အခန်း (၁၆၅-၁၆၆)
Vol. 15 Ch. 165-166
အခန်း (၁၆၅ ) အနိုင်ကျင့်ခံရတဲ့ ဒုတိယအစ်ကို။
စန္ဒြမာသရဲ့ ခုနှစ်ရက်မြောက်နေ့တွင် ချီချောင်ပွဲတော်ရဲ့ အခမ်းနားဆုံးဖြစ်တဲ့ ပွဲတော်နောက်ဆုံးနေ့ကို ကျင်းပခဲ့သည်။ ထိုနေ့မှာ ဒေသအသီးသီးက လူတွေက မြစ်တွေ စုပေါင်းဆုံသလိုမျိုး စုဝေးလာခဲ့သည်။ အပေါ်ကနေ စီးမိုးကြည့်လျှင် နေပြည်တော်နှင့်အပြိုင် ဖွေးဖွေးလှုပ် စည်ကားနေတဲ့ လူစုကြီးကို မြင်ရလိမ့်မည်။
အရှေ့မြို့တော်ဂိတ်ပေါက်ရဲ့ အပြင်ဘက်မှာ ခေါင်းဆောင်ကျန်းနှင့် သူ့အခြွေအရံက အမည်းရောင်ဝတ်စုံတွေနှင့် ရပ်နေခဲ့ကြသည်။ သူတို့လက်ထဲမှာတော့ လက်နက်တွေကို ကိုင်ဆောင်ထားပြီး အရှိန်အဝါတွေ ဖြာထွက်နေကာ ဂိတ်ပေါက်တစ်ဖက်မှာ ပုန်းခိုနေခဲ့သည်။
ထိုအချိန်မှာပဲ မောင်းသံထွက်ပေါ်လာကာ မြို့တော်ဂိတ်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အခြွေအရံတွေက ရှေ့ဆုံးက ဦးဆောင်၍ သူတို့နောက်မှာတော့ တရားသူကြီးစုန့်တို့ဇနီးမောင်နှံက တစ်လှမ်းချင်း လျှောက်လှမ်းလိုက်ပါလာသည်။
တရားသူကြီးစုန့်သည် ကြော့မော့နေသော အရာရှိအဝတ်အစားတွေကို ဝတ်ဆင်ထားကာ အစကတည်းက ရှည်လျားမြင့်မတ်သော ကိုယ်ဟန်ပိုင်ရှင်မို့ လက်ရှိအချိန်မှာ ပိုလို့တောင် ခံ့ညားထည်ဝါနေခဲ့သည်။
သူ့ဇနီးဖြစ်တဲ့ တရားသူကြီးကတော်ကလည်း ကြော့ကြော့မော့မော့ ဝတ်ဆင်ထားပြီး ကြွားဝါခြင်းမပါဝင်ဘဲ ကျက်သရေရှိရှိ အထက်တန်းဆန်သော အရှိန်အဝါတွေကို ထုတ်လွှတ်နေခဲ့သည်။
ကျယ်ဝန်းသော ပွဲခင်းထဲကို ရောက်တော့ အခြွေအရံတွေက အတန်းနှစ်တန်း ခွဲထွက်သွားကာ တရားသူကြီးစုန့်နှင့် သူ့ဇနီးက ရှေ့ထွက်လာပြီး ချီချောင်ပွဲတော်အတွက် မိန့်ခွန်းပြောဖို့ ပြင်ဆင်နေခဲ့ကြသည်။ ကိန်းကြီးခန်းကြီးနိုင်တဲ့ မိန့်ခွန်းတွေကို သဘောမကျသော လီယောင်သည် တရားသူကြီးစုန့် ပြောသွားတဲ့ မိန့်ခွန်းထဲက ယေဘုယျ သဘောတရားကိုပဲ နားထောင်ခဲ့သည်။
ဒီနှစ်ထဲမှာ ပိုင်ချွမ်းခရိုင်ရဲ့ အောင်မြင်မှုတွေအကြောင်း ၊ ပိုင်ချွမ်းခရိုင်မှာ ရှိတဲ့ လူတွေ အကုန်လုံးကို ချီချောင်ပွဲတော်ရဲ့ အောင်မြင်မှုအတွက် ချီးကျူးစကားနှင့် လူတိုင်းရဲ့ ကံကောင်းမှုအကြောင်း မိန့်ခွန်းပြောသွားတာ ဖြစ်သည်။ နောက်ဆုံးတော့ သူတို့စားပွဲပေါ်က အစားအသောက်နှင့် ဆုမွန်ကောင်းတွေအတွက် ကောင်းကင်ဘုံကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။
အရင်တုန်းကတော့ ဒါမျိုးတွေကို အရမ်း ဟန်ကြီးပန်ကြီးနိုင်တယ်လို့ ခံစားရလို့ လီယောင် သဘောမကျခဲ့ပေမဲ့ အခုတော့ သာမန်လူတွေရဲ့ တုံ့ပြန်မှုကို သေချာ လေ့လာကြည့်အပြီးမှာ ဒါက သိပ်တော့လည်း မဆိုးပါဘူးလို့ ခံစားလိုက်ရသည်။
တရားသူကြီးမှာ နာမည်ကောင်း လုံလုံလောက်လောက် ရှိတော့မှ လူတွေက သူ့စကားကို နားထောင်ပြီး သူတို့ရဲ့ ဘဝတွေကို ကောင်းမွန်တိုးတက်စေီု့ သူ့ဦးဆောင်မှုအတိုင်း လိုက်နာမှာ ဖြစ်သည်။ တရားသူကြီးစုန့်လို တရားသူကြီးမျိုး ရှိဖို့တော့ အရေးကြီးပါသည်။
“ ကျွန်တော် အမျိုးသမီးလီကို ဖိတ်ခေါ်ပါရစေ။ ” ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ အသံ ထွက်ပေါ်လာကာ သူ့နောက်မှာ ရှိတဲ့ ကလေးတချို့က စိတ်လှုပ်ရှားသွားပုံပေါ်သည်။
“ အခု အမေ့အလှည့်ရောက်ပြီ။ ”
လီယောင်တစ်ယောက် စိတ်ထဲကပဲ သက်ပြင်းချလိုက်မိသည်။ သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဖြစ်တဲ့ သူမဟာ ယေဘုယျအားဖြင့် ခရိုင်တရားသူကြီးနှင့် ရာထူးတစ်တန်းတည်းမှာ ရှိသည်။ ဓလေ့ထုံးစံအရ တရားဝင် ပွဲအခမ်းအနားကြီးတွေမှာ သူမက လူလုံးထွက်ပြသင့်သည်။
ပုံမှန်အတိုင်းဆို ငြင်းမှာ ဖြစ်ပေမဲ့ တရားသူကြီးစုန့်က ဇွတ်အတင်း ပြောနေသလို ဒီပွဲတော်ကလည်း သူမရဲ့ အကြံပေးချက်ကြောင့် ဖြစ်ပေါ်လာတာမို့ တွန့်ဆုတ်ဆုတ်နှင့် သဘောတူလိုက်ရသည်။
အရင်တုန်းက သူမ သိပ်မဝတ်တဲ့ အရာရှိအဝတ်အစားကို ဝတ်ဆင်ထားရသည်။ မနက်စောစောကတည်းက သူမရဲ့ ဆံပင်ကို ပုံသွင်းထားကာ အိမ်စေက သူမအတွက် ကျောက်စိမ်းဆံထိုးလှလှလေးနှင့် တန်ဖိုးကြီးသော ငွေလည်ဆွဲလေးကို ကူရွေးပေးထားသည်။
သူမရဲ့ ခြေထောက်မှာ အဝတ်ဖိနပ်လေးတွေကို ပန်းထိုးထားပြီး ရွှေအဆင်တန်ဆာလေးကို ချိတ်ဆွဲထားကာ လက်ကောက်ဝတ်မှာ ရွှေလက်ကောက် တစ်စုံကို ဝတ်ဆင်ထားသည်။ တကယ်လို့ သူမသာ နားဖောက်ချင်စိတ်ရှိရင် သေချာပေါက် အဆင်တန်ဆာတွေ အများကြီး တပ်ဆင်ထားရလိမ့်ဦးမည်။
ဒါ့ကြောင့်ပဲ သူတို့က “ ရွှေတွေ ၊ ငွေတွေကို ဝတ်ဆင်ထားတယ် ” လို့ ပြောကြတာပင်။ ဒီအရာတွေက အဲ့လောက်လည်း ပျော်စရာမကောင်းပါဘဲ ဘာလို့ အရမ်း လူကြိုက်များတာလဲ ဆိုတာ သူမ နားမလည်ပေ။
ဒီလို ပစ္စည်းတွေအတွက် ပိုက်ဆံသုံးမယ့်အစား မြေကွက်တွေ ၊ အစားအသောက်ကောင်းတွေ ဝယ်ဖို့ ပိုက်ဆံသုံးလိုက်တာ ပိုမကောင်းဘူးလား … ။
“ အမေ။ ” ဟု ဝမ်အာက တိုးတိုးလေး ခေါ်ပြီး သူမကို သတိပေးသည်။ “ အမေ အခု သွားသင့်ပြီနော်။ အဲ့ဒါမှ တရားသူကြီးစုန့်က အရမ်း အကြာကြီး မစောင့်ရမှာ။ ”
“ ငါ သိပါတယ်။ ငါ သိပါတယ်။ ”
လီယောင် ဖြည်းဖြည်းချင်း ရှေ့ထွက်လာခဲ့လိုက်သည်။ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် အမှောင်ထဲမှာ လမ်းလျှောက်ရခြင်းနှင့် ကျင့်သားရနေပေမဲ့ အခုလို လူတွေ အများကြီး စေ့စေ့စပ်စပ် ဝိုင်းကြည့်တာ ခံရခြင်းက သူမကို ဆူးတွေ ဖုံးလွှမ်းထားသလိုမျိုး ခန္ဓာကိုယ်အနှံ့ သက်သောင့်သက်သာမရှိအောင် ခံစားရစေသည်။
“ အမျိုးသမီးလီက လှလိုက်တာ။ ”
“ ဟုတ်တယ်။ ပိုင်ချွမ်းခရိုင်လို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ဒီလို မိန်းမလှလေး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ”
“ နေပြည်တော်မှာတောင် သဘာဝအတိုင်း ဒီလောက် လှပြီး ကျက်သရေရှိတဲ့ မိန်းကလေးမျိုးကို ရှာရခက်တယ်။ ”
…
ပိုင်ချွမ်းခရိုင်မှာ နေတဲ့ လူတွေကတော့ အပြင်လူတွေရဲ့ မှတ်ချက်တွေကို နားထောင်ပြီး ပြုံးစိစိဖြစ်သွားကြသည်။
မင်းတို့ လီယောင်ရဲ့ အလှတရားကိုပဲ မြင်ရင် မြင်နိုင်မယ် ၊ သူက ပိုင်ချွမ်းခရိုင်မှာ အပေါက်အဆိုးဆုံး အမျိုးသမီးဖြစ်ခဲ့ဖူးတယ် ဆိုတာကို မင်းတို့ ဘယ်တော့မှ သိမှာ မဟုတ်ဘူး … ။ ဗိုလ်မှူးတစ်ယောက်ကိုတောင် သူမလက်နဲ့ ကိုယ်တိုင် ခေါင်းဖြတ်ခဲ့တာ … ။
အခုအချိန်မှာ လီယောင်က ပိုင်ချွမ်းခရိုင်ရဲ့ မျက်နှာဖုံးဖြစ်နေပြီမို့ အဲ့ဒီလို စကားမျိုးတွေကို ဘယ်သူကမှ ပြောတော့မှာ မဟုတ်ပါ။
“ လီယောင်။ ” တရားသူကြီးစုန့်က အပြုံးလေးဖြင့် ရှေ့ထွက်လာသည်။ “ ကျေးဇူးပြုပြီး အားလုံးအတွက် မိန့်ခွန်းပြောပေးပါ။ ”
လီယောင်က မိန့်ခွန်းပြောတဲ့ နေရာမှာ မတော်ပါ။ မနေ့တုန်းက ဝမ်အာက သူမအတွက် မိန့်ခွန်းတစ်ခု ကူရေးပေးထားပေမဲ့ သူမကတော့ အဲ့ဒါကို အဆင်ပြေတယ်လို့ မထင်ပါ။ ရှေးခေတ်ရောက်နေရုံသာမကဘဲ တာ့လင်တိုင်းပြည်ရဲ့ တော်ဝင်မိသားစုကို ချီးကျူးရမယ့် အရမ်း လူသိရှင်ကြားဆန်လွန်းတဲ့ မိန့်ခွန်းတစ်ခုကို ပြောရမှာလေ … ။
အရိုးသားဆုံး ပြောရလျှင်တော့ ပိုင်ချွမ်းခရိုင်ရဲ့ အောင်မြင်မှုတွေက တာ့လင်တိုင်းပြည် တော်ဝင်မိသားစုနှင့် ဘာမှ သက်ဆိုင်နေတာ မဟုတ်ပေ။ ထို့ကြောင့် ဝမ်အာ ပြင်ဆင်ပေးထားတဲ့ ဇာတ်ညွှန်းအတိုင်း သူမ ပြောမပေးနိုင်တာမို့ ကိုယ့်ပုံစံနှင့်ကိုယ်သာ ပြောဖို့ ဆုံးဖြတ်လိုက်၏။
လီယောင်သည် ခြေနှစ်လှမ်း ရှေ့တိုးပြီး လူအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ အားလုံးပဲ မင်္ဂလာပါ။ ရှင်တို့အားလုံး မနက်စာစားပြီးကြပြီလား။ ”
ပွဲခင်းထဲမှာ ရှိနေတဲ့ လူများ : …
“ ဒီနေ့ တော်တော်လေး ပူတယ်နော်။ ရှင်တို့ ပျော်တာလည်း ပျော် ၊ အပူမရှပ်အောင် ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပေါ့။ ဈေးထဲမှာ ဆီးသီးစွပ်ပြုတ် သောက်လို့ ရတဲ့ နေရာတွေ အများကြီး ရှိတယ်။ ကျင်းချွမ်မြို့က ရေသန့်သန့်နဲ့ ကျိုထားတဲ့ စွပ်ပြုတ်မို့လို့ ရှင်တို့ မြည်းစမ်းကြည့်သင့်တယ်။ ”
ပွဲခင်းထဲမှာ ရှိနေတဲ့ လူများ : …
“ ကဲပါ ၊ ကျွန်မ မလိုအပ်တဲ့ စကားအပိုတွေ မပြောတော့ဘူး။ ဒီနေ့က ချီချောင်ပွဲတော် နောက်ဆုံးနေ့ ဆိုလည်း ဟုတ်တယ် ၊ အသက်ဝင်ဆုံးနေ့ ဆိုရင်လည်း ဟုတ်တယ်။ ဒီနေ့ လူတိုင်း စိတ်တိုင်းကျ ပျော်လို့ ရတယ် ၊ ဈေးဝယ်ထွက်လို့လည်း ရတယ်။ ညနေကျရင်တော့ ကြီးကျယ်ခမ်းနားတဲ့ မီးအိမ်ပြပွဲနဲ့ မီးရှူးမီးပန်းပြပွဲတွေ ရှိပါလိမ့်မယ်။ ရှင်တို့အားလုံး ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးကို ပိုင်ဆိုင်ကြပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။ ဒီလောက်ပါပဲ။ ရှင်တို့ သွားလိုရာ သွားလို့ ရပါပြီ။ ”
ပွဲခင်းထဲမှာ ရှိနေတဲ့ လူများ : …
လီယောင့်အကြောင်း မသိတဲ့ လူတွေဟာ လုံးဝကို ဇဝေဇဝါဖြစ်သွားခဲ့ကြသည်။ သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင်တစ်ယောက်ရဲ့ စကားပြောစွမ်းရည်က ဘယ်လိုလုပ် ဒီလောက်တောင် နိမ့်ပါးနေရတာလဲ … ။
ပိုင်ချွမ်းခရိုင်က လူတွေပဲ ဒါဟာ ဟဲဝမ်ရွာက အမျိုးသမီးလီရဲ့ စကားပြောဟန် ဆိုတာ နားလည်သည်။
“ ဟားဟား ၊ ပိုင်ချွမ်းခရိုင်က ငါတို့ရဲ့ အမျိုးသမီးလီက အရမ်း တည့်တိုးဆန်တာပဲ။ ”
ဝိုး ၊ စကားအပြောအဆိုမတတ်တဲ့ အမျိုးသမီးက သူရဲကောင်းတစ်ယောက် ဖြစ်သွားပြီပဲ။ တရားသူကြီးစုန့်လည်း ဇောချွေးပြန်နေရသည်။ လီယောင့်အတွက် သူကိုယ်တိုင် ဇာတ်ညွှန်းမရေးပေးခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် နောင်တရမိသည်။
ကဲ .. ကဲ … မြန်မြန် လူစုခွဲကြပါစို့လေ။
သို့သော် ထိုအချိန်မှာပဲ ဟိုးအဝေးဆီက မောင်းသံထွက်ပေါ်လာပြီး တန်းစီနေတဲ့ အစောင့်အရှောက်တွေ ၊ အခြွေအရံတွေ တရွေ့ရွေ့ ရောက်လာခဲ့သည်။
အမြင်စူးရှတဲ့ ယိကျိုးစီရင်စုက လူတွေကတော့ ဘယ်သူ ရောက်လာတာလဲ ဆိုတာ ချက်ချင်း နားလည်သွားကြသည်။ “ အုပ်ချုပ်ရေးမှူးလီ ရောက်လာပြီ။ ”
အုပ်ချုပ်ရေးမှူးလီက အသစ်ခန့်အပ်လိုက်တဲ့ အရာရှိဖြစ်သော်လည်း ဘာပဲပြောပြော ဧကရာဇ်က ဒေသတစ်ခုကို အုပ်ချုပ်ဖို့ ယုံယုံကြည်ကြည် တာဝန်ပေးထားတဲ့ ရာထူးကြီး အရာရှိတစ်ယောက် ဖြစ်နေဆဲပင်။ ဘယ်သူ စလိုက်သလဲ မသိပေမဲ့ ပွဲခင်းထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံး … တန်ဖိုးကြီး အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ လူချမ်းသာတွေဖြစ်စေ ၊ ဆင်းရဲနွမ်းပါးတဲ့ သာမန်လူတွေဖြစ်စေ အကုန် ဒူးထောက်လိုက်ကြသည်။ လီယောင့်မျက်ခုံးတွေပင်လျှင် “ မြစ် ” ဆိုတဲ့ အက္ခရာတစ်ခုအဖြစ် တွန့်ချိုးသွားခဲ့ရသည်။
အရာရှိတွေ ရောက်လာတိုင်း ဒူးထောက်ရတာက ကောင်းတဲ့ ကိစ္စတစ်ခုမှ မဟုတ်တာ … ။
တရားသူကြီးစုန့်မှာလည်း သူ့လူတွေကို ဦးဆောင်ပြီး သွားနှုတ်ဆက်ဖို့က လွဲလို့ ရွေးချယ်စရာမရှိတော့ပေ။ ရထားလုံးအရှည်ကြီးရှေ့ကို ရောက်တော့ သူတို့ ရိုရိုသေသေ ရပ်ဆိုင်းပြီး စောင့်နေလိုက်သည်။
ရထားလုံးရဲ့ ခန်းဆီးစ မြှောက်တက်သွားပြီး အရပ်ပုပုနှင့် အနည်းငယ် ခန္ဓာကိုယ်ဝဖိုင့်တဲ့ အရာရှိတွေဟာ ရထားလုံးထဲကနေ ပြုံးရွှင်စွာ ဆင်းလာခဲ့ကြလေသည်။
“ ကျုပ်တို့ ထပ်တွေ့ပြီနော် အစ်ကိုစုန့်။ ”
“ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် အုပ်ချုပ်ရေးမှူးလီ။ ”
“ အာ … အစ်ကိုစုန့်ကလည်း။ ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ” အုပ်ချုပ်ရေးမှူးလီက တရားသူကြီးစုန့်ရဲ့ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ပြီး ပြောသည်။ “ ကျုပ်တို့က ရာထူးတန်းတူ ဖြစ်ခဲ့ဖူးတာပဲ။ အခုအချိန်မှာပဲ အထက်အရာရှိနဲ့ လက်အောက်ငယ်သားဆက်ဆံရေး ဖြစ်သွားရင်တောင်မှ ကျုပ်တို့ရဲ့ စိတ်ကတော့ အရင်အတိုင်းပါပဲ။ ဒီလို သူစိမ်းဆန်ပြီး ယဉ်ကျေးနေစရာ မလိုပါဘူး။ ”
“ သဘောထားကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှူးလီ။ ”
“ အာ။ ” အုပ်ချုပ်ရေးမှူးလီက တရားသူကြီးစုန့်ကို ကြည့်ပြီး သက်ပြင်းချသည်။ “ ကျုပ်တို့ မတွေ့ရတာ တစ်နှစ်ကြာသွားပြီနော်။ ခင်ဗျား ပိန်သွားတယ် အစ်ကိုစုန့်။ ”
အရပ်ရှည်ရှည်နှင့် အရပ်ပုပု အရာရှိနှစ်ယောက်သည် ပွဲတော်အစောင့်အကြပ်တွေရဲ့ လိုက်လံပို့ဆောင်ပေးမှုအောက်မှာ စကားတပြောပြောနှင့် ရုံးတော်အဆောက်အအုံဆီသို့ လျှောက်လာခဲ့သည်။
မြို့ဂိတ်တံခါးကို ရောက်တော့ အုပ်ချုပ်ရေးမှူးလီက လီယောင့်ကို ဖျတ်ခနဲ ငဲ့ကြည့်မိသည်။
ပုံမှန်ဆို လီယောင်က ရှေ့ထွက်ပြီး အရိုအသေပေးလိုက်မှာ ဆိုပေမဲ့ ဒီတစ်ခေါက်တော့ အရိုအသေပေးချင်စိတ်မရှိသောကြောင့် ဒီတိုင်းပဲ ငြိမ်နေလိုက်သည်။ ကံကောင်းစွာဖြင့် အုပ်ချုပ်ရေးမှူးလီက သူမကို စက္ကန့်ပိုင်းလောက်သာ ကြည့်ကာ ဘာကိုမှ စိတ်ထဲ ထွေထွေထူးထူး မရှိပုံဖြင့် တရားသူကြီးစုန့်နှင့်အတူ ဆက်လျှောက်သွားသည်။
လီယောင်က စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ အဲ့ဒါက သူမ အကြောက်ဆုံးအရာ ဆိုလည်း မမှား။
“ နင်တို့အားလုံး လုပ်စရာရှိတာတွေ ဆက်လုပ်လို့ ရပြီ။ ငါ အိမ်ပြန်ပြီး အဝတ်အစားလဲလိုက်ဦးမယ်။ ”
လီယောင်သည် ကလေး သုံး ၊ လေးယောက်ကို ချန်ခဲ့ပြီးနောက် သူမရဲ့ စက်ဘီးပေါ်ကို ခြေထောက်တစ်ဖက်တည်းဖြင့် ခုန်တက်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တော့ သူမ ဝတ်ထားတဲ့ အရာရှိအဝတ်အစားတွေကို ချွတ်ကာ သက်သောင့်သက်သာရှိသော ချည်သားဘောင်းဘီလေးနှင့် တီရှပ်တစ်ထည်ကို လဲဝတ်လိုက်သည်။ ဖိနပ်ကိုလည်း ခြေညှပ်ဖိနပ်အပါးလေး ပြောင်းစီးပြီး ဆံပင်တွေကို ဒီတိုင်း ဖြည်ချထားလိုက်၏။ ထို့နောက် ရေတွင်းထဲက ရေနှင့် မျက်နှာသစ်လိုက်သည်။
ဟူး —
အခုမှပဲ နေရထိုင်ရတာ သက်သောင့်သက်သာရှိသွားတော့တယ်။
အိမ်တံစက်မြိတ်အောက်က ကျောမှီပါသည့် ခုံပေါ်မှာ ထိုင်ရင်း လူသူမရှိသလောက် ခြောက်ကပ်တိတ်ဆိတ်နေသည့် ရွာကို ကြည့်ကာ ဒီည မီးရှူးမီးပန်းတွေကို မလွှတ်တင်ခင် အချိန်ထိ ဈေးထဲကို လုံးဝ ထပ်မသွားဖို့ ဆုံးဖြတ်လိုက်သည်။ အဓိကအကြောင်းပြချက်ကတော့ အဲ့ဒီ အုပ်ချုပ်ရေးမှူးလီနှင့် ထပ်မတွေ့ချင်လို့ ဖြစ်သည်။
သို့သော် သူမ တစ်ရေးတမောအိပ်နေရာမှ အပြည့်အဝ နိုးမလာသေးခင်မှာပဲ ဝမ်ရှောင်စစ်သည် ခြံထဲကို လေလိုအလျင်ဖြင့် စက်ဘီးစီး၍ ပြေးဝင်လာခဲ့သည်။
“ မကောင်းတာ ဖြစ်နေပြီ အမေ။ ဒုတိယအစ်ကို အနိုင်ကျင့်ခံနေရတယ်။ ”
…
အခန်း (၁၆၆ ) ပညာရှိကျောင်းသားတွေက တစ်ယောက်အတွက် တစ်ယောက် အလင်းရောင်နဲ့ တူတယ်။
အသစ်ခန့်အပ်ထားတဲ့ တရားသူကြီးစုန့်သည် အုပ်ချုပ်ရေးမှူးလီရဲ့ အထူးတလည် လာရောက်လည်ပတ်ခြင်းကို ဧည့်ခံဖို့ တာဝန်ယူထားသည်။ ကံကောင်းစွာဖြင့် အုပ်ချုပ်ရေးမှူးလီက သူ လာမယ် ဆိုတာ ကြိုတင်အသိပေးထားတာမို့ တရားသူကြီးစုန့်ကလည်း လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်ထားနိုင်ခဲ့သည်။ ပြီးတော့ သူတို့နှစ်ယောက်ဟာ နေပြည်တော်မှာ နေခဲ့တုန်းက အသိအကျွမ်းဟောင်းတွေ ဖြစ်ဖူးတာမို့ ပြဿနာ ကြီးကြီးမားမား မရှိပါ။
သို့သော်လည်း အုပ်ချုပ်ရေးမှူးလီက ပိုင်ချွမ်းခရိုင်ရဲ့ ချီချောင်ပွဲတော်ကိုရော ၊ လမ်းပေါ်က ထူးထူးခြားခြား အရာတွေကိုရော စိတ်ဝင်စားပုံမပေါ်ပါ။ အပြင်မှာ အရမ်း ပူလွန်းတာကြောင့်လား မပြောတတ်ဘဲ ခရိုင်ရုံးတော်မှာသာ တစ်နေကုန် ရေနွေးကြမ်းသောက်လျက် ရှိနေခဲ့သည်။
နေ့လယ်ရောက်တော့ ကဗျာရွတ်ပွဲစခါနီးတော့ တရားသူကြီးစုန့်က အုပ်ချုပ်ရေးမှူးလီထံ သွားပြီး အခြေအနေကို ရှင်းပြလိုက်သည်။
“ ခင်ဗျားက အရမ်း တာဝန်ကျေပွန်တုန်းပဲနော် အစ်ကိုစုန့်။ ” ဟု အုပ်ချုပ်ရေးမှူးလီက ပြန်ပြောသည်။ “ တိုက်ဆိုင်ချင်တော့ ယိကျိုးစီရင်စုက အရည်အချင်းရှိတဲ့ လူတွေ အများကြီးလည်း ချီချောင်ပွဲတော်ကို လာလေ့လာတယ်လို့ ကျုပ် ကြားထားတယ်။ သူတို့ကို ကျုပ်တို့နဲ့ လာပေါင်းခိုင်းလိုက်ရင်ရော ဘယ်လိုလဲ။ ”
“ ကောင်းပါတယ်။ ”
“ အဲ့ဒါဆို အဆင်ပြေပြီ။ ” အုပ်ချုပ်ရေးမှူးလီက ပြုံးလိုက်သည်။ “ ကဲ … ပိုင်ချွမ်းခရိုင်ရဲ့ အတတ်ပညာရှင်တွေကို သွားပြီး ချီးကျူးဂုဏ်ပြုကြရအောင်။ ”
“ လျော်ကန်သင့်မြတ်လှပါပေတယ်။ ”
တရားသူကြီးစုန့်ရဲ့ မျက်နှာက ပြုံးနေပေမဲ့ စိတ်ထဲမှာတော့ “ သောက်ကျိုးနည်း ” ဟု တွေးနေခဲ့လေသည်။
နေ့လယ်ရောက်တော့ ကာကွယ်ရေးခေါင်းဆောင်ကျန်းက ယိကျိုးစီရင်စုက လာတဲ့ ပညာရှိကျောင်းသား ဆယ်ယောက် ရောက်နေပြီဖြစ်ကြောင်းနှင့် ထိုဆယ်ယောက်ဟာ စားသောက်ဆိုင်ထဲမှာ ဟေးလားဝါးလား အသံကျယ်ကြီးတွေနှင့် အပျော်ကျူးနေပြီး ပိုင်ချွမ်းခရိုင်ကို ဆက်တိုက် ကဲ့ရဲ့ရှုံ့ချနေသည်ဟု သူ့ကို လာသတင်းပေးသည်။
အုပ်ချုပ်ရေးမှူးလီက ထိုလူတွေကို ရည်ရွယ်ချက်ရှိရှိ ပင့်ဖိတ်ထားတာ ဖြစ်ဖို့ များသည်။
တရားရုံးတော်မှာ ဌာနတွေ အများကြီး ရှိပြီ ဌာနတစ်ခုချင်းဆီတိုင်းက သူတို့လူတွေ နေရာရရေးအတွက် အပြင်းအထန် ကြိုးစားလေ့ရှိသည်။ ဒါက ထူးဆန်းတာတော့ မဟုတ်ပါ။ နေပြည်တော်မှာတုန်းက အုပ်ချုပ်ရေးမှူးလီက ဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး တရားသူကြီးစုန့်ရဲ့ အဖေကတော့ ပညာရေးဌာနနှင့် သက်ဆိုင်သည်။ ဒီနှစ်ပိုင်းတွေအတွင်း ဌာနနှစ်ခုရဲ့ အတွေးအမြင်တွေက တဖြည်းဖြည်း တခြားစီ ဖြစ်လာတာမို့ နောက်ကွယ်မှာ မကျေလည်မှုလေးတွေ မလွဲဧကန် ရှိပါလိမ့်မည်။
တရားသူကြီးစုန့်ကို ပိုင်ချွမ်းခရိုင်သို့ ရာထူးလျှော့ချလိုက်ရတဲ့ အကြောင်းပြချက်က ဌာနဆိုင်ရာ မကျေလည်မှုတွေကြောင့်ပါပဲ။
အခြေခံအားဖြင့် ဝန်ကြီးဌာနက ပညာရေးဌာနထက် အများကြီး အာဏာပိုကြီးသည်။ ဒါပေမဲ့ တရားသူကြီးစုန့်က ပိုင်ချွမ်းခရိုင်မှာ ထူးခြားပြောင်မြောက်သော နိုင်ငံရေးအောင်မြင်မှုတွေ ရခဲ့ပြီး ထိုသတင်းက နေပြည်တော်ကို ပြန်ရောက်သွားတာလည်း ကြာခဲ့ပါပြီ။ သူ့ကို ဧကရာဇ်ကိုယ်တိုင် စကားနှင့် ချီးကျူးခဲ့တာမို့ ( ၁ ) နှစ် ၊ ( ၂ ) နှစ်အတွင်း နေပြည်တော်ကို အရေးပါတဲ့ ရာထူးတစ်ခုခုနှင့် လွှဲပြောင်းခံရဖို့ ရာခိုင်နှုန်းများသည်။ ပြီးတော့ နဝမမြောက်မင်းသားကလည်း သူ့ကို ကာကွယ်ပေးနေတာကြောင့် သူ့အတွက် အမြင့်ကို အလွယ်တကူ ပျံသန်းနိုင်သည်။
ဒီလို အားကောင်းသော ပြိုင်ဖက်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ သဘာဝကျစွာပင် အုပ်ချုပ်ရေးမှူးလီရဲ့ အင်္ကျီလက်ထဲမှာ လှည့်ကွက်လေးတွေ ရှိနေပါလိမ့်မည်။
အခြားတစ်ဖက်မှာ သူ့ကိုယ်သူ စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ယောက်အဖြစ် ဟန်ပြဖို့ လိုသလို ယိကျိုးစီရင်စုမှာ ဘယ်သူက ရာထူးအကြီးလဲ ဆိုတာ လူတိုင်းကို သိစေဖို့အတွက် တရားသူကြီးစုန့်ကိုလည်း နည်းနည်းလေး ဖိနှိပ်ဖို့ လိုသည်။
ဒီလို ဌာနဆိုင်ရာ ပဋိပက္ခတွေ ရှိမနေရင်တောင် စာသင်သားတွေက တစ်ယောက်ကို တစ်ယောက် အထင်သေးတတ်ကြသည်။ အောင်မြင်ချမ်းသာတဲ့ ယိကျိုးစီရင်စုမှ လာတဲ့ ကျောင်းသားတွေက ပိုင်ချွမ်းခရိုင်လို ခရိုင်သေးသေးလေး တစ်ခုကို သေချာပေါက် အထင်သေးလိမ့်မည်။
ဒါကို ကောင်းကောင်း သတိထားမိတဲ့ အုပ်ချုပ်ရေးမှူးလီက လောလောဆယ် လူတိုင်းရဲ့ အာရုံစိုက် ချီးကျူးမှုကို ရနေတဲ့ တရားသူကြီးစုန့်အား ဒီအခွင့်အရေးကို အသုံးချပြီး ဖိနှိပ်ချင်နေတာ ဖြစ်နိုင်သည်။
အသစ်စက်စက် ဆောက်လုပ်ထားတဲ့ ဝါးအဆောက်အအုံကြီးဆီ သူတို့နှစ်ယောက် ရောက်လာခဲ့ကြသည်။ တရားသူကြီးစုန့်က လက်မှုပညာသည် ဆယ့်နှစ်ယောက်ကို ဖိတ်ခေါ်ကာ အဆောက်အအုံကို နေ့မနား ညမနား တည်ဆောက်ခဲ့ရတာ ဖြစ်ပြီး မနေ့ကမှ ဆောက်လုပ်ပြီးစီးသွားတာ ဖြစ်သည်။
ဝါးအဆောက်အအုံကို တောင်ခြေမှာ တည်ဆောက်ထားသည်။ ဝါးအဆောက်အအုံနောက်မှာ စိမ်းလန်းစိုပြည်သော တောအုပ်ကြီး ရှိကာ အဆောက်အအုံရှေ့မှာတော့ ကွေ့ဝိုက်စီးဆင်းနေတဲ့ မြစ်တစ်စင်း ရှိသည်။ ဘေးပတ်ပတ်လည်မှာ သစ်ပင်အုပ်အုပ်တွေသာ ဖုံးလွှမ်းနေပြီး သာယာလှပသော ပတ်ဝန်းကျင်တစ်ခုပင်။
အဆောက်အအုံထဲမှာ အစားအသောက်နှင့် လက်ဖက်ရည်တွေကို ပြင်ဆင်ထားပြီးပြီ ဖြစ်ကာ တရားသူကြီးစုန့်နှင့် အုပ်ချုပ်ရေးမှူးလီ ရောက်ပြီး မကြာခင်မှာပဲ ပညာသင်တွေလည်း ရောက်လာကြသည်။
သဘာဝကျစွာပင် အုပ်ချုပ်ရေးမှူးလီနှင့် တရားသူကြီးစုန့်က အဓိကထိုင်ခုံမှာ ထိုင်ပြီး ဘေးတစ်ဖက်တစ်ချက်မှာတော့ ပညာရှိကျောင်းသားတွေ ထိုင်ဖို့အတွက် ထိုင်ခုံလေးတွေ အများကြီး ချပေးထားသည်။ ဝမ်အာ ဉီးဆောင်တဲ့ ဒေသခံကျောင်းသားတွေ အပါအဝင် ဒေသခံမြေရှင်တွေက အရှေ့ဘက် ထိုင်ခုံတွေမှာ ထိုင်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ယိကျိုးခရိုင်မှ အရည်အချင်းရှိသော ပညာရှိကျောင်းသားတွေ ထိုင်သည်။
ကဗျာရွတ်ပွဲ ကျင်းပပုံ ၊ ကျင်းပနည်းတွေ အများကြီး ရှိပြီး အတွေ့ရအများဆုံးက အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာတွေကို အပြန်အလှန် ဖလှယ်ရင်း ချက်ချင်း ကဗျာစပ်ပြကာ လူတိုင်းက မှတ်ချက်ပေး၍ အကောင်းဆုံးကဗျာတွေကို ရွေးချယ်တဲ့ နည်းလမ်း ဖြစ်သည်။
မူလတုန်းက ဒါက ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်သော်လည် ယိကျိုးခရိုင်မှ အရည်အချင်းရှိသော စာပေတတ်ပုဂ္ဂိုလ်တွေ ရောက်လာသောအခါ မတူညီတဲ့ အသွင်တစ်မျိုးအဖြစ် ပြောင်းလဲသွား၏။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ကျောင်းသားတစ်ယောက်က အရင်ဆုံး ထပြီး အကြံပြုသည်။ “ ကျွန်တော်တို့ အဆုံးကာရန်တူလုံရေညီနှစ်ကြောင်းကဗျာတွေကို စပြီး ဖလှယ်သင့်တယ်လို့ ထင်တယ်။ ပြီးရင် တစ်ယောက်ကို တစ်ယောက် အလှည့်ကျ စိန်ခေါ်ကြမယ်။ ကဗျာစပ်ပြီး မတုံ့ပြန်နိုင်တဲ့ လူ ၊ ဒါမှမဟုတ် စပ်ဆိုလိုက်တဲ့ ကဗျာမှာ အလှတရားကင်းမဲ့နေတဲ့ လူက အပြစ်ပေးခံရမယ်။ ”
“ ဘယ်လို အပြစ်ပေးခံရမှာလဲ။ ပိုက်ဆံနဲ့လား ၊ အရက်နဲ့လား။ ”
“ ကျောင်းသားတွေအနေနဲ့ ကျွန်တော်တို့ ဒီလို သေးသိမ်တဲ့ ကိစ္စလေတွေမှာ အပျော်မကျူးသင့်ဘူး ၊ ပြီးတော့ ဂုဏ်သရေရှိ လူကြီးမင်းနှစ်ယောက်ရှေ့မှာ အရက်သောက်ဖို့ မသင့်တော်ဘူးလေ။ ” ဟု အဖြူရောင်ဝတ်စုံနှင့် လူက ပြန်ပြောသည်။ “ ရှုံးတဲ့ လူရဲ့ မျက်နှာပေါ်ကို မှင်ရည်နဲ့ အစင်းကြောင်းတစ်ကြောင်း ဆွဲမယ် ဆိုရင်ရော ဘယ်လိုလဲ။ ”
“ သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ။ အဲ့အတိုင်း လုပ်ကြမယ်။ ”
အဖြူရောင်ဝတ်စုံနှင့် ကျောင်းသားရဲ့ အကြံပြုချက်ကို တစ်ဖွဲ့လုံးက ချက်ချင်းပဲ တစ်ခဲနက် ထောက်ခံခဲ့ကြသည်။ ထို့နောက် သူက အုပ်ချုပ်ရေးမှုူးလီနှင့် တရားသူကြီးစုန့်ဘက်ကို လှည့်ပြီး လက်သီးနှစ်ဖက်ကို ဆုပ်ယှက်၍ မေးလိုက်သည်။ “ လူကြီးမင်းနှစ်ယောက်ရဲ့ အမြင်ကရော ဘယ်လိုပါလဲ။ ”
အပြစ်ဒဏ်အဖြစ် မျက်နာပေါ်မှာ မှင်နှင့် ရေးခြစ်ခံရခြင်းကို တရားသူကြီးစုန့် ငယ်စဉ်တုန်းက တွေ့ကြုံဖူးသော်လည်း ပိုင်ချွမ်းခရိုင်က ကျောင်းသားတွေ အရည်အချင်းမရှိမှာကိုတော့ စိုးရိမ်သည်။ သို့သော် သူ ငြင်းဆန်ဖို့ ပြင်နေတုန်းမှာပဲ အုပ်ချုပ်ရေးမှုူးလီက “ သိပ်ကောင်းတယ်။ လူငယ်တွေ ဆိုတာ ပျော်ပျော် နေသင့်တယ်။ ” ဟု အရင် ပြောလိုက်သည်။
အဲ့ဒီလိုနှင့် မျက်နှာပေါ်မှာ မှင်နှင့် ရေးဆွဲပြီး အပြစ်ပေးဖို့က အတည်ဖြစ်သွားသည်။
“ ကျုပ် လူတိုင်းနဲ့ မိတ်ဆက်ပေးဖို့ မေ့သွားတယ်။ ” ဟု အုပ်ချုပ်ရေးမှူးလီက ဆက်ပြောသည်။ “ ဒီပညာရှိကျောင်းသားရဲ့ နာမည်က ရှုယို့ခိုင်တဲ့။ ယိကျိုးစီရင်စု လာတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ ကျောင်းသားတွေ အားလုံးထဲမှာ သူက တော်တော်လေး ထူးချွန်လို့ ဒီနှစ် ပြည်နယ်အဆင့်စာမေးပွဲကို အောင်နိုင်မယ့် အလားအလာ အများကြီး ရှိတယ်။ ”
“ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှူး။ ”
“ ဒါနဲ့ ဒီနှစ် ပိုင်ချွမ်းခရိုင်က ဆယ့်ငါးနှစ်အရွယ် ပညာရှိကျောင်းသားတစ်ယောက်ကို မွေးထုတ်ပေးထားတယ်လို့ ကျုပ် သတင်းကြားတယ်။ အဲ့ဒါ ဘယ်သူများလဲ။ ”
တရားသူကြီးစုန့်က ဝမ်အာကို လက်ညိုးထိုးပြပြီး “ သူပဲ။ ” ဟု ပြောလိုက်သည်။
ဝမ်အာက စားပွဲနောက်ကနေ လေးစားမှုရှိရှိ လျှောက်ထွက်လာပြီး ဦးညွှတ်သည်။ “ ကျွန်တော်ဝမ်အာက အုပ်ချုပ်ရေးမှူးကို နှုတ်ခွန်းဆက်သပါတယ်။ ”
“ ဝမ်အာတဲ့လား။ မင်းမှာ ပိုပြီး ကောင်းတဲ့ နာမည်တစ်ခုခု မရှိဘူးလား။ “”
“ ဟို … ” ဝမ်အာက ရှက်သွားပြီး “ ကျွန်တော် အခုထိ နာမည် မရွေးရသေးလို့ပါ။ ” ဟု ပြန်ပြောလိုက်သည်။
ရှုယို့ခိုင်နှင့် ယိကျိုးခရိုင်က လာတဲ့ တခြား ကျောင်းသားတွေက ဝမ်အာ့ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကြသည်။ ပညာရှိကျောင်းသားတစ်ယောက်မှာ ဘယ်လိုလုပ် နာမည်ကောင်းကောင်းလေးတောင် မရှိရတာလဲ။ တကယ့်ကို ခေတ်နောက်ကျနေတဲ့ နေရာပဲ … ။
“ သူ စာမေးပွဲကို စာခိုးချပြီး အောင်ထားတာလို့ ငါ ကြားတယ်။ သူ့ကို ဘက်လိုက်ပြီး နေရာပေးခဲ့တာတဲ့။ ” ဟု ကျောင်းသားတစ်ယောက်က တီးတိုး ပြောသည်။ “ မဟုတ်ရင် သူ ဘယ်လိုလုပ် စာမေးပွဲအောင်မှာလဲ။ ”
ရှုယို့ခိုင်က အခြေအနေကို ရုတ်တရက် သဘောပေါက်သွားပြီး ဝမ်အာကို ပိုလို့တောင် အထင်သေး စက်ဆုပ်သွားလေသည်။
အုပ်ချုပ်ရေးမှူးလီက “ ဒါဆို စကြရအောက်။ ရှုယို့ခိုင်က ခရီးအဝေးကြီးက လာခဲ့တာ ဆိုတော့ မင်း အရင်ဆုံး စလိုက်။ ” ဟု ပြောလိုက်သည်။
“ ဟုတ်ကဲ့။ ”
ရှုယို့ခိုင်က ယုံကြည်ချက်ရှိရှိ ရှေ့ထွက်လာသည်။ အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာတွေက ပတ်ဝန်းကျင်ကို ကြည့်ပြီး လက်တန်း စပ်ဆိုရတာမို့ ကြိုတင်စီစဉ်ထားလို့ မရပါ။ ရှုယို့ခိုင်က ဘေးပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်ပြီး ဝါးအဆောက်အအုံထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေကို မြင်သွားလျှင် သူ့ခေါင်းထဲကို စိတ်ကူးအတွေးတစ်ခု ဝင်လာ၏။ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေထဲက တစ်ချပ်က ကြာပန်းတွေကို ရေးဆွဲထားတဲ့ ပန်းချီကား ဖြစ်သည်။
သူ စားပွဲပေါ်က စုတ်တံကို ကိုင်ပြီး သူ့ရဲ့ ပထမဆုံး အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာ တစ်ပိုဒ်ကို ခပ်သွက်သွက် ချရေးလိုက်သည်။ “ ပန်းချီပေါ်မှာ ရေးဆွဲ ၊ ကြာပန်းတစ်ပွင့်နဲ့ ဘုန်းတော်ကြီးတစ်ပါးတည်း။ ” ကဗျာရေးပြီးသွားတော့ သူ့မျက်နှာပေါ်မှာ ကျေနပ်သော အမူအရာလေး ထင်ဟပ်သွားကာ စုတ်တံကို အောက်ပြန်ချလိုက်သည်။
“ ကျွန်တော့်ရဲ့ ပထမဆုံး အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာကို ရေးစပ်ပြီးပါပြီ။ ကျေးဇူးပြုပြီး တုံ့ပြန်ပေးပါ။ ”
ချက်ချင်းပဲ ကျောင်းသားတစ်ယောက်က ရှေ့ထွက်လာပြီး အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာတစ်ပုဒ်ကို အသံကျယ်ကျယ်နှင့် ရွတ်ပြသည်။
ပထမတော့ ထိုသူ ရွတ်ပြတဲ့ ကဗျာက သိပ်ပြီး ထူးခြားပြောင်မြောက်တာမျိုး မရှိပေမဲ့ ခဏကြာတော့ အုပ်ချုပ်ရေးမှူးလီရဲ့ မျက်လုံးတွေ အရောင်တောက်သွားပါသည်။ “ ဟားဟား ၊ တကယ် မဆိုးဘူးပဲ။ ”
တရားသူကြီးစုန့်လည်း ပထမဆုံး အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာရဲ့ ထူးချွန်ပြောင်မြောက်မှုကို သတိပြုမိကာ ဘာ့ကြောင့်ရယ်မသိဘဲ စိတ်ထဲမှာ အတော်လေး စိုးရိမ်သွားမိသည်။ ဘာမှ မထူးခြားဘူးလို့ ထင်ရတဲ့ ပထမစာကြောင်းက တကယ်တော့ နောက်ပြန်ဖတ်ရင်လည်း ပုံမှန်ဖတ်သည်နှင့် ထပ်တူအသံထွက်သော ကဗျာမျိုး ဖြစ်သည်။
ထိုကဗျာကို ဖတ်ပြီးတော့ ပိုင်ချွမ်းခရိုင်ရဲ့ ကျောင်းသားတွေက အချိန်ခဏအတွင်း ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာ မစဉ်းစားနိုင်ပုံဖြင့် အသံတိတ် ခေါင်းငုံ့သွားကြ၏။
တရားသူကြီးစုန့်သည် ဝမ်အာကို ‘ သူတော့ တန်ပြန်ဖြေဆိုနိုင်လောက်ပါတယ်။ ’ ဟူသော မျှော်လင့်ချက်ဖြင့် လှမ်းကြည့်လိုက်မိသည်။ မဟုတ်ရင် ပွဲအစကတည်းက ရှုံးရမှာ ရှက်စရာကောင်းလွန်းသည်လေ။
ထိုအချိန်မှာ ဝမ်အာလည်း သူ့စိတ်ထဲမှာ စိုးရိမ်မှုတွေဖြင့် ဗလောင်ဆူလျက် ရှိသည်။ ပထမကဗျာစာပိုဒ်ရဲ့ ထူးချွန်ပြောင်မြောက်မှုကို သူ ချီးကျူးပေမဲ့ သူ့ဘက်က တုံ့ပြန်ရမယ့် ထူးခြားကောင်းမွန်သော ဒုတိယကဗျာကိုတော့ စဉ်းစားလို့ မရပေ။
သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ရှုယို့ခိုင်က ခဏလောက် စိတ်အေးလက်အေး စောင့်နေပြီးမှ “ ညီလေးဝမ်အာ ၊ အချိန်လည်း နည်းနည်း ကြာသွားပြီ ဆိုတော့ မင်း စဉ်းစားလို့ ရပြီလား။ ” ဟု မေးလျှင် ဝမ်အာ ခေါင်းခါပြလိုက်ရသည်။
ဝမ်အာ အဖြေမပေးနိုင်တာကို မြင်တော့ တရားသူကြီးစုန့် ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ ကြည့်ရတာ ဒီနေ့ ပိုင်ချွမ်းခရိုင်က ကျောင်းသားတွေ အရှက်ကွဲရတော့မည် ထင်သည်။
“ ကဲ ၊ ဒါဆိုလည်း တဆိတ်လောက် ညီလေးတို့အားလုံးရဲ့ မျက်နှာပေါ်မှာ မှင်ရည်နဲ့ အစင်းကြောင်းတွေ ဆွဲလိုက်ပါဦး။ ”
ဝမ်အာက စုတ်တံကို တည်တည်ငြိမ်ငြိမ်ပဲ ယူပြီး သူ့မျက်နှာပေါ်မှာ အစင်းကြောင်းတစ်ခု ရေးဆွဲလိုက်သော်လည်း တခြားကျောင်းသားတွေကတော့ သူ့လို ချောချောမွေ့မွေ့ လက်သင့်မခံနိုင်ဘဲ မျက်နှာတွေ ရှုံ့မဲ့သွားကြကာ ဝမ်အာ့ကြောင့် သူတို့မျက်နှာပေါ်မှာ မှင်နှင့် ရေးခြစ်ခံရသည်ဟု သတ်မှတ်လိုက်ကြသည်။
“ မင်းက ပိုင်ချွမ်းခရိုင်ရဲ့ ထိပ်တန်းပညာရှိကျောင်းသား မဟုတ်ဘူးလား။ မင်း ကဗျာတစ်ပုဒ်ကိုတောင် ဘယ်လိုလုပ် မစပ်ဆိုနိုင်ရတာလဲ။ ” ဟု တစ်စုံတစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “
“ ဆရာလုပ်တဲ့ လူကလည်း တစ်သက်လုံး စာမေးပွဲဖြေခဲ့ရတာ။ အဲ့လို ဆရာမျိုးက ဘယ်လို ကျောင်းသားမျိုးကို မွေးထုတ်ပေးနိုင်မှာမို့လို့လဲ။ ”
“ သူက ပိုင်ချွမ်းခရိုင်မှာပဲ တော်ရင် တော်မယ်။ ယိကျိုးစီရင်စုက အရည်အချင်းရှိတဲ့ ပညာရှိကျောင်းသားတွေနဲ့ ယှဉ်လိုက်ရင်တော့ သူက သူတို့ရဲ့ ခြေဖျားကိုတောင် မမီဘူး။ ”
...