အခန်း (၁၆၃-၁၆၄)
Vol. 15 Ch. 163-164
အခန်း (၁၆၃ ) ထိတ်လန့်မှု။
ဇူလိုင်လ တစ်ရက်နေ့။
ဟဲဝမ်ရွာသူ ၊ ရွာသားများသည် အရုဏ်မတက်ခင်ကတည်းက အစီအတန်းလိုက်ဖြင့် တချို့က နွားလှည်းတွေ … တချို့ကတော့ သုံးဘီးစက်ဘီးတွေ ၊ နှစ်ဘီးစက်ဘီးတွေ စီး၍ သူတို့ ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်းတွေနှင့် ဆိုင်ခန်းခင်းဖို့ ဘုတ်ပြားတွေကို သယ်ယူကာ ပိုင်ချွမ်းခရိုင်သို့ တညီတညွှတ်တည်း ဦးတည်ထွက်လာခဲ့ကြသည်။
ပြင်ဆင်ထားတဲ့ တည်နေရာကို ရောက်သောအခါ ဆိုင်ခန်းတွေကို ခင်းရင်း ၊ စားပွဲတွေ ၊ ခုံတွေ ၊ ခုံတန်းလျားတွေကို နေရာချရင်း အလုပ်ရှုပ်နေခဲ့ကြပြီး တခြားဒေသတွေက လာမယ့် လူတွေကို ဖော်ရွေပျူငှာစွာ ကြိုဆိုဖို့ စောင့်စားနေကြ၏။
ခဏအကြာမှာပဲ ကွင်းပြင်ကြီးထဲမှာ ဆိုင်ခန်းလေးတွေ ပြည့်နှက်သွားပြီး နေရာတိုင်းမှာ ပန်းမီးအိမ်လှလှလေးတွေကို ချိတ်ဆွဲလို့ ပြီးသွားသည်။ ပြဇာတ်အဖွဲ့တွေနှင့် ကျွမ်းဘားအဖွဲ့တွေလည်း ရောက်နေကြပြီပင်။
ပိုင်ချွမ်းခရိုင်ရဲ့ လမ်းတွေထဲမှာ စတိုးဆိုင်တိုင်းကို မီးအိမ်လေးတွေ ၊ ရောင်စုံဖဲပြားလေးတွေနှင့် အလှဆင်ထားကာ နှစ်သစ်ကူးပွဲတော်ထက်တောင် ပိုလို့ မြူးကြွ ပျော်ရွှင်စရာကောင်းနေခဲ့သည်။
ဒါပေမဲ့ နေမွန်းတည့်ချိန်ရောက်ခါနီးနေတာတောင် ရှုမျှော်ခင်းကြည့်ဖို့အတွက် ပိုင်ချွမ်းခရိုင်ကို ရောက်လာတဲ့ လူအရေအတွက် နည်းလွန်းနေခြင်းက တရားသူကြီးစုန့်အား အနည်းငယ် စိုးရိမ်စိတ်ဝင်စေသည်။ အများစုကလည်း ဒီခရိုင်ထဲက နေထိုင်သူတွေသာ ဖြစ်ပြီး အိမ်နီးချင်းတိုင်းပြည်က လာတဲ့ လူရယ်လို့ ဘယ်လောက်မှ မရှိပေ။
နေ့လယ်ရောက်တဲ့အထိ ဧည့်သည်အရေအတွက်ဟာ ရာဂဏန်း အနည်းငယ်သာ ရှိသေးပြီး ထင်သလောက် မစည်ကားဘဲ ခြောက်တိခြောက်ကပ် သရဲပွဲဈေးတစ်ခုနှင့် ပိုတူနေသည်။
ကျန်းကွမ်ရှန်းက စားသောက်ဆိုင်မှာ မားမားမတ်မတ် ထိုင်ကာ လမ်းပေါ်က မြင်ကွင်းကို ကြည့်နေပေမဲ့ သူ့မျက်နှာပေါ်မှာတော့ အပြုံးရောင်တွေ တောက်ပနေခဲ့သည်။ သူ့ဘေးမှာ ထိုင်နေတဲ့ သခင်ကြီးဝူကတော့ ပိုလို့တောင် အားရကျေနပ်နေခဲ့လေသည်။
“ ကြည့်လေ ကြည့်လေ။ ” ကျန်းကွမ်ရှန်းက ပြဇာတ်ကောင်းတစ်ခုကို နှစ်သက်ခံစားနေသလိုမျိုး သူ့ယပ်တောင်ကို သာသာလေး လှုပ်ယမ်းလိုက်သည်။ “ ပုံပြောသမား သုံး ၊ လေးယောက်ကို ဖိတ်ထားရုံနဲ့ တခြားသူတွေ ရောက်လာပြီး ပိုက်ဆံသုံးအောင် လုပ်နိုင်မယ်လို့ သူတို့ တကယ် ထင်နေတာလား။ လူ ဒီလောက် နည်းနည်းလေးနဲ့ဆို သူတို့ ခွက်ခွက်လန်အောင် ရှုံးမှာ သေချာတယ်။ ”
“ ဘော့စ်ကျန်းက တကယ့်ကို အမြော်အမြင်ရှိပါပေတယ်။ ” ဟု သခင်ကြီးဝူက ပြောလိုက်သည်။ “ ကျုပ် သူတို့ကို မျက်ကန်းတောတိုး မယုံမိတာ တော်သေးတယ်။ မဟုတ်ရင် ကျုပ်လည်း ဒီတစ်ခေါက် အရှုံးတွေနဲ့ ရင်ဆိုင်ရမှာပဲ။ ”
“ သူတို့အားလုံးက လီယောင့်ကို အရမ်း တော်တယ် ဆိုပြီး ချီးကျူးနေကြတာ ၊ တကယ်တော့ ချီးကျူးဖို့ ထိုက်တန်လောက်တဲ့ လူမျိုး မဟုတ်ဘူးပဲ။ ဒီတစ်ခေါက်တော့ သူ ပိုးစိုးပက်စက် အရှက်ကွဲရလိမ့်မယ်။ ”
ထိုအချိန်မှာ ခရိုင်တရားရုံးတော်ထဲမှာတော့ စိုးရိမ်ပူပန်ပုံပေါ်နေတဲ့ တရားသူကြီးစုန့်အပြင် ပိုင်ချွမ်းခရိုင်ရဲ့ သခင်ကြီးလျို့ ၊ သခင်ကြီးကျန်းနှင့် တခြားလူတွေ အကုန်လုံး ရောက်နေကြသည်။ ခရိုင်တရားသူကြီးစုန့်ရဲ့ ဖိတ်ကြားချက်အရ လီယောင်လည်း တရားရုံးတော်ကို ဆွေးနွေးဖို့ ရောက်လာသည်။
“ တစ်နေကုန် ကုန်သွားပေမဲ့ လူနည်းနည်းလေးပဲ ရောက်လာတယ် တရားသူကြီးမင်း။ ”
“ ဒီပုံအတိုင်းဆို ကျုပ်တို့ ခွက်ခွက်လန်အောင် ရှုံးမှာ စိုးရိမ်ရတယ်။ ”
“ ဟုတ်တယ်။ ကျုပ် ဒီတစ်ခေါက် ငွေချောင်းတွေ ရာချီပြီး ရင်းနှီးမြုပ်နှံထားရတာ။ ”
......
တရားသူကြီးစုန့်လည်း ခေါင်းကိုက်နေရသည်။ ခရိုင်အစိုးရအတွက် ပိုက်ဆံရှာပေးဖို့အတွက် ဒီတစ်ခေါက် သူ့ကိုယ်ပိုင်ပိုက်ဆံတွေကိုလည်း ထုတ်သုံးခဲ့ရတာပင်။
ထိုမျှသာမကသေးဘဲ ခရိုင်တရားရုံးတော်မှာ ရှိတဲ့ ဆရာတွေ ၊ စာရေးစာချီတွေ ၊ စားဖိုမှူးတွေ ၊ သန့်ရှင်းရေးအိမ်စေတွေရဲ့ ပိုက်ဆံတွေတောင် ပါသေးတာမို့ ဒီတစ်ခေါက် အရှုံးပေါ်သွားရင် အားလုံးကို ဘယ်လို ရှင်းပြရမလဲ မသိတော့ပါ။
“ အကုန်လုံးပဲ အရမ်း မလန့်ကြပါနဲ့။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ ကျွန်တော်တို့ အမျိုးသမီးကို ယုံကြည်ရမယ်။ ”
“ ကျုပ်တို့လည်း အမျိုးသမီးလီကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အမှန်တရားကို ကျုပ်တို့မျက်စိနဲ့ တွေ့ရတာ မဟုတ်ဘူးလား။ ”
သခင်ကြီးလျို့က “ ဟုတ်တယ် အမျိုးသမီးလီ။ မင်းမှာ ပြဿနာဖြေရှင်းနည်းတွေ ဘာတွေရော ရှိလား။ ” ဟု ထမေးသည်။
လီယောင်ကတော့ “ ဘာကို ပြဿနာဖြေရှင်းနည်းလဲ။ ချီချောင်ပွဲတော်က ခုနှစ်ရက်တာ ကြာမြင့်မှာ။ အခုမှ ပွဲတော်အစပဲ ရှိသေးတယ်။ ” ဟုသာ ပြန်ပြောလိုက်သည်။
“ ဒါပေမဲ့ လာတဲ့ ဧည့်သည်မှ မရှိတာ။ ”
“ ဒီနေ့ ဧည့်သည် နည်းတယ် ဆိုပေမဲ့လည်း ကျွန်မတို့ မီးအိမ်တွေကို ဆက်ထွန်းထားပြီး မီးရှူးမီးပန်းတွေကို လွှင့်တင်ရဦးမှာပဲ။ ဒါကို မလုပ်လို့ မရဘူး။ မနက်ဖြန်ကျ ဧည့်သည်တွေ ပိုများလာပါလိမ့်မယ်။ ”
တရားသူကြီးစုန့်က လီယောင့်ရဲ့ ကျိုးကြောင်းဆီလျော်မှုရှိသော စကားတွေကို ကြားတော့ ကောင်းကင်မမှောင်သေးတာကို အရေးစိုက်မနေတော့ဘဲ ကာကွယ်ရေးခေါင်းဆောင်ကျန်းအား မီးအိမ်တွေ အကုန်လုံးကို ထွန်းညှိဖို့ မှာကြားလိုက်လေသည်။
တစ်ပြိုင်တည်းမှာပဲ ပိုင်ချွမ်းဈေးတစ်ခုလုံးနှင့် ပွဲတော်ကျင်းပရာ ပွဲခင်းထဲမှာ လှပသော ရောင်စုံမီးအိမ်တွေ ပြည့်နှက်သွားသည်။
ပွဲတော်ဆီက မပြန်သေးတဲ့ လူတွေ အကုန်လုံး သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု ခံစားလိုက်ကြရ၏။ မဟုတ်ရင် ဒီလောက်တောင် လှပလွန်းတဲ့ မြင်ကွင်းကို မြင်နိုင်မှာ မဟုတ်ပါ။
ဒုံး - ဒုံး - ဒုံး -
ကျယ်လောင်သော မောင်းသံတွေနှင့်အတူ ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် ရုံးတော်စာရေးတွေ အများကြီးကို ဦးဆောင်လာပြီး မြင်းတွေကို စီးလျက် ပွဲတော်လမ်းမတွေပေါ်မှာ ရပ်လိုက်ကြသည်။
“ အကုန်လုံး တဆိတ်လောက် နားထောင်ပေးကြပါ။ နောက်နာရီဝက်အတွင်း မီးရှူးမီးပန်းပြပွဲ စတင်တော့မှာပါ။ လူတိုင်း ဈေးအပြင်က မြေကွက်လပ်ကို သွားပြီး ကြည့်လို့ ရပါတယ်။ ”
“ မီးရှူးမီးပန်း ဆိုတာ ဘာကြီးလဲ။ ”
လူတိုင်းက စိတ်ဝင်စားသွားကြသည်။ သူတို့ ပွဲခင်းထဲကို ရောက်နေပြီ ဆိုမှတော့ တစ်လက်စတည်း ထိုမီးရှူးမီးပန်းပြပွဲ ဆိုတာကြီးကိုပါ ကြည့်သွားချင်တာမို့ ဈေးအပြင်က မြေကွက်လက်ကို သွားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြပါသည်။
“ ဘယ်မှာလဲ မီးရှူးမီးပန်းတွေ။ ”
“ ကောင်းကင်ပေါ်မှာ ရှိမှာလို့ ပြောထားတာ။ ”
“ ဒါပေမဲ့ ကောင်းကင်ပေါ်မှာ ကြယ်တွေပဲ ရှိတာလေ။ မီးရှူးမီးပန်းတွေက ဘယ်ကနေ ဘယ်လို ရောက်လာနိုင်မှာလဲ။ ”
......
လူတိုင်း ကျွက်စီကျွက်စီဖြင့် ဆွေးနွေးနေတုန်းမှာပဲ ကောင်းကင်မှာ အလင်းရောင်တွေ ရုတ်တရက် လင်းဖြာသွားကာ နားအူမတတ် ပေါက်ကွဲသံကြီး အုံးခနဲ ထွက်ပေါ်လာခဲ့သည်။ ညကောင်းကင်မှာ ဖြာထွက်ဝေဆာသွားတဲ့ မီးရှူးမီးပန်းကြီးတွေက လူတိုင်းကို ခြေမခိုင်ချင်လောက်အောင်ပင် ကြောက်စိတ်မွှန်သွားစေသည်။
“ အား … ”
“ မဖြစ်တော့ဘူး။ မိုးပြိုနေပြီဟေ့။ ”
“ မီးမိုးတွေ ရွာနေပြီ ၊ မီးမိုးတွေ ရွာနေပြီ။ အကုန်လုံး မြန်မြန် ပုန်းကြတော့။ ”
ကြောက်လန့်တကြား အော်ဟစ်သံတွေ နေရာတိုင်းက ထွက်ပေါ်လာခဲ့ပြီး သတ္ဆိကြောင်သူတချို့ဆိုလျှင် ချက်ချင်းပဲ ပြေးလွှားပုန်းခိုနေခဲ့ကြ၏။ သို့သော်လည်း ကောင်းကင်ပေါ်က ရောင်စုံမီးတောက်တွေက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး သူတို့ဆီကို ဘာမှ ပြတ်ကျမလာတာကို သတိထားမိသွားချိန်မှာတော့ ပုန်းနေတဲ့ လူတွေအကုန်လုံး စူးစမ်းချင်စိတ်ဖြင့် ပုန်းကွယ်နေရာမှ ပြန်ထွက်လာကြသည်။
“ အကုန်လုံး မကြောက်ကြပါနဲ့။ ဒီမီးရှူးမီးပန်းတွေက လူတွေကို မထိခိုက်စေပါဘူး။ စိတ်အေးလက်အေးပဲ ကြည့်ပါ။ ”
ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ အာမခံချက်ကြောင့် အကုန်လုံး သတ္တိပြန်ဝင်လာသည်။ ခေါင်းဆောင်ကျန်းက လူတွေ အကြောက်ပြေသွားတာကို မြင်တော့မှ စာရေးစာချီတွေကို နောက်ထပ် မီးရှူးမီးပန်းတွေ ထပ်လွှတ်တင်ဖို့ အချက်ပြလိုက်သည်။
အမှောင်ယံကောင်းကင်ထက်မှာ လှပဆန်းကြယ်သော မီးရှူးမီးပန်းတွေ တစ်ခုပြီး တစ်ခု ပေါက်ကွဲဖြာဝေသွားသည်။ ဒီတစ်ခေါက်တော့ ဘယ်သူမှ စားပွဲတွေအောက် ဝင်ပုန်းမနေတော့ဘဲ အလွန် ထူးခြားဆန်းသစ်သော မြင်ကွင်းကို ထိတ်လန့်အံ့ဩစွာ ၊ နှလုံးတုန်ယင်စွာ ငေးမောနေမိကြတော့သည်။
ချီချောင်ပွဲတော်ရဲ့ ပထမဆုံး မီးရှူးမီးပန်းပြပွဲက ဆယ့်ငါးမိနစ်မပြည့်ခင်မှာပဲ ပြီးဆုံးသွားခဲ့သည်။ ပြောရရင် ဒီနေ့ လာတဲ့ ဧည့်သည် ဘယ်လောက်မှ မရှိတာမို့ မီးရှူးမီးပန်းတွေ အများကြီး လွှတ်တင်ပေးဖို့ တွက်ချေမကိုက်ပါ။ သို့သော် ဒီအချိန်ခဏတာက ပွဲခင်းထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံးအား မီးရှူးမီးပန်းတွေရဲ့ အလှတရားကို ခံစားမိစေပြီး ပြပွဲပြီးဆုံးသွားသည့်တိုင်အောင် နေရာမရွေ့နိုင်ဘဲ အကြာကြီး ရပ်နေမိကြသည်။
“ အားလုံးပဲ … ဒီနေ့အတွက် မီးရှူးမီးပန်းပြပွဲ ပြီးသွားပါပြီ။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ “ ဒါပေမဲ့ မနက်ဖြန်နဲ့ သဘက်ခါ ညနေခင်းတွေမှာ ဒီ့ထက် ပိုလှတဲ့ မီးရှုးမီးပန်းပြပွဲတွေ ရှိမှာမို့လို့ ကိုယ့်ရဲ့ မိသားစုတွေ ၊ ဆွေမျိုးတွေ ၊ သူငယ်ချင်းအပေါင်းအသင်းတွေကို ခေါ်ပြီး အတူတူ လာကြည့်ဖို့ အကြံပေးပါတယ်။ ”
“ လာမယ်။ သေချာပေါက်ကို လာခဲ့မယ်။ ”
“ ဒီလောက် လှတဲ့ မီးရှူးမီးပန်းတွေကို ကြည့်လို့ မျက်စိကန်းရမယ် ဆိုရင်တောင် ငါကတော့ လာကြည့်ဦးမှာ။ ”
......
အကုန်လုံးက စိတ်လှုပ်ရှားနေခဲ့ကြပြီး သူတို့ရဲ့ စိတ်ထဲမှာ ဒီချောင်ချီပွဲတော်ကို လာရကျိုးနပ်သည်ဟု ခံစားနေရသည်။ စိတ်မြန်လက်မြန်ရှိတဲ့ တချို့ဆိုလျှင် အိမ်ကို အမြန် ပြန်ပြီး သူတို့ရဲ့ မိသားစုတွေ ၊ ဆွေမျိုး အပေါင်းအသင်းတွေကို ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းပြပွဲအကြောင်း ပြန်ပြောပြခဲ့ကြသည်။
ဒီမီးရှူးမီးပန်းတွေက လီယောင့်ရဲ့ ဝှက်ဖဲဖြစ်ကြောင်း သူတို့ အခုတော့ သိသွားပါပြီ။
အမှန်အတိုင်း ဝန်ခံရလျှင် သူတို့ နေတဲ့ နေရာက ယိကျိုးစီရင်စု ဖြစ်နေလျှင်တောင် ဒီလို လှပလွန်းတဲ့ မီးရှူးမီးပန်းပြပွဲကို ကြည့်ဖို့အတွက် ပိုင်ချွမ်းခရိုင်ထိ တကူးတက လာဦးမှာ ဖြစ်သည်။
ထို့ကြောင့် ယိကျိုးစီရင်စုက လူတွေကအစ သူတို့ရဲ့ မိသားစုတွေ ၊ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေကို ပိုက်ဆံအကုန်ခံပြီး ဝေးလံခေါင်းဖျားတဲ့ ပိုင်ချွမ်းခရိုင်ရဲ့ ချီချောင်ပွဲတော်ဆီ ပို့ဖို့ မြန်မြန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။
စားသောက်ဆိုင်ထဲမှာ ရပ်နေတဲ့ ကျန်းကွမ်ရှန်းကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကို သူ တကယ့်ကို ထိတ်လန့်နေမိပြီ ဖြစ်သည်။
အရေးထဲ စားသောက်ဆိုင်စီမံခန့်ခွဲရေးမှူးက သူ့ကို “ ကျွန်တော်တို့ မနက်ဖြန်အတွက်လည်း ပါဝင်ပစ္စည်းတွေကို ပိုပြင်ထားလိုက်ရမလား ဘော့စ်။ ” ဟု လာမေးသည်။
“ ငါ့လခွမ်းကို ပိုပြင်နေလိုက်။ ”
ကျန်းကွမ်ရှန်း ဒေါသလည်း ထွက် ၊ ရှက်လည်း ရှက်မိသည်။ သူ ဒီအချိန်မှ ထပြီး ပါဝင်ပစ္စည်းတွေကို ပြင်နေရင် အကုန်လုံးက သူ့ကို ရယ်ပွဲဖွဲ့တော့မှာ မဟုတ်လား … ။ ပြီးတော့ ပိုင်ချွမ်းခရိုင်ကို ဘယ်သူမှ လာမှာ မဟုတ်ဘူးလို့ သူ စွဲစွဲမြဲမြဲ ယုံကြည်နေဆဲပင်။ တချို့တလေ ရောက်လာတယ် ဆိုရင်တောင် အများစုက ဆင်းရဲတဲ့ အရပ်သားတွေပဲမို့ စားသောက်ဆိုင်ထဲက အစားအသောက်တွေကို ဝယ်စားနိုင်မှာ မဟုတ်။
“ ဟမ့်။ ဘယ်သူက ငိုရမလဲ ၊ ဘယ်သူက ရယ်ရမလဲ ဆိုတာကို ပြောဖို့ စောလွန်းပါသေးတယ်။ ”
….
အခန်း (၁၆၄ ) မီးရှူးမီးပန်းပြပွဲ။
ညနေခင်း အိမ်အပြန်လမ်းတွင် နွားလှည်းတစ်စီးသည် မှောင်မည်းနေသော လမ်းအတိုင်း သွားနေခဲ့သည်။ ပင်ပန်းစရာကောင်းတဲ့ တစ်နေ့တာအပြီးမှာ အရမ်းကြီး ရောင်းအားမကောင်းခဲ့ပေမဲ့လည်း ဟဲဝမ်ရွာသူ ၊ ရွာသားတွေကတော့ အကောင်းမြင်စိတ်ထား ရှိကြသည်။
မနက်ဖြန်အတွက် ကုန်ပစ္စည်းတွေ ဘယ်လောက် ပြင်ဆင်ရမလဲ ဆိုတာကို ဆွေးနွေးတဲ့ စကားသံတွေအပါအဝင် တစ်လမ်းလုံး ရယ်သံတွေ ၊ စကားသံတွေ ညံနေသည်။
သို့သော်လည်း ဘာ့ကြောင့်မှန်းမသိ တစ်ခုခုကို စိုးရိမ်နေမိတဲ့ ဝမ်အာကတော့ လီယောင့်ဆီ လျှောက်သွားပြီး “ အမေ ” ဟု ခေါ်လိုက်သည်။ “ နောက်ရက်တွေလည်း ဘယ်သူမှ မလာရင် ဘယ်လို လုပ်မလဲ။ ကျွန်တော်တို့ ဘာလုပ်ရင် ကောင်းမလဲ။ ”
တကယ်တော့ လူတိုင်းရဲ့ စိတ်ထဲမှာ ဒီမေးခွန်း ရှိနေတာပါ။ ဒါပေမဲ့ ဒီလို မေးတာက လီယောင့်ကို မေးခွန်းထုတ်သလို ဖြစ်နေမှာမို့ ဘယ်သူမှ မမေးရဲ။
ထို့ကြောင့် လူတိုင်း မေးချင်နေတဲ့ မေးခွန်းကို ဝမ်အာ မေးလိုက်ချိန်မှာ အကုန်လုံးက နားစွင့်ထားခဲ့ကြသည်။
“ ဘယ်သူမှ မလာရင်တော့ ဒီပွဲတော်က အရှုံးပေါ်မှာပေါ့။ ဒါပေမဲ့ ‘ တကယ်လို့ ’ ဆိုတဲ့ စိတ်ကူးထင်ကြေးမျိုးတွေ ရှိလာမှာ မဟုတ်ဘူး။ ”
“ အမေ ဘာလို့ အရမ်း သေချာနေတာလဲ။ ”
ဘာလို့လဲ ဆိုတော့ ငါက လူ့သဘာဝကို နားလည်လို့ပေါ့ … ။ လူ ဆိုတာ ပျော်ပွဲရွှင်ပွဲဆို သဘောကျတတ်ကြတယ် ၊ စိတ်ဝင်စားကြတယ်။
လီယောင်သည် သူမကို မွေးစားထားတဲ့ အမျိုးသမီးကြီးထံမှ သူမတို့ ငယ်စဉ်တုန်းကဆို အိမ်နီးချင်းတိုင်းပြည်မှာ ရုပ်ရှင်ပြမည် ဆိုတဲ့ သတင်းကို ကြားတော့ တစ်ရွာလုံး ညစာစောစော စားပြီး ရုပ်ရှင်ကြည့်ဖို့ အဖွဲ့လိုက် ( ၁၀ ) ကီလိုမီတာကျော် လမ်းလျှောက်ကာ မီးတုတ်တွေနှင့် အိမ်ပြန်လာခဲ့သည်ဟု ကြားဖူးသည်။
ဒီနေရာ ၊ ဒီခေတ်မှာ ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေရေးအစီအစဉ်တွေ ဆိုတာ သူမ ငယ်စဉ်တုန်းကတောင် ပိုလို့ ကျဲပါးသည်။ ပိုင်ချွမ်းခရိုင်မှာ ဒီလို ပွဲတော်ကြီး တစ်ခု ကျင်းပတဲ့အခါ အနည်းငယ်မျှ အားလပ်ချိန်ရှိတဲ့ ဘယ်သူမဆို သေချာပေါက် ရောက်လာလိမ့်မည်။
ဒါပေမဲ့ ဒီကိစ္စကို လူတိုင်း နားလည်အောင် ရှင်းပြဖို့ မလွယ်ကူသောကြောင့် လီယောင်သည် “ ငါ့စကားကိုပဲ ယုံစမ်းပါ။ ” ဟူ၍သာ ပြောလိုက်သည်။ ဝမ်အာက ဆက်မေးချင်သေးပေမဲ့ ဘယ်လို မေးခွန်းဆက်ရမှန်း မသိတော့။
“ ဒီပွဲတော် အရှုံးပေါ်မှာ ၊ ပြီးတော့ အမေတို့ အရှုံးပေါ်ရုံတင် မဟုတ်ဘူး … လူတိုင်း အရှုံးပေါ်မှာကို မင်း စိုးရိမ်နေတာ မဟုတ်လား။ ”
ဝမ်အာသည် ခဏလောက် စဉ်းစားနေပြီးမှ ဖျတ်ခနဲ ခေါင်းညိတ်ပြ၏။
လီယောင်က “ မင်း ဒီလို တွေးနေတယ် ဆိုကတည်းက အများအတွက်ပါ တွေးပြီး စိတ်ပူပေးနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒါ ကောင်းတဲ့ အရာတစ်ခုပဲ။ မင်း အနာဂတ်မှာ အရာရှိတစ်ယောက် ဖြစ်လာတဲ့အခါလည်း အခုလိုပဲ ဖြစ်သင့်တယ်။ ” ဟု ပြောလိုက်သည်။
“ ကျွန်တော် နားလည်ပါပြီ အမေ။ ဒါပေမဲ့ ကျွန်တော် အနာဂတ်မှာ ရာထူးကြီးတဲ့ အရာရှိကြီးတစ်ယောက် ဖြစ်သွားရင်တောင် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရရင် အမေ့ကို အကြံတောင်းနေရလိမ့်ဦးမယ်လို့ ခံစားရတယ်။ ”
“ အရာရာတိုင်းကို ငါ့အပေါ် မှီခိုမနေဘဲ ကိုယ်တိုင်လည်း စဉ်းစားတွေးခေါ်တတ်အောင် လေ့လာသင်ယူသင့်တာပေါ့။ ” လီယောင်က ခဏ စကားရပ်ပြီး တစ်ယောက်တည်း တွေးနေမိသည်။ “ ငါက ဒီတိုင်း အငြိမ်းစားယူထားတဲ့ အဘွားကြီးတစ်ယောက်ပဲ ၊ မလိုအပ်တဲ့ ကိစ္စတွေအတွက် လိုက်ပူပန်ပေးမနေချင်ဘူး။ ဒါနဲ့ ပွဲတော်နောက်ဆုံးနေ့မှာ တရားသူကြီးစုန့်က ကဗျာရွတ်ပွဲ လုပ်လိမ့်မယ်။ မင်းရော ဖိတ်စာရထားလား။ ”
“ ကျွန်တော် ရထားပါတယ်။ အဲ့ပွဲကို ဆရာလွီနဲ့ ကျောင်းက တခြားဆရာတွေလည်း တက်မယ်တဲ့။ အသစ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကိုလည်း ဖိတ်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူ တက်မလားတော့ ကျွန်တော်တို့ မသိရသေးဘူး။ ”
အုပ်ချုပ်ရေးမှူးဟူ ခေါင်းဖြတ်ခံလိုက်ရတဲ့နောက်ပိုင်းမှာ ယိကျိုးစီရင်စုရဲ့ အုပ်ချုပ်ရေးမှူးအသစ်က သူ့နေရာမှာ အစားထိုးဖို့ ရောက်လာခဲ့သည်။ ဒီသတင်းကို ယိကျိုးစီရင်စု တစ်ခုလုံးကို လူထုအသိပေးစာတွေကနေတစ်ဆင့်လည်း အသိပေးထားပြီးသား ဖြစ်သည်။
လီယောင်ကတော့ ထိုသတင်းကို သိပ်အာရုံမစိုက်ဖြစ်သလို အုပ်ချုပ်ရေးမှူးအသစ်က ဘယ်သူမှန်းလည်း မသိပါ။ ဒါပေမဲ့ သူ ပွဲတော်ကို သေချာပေါက် လာမယ် ဆိုတာကိုတော့ သိသည်။
“ မနက်ဖြန်ကျရင် မင်းနဲ့ ရှောင်ဟွေ့ ဆိုင်ခန်းဆောက်စရာ မလိုဘူး။ အိမ်မှာပဲ နေပြီး စာလေ့လာ ၊ ပြီးတော့ ကဗျာရွတ်ပွဲအတွက်လည်း ပြင်ဆင်ထားကြ။ ”
ဇူလိုင်လရဲ့ ဒုတိယမြောက်နေ့တွင် ဟဲဝမ်ရွာသူ ၊ ရွာသားတွေ အကုန်လုံး အရုဏ်တက်ချိန်မတိုင်ခင်ကတည်းက ယုံကြည်ချက်အပြည့်ဖြင့် ပွဲတော်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ သို့သော် သူတို့ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ရွာနီးချုပ်စပ်က ရွာသူ ၊ ရွာသားတွေလည်း အများကြီး ရောက်လာခဲ့ကြသည်။
အများစုက ပိုင်ချွမ်းခရိုင်က လာတဲ့ လူတွေပင်။ မနေ့တုန်းက ရွာထဲက လူတချို့က အိမ်ပြန်ပြီး မီးရှူးမီးပန်းတွေအကြောင်း ပြောခဲ့တာမို့ သူတို့လည်း လီယောင် စီစဉ်တဲ့ ထူးခြားလှပသော ပွဲတော်အကြောင်း သိသွားကြသည်။ ပွဲတော်ဝင်ခွင့်အတွက် ပိုက်ဆံလည်း မတောင်းတော့ တော်တော်များများ စိတ်ဝင်စားသွားတာ မဆန်း။
ပိုင်ချွမ်းခရိုင်ထဲက လူတွေဟာ လီယောင့်ကြောင့် အကျိုးအမြတ်တွေ အများကြီး ရခဲ့ကြသည်။ စိုက်ခင်းထဲမှာ ကောင်းကောင်း ကြီးထွားလာတဲ့ ကန်စွန်းဥတွေကလည်း ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်အတွက် လူတိုင်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးခဲ့သည်။
ထို့ကြောင့် လူတိုင်း ပွဲတော်ကို စိတ်လိုလက်ရ ရောက်လာကြသည်။ သူတို့ရဲ့ အိတ်ကပ်ထဲမှာ ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံမရှိဘူး ဆိုရင်တောင် သက်ဝင်လှုပ်ရှားကာ စည်းကားနေတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ခံစားလို့ ရသည်လေ။
စင်မြင့်ရှေ့မှာ လူတွေ အများကြီး စုဝေးနေကြပြီး နောက်ဆုံးတော့ ပြဇာတ်အဖွဲ့က ပွဲတော်လူစုကို အနည်းငယ် ပွဲဆူသွားအောင် စတင်ဖျော်ဖြေနေခဲ့သည်။
ခရီးဝေးက လာတဲ့ လူတွေကတော့ နေ့ခင်းကတည်းက ရောက်နေခဲ့တာ ဖြစ်သည်။ ထိုလူတွေက ပိုက်ဆံလည်း ဖြုန်းနိုင်တာမို့ တစ်မနက်လုံးနီးပါး ခရီးထွက်လာပြီးတဲ့နောက် အကုန်လုံး ဗိုက်ဆာနေခဲ့ကြသည်။ အဲ့ဒီလို အချိန်မှာ ပွဲခင်းထဲက စားကောင်းသောက်ဖွယ်တွေကို မြင်လိုက်ရရင် ဘယ်သူက ငြင်းဆန်နိုင်မှာတဲ့လဲ။
ဗိုက်ပြည့်အောင် စားသောက်ပြီးသောအခါ ပျော်ပွဲရွှင်ပွဲအစီအစဉ်တွေကို ထပ်ရှာတွေ့သွားကြ၏။ ငွေပိုငွေလျှံရှိတဲ့ လူတချို့က စိတ်မထိန်းနိုင်တော့ဘဲ မြှားပစ်ကစားနည်းနှင့် သံကွင်းပစ်ကစားနည်းတွေကို ဝင်ကစားခဲ့ကြသည်။ ရံဖန်ရံခါ အနိုင်ရသူတွေ ထွက်ပေါ်လာရင် အားပေးသံတွေ ဝေါခနဲ ထွက်ပေါ်လာသည်။
အခြေအနေလာကြည့်တဲ့ တရားသူကြီးစုန့်ကလည်း ပွဲတော်ဟာ ကောင်းကောင်း လည်ပတ်နေတာကို မြင်တော့ စိတ်အေးသွားသည်။
ညနေဘက်ရောက်တော့ လူတိုင်းက ဆိုင်တန်းတွေမှာ ညစာစားပြီး မီးရှူးမီးပန်းပြပွဲကို စိတ်အားထက်သန်စွာ သွားကြည့်ခဲ့ကြသည်။
အုံး - အုံး - အုံး -
ကမ္ဘာမြေကို တုန်ဟည်းသွားစေတဲ့ ပေါက်ကွဲသံတွေနှင့်အတူ ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ဖြာဝေသွားကာ ဒီမြင်ကွင်းကို မနေ့တုန်းက မြင်ဖူးပြီးသား လူတွေရော ၊ မမြင်ဖူးသေးတဲ့ လူတွေပါ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို နောက်တစ်ကြိမ် ထပ်မြင်လိုက်ရသည်။
မီးရှူးမီးပန်းပြပွဲ ပြီးသွားတော့ လူတွေက တည်းခိုခန်းတွေမှာ သွားရောက်တည်းခိုခဲ့ကြပြီး နောက်တစ်နေ့မှာ ပျော်ပွဲရွှင်ပွဲတွေကို ထပ်ခံစားဖို့ အဆင်သင့် ဖြစ်နေခဲ့ကြလေသည်။ ဘာပဲပြောပြော အချိန်က တိုတောင်းလွန်းတာမို့ မမြည်းစမ်းလိုက်တဲ့ စားကောင်းသောက်ဖွယ်တွေ ၊ မဆော့လိုက်ရတဲ့ ကစားနည်းတွေ အများကြီး ကျန်သေးသည်။ အရေးကြီးဆုံးကတော့ သူတို့ မီးရှူးမီးပန်းတွေကို ထပ်မြင်ချင်သည်။
လမ်းပေါ်က စားသောက်ဆိုင်တွေကလည်း ဧည့်သည်တွေကို တစ်သုတ်ပြီး တစ်သုတ် ကြိုဆိုနေခဲ့ရသည်။ စားသောက်ဆိုင်တွေမှာ ပုံမှန်ထက် အလုပ်ရှုပ်နေသလို တည်းခိုခန်းတွေမှာလည်း ကြိုတင်အခန်းယူသည့် အမှာစာတွေ အပြည့်ရှိနေသည်။
ဒုတိယနေ့ရဲ့ အကျိုးသက်ရောက်မှုကို မြင်သွားတဲ့ လူတွေအကုန်လုံး ဝမ်းသာပျော်ရွှင်သွားသလို လီယောင့်ကိုလည်း အလွန် အထင်ကြီး လေးစားသွားခဲ့ကြသည်။
ကျန်းစားသောက်ဆိုင်ရဲ့ စီမံခန့်ခွဲရေးမှူးက ကျန်းကွမ်ရှန်းကို “ ကျွန်တော်တို့ ပါဝင်ပစ္စည်းတွေ တကယ် ထပ်မဝယ်တော့ဘူးလား ဘော့စ်။ ” ဟု လာမေးသည်။ ကျန်းကွမ်ရှန်းကတော့ ဒေါသထွက်စွာပင် မျက်ထောင့်နီကြီးနှင့် သူ့ကို စိုက်ကြည့်ကာ “ မဝယ်ဘူး။ လုံးဝ မဝယ်ဘူး။ ” ဟူ၍ ပြန်ပြောပစ်လိုက်သည်။
ဒီတစ်ခေါက်ကိစ္စမှာ သူ့ဆုံးဖြတ်ချက်ကို ပြင်လို့ မဖြစ်။ သူများတွေလို ပိုက်ဆံမရှာနိုင်လောက်ပေမဲ့ ပိုက်ဆံပေါတဲ့ သူ့အတွက် အရှက်မကွဲဖို့ကသာ အသေအလဲ ပိုအရေးကြီးသည်။
နောက်ရက်တွေမှာ ပိုင်ချွမ်းခရိုင်ကို လာသူတွေ တစ်ရက်ထက် တစ်ရက် ပို,ပိုများလာသည်။
တည်းခိုခန်းတွေက လူပြည့်နေပြီမို့ လီယောင်က တရားသူကြီးစုန့် ပြင်ဆင်ပေးထားတဲ့ ရွက်ဖျင်တဲတွေကို ကောင်းကောင်း အသုံးချပြီး ပွဲခင်းဘေးက တောအုပ်လေးမှာ နေထိုင်လို့ ရအောင် စီစဉ်ပေးခဲ့သည်။ အခုက နွေရာသီမို့ တောအုပ်ထဲမှာ နေလို့လည်း အဆင်ပြေသည်။
ဈေးထဲက မိသားစုတချို့ကတော့ စီးပွားရေးအကွက်မြင်စွာဖြင့် သူတို့ရဲ့ အိမ်အလွတ်တွေကို သန့်ရှင်းရေးလုပ်ကာ လူတွေကို ယာယီ နေခိုင်းခဲ့သည်။
အတိုချုံ့ ပြောရလျှင်တော့ နှစ်ရက် ၊ သုံးရက်အတွင်း ပိုင်ချွမ်းဈေးသည် ပိတ်ဆို့ထားတဲ့ ရေကာတာတစ်ခုပမာ ဈေးထဲမှာ လူတွေ ပြည့်လျှံသွားသည်။ ရောင်းချဖို့ ပါဝင်ပစ္စည်းတွေနှင့် ကုန်ပစ္စည်းတွေ ပြတ်လပ်သွားတဲ့ ဈေးသည်တွေက ချက်ချင်း လူလွှတ်ပြီး ကုန်တွေ ဝယ်ခိုင်းခဲ့သည်။
ခြောက်ရက်မြောက်နေ့မှာတော့ ချီချောင်ပွဲတော်ကို တန်ဖိုးကြီး ဇိမ်ခံရထားလုံးတွေ အများကြီး ရောက်ချလာသည်။ အနည်းဆုံး သုံး ၊ လေးရာလောက်တော့ ရှိမည်။ အားလုံးက ယိကျိုးစီရင်စုက လာတဲ့ လူချမ်းသာတွေပင်။
သူတို့ဟာ ပွဲတော်အကြောင်း သတင်းကြားသည်နှင့် ချက်ချင်း ပြေးမလာဘဲ လူလွှတ်ကာ အခြေအနေကို စုံစမ်းခိုင်းခဲ့သည်။ ထိုအခါ ပိုင်ချွမ်းခရိုင်မှာ ကျင်းပနေတဲ့ ပွဲတော်က တကယ့်ကို စည်းစနစ်ကျပြီး မီးရှူးမီးပန်းတွေကလည်း အမှန်တကယ်ပင် လှပကြောင်း သိသွားခဲ့သည်။ ဒါ့ကြောင့် သူတို့တွေအကုန်လုံး ဒီနေ့ပဲ ဗြုန်းစားကြီး ထွက်လာကြတာ ဖြစ်သည်။
ပိုင်ချွမ်းခရိုင်မှာ ရှိတဲ့ လမ်းတွေက ကောင်းကောင်း ပြုပြင်ထိန်းသိမ်းထားပြီး ကျယ်ဝန်းလို့ တော်သေးသည်။ မဟုတ်ရင် နှစ်မိုင် ၊ သုံးမိုင်လောက်အထိ လမ်းပိတ်နေခဲ့မှာပါ။
ဒီလူချမ်းသာတွေက ပွဲတော်ကုန်ကျစရိတ်တွေရဲ့ နောက်ကွယ်က အဓိက အင်အားတစ်ရပ်ပါပဲ။ တစ်မိသားစုလုံးသာမက အစေခံတွေ ၊ အခြွေအရံတွေကိုပါ ခေါ်လာပြီး ငွေသုံးလည်း ကြမ်းသည်။ အရသာရှိတဲ့ အစားအသောက်တွေကို မြင်သည်နှင့် အများကြီး ဝယ်သည်။ ပျော်စရာကောင်းတဲ့ ကစားနည်းတွေကို မြင်သည်နှင့် စိတ်တိုင်းကျ ကျေနပ်သည်ထိ တဝကြီး ဆော့ကစားသည်။ ပြဇာတ်နားထောင်ရတာ ကြိုက်တဲ့ လူတွေကလည်း စင်ပေါိကို ပိုက်ဆံတွေ ရက်ရက်ရောရော ပစ်ပေးတတ်သည်။
သူတို့က ဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက်က အပျော်ရှာချင်တာကြောင့်ပဲ ဖြစ်သည်။
ယိကျိုးစီရင်စုက လူတွေတောင် မီးရှူးမီးပန်းတွေကို ကြည့်ဖို့အတွက် ဒီကို အထူးတလည် ရောက်လာကြတာမို့ သဘာဝကျစွာပင် ဒီလူချမ်းသာတွေလည်း ဒီမှာ ညအိပ်ကြလိမ့်မည်။
ကံကောင်းစွာဖြင့် လီယောင်က နေ့ခင်းကတည်းက တရားသူကြီးစုန့်အား တည်းခိုခန်းတွေမှာ စီစဉ်စရာရှိတာတွေ စီစဉ်ထားဖို့နှင့် အခန်းတွေ ပိုရှာထားဖို့ ပြောထားခဲ့သည်။ ခရိုင်ထဲမှာ ထင်ရှားတဲ့ မိသားစုတွေကလည်း အကောင်းဆုံး ကြိုးစားပြီး ဧည့်သည်တွေကို ဧည့်ခံပေးသည်။ တရားသူကြီးစုန့်ကိုယ်တိုင်ပင်လျှင် ထိုဂုဏ်သရေရှိဧည့်သည်တော်တွေ အဆင်ပြေပြေ တည်းခိုနိုင်စေဖို့အတွက် တရားရုံးတော်ထဲက အခန်းတချို့ကို ပြင်ဆင်ပေးခဲ့ရလေသည်။
ထိုညနေခင်းမှာ လီယောင်သည် ယိကျိုးစီရင်စုက လာတဲ့ ဧည့်သည်တော်တွေကို အပျော်တိုးစေဖို့ မီးရှူးမီးပန်းတွေကို တမင်တကာ များများလေး ပိုလွှတ်တင်ပေးခဲ့သည်။
မီးရှူးမီးပန်းတွေကို ကြည့်ပြီးသွားတော့ လူတော်တော်များများက ထိုပစ္စည်းတွေကို ဘယ်က ရတာလဲ ဆိုတာ စိတ်ဝင်စားသွားသည်။ မီးရှူးမီးပန်းတွေကို ထုတ်လုပ်ဖို့ မလွယ်ကူကြောင်းနှင့် လောလောဆယ်မှာ မရောင်းချနိုင်သေးကြောင်းကို သိလိုက်ရတော့ အကုန်လုံး နှမြောတသဖြစ်သွားကြသည်။
သို့သော်လည်း တရားသူကြီးစုန့်က ထိုဧည့်သည်တွေကို နှစ်သိမ့်ပေးဖို့အတွက် မနက်ဖြန်ဟာ တရားဝင် ချီချောင်ပွဲတော်နေ့ဖြစ်ကြောင်း ၊ မနက်ဖြန်ညမှာ လွှတ်တင်သွားမယ့် မီးရှူးမီးပန်းတွေက ဒီညထက် ဆယ်ဆ ပိုလှကြောင်း ကြေညာလိုက်သောအခါ လူတိုင်းရဲ့ စိတ်ပျက်မှုတွေ ပြေပျောက်သွားခဲ့သည်။
…