပတ်ချာလည် လှည့်သွားသလို ခံစားလိုက်ရကာ မြေပြင်ပေါ်ကို လွှင့်ပစ်ခံလိုက်ရလေသည်။
“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
တရားသူကြီးစုန့်နှင့် ခေါင်းဆောင်ကျန်းတို့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကြသည်။ ဒါက ဝမ်အာရော ဟုတ်သေးရဲ့လား … ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက လူကောင်ကြီးကြီး အမှုထမ်းတစ်ယောက်ကို မြေကြီးပေါ် လွှင့်ပစ်လိုက်နိုင်တယ်တဲ့လား … ။
“ လူလည်လေး ဝမ်အာ။ မင်းက အရည်အချင်းရှိသားပဲ။ မင်း ဘယ်တုန်းက ဒီလောက် သန်မာသွားတာလဲ။ ”
“ ဒါက သန်မာတာ ၊ မသန်မာတာနဲ့ မဆိုင်ပါဘူး။ တကယ်တော့ ကျွန်တော်က အဲ့လောက် မသန်မာပါဘူး။ နည်းစနစ်ကိုပဲ နားလည်တာပါ။ ”
“ ဘာနည်းစနစ်လဲ။ ငါ့ကို ပြောပြလို့ ရလား။ ”
“ ထွေထွေထူးထူး မဟုတ်ပါဘူး ၊ ရန်သူရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်ပြီး အားစိုက်ထည့်လိုက်ရုံပါပဲ။ ”
…
သူတို့နှစ်ယောက်က ဘေးကနေ ဆွေးနွေးနေစဉ်မှာ ဝမ်ရှောင်စစ်က စိတ်ထိန်းမထားနိုင်တော့ဘဲ တစ်ယောက်ယောက်နှင့် အပြေးပြိုင်ပွဲဝင်ချင်သလို ခြေထောက်တွေ ယားလာမိသည်။
“ ဒီလောက်ဆို ရပြီ။ မီးရှုးမီးပန်းတွေ စပြီး ဖောက်ကြမယ်။ ”
“ ကောင်းတယ် ကောင်းတယ်။ ကျွန်မလည်း မီးရှုးမီးပန်းတွေကို ကြည့်ချင်နေတာ။ ”
တရားသူကြီးစုန့်နှင့် သူ့ဇနီးရဲ့ ကြီးစွာသော မျှော်လင့်ချက်တွေအောက်မှာ မီးရှုးမီးပန်းအထုပ် တစ်ဒါဇင်ကျော်ကို အခန်းထဲကနေ ထုတ်ယူလာခဲ့သည်။ လီယောင်က မီးဖိုထဲက မီးသွေးတစ်တုံးကို ယူပြီး စနက်တံလေးကို မီးညှိလိုက်လျှင် စနက်တံလေးက တဖျစ်ဖျစ် အသံမြည်ကာ အမှောင်ထုထဲမှာ မီးပွင့်လေးတွေ တောက်ပလာပြီး မျက်စိဖမ်းစားသွားခဲ့သည်။
တရားသူကြီးစုန့်က “ အင်း။ ” ဟု ဆိုကာ ခေါင်းညိတ်လိုက်သည်။ “ ဒီမီးရှုးမီးပန်းတွေက တကယ့်ကို အရမ်း လှတယ်။ ”
“ ဟုတ်တယ်။ တောက်ပနေတာပဲ။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းကလည်း ပြောလိုက်သည်။ “ နည်းနည်းတော့ သေးတယ်။ လက်သီးဆုပ်လောက် အရွယ် လုပ်ထားရင် သေချာပေါက် ပိုလှမှာပဲ။ ”
လီယောင် : … ဒါက စနက်တံပဲ ရှိသေးတာလေ။
ခဏအကြမှာပဲ စနက်တံက စက်ဝိုင်းပုံစံ ဒုလုံးရှည်လေးအဖြစ် လောင်ကျွမ်းသွားခဲ့သည်။ အကုန်လုံးက ပထမ မီးရှုးမီးပန်း လောင်ကျွမ်းသွားပြီဟု ထင်နေချိန်မှာပဲ ဘုန်းခနဲအသံကြီးကို ရုတ်တရက် ကြားလိုက်ရလေသည်။
အမြီးတိုတိုလေးနှင့် မီးရှုးမီးပန်းက ညကောင်းကင်ပေါ်ကို တန်းတန်းမတ်မတ် တက်သွားကာ လူတိုင်း ငေးမော့ကြည့်နေမိကြသည်။ ကောင်းကင်ပေါ်ကို မြင့်သထက် မြင့်တက်သွားတဲ့ ဥက္ကာပျံနှင့် တူတဲ့ မီးလုံးလေးကို သူတို့ မြင်လိုက်ရသည်။
ဘုန်း -
ဘုန်းခနဲအသံကြီးနှင့်အတူ မီးရှူးမီးပန်း ပေါက်ကွဲသွားကာ အရောင်အသွေးစုံလင်သော မီးပွင့်မီးတောက်တွေ အပြွတ်လိုက် အခိုင်လိုက် ဖြာထွက်သွားပြီး ပိန်းပိတ်အောင် မှောင်မည်းနေသော ညကောင်းကင်မှာ ပန်းပွင့်ကြီးတစ်ပွင့် ဖူးပွင့်တောက်ပလာသလား ဟူ၍တောင် ထင်မှတ်မှားရလေသည်။
အရင်တုန်းက လီယောင် စမ်းသပ်တုန်းက တောင်တန်းတွေကြားထဲမှာ တစ်ယောက်တည်း ဖောက်ခွခဲ့တာမို့ ဒါက မီးရှုးမီးပန်းတွေကို လူကြားထဲမှာ ပထမဆုံးအကြိမ် ပြဖူးခြင်း ဖြစ်ကာ လူတိုင်းကို အံ့ဩဘနန်းဖြစ်သွားစေခဲ့သည်။
အံ့အားသင့်စရာကောင်းလွန်းတဲ့ မြင်ကွင်းပါပဲ။ ကြီးမားသော မီးပွင့်တွေဟာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကျယ်ပြောလှတဲ့ စိုက်ခင်းတွေနှင့် သူတို့က မြူမှုန်မျှသာ အသေးအဖွဲဖြစ်ကြောင်းကို နားလည်သွားစေခဲ့သည်။
တရားသူကြီးစုန့်သည် ကောင်းကင်ကို ငေးမော့ကြည့်ရင်း သစ်သားရုပ်တုတစ်ရုပ်လို အတောင့်သား ရပ်နေမိလေသည်။ ဒီမီးရှူးမီးပန်းတွေနှင့်ဆို ပိုင်ချွမ်းခရိုင်ရဲ့ ချီချောင်ပွဲတော်က အောင်မြင်ဖို့ အာမခံချက်ရှိသွားပြီ ဆိုတာ သူ သိသည်။
ဟဲဝမ်ရွာထဲက ပထမဆုံး မီးရှုးမီးပန်းပြပွဲဟာ နာရီဝက်မျှ ကြာမြင့်ခဲ့ပြီး ရွာထဲက လူတိုင်းအား လှပဆန်းကြယ်သော မီးရှုးမီးပန်းတွေရဲ့ အလှတရားကို မျက်မြင်တွေ့စေခဲ့သည်။
ဒါက လီယောင် အသစ် ဖန်တီးထားတဲ့ ပစ္စည်းမှန်း သိသွားတော့ ရွာသားတွေ အကုန်လုံးနီးပါး ရောက်လာကြသည်။
“ ဒါကို ဘယ်လို လုပ်ထားတာလဲ မရီး။ ”
“ ကျုပ်တို့ အခုက စပြီး ဒါမျိုး လုပ်ရတော့မှာလား။ ” ဟု ဝမ်တင်းကောက မေးလိုက်သည်။ “ ကျုပ်တို့ ဒါမျိုးတွေ များများ လုပ်နိုင်ရင် ပိုက်ဆံတွေ အများကြီး ရှာနိုင်လိမ့်မယ်လို့ ခံစားရတယ်။ ”
“ အဓိကပြဿနာက ကျွန်မတို့ ဒီလို အရာမျိုးတွေ အများကြီး ဖန်တီးလို့ မရတာပဲ။ ” လီယောင်က ပြုံးလိုက်သည်။ မီးရှူးမီးပန်းတွေက လုပ်ရခက်တာ မဟုတ်ဘဲ ယမ်းမှုန့်နည်းစနစ်ကို အရမ်း အစောကြီး ပျံ့နှံ့မသွားစေချင်တာပါ။ ဒါပေမဲ့ သူတို့ ဒီလုပ်ငန်းကနေ စီးပွားရှာလို့တော့ ရပါသေးသည်။
သတင်းပျံ့သွားတဲ့အထိ စောင့်ပြီးရင် လူချမ်းသာတွေဆီ ၊ ဒါမှမဟုတ် တော်ဝင်ဆွေကြီးမျိုးကြီးတွေဆီ ၊ ဧကရာဇ်နန်းတော်ဆီကိုတောင် အထူးသီးသန့် ရောင်းချလို့ ရသည်။ ဘယ်လိုပဲဆိုဆို ထိုလူတွေမှာ ပိုက်ဆံတွေ ရေလို ပေါလျှံနေတာမို့ မီးရှူးမီးပန်း တစ်ခုကို ငွေနှစ်ချောင်းနှင့် ရောင်းလျှင်တောင် ကျိုးကြောင်းဆီလျော်မှုမရှိမှာ မဟုတ်ပေ။
သာမန်လူတွေကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲ အခြေအနေပဲ ရှိသေးတာမို့ လူတိုင်း ချမ်းသာလာတဲ့အထိ စောင့်ပြီးမှ ထုတ်လုပ်ရေးကို တိုးမြှင့်ပြီး လူတိုင်းအား မီးရှူးမီးပန်းတွေရဲ့ အလှတရားကို နှစ်သက်ခံစားစေလို့ ရသည်။
“ ဒီမီးရှူးမီးပန်းတွေက သိပ်ကို အံ့ဩစရာကောင်းတာပဲ အမျိုးသမီးလီ။ ” တရားသူကြီးစုန့်က အချိန်အတော်ကြာမှ သတိပြန်ဝင်လာသည်။ “ ကျုပ် မသိလို့ပါ ၊ မီးရှုးမီးပန်း တစ်ခုကို လုပ်ဖို့ ပိုက်ဆံ ဘယ်လောက် ကုန်လဲ။ ချီချောင်ပွဲတော်အတွက်ရော ဘယ်လောက်များများ ထုတ်လုပ်နိုင်မလဲ။ ”
“ တကယ်တော့ မီးရှုးမီးပန်းတွေက အရမ်း ဈေးကြီးတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်မ ချီချောင်ပွဲတော်အတွက် မီးရှုးမီးပန်းတွေကို ( ၇ ) ရက်တိတိ အလကားပေးမယ်လို့ ကတိပေးပါတယ်။ တစ်ရက်ကို နာရီဝက်စီပေါ့ ၊ နောက်ဆုံးနေ့မှာတော့ အချိန်ပိုပေးပါ့မယ်။ ဒါက ပိုင်ချွမ်းခရိုင်အတွက် ကျွန်မ တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးတာလို့ ပြောလို့ ရပါတယ်။ ”
ပွဲတော်ကာလက ( ၇ ) ရက် ဖြစ်နေရတဲ့ အကြောင်းအရင်းက ဒီခေတ်မှာ သယ်ယူပို့တောင်ရေးတွေ ၊ ဆက်သွယ်ရေးက အတော်လေး ဖွံ့ဖြိုးမှုနှေးကွေးလို့ပဲ ဖြစ်သည်။ ပွဲတော်အတွက် ပိုင်ချွမ်းခရိုင်ကို အဝေးက လာရမယ့် လူတွေအတွက် ပွဲတော်ကာလကို အချိန်တိုးချဲ့ဖို့ လိုသည်။
“ အမျိုးသမီးလီက စေတနာအကောင်းဆုံးပဲ။ ”
တရားသူကြီးစုန့်က ဒီမျက်နှာသာပေးမှုအပေါ် သဘောထားမသေးသိမ်ပါ။ အချိန်ကျလာရင် သူ့ကို အကူညီဆုံး ဖြစ်တဲ့ ဒီစပွန်ဆာကြီးအတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ပေးလို့ ရသည်။
သို့သော် ( ၇ ) ရက်တာ ကြာမြင့်မယ့် ပွဲတော်ကြီးတစ်ခုကို အစီအစဉ်တကျ ကျင်းပပြီး အကောင်းဆုံးဖြစ်စေဖို့အတွက် ပိုင်ချွမ်းခရိုင်မှာ ရှိတဲ့ လူချမ်းသာတွေ အတူတကွ ပူးပေါင်းဖို့ လိုအပ်သည်။
ထို့ကြောင့် တရားသူကြီးစုန့်သည် နောက်တစ်နေ့မနက်မှာပဲ လွှမ်းမိုးမှုရှိတဲ့ မြေပိုင်ရှင်တွေ ၊ အရာရှိ အငယ်စားတွေ ၊ ပိုင်ချွမ်းခရိုင်ရဲ့ ဆိုင်ပိုင်ရှင်တွေနှင့် တခြား လူများစွာကို ဒီကိစ္စကြီးအား ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ခဲ့သည်။
ပိုင်ချွမ်းခရိုင်မှာ ပွဲတော်ကြီးတစ်ခု ကျင်းပမယ် ဆိုတဲ့ သတင်းကို ကြားတော့ လူတိုင်း ခေါင်းခါယမ်းလိုက်ကြသည်။ ကျန်းကျီစားသောက်ဆိုင်ရဲ့ ကျန်းကွမ်ရှန်းက စလို့ တော်တော်များများက ဒီပွဲတော်ကို သဘောမကျ။
ကျန်းကွမ်ရှန်းက “ တရားသူကြီးစုန့် … ကျုပ်တို့ရဲ့ ပိုင်ချွမ်းခရိုင်က အရမ်း ဝေးလံချောင်ကျတယ် ၊ နေထိုင်သူတွေကလည်း အရမ်း ဆင်းရဲတယ်။ ဒီလို ပွဲတော်ကြီးကို ဘယ်သူတွေက လာမှာမို့လို့လဲ။ ” ဟု ပြောလိုက်သည်။
“ ဟုတ်တယ် ၊ နေရာက ဝေးလွန်းတယ်။ ပြီးတော့ အချိန်ကလည်း ဘယ်လောက်မှ မလိုတော့ဘူး ဆိုတော့ ဒီသတင်းကို လူတောင် မသိလောက်ဘူး။ ”
“ ပြီးတော့ ဒီချီချောင်ပွဲတော် ဆိုတာက ဘာကြီးလဲ။ အရင်က ဒီပွဲတော်အကြောင်း မကြားဖူးပါဘူး။ ”
“ ကျုပ် အခုလေးတင်ပဲ စုံစမ်းလာခဲ့ပြီးပြီ။ ” ကျန်းကွမ်ရှန်းက တဟားဟား ရယ်မောလိုက်သည်။ “ အိုးတစ်လုံး ဝယ်ဖို့တောင် မတတ်နိုင်တဲ့ ပိုက်ဆံတစ်ပြားမှ မရှိတဲ့ စာသင်သားတစ်ယောက်နဲ့ ဇွတ်အတင်း လက်ထပ်ချင်နေတဲ့ နတ်သမီးလေးတစ်ပါးအကြောင်းလို့ ပြောတယ်။ ဟားဟား ၊ ပုံပြင်စာအုပ်တွေထဲမှာတောင် ဒီလို ဇာတ်လမ်းမျိုး ရေးရဲမှာ မဟုတ်ဘူး။ ”
တရားသူကြီးစုန့်ကတော့ ဒီလို ပြောမယ့် လူတွေ အများကြီး ရှိလိမ့်မယ် ဆိုတာ ကြိုတင်မျှော်မှန်းထားပြီးသားမို့ စိတ်ပျက်မသွားပေ။ “ အကုန်လုံးပဲ … ဒီချီချောင်ပွဲတော်အကြောင်း ဒီအရာရှိနဲ့ အမျိုးသမီးလီတို့ အတူတူ ဆွေးနွေးထားတာပါ။ ”
…
အခန်း ( ၁၆၂ ) အောင်ပွဲခံခြင်း။
ဒါက လီယောင့်စိတ်ကူး ဆိုတာကို ကြားသည်နှင့် လူတချို့က စိတ်ချယုံကြည်သွားကြသည်။ ပြောရရင် ပိုင်ချွမ်းခရိုင်မှာ လီယောင့်နာမည်က စိတ်ချယုံကြည်မှု ဆိုတဲ့ စကားလုံးနှင့် တွဲလျက် ရှိနေတာမျိုးပါ။ သူမ လုပ်သမျှ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံးက အမြဲတမ်း အကျိုးအမြတ်များစွာ ထွက်လေ့ ရှိသည်။
“ ကျုပ်တို့ တရားသူကြီးမင်းနဲ့ အမျိုးသမီးလီကို ယုံကြည်ချင်ပါတယ်။ ” ဟု လျှို့ယွမ်ဝေက ပြောလိုက်သည်။ “ ဒါပေမဲ့ တရားသူကြီးမင်းက ကျုပ်တို့ကို ဘယ်လို စီးပွားရေးလုပ်ငန်းမျိုး လုပ်စေချင်တာလဲ ဆိုတာ မသိဘူး။ ”
“ ဒါက အောင်ပွဲခံတာ ဆိုတော့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ လိုလိမ့်မယ်။ ပြီးတော့ စားသောက်ဆိုင်နဲ့ တည်းခိုခန်းတွေရောပေါ့။ ခင်ဗျားတို့အားလုံး ပြင်ဆင်စရာရှိတာတွေ ကြိုတင်ပြင်ဆင်ထားရမယ်။ မဟုတ်ရင် လူတွေ ရောက်လာရင် စားစရာနဲ့ နေစရာ ရှာနိုင်မှာ မဟုတ်ဘူး။ အမျိုးသမီးလီနဲ့ ကျုပ်မှာ အသေးစိတ် အစီအစဉ်တွေ ရှိတယ်။ ဆိုင်ခန်းငှားမယ့် လူတွေကတော့ ခဏနေရင် မှတ်ပုံတင် စာရင်းသွင်းလို့ ရပါမယ်။ ”
ကျန်းကွမ်ရှန်းက အစီအစဉ်စာရွက်ကို ယူပြီး ကြည့်လိုက်တော့ ပွဲတော်ရဲ့ အလယ်ဗဟိုဟာ လည်ပင်းတောင် တင်းကျပ်နာကျင်ရနိုင်တဲ့ မြို့ပြင်က လူမရှိတဲ့ မြေကွက်လပ်မှာ ရှိနေတာကို သတိထားမိသွားသည်။
“ ဒီလို ပူလောင်နေတဲ့ ရာသီဥတုမှာ ဘယ်သူက အဲ့လို နေရာကို သွားပြီး ပစ္စည်းတွေ ဝယ်မှာလဲ။ ”
“ ပြီးတော့ … ” ကျန်းကွမ်ရှန်းက ဆက်ပြောလိုက်သည်။ “ အကောင်းဆုံး နေရာတွေကို ခရိုင်အစိုးရနဲ့ အမျိုးသမီးလီက ရွေးပြီးသွားပြီ ဆိုတော့ ကျုပ်တို့က ထောင့်နေရာတွေကို ယူလို့ ရတော့မှာ မဟုတ်လား။ အဲ့ဒါက နည်းနည်းလေးတော့ ကျိုးကြောင်းဆီလျော်မှုမရှိဘူး မဟုတ်လား။ ”
တရားသူကြီးစုန့်ကတော့ “ အမျိုးသမီးလီက ဒီပွဲတော်အတွက် ငွေရေးကြေးရေးအရရော ၊ စိတ်ကူးစိတ်သန်းအရရော အများကြီး ကူညီပေးထားတာ။ ခင်ဗျားတို့ထဲမှာ အဲ့ဆိုင်ခန်းတွေကို လိုချင်တဲ့ လူ ရှိရင် လီယောင်နဲ့ တူညီတဲ့ ပမာဏတစ်ခုနဲ့ ကူညီပေးပါ။ ” ဟူ၍သာ ပြန်ပြောလိုက်သည်။
လီယောင်နှင့် ချမ်းသာကြွယ်ဝမှုချင်း ယှဉ်ပြိုင်ရမယ်တဲ့လား … ။ ထားလိုက်ပါတော့။ အခုနောက်ပိုင်း လီယောင့်မှာ ပိုက်ဆံတွေ ပေါလွန်းလို့ ထားစရာနေရာတောင် မရှိတော့ဘူး ဆိုတာကို လူတိုင်း သိသည်။
သေချာ စဉ်းစားပြီးသောအခါ လူတိုင်းက ကျန်ရှိနေတဲ့ ဆိုင်ခန်းတွေကိုပဲ အမြန် ငှားရမ်းလိုက်ကြ၏။ တရားသူကြီးစုန့်ဘက်ကလည်း လမ်းပေါ်က ဆိုင်ခန်းတွေကို ကောင်းကောင်း ပြင်ဆင်ပေးထားပါမည်ဟု ကတိပြုထားသည်။
နောက်ဆုံးမှာတော့ မလှုပ်ရှားဘဲ ဘေးမှာ ရပ်နေတဲ့ လူနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ တရားသူကြီးစုန့်က ထိုနှစ်ယောက်ကို ကြည့်ပြီး “ ခင်ဗျားတို့နှစ်ယောက်ကရော ဘယ်လိုလဲ။ ဒါက ပိုက်ဆံရှာဖို့ အခွင့်အရေးကောင်းနော်။ ” ဟု ပြောလိုက်သည်။
“ ဟားဟား ၊ ဒီအခွင့်အရေးကောင်းကို ခင်ဗျားတို့ပဲ ယူလိုက်ပါ။ ” ကျန်းကွမ်ရှန်းက ရယ်မောလိုက်သည်။ “ ကျုပ်ရဲ့ ကျန်းကျီစားသောက်ဆိုင်ကို ဂရုမစိုက်ဘဲ ပစ်ထားတာ နှစ်ချီနေပြီ ၊ ကျုပ် ဆိုင်အပြင်အဆင်တွေကို အသစ်ပြောင်းဖို့ စီစဉ်နေတာ။ ဒီအခွင့်အရေးကောင်းအတွက် ကျုပ်မှာ အချိန်မရမှာ စိုးရိမ်လို့ပါ။ ”
“ သခင်ကြီးဝူကရော ဘယ်လိုလဲ။ ”
အရင်တုန်းက သမီးဖြစ်သူကို လီရှန်းနှင့် လက်ဆက်ပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ သခင်ကြီးဝူက လီယောင့်ကို ထိုကိစ္စကြောင့် မကျေနပ်ပါ။ ထို့ကြောင့် သူ ဒီတစ်ခေါက် လီယောင့်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်မှာ မဟုတ်။ ဒါက ပိုင်ချွမ်းခရိုင်ရဲ့ ဒေသခံ လူကြီးလူကောင်းတစ်ယောက်ရဲ့ မာနတရားနှင့် သက်ဆိုင်နေတဲ့ ကိစ္စပင်။
“ ကျုပ်က အသက်ကြီးနေပါပြီ တရားသူကြီးမင်း။ အိမ်မှာ ရှိတဲ့ ကျုပ်သားတွေကလည်း တစ်ယောက်မှ သုံးစားမရဘူး။ ကျုပ် ဒီတစ်ခေါက် ကောင်းကောင်း မပါဝင်နိုင်မှာကို စိုးရိမ်လို့ပါ။ ”
လူနှစ်ယောက် လွတ်နေလည်း ကိစ္စတော့ မရှိပါ။ တရားသူကြီးစုန့်က လူတိုင်းကို နောက်တစ်ကြိမ် သတိပေးပြီးသွားတော့ အသီးသီး အိမ်ပြန်ခိုင်းလိုက်သည်။
သို့သော် သူတို့အားလုံး ခရိုင်အစိုးရရုံးတော်ရဲ့ ဂိတ်ပေါက်ဝကို ရောက်ချိန်မှာပဲ ကျန်းကွမ်ရှန်းက တခြားသူတွေဘက်ကို လှည့်ပြီး “ ခင်ဗျားတို့တော့ သွားပြီ။ ” ဟု ပြောလိုက်သည်။
“ အိုး ၊ ခင်ဗျားက ဘာကို ပြောချင်တာလဲ။ ”
“ ခင်ဗျားတို့ သဘောမပေါက်ဘူးလား။ တရားသူကြီးစုန့်က ဒီပွဲတော်ကို ဘာလို့ စီစဉ်ပေးတာလို့ ထင်လဲ။ ”
“ ဘာလို့ စီစဉ်ပေးတာ ဖြစ်ရမှာလဲ။ ပိုင်ချွမ်းခရိုင်ရဲ့ အကျိုးအမြတ်အတွက်ပဲပေါ့။ ”
“ သူ့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်အတွက်လည်း ဖြစ်နိုင်တာပဲ။ ” ဟု ကျန်းကွမ်ရှန်းက ပြောလိုက်သည်။ “ ဆိုင်ခန်းငှားခက ငွေချောင်း နှစ်ထောင်တဲ့။ အဲ့တော့ ဒီပွဲတော်က အောင်မြင်တာပဲဖြစ်ဖြစ် ၊ ကျရှုံးတာပဲဖြစ်ဖြစ် အဲ့ငွေချောင်း နှစ်ထောင်က သူ့အိတ်ကပ်ထဲကို အလိုလို ရောက်ပြီးသားပဲ မဟုတ်ဘူးလား။ ”
“ ဒါပေမဲ့ ကျုပ်တို့ အဲ့ငွေကို ပြန်ရှာနိုင်တယ်လေ။ ”
“ ဟုတ်ပါတယ်။ လူတွေ အကုန်လုံးနဲ့ ခွဲဝေလိုက်ရင် အဲ့ငွေပမာဏက အများကြီး မဟုတ်တော့ဘူး ဆိုတာ မှန်တယ်။ ဒါပေမဲ့ ပွဲတော်ကို လူတစ်ယောက်မှ မလာရင် ဘယ်လို လုပ်မလဲ။ အဲ့ဒါဆို ခင်ဗျားတို့ ဆိုင်ခန်းခတွေ ရှုံးရုံတင် မဟုတ်ဘူး ၊ ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေလည်း အလဟဿ ဖြစ်ကုန်လိမ့်မယ်။ ”
“ သူဌေးကျန်း။ ” ဟဲကျားကျင်းက သူ့စကားတွေကို ဆက်ပြီး ငြိမ်နားမထောင်နိုင်တော့ပေ။ “ ခင်ဗျား မပါဝင်ဘူး ဆိုရင်လည်း လူတွေကို အထင်အမြင်လွဲမှားစေမယ့် စကားတွေကို ဒီမှာတင် တော်လိုက်တာ ကောင်းမယ်။ ”
“ ကျုပ်က လူတွေကို အထင်အမြင်လွဲမှားစေမယ့် စကားတွေနဲ့ လှည့်စားနေလို့လား။ ” ကျန်းကွမ်ရှန်းက လှောင်ပြုံး ပြုံးလိုက်သည်။ “ ခင်ဗျားတို့ အရူးလုပ်ခံချင်သပ ဆိုရင်လည်း ကျုပ် မတားတော့ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ကျန်းကျီစားသောက်ဆိုင်မှာ ကျုပ် ပါဝင်ပစ္စည်းတွေကို အပိုပြင်ထားမှာ မဟုတ်ဘူးနော်။ အဆုံးသတ်မှာ ဘယ်သူက ရယ်နိုင်မလဲ ၊ ဘယ်သူက ငိုရမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။ ”
ကျန်းကွမ်ရှန်းက ထိုသို့ ပြောပြီးနောက် အင်္ကျီလက်ကို လှုပ်ယမ်းပြီး ဟန်နှင့်ပန်နှင့် ထွက်ခွာသွားခဲ့သည်။ သူ့စကားလုံးတွေက လူတိုင်းကို စိတ်မသက်မသာဖြစ်သွားစေခဲ့ပါသည်။
“ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်မနေကြနဲ့။ ” ဟု ဟဲကျားကျင်းက ပြောလိုက်သည်။ “ ကျုပ်တို့ လီယောင်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်သင့်တယ်။ ”
“ ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ လုပ်သင့်တာကိုပဲ လုပ်ကြရအောင်။ ”
“ ပွဲတော်က ရက်ပိုင်းပဲ လိုတော့တာ။ ကျုပ်တို့မှာ အချိန်အများကြီး မကျန်တော့ဘူး။ ”
…
တခြားလူတွေက ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေစဉ်မှာ တရားသူကြီးစုန့်ကတော့ သူ့လူတွေကို ရွာတွေအား အသိပေးဖို့ ညွှန်ကြားနေခဲ့သည်။ ပွဲတော်မှာ ရွာတစ်ရွာစီအတွက် ဆိုင်ခန်း သုံး ၊ လေးခန်းလောက် ခွဲတမ်းရကာ အများစုက အလကားပဲမို့ အရပ်သူ ၊ အရပ်သားတွေဟာ ပစ္စည်းတချို့ ရောင်းချနိုင်သည်။
ဒါက သူတို့ကို အပိုဝင်ငွေပေးရုံသာမက ပျော်ပွဲသဘင်အစီအစဉ်တွေကိုလည်း တိုးပွားစေသည်။ လီယောင့်ရဲ့ အကြံပြုချက်ကြောင့် ခရိုင်အစိုးရမှာလည်း ဆိုင်ခန်းတချို့ ရှိနေသည်။
သူတို့က နေပြည်တော်က ကုန်ပစ္စည်းတွေနှင့် ကျင်းနန်က ကုန်ပစ္စည်းတွေကဲ့သို့ အလွယ်တကူ မဝယ်ယူနိုင်တဲ့ ကုန်ပစ္စည်းတွေကို အဓိကထား၍ ရောင်းချကြသည်။
တရားသူကြီးစုန့်က အကျိုးအမြတ်တွေကို သူတစ်ယောက်တည်း မယူချင်သောကြောင့် ခရိုင်အရာရှိတွေကိုလည်း သူတို့ရဲ့ အရင်းအမြစ်တွေနှင့် စုပေါင်းပါဝင်ခွင့်ပြုခဲ့ပြီး အကျိုးအမြတ်တွေကို ပါဝင်ဆောင်ရွက်မှုအလိုက် ခွဲဝေပေးခဲ့သည်။
စုဆောင်းရရှိထားတဲ့ ဆိုင်ခန်းခ ငွေချောင်း နှစ်ထောင်အတွက်ကိုတော့ ပွဲတော်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူတဲ့ နေရာမှာ အသုံးပြုသွားမှာ ဖြစ်သည်။
သူတို့ စက္ကူမီးအိမ်တွေ လုပ်ရသည် ၊ ပြဇာတ်အဖွဲ့တွေနှင့် ကျွမ်းဘားအဖွဲ့တွေကို ဖိတ်ခေါ်ရသည် ၊ ပြီးတော့ လီယောင်ရဲ့ ညွှန်ကြားချက်အတိုင်း ခရီးဝေးက လာခဲ့သူတွေအတွက် နေထိုင်စရာ ရဖို့ရာ ယာယီရွက်ဖျင်တဲတွေ အများကြီး ပြင်ဆင်ရသည်။
ပိုင်ချွမ်းခရိုင်ရှိ စာသင်သားတွေကို စုဝေးပြီး ကဗျာတစ်ပုဒ်ဖွဲ့ဖို့လည်း သူ စီစဉ်ထားတာမို့ စာသင်သားတွေအတွက် အနေအထိုင်အဆင်ပြေစေမယ့် ယာယီ ဝါးအဆောင်တစ်ခုကိုလည်း ဆောက်လုပ်ရသည်။ ဒီအရာတွေ အားလုံးအတွက် ပိုက်ဆံတွေ အများကြီး လိုအပ်သည်။
တရားသူကြီးစုန့်ရဲ့ ဇနီးဟာ နွားကျောင်းသားနှင့် နတ်သမီးပုံပြင်ကို ဖတ်ရှုပြီးတဲ့နောက် အလွန် နှစ်ခြိုက်သဘောကျသွားပြီး နွားကျောင်းသားနှင့် နတ်သမီးလေးရဲ့ ပန်းချီကို ရေးဆွဲထားတဲ့ မီးအိမ်ကြီးတစ်လုံးကို ဖန်တီးပြုလုပ်ချင်ခဲ့သည်။ သို့သော်လည်း စိတ်ကူးကောင်းကောင်း မရှိသောကြောင့် လီယောင်ကိုပဲ အကြံထပ်တောင်းရပြန်လေသည်။
“ ကောင်းကင်ပေါ်မှာ ပျံနိုင်တဲ့ မီးအိမ် လုပ်ရင် မကောင်းဘူးလား။ ” ဟု လီယောင်က အကြံပေးလိုက်သည်။ “ ကောင်းကင်ပေါ်မှာ နွားကျောင်းသားနဲ့ နတ်သမီးလေးရဲ့ တကယ့် တွေ့ဆုံမှုကို ပုံဖော်ကြရအောင်။ ”
“ ကောင်းကင်ပေါ်မှာ ပျံနိုင်တဲ့ မီးအိမ်တဲ့လား။ အဲ့ဒါက ဘယ်လိုလုပ် ပျံနိုင်မှာလဲ။ ” ဟု တရားသူကြီးကတော်က ပြန်မေးသည်။
“ ရိုးရိုးလေးပါပဲ။ ”
ကောင်းကင်ပေါ်မှာ ပျံနိုင်တဲ့ မီးအိမ်ကို နူးညံ့သော ဝါးမျှင်တွေနှင့် ချိတ်ဆက်ထားတဲ့ ခုန်းမင်မီးအိမ်တွေ အများကြီးနှင့် ပြုလုက်ရတာ ဖြစ်သည်။ ထိုမီးအိမ်နှစ်လုံး ကောင်းကင်ပေါ်မှာ ဘယ်လို ဆုံစည်းမလဲ ဆိုတာကတော့ မြေပြင်ပေါ်က လူတွေက မီးအိမ်တွေကို ကြိုးရှည်ကြီးတွေနှင့် ဆွဲထားရတာပင်။
သီအိုရီအရ အဲ့ဒါက ဖြစ်နိုင်ပေမဲ့ မိုးလေဝသအပေါ်မှာလည်း မူတည်သေးသည်။ လူတိုင်းက အလုပ်ရှုပ်နေသလို လီယောင်ကလည်း နောက်မှာ ကျန်မနေခဲ့နိုင်ပါ။
တရားသူကြီးစုန့်က ဆိုင်ခန်းရာချီ ပါဝင်တဲ့ အကြီးဆုံးနေရာကို ဟဲဝမ်ရွာအတွက် ခွဲတမ်းချပေးခဲ့သည်။ လီယောင်က အစီအစဉ် အကြမ်းဖျင်း ဆွဲထားပြီး ဆိုင်ခန်းတစ်ဝက်ကို ရွာသားတွေအတွက် ပေးကာ ကျန်တစ်ဝက်ကိုတော့ ဝမ်မိသားစုအတွက် ပေးလိုက်သည်။
ဘာကို ရောင်းချရမလဲ ဆိုရင်တော့ ဟဲဝမ်ရွာရဲ့ လက်ရာစစ်စစ် စားကောင်းသောက်ဖွယ်တွေအပြင် ဖျော်ဖြေရေးအစီအစဉ် အမျိုးမျိုးလည်း ရှိသည်။
မြားပစ်ကစားနည်း ၊ သံပြားပစ်ကစားနည်း ၊ ပဲအိတ်မြှောက်ကစာနးည်း ၊ ဘဲဖမ်းကစားနည်းနှင့် တောကြက်ဖမ်းကစားနည်းတို့လို အများကြီး အမြတ်အစွန်းထွက်နိုင်တဲ့ ဂိမ်းကစားနည်းတွေကို လီယောင့်စိတ်ကူးအတိုင်း ပြုလုပ်ထားခဲ့သည်။
“ ကျွန်မ ဘာအစားအသောက် ရောင်းရမလဲ ဆိုတာ ဆုံးဖြတ်ပြီးသွားပြီ အမေ။ ” ဟု ဟဲရှောင်ယာက စာရွက်တစ်ရွက်ကို ကိုင်လျက် လီယောင့်ရှေ့မှာ ရပ်ပြီး လာပြောသည်။ “ တစ်ခုခု လစ်ဟာနေတာ ရှိလားလို့ ကြည့်ပေးပါဦး အမေ။ ”
စာရင်းထဲမှာ အသားနှပ်ဟင်း ၊ အသားလုံးအကြွပ်ကြော် ၊ အသားကင်ချောင်း ၊ ပေါင်မုန့်တိုဟူးကပ်ကြော်နှင့် သံပြအသားကင်တွေကို ဟဲရှောင်ယာ ပြင်ဆင်ထားသည်။
ဒါပေမဲ့ လီယောင်ကတော့ ကင်းမွန်သံပြားကင် ၊ ဆီတိုဟူး ၊ ကြက်အူချောင်းကင်နှင့် အူဒုံလို ဟင်းလျာတွေ အများကြီး လိုအပ်နေသေးသည်ဟု ခံစားရသည်။ စာရင်းထဲမှာ ခေါက်ဆွဲအေး ၊ ဆန်ခေါက်ဆွဲအေးနှင့် ကြက်ဥခေါက်ဆွဲကြော်တို့ မပါတာကလည်း သူမကို ညဈေးတစ်ခုရဲ့ အငွေ့အသက်တွေ ပျောက်ဆုံးနေသည်ဟု ခံစားရစေသည်။
ဆီတို့ဟူးနှင့် ကင်းမွန်သံပြားကင်ကို ဖယ်လိုက်ရင်တောင် ကြက်အူချောင်းကင် ၊ အူဒုံ ၊ ခေါက်ဆွဲအေးနှင့် ဆန်ခေါက်ဆွဲအေးတွေကတော့ ပြုလုပ်ဖန်တီးလို့ ရသေးသည်။
ငရုတ်သီးတွေ အများကြီး ရှိနေတာမို့ လီယောင်သည် ခေါက်ဆွဲအေးတွေ ၊ ဆန်ခေါက်ဆွဲအေးတွေနှင့် ရောနယ်ဖို့အတွက် ထိုငရုတ်သီးတွေကို နုပ်နုပ်စဉ်းပြီး ငရုတ်သီးစိမ်းဆော့စ်လုပ်ဖို့ ဆုံးဖြတ်လိုက်၏။ ဒါကို သေချာပေါက် လူကြိုက်များလိမ့်မည်။
“ စိုက်ခင်းထဲမှာ အာလူးတွေက ကြက်ဥအရွယ်အစားလောက် ကြီးနေပြီ။ အာလူး နည်းနည်းပါးပါး တူးပြီး တုတ်ထိုးအာလူးကင် လုပ်ကြမယ်။ ” ဟု လီယောင်က ပြောလိုက်သည်။
“ ကျွန်မတို့ကို သင်ပေးပါ အမေ။ ”
လီယောင်ရဲ့ ညွှန်ကြားမှုအောက်မှာ မိသားစုဟာ ကြက်အူချောင်းကင်နှင့် အူဒုံ ပြုလုပ်နည်းကို စတင်လေ့လာခဲ့ကြသည်။ ပါဝင်ပစ္စည်း တချို့ မရှိပေမဲ့ ဒီပစ္စည်းတွေ ပေါ်ပေါက်လာတာနှင့် အရသာက လျင်လျင်မြန်မြန် တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်သည်။
လမ်းပေါ်မှာ အရသာစစ်စစ် ကြက်အူချောင်းကင်နှင့် အူဒုံကို သူမ စိတ်တိုင်းကျ စားရဖို့ သိပ်မလိုတော့။
“ အမျိုးသမီးလီ။ ” ချွန်းနျဉ်ကလည်း လီယောင့်ကို တွေ့သွားပြီး လာပြောသည်။ “ တကယ်တော့ ကျွန်မလည်း မုန့်နည်းနည်းပါးပါး လုပ်တတ်တယ်။ ”
“ ဘာမုန့်တွေ လုပ်တတ်တာလဲ။ ”
ချွန်းနျဉ်က ခဏလောက် စဉ်းစားနေပြီးမှ “ ကျွန်မ ပြန်းပြန်းခေါက်ဆွဲ လုပ်တတ်တယ်။ ” ဟု ပြောလိုက်သည်။
ပြန်းပြန်းခေါက်ဆွဲ ဆိုတာ စီချွမ်အနောက်ပိုင်းရဲ့ ဓလေ့ရိုးရာ စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်သည်။ အရင်ဘဝတုန်းက လီယောင် ထိုခေါက်ဆွဲအကြောင်းကို ကြားရုံသာ ကြားဖူးပြီး တစ်ခါမှ မြည်းစမ်းကြည့်ဖို့ အခွင့်အရေးမရခဲ့ပေ။
“ ငါ နင့်ကို ကူညီပေးဖို့ လူ ( ၁၀ ) ယောက်ကို တာဝန်ပေးလိုက်မယ်။ နင် သူတို့ကို ပြန်းပြန်းခေါက်ဆွဲလုပ်နည်း သင်ပေးလို့ ရတယ်။ ”
“ ကျေးဇူးတင်ပါတယ် သခင်မ။ သခင်မရဲ့ ဂုဏ်သတင်းမထိခိုက်စေဖို့ ချွန်းနျဉ် အမှားအယွင်းမရှိအောင် သေချာ လုပ်ပါ့မယ်။ ”
…