အခန်း (၁၆၇-၁၆၈)
Vol. 15 Ch. 167-168
အခန်း (၁၆၇ ) ကျွန်တော် လုံးဝ မလုပ်နိုင်ဘူး။
ထိုစကားလုံးတွေက အလွန် တိုးညင်းသော်လည်း ဝမ်အာကတော့ ကွဲကွဲပြားပြား ကြားလိုက်သည်။ ဒါပေမဲ့ သူ ဒေါသမထွက်မိပါ။ ကဲ့ရဲ့ရှုံ့ချခံရတယ် ဆိုတာ လူအာရုံစိုက်ခံရတာပဲဟု အမေက ပြောဖူးသည်။ ကောင်းကောင်း မတုံ့ပြန်နိုင်ရင် ဒီတိုင်း ငြိမ်နေလိုက် ၊ ရှက်ဒေါသထွက်တာက ကိုယ့်ကို ပိုရုပ်ပျက်စေရုံသာ ရှိလိမ့်မည်တဲ့။
နောက်ထပ် အလှည့်တွေမှာ ယိကျိုးခရိုင်က လာတဲ့ ရှုယို့ခိုင် ဦးဆောင်သော ပညာရှိကျောင်းသားတွေက ထူးချွန်ပြောင်မြောက်သော ကဗျာတွေကို တစ်ပိုဒ်ပြီး တစ်ပိုဒ် စပ်ဆိုနေကြပေမဲ့ ဝမ်အာကတော့ တစ်ကြိမ်တောင် မတုံ့ပြန်နိုင်ဘဲ သူ့မျက်နှာပေါ်မှာ မှင်အစင်းကြောင်းတွေ ဗရပွဖြစ်နေကာ တစ်ဖက်က ကျောင်းသားတွေက သူ့ကို ကြည့်ပြီး ရယ်ပွဲဖွဲ့ခဲ့ကြသည်။
အုပ်ချုပ်ရေးမှူးလီက အဲ့ဒါကို ကြည့်ပြီး စိတ်ထဲကနေ ကျိတ်ပျော်နေချိန်မှာ တရားသူကြီးစုန့်ကတော့ မြေပြင်ပေါ်က အက်ကြောင်းတစ်ခုခုကို ရှာပြီး ထိုအက်ကြောင်းထဲကိုသာ ဝင်ပုန်းနေချင်မိသည်။
အကြောင်းပြချက်ကတော့ သူကိုယ်တိုင်လည်း ထိုကဗျာတွေကို တုံ့ပြန်စပ်ဆိုဖို့ စဉ်းစားကြည့်ပေမဲ့ ခေါင်းထဲကနေ ကဗျာတစ်ပိုဒ်တောင် ထွက်မလာတာကြောင့် ဖြစ်သည်။ ဒီနေ့ခေတ် ပညာရှိကျောင်းသားတွေက ဒီလောက်တောင် အရည်အချင်းရှိတာလား … ။
“ ညီလေးဝမ်အာ။ ” ရှုယို့ခိုင်က ဒီနေ့ အမှတ်တွေ အများကြီး ရထားတာမို့ ခေါင်းမော့ရင်ကော့ထားသည်။ “ မင်း ရှေ့ဆက်ချင်သေးလား။ ”
“ ဟုတ်ကဲ့။ ”
“ မင်းရဲ့ သတ္တိကတော့ အထင်ကြီးစရာပဲ။ ” ရှုယို့ခိုင်က လှောင်ပြောင်တဲ့ အရိပ်အယောင်တွေ စွက်နေသော လေသံဖြင့် ပြောလိုက်သည်။ “ မင်း ထပ်ရှုံးရင် မင်းမျက်နှာပေါ်မှာ မှင်နဲ့ ထပ်ဆွဲဖို့ နေရာလွတ် မရှိတော့ဘူးနော် ညီလေးဝမ်အာ။ ”
“ ကျွန်တော် ရှေ့ဆက်ချင်ပါသေးတယ်။ ” ဝမ်အာသည် အမှန်တကယ်ပင် အရှုံးမပေးနိုင်ပါ။ သူ ကဗျာစာပိုဒ်တစ်ပိုဒ်တောင် တန်ပြန် မစပ်ဆိုနိုင်ဘူး ဆိုတာ ကိုယ့်ကိုယ်ကိုယ် မယုံ။
“ ကျေးဇူးပြုပြီး ကဗျာပထမတစ်ပိုဒ်ကို စပ်ဆိုပေးပါ အစ်ကိုရှု။ ”
“ ဟမ့် ၊ ကောင်းပြီလေ။ ငါ ဒီနေ့ မင်းဆန္ဒကို အဆုံးထိ ဖြည့်ဆည်းပေးရတာပေါ့။ ” ရှုယို့ခိုင်က ဝါးအဆောက်အအုံအပြင်ဘက်က သစ်တောထဲမှာ ပျံသန်းနေတဲ့ ငှက်တွေကို လက်ညှိုးထိုးပြလိုက်သည်။ “ ဒီတစ်ခေါက် ငါ့ကဗျာက ငှက်တွေအကြောင်း ဖြစ်လိမ့်မယ်။ ”
ထိုသို့ ပြောပြီးနောက် သူ သွက်လက်စွာ ချရေးလိုက်သည်။ “ အနောက်အရပ်က လာတဲ့ ငှက်တွေက အရှေ့အရပ်ကို ပျံသန်းသွားတယ် ၊ ဖီးနစ်ငှက်တွေကတော့ ဘယ်နေရာမှာမဆို နောက်ပြန်မသွားတတ်ကြဘူး။ ”
ပထမကဗျာစာပိုဒ်ကို ဖတ်ပြလိုက်သည်နှင့် ပိုင်ချွမ်းခရိုင်က ကျောင်းသားတွေရဲ့ မျက်နှာက တစ်ယောက်ပြီး တစ်ယောက် ပိုလို့တောင် ရှုံ့မဲ့သွားခဲ့သည်။ ဒါက ရိုးရှင်းတဲ့ ကဗျာစာပိုဒ် မဟုတ်တော့။ သူတို့ကို စော်ကားတိုက်ခိုက်နေတယ် ဆိုတာ အသိအသာကြီးပင်။
ပိုင်ချွမ်းခရိုင်က ယိကျိုးစီရင်စုရဲ့ အနောက်အရပ်မှာ ရှိသည်။ “ အနောက်အရပ်က လာတဲ့ ငှက်တွေ ” ဆိုတာ ပိုင်ချွမ်းခရိုင်က ကျောင်းသားတွေကို ရည်ညွှန်းတာ ဖြစ်ပြီး “ ဖီးနစ်ငှက် ” ဆိုတာကတော့ ယိကျိုးစီရင်စုက လာတဲ့ ပညာရှိကျောင်းသားတွေကို တင်စားသုံးနှုန်းထားတာပဲ ဖြစ်သည်။
ဘယ်သူက နိမ့်ကျတယ် ၊ ဘယ်သူက မြင့်မြတ်တယ် ဆိုတာကို ထွေထွေထူးထူး ရှင်းပြနေစရာ မလိုတော့။
ဝမ်အာသည် ရှုယို့ခိုင်ကို စူးစိုက်ကြည့်နေမိသည်။ ဒီနေ့ ကဗျာရွတ်ပွဲကို ပညာရှိကျောင်းသားတွေကြား ရင်းနှီးမှုတိုးစေတဲ့ ပြိုင်ပွဲ ဖြစ်လိမ့်မည်ဟုသာ မူလတုန်းက ထင်မှတ်ထားခဲ့တာ ဖြစ်ပြီး ရှုယို့ခိုင် သူတို့ကို ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း စော်ကားတိုက်ခိုက်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
“ အုပ်ချုပ်ရေးမှူးလီ။ ” တရားသူကြီးစုန့်ရဲ့ မျက်နှာကလည်း ပျက်ယွင်းစပြုလာသည်။ “ ဒါက တော်တော် တရားလွန်သွားပြီ မဟုတ်ဘူးလား။ ”
“ မလွန်ပါဘူး မလွန်ပါဘူး။ ” အုပ်ချုပ်ရေးမှူးလီက ရယ်မောလိုက်သည်။ “ လူငယ်တွေ ဆိုတာ စိတ်မြန်လက်မြန်ရှိတယ် ၊ သွေးဆူသွေးပူလွယ်တယ်။ ခင်ဗျားနဲ့ ကျုပ်တောင် ဒီ့ထက် ပိုဆိုးတာမျိုးတွေ လုပ်ခဲ့ဖူးတာပဲ။ ဒီနေ့ ကျုပ် သူတို့ကို မတားဆီးတာလည်း သဘာဝကျပါတယ်။ ”
တရားသူကြီးစုန့် ပြောစရာစကားမဲ့သွားရသည်။ အမှန်တကယ်ပဲ သူလည်း ငယ်စဉ်တုန်းက ဒီလိုမျိုးတွေ လုပ်ဖူးပြီး ရံဖန်ရံခါ အနိုင်ရဖူးတာမို့ ဒီနေ့ သူတို့ကို တားဆီးဖို့ မကန့်ကွက်နိုင်ပါ။
သူ ဝမ်အာ့ကို ကြည့်လိုက်သည်။ တစ်ဖက်ကျောင်းသားရဲ့ အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာကို အကဲခတ်ရသလောက် ပထမစာပိုဒ်က တန်ပြန်စပ်ဆိုဖို့ မခက်။ ကဗျာရွတ်ဆိုပုံ အဟုန်ကသာ ခက်တာ ဖြစ်သည်။
ဒုတိယစာပိုဒ်ရဲ့ အဟုန်က ပထမစာပိုဒ်နှင့် မကိုက်ညီလျှင် ကဗျာစပ်ဆိုပုံသပ်ရပ်လျှင်တောင် အရှုံးဟု သတ်မှတ်ခံရလိမ့်မည်။
တရားသူကြီးစုန့်က “ ဝမ်အာ … မင်း ကဗျာဒုတိယစာပိုဒ်ကောင်းကောင်း စဉ်းစားလို့ ရလား။ ” ဟု မေးလိုက်သည်။
“ ကျွန်တော် … ” ဝမ်အာသည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းခါပြလိုက်သည်။ “ ကျွန်တော် … စဉ်းစားလို့ မရပါဘူး တရားသူကြီးမင်း။ ”
“ ဟားဟားဟား … ”
ထိုစကားကို ကြားသောအခါ ရှုယို့ခိုင်နှင့် သူ့အဖွဲ့က ပြောင်ပြောင်တင်းတင်းပဲ ရယ်ခဲ့ကြလေသည်။
“ ကြည့်ရတာ ဆင်းရဲမွဲတေနေတဲ့ ပိုင်ချွမ်းခရိုင်မှာ အရည်အချင်းရှိတဲ့ ကျောင်းသားတွေ တစ်ယောက်မှ မရှိဘူး ထင်တယ်။ ”
ရှုယို့ခိုင်က ဝမ်အာ့ကို ကြည့်ပြီး ရယ်သွမ်းသွေးလိုက်သည်။ “ ညီလေးဝမ် ၊ မျက်နှာပေါ်မှာ မြန်မြန် ဆွဲလိုက်တော့လေ။ ”
ဝမ်အာ စုတ်တံကို ယူလိုက်ပေမဲ့ မျက်နှာပေါ်မှာ မဆွဲသေးဘဲ ငြိမ်နေမိသည်။ တကယ်တော့ သူ ဒီကဗျာကို တန်ပြန်စပ်ဆိုဖို့ စဉ်းစားလို့ မရတာ မဟုတ်ဘဲ သူ စပ်ဆိုမယ့် ဒုတိယစာပိုဒ်က ပြင်းထန်လွန်းတာမို့ သူ့နှုတ်က မထွက်ရဲတာပါ။ သူ ထိုစာပိုဒ်ကို ပြောလိုက်သည်နှင့် ယိကျိုးခရိုင်က ပညာရှိကျောင်းသားတွေကို ဒေါသထွက်စေကာ ကဗျာရွတ်ပွဲရဲ့ သဘာဝကိုလည်း ပြောင်းလဲသွားစေလိမ့်မည်။ အုပ်ချုပ်ရေးမှူးလီကိုတောင် ဒေါသထွက်ရင် ထွက်သွားစေနိုင်တာမို့ သူ တရားသူကြီးစုန့်ရဲ့ မေးခွန်းကို ‘ စဉ်းစားလို့ မရပါဘူး။ ’ ဟု လိမ်ညာဖြေဆိုရုံသာ တတ်နိုင်သည်။
“ အသုံးမကျတဲ့ကောင်။ ” ဝမ်အာ့နောက်မှာ ရပ်နေတဲ့ ပိုင်ချွမ်းခရိုင်မှ ကျောင်းသားတစ်ယောက်ဟာ ဒေါသကို ဆက်မထိန်းနိုင်တော့ပေ။ “ ပိုင်ချွမ်းခရိုင်ရဲ့ ထိပ်တန်းကျောင်းသားလည်း ဆိုသေးတယ် ၊ တစ်ကြိမ်လေးတောင် တန်ပြန် ကဗျာမစပ်နိုင်ဘူး။ ငါတို့ခရိုင်ကို တကယ် အရှက်ခွဲနေတာပဲ။ ”
ထိုကျောင်းသားရဲ့ ဘေးမှာ ရပ်နေတဲ့ စုန့်ကျယ်က “ မင်း ဘာတွေ ပြောနေတာလဲ။ မင်း ကဗျာစပ်တတ်ရင်လည်း ကိုယ့်ဘာသာ စပ်လိုက်ပါလား။ ” ဟု ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။
“ ငါ ကဗျာစပ်တတ်ရင်ရော သူက ထိပ်တန်းကျောင်းသား ဖြစ်နေဦးမှာပဲ မဟုတ်ဘူးလား။ ”
“ တော်လောက်ပြီ ၊ စကားမများကြနဲ့တော့။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ လုပ်စရာရှိတာပဲ ဆက်လုပ်မယ်။ ”
တရားသူကြီးစုန့်က ထိုသို့ ပြောလိုက်သည်နှင့် အကုန်လုံး ပါးစပ်ပိတ်သွား၏။
ဝမ်အာက သူ့မျက်နှာပေါ်ကို နောက်ဆုံး မှင်အစင်းကြောင်းကို ရေးဆွဲဖို့ ပြင်နေတုန်းမှာပဲ “ အမျိုးသမီးလီ ရောက်လာပြီ။ ” ဆိုတဲ့ ကာကွယ်ရေးခေါင်းဆောင်ကျန်းရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသည်။
“ အိုး။ ” အုပ်ချုပ်ရေးမှူးလီက အနည်းငယ် အံ့ဩသွားပြီး ရယ်မောလိုက်သည်။ “ အမျိုးသမီးလီက ကိုယ်ကျင့်သိက္ခာကောင်းမွန်ပြီး သန့်စင်တယ် ၊ ဉာဏ်ပညာကြီးမားတယ်လို့ ကျုပ် ကြားဖူးတယ်။ သူ့ကို မြန်မြန် ဖိတ်ခေါ်လာခဲ့ပါ။ ”
လီယောင်က အဆောက်အအုံထဲကို သွက်သွက်လက်လက် လျှောက်ဝင်လာသည်။ မှင်အစင်းကြောင်းတွေ ဖုံးလွှမ်းနေတဲ့ ဝမ်အာတို့အဖွဲ့ရဲ့ မျက်နှာတွေနှင့် ဘာအစင်းကြောင်းမှ မရှိတဲ့ ယိကျိုးခရိုင်မှ ပညာရှိကျောင်းသားအဖွဲ့ကို မြင်သောအခါ အခြေအနေကို တန်းနားလည်သွားသည်။
ကြည့်ရတာ သူတို့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားပုံရသည်။ သို့သော် ဒါက ပုံမှန်မဟုတ်ဘူး ဆိုတဲ့ အတွေးက သူမရဲ့ ခေါင်းထဲကို ထပ်မံဝင်ရောက်လာသည်။ အတိတ်တုန်းက စုန့်ကျယ်နှင့် ဝမ်အာသည် အိမ်မှာ အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာတွေ မကြာခဏ ပြိုင်ဆိုင်စပ်ဆိုဖူးပြီး သူမလည်း သူတို့နှင့် ပူးပေါင်းကာ အလွန် ခက်ခဲသော ကဗျာစာပိုဒ်တွေကို စပ်ဆိုပြီး ဝမ်အာ့ကို ဦးနှောက်အငွေ့ပျံမတတ် စဉ်းစားရအောင် လုပ်လေ့ ရှိသည်။
သူတို့တွေ တစ်ဖက်ကို အမီမလိုက်နိုင်ဘူး ဆိုရင်တောင် ဝမ်အာသည် သူမ သင်ပေးဖူးတဲ့ ကဗျာစာပိုဒ်တချို့ကို အသုံးပြုလို့ ရသေးသည်။ တခြားတစ်ဖက်က သူမရဲ့ ကဗျာစာပိုဒ်တွေကိုတော့ တန်ပြန် မစပ်ဆိုနိုင်လောက်ပေ။
လီယောင်သည် အုပ်ချုပ်ရေးမှူးလီနှင့် တရားသူကြီးစုန့်ကို ဂါရဝပြုပြီးသောအခါ ကာကွယ်ရေးခေါင်းဆောင်ကျန်းက သူမအတွက် ထိုင်ခုံတစ်နေရာ စီစဉ်ပေးသည်။
“ အမျိုးသမီးလီ … မင်းလည်း ကဗျာနဲ့ စာပေအနုပညာကို စိတ်ဝင်စားတယ်လို့ ကျုပ်ကို မပြောနဲ့နော်။ ”
“ ကျွန်မက သာမန်ရွာသူမတစ်ယောက်ပါ အုပ်ချုပ်ရေးမှူး။ ကဗျာနဲ့ စာပေအနုပညာတွေအကြောင်း ကျွန်မက ဘယ်လိုလုပ် နားလည်မှာလဲ။ ”
“ အမျိုးသမီးလီက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလွန်းနေပါပြီ။ မင်းရဲ့ သား ခရိုင်အဆင့်စာမေးပွဲဖြေတုန်းက သူ ‘ ကမ္ဘာကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို အရင်ဆုံး တာဝန်ယူ ဖြေရှင်းပါ ၊ ကမ္ဘာကြီးရဲ့ သာယာမှုတွေကိုတော့ နောက်ဆုံးမှ ခံစားပါ ’ လို့ ရေးခဲ့ဖူးတယ်။ အဲ့ဒါက မင်း သူ့ကို မကြာခဏ သင်ပေးထားတဲ့ စကားလို့ ကျုပ် လူတစ်ယောက်ဆီက ကြားဖူးတယ်။ အဲ့ဒီလို အနှစ်သာရရှိတဲ့ အတွေးမျိုးကို တွေးခေါ်နိုင်တဲ့ အမျိုးသမီးက ဘယ်လိုနည်းနဲ့မှ သာမန်ရွာသူမတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။ မင်းရဲ့ အရည်အချင်းတွေကို ဖုံးကွယ်မထားပါနဲ့ အမျိုးသမီးလီ။ မင်းရဲ့ စာပေအရည်အချင်းတွေကို ဒီအရာရှိ ကြည့်ပါရစေ။ ”
“ ကျွန်မ တကယ် နားမလည်လို့ပါ။ ”
ဒီနေရာမှာတော့ လီယောင် သိကြောင်း တတ်ကြောင်း ပြချင်စိတ်မရှိပါ။ မူလတုန်းက သူမက သာမန်ရွာသူမတစ်ယောက် ဖြစ်သည်။ အသေးစားတီထွင်ဖန်တီးမှု နည်းနည်းပါးပါးကို စိတ်ကူးကောင်းသွားတာပါဟု ရှင်းပြလို့ ရပေမဲ့ ကဗျာနှင့် စာပေအနုပညာမှာ ရုတ်တရက်ကြီး ထူးချွန်လာတာကတော့ သံသယတွေကို သေချာပေါက် ပေါက်ဖွားလာစေလိမ့်မည်။
သူမ ဒီနေရာကို ပြေးလာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ဝမ်အာတစ်ယောက် အားကောင်းတဲ့ ပြိုင်ဖက်တွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို ကြည့်ချင်တာရယ် ၊ သူ့ကို အားပေးချင်တာရယ်ကြောင့် ဖြစ်သည်။
စားပွဲပေါ်မှာ တင်ထားတဲ့ ၊ ကဗျာပထမစာပိုဒ်တွေကို ရေးသားထားသော စာရွက်တွေကို သူမ မြင်သွား၍ ဝမ်အာအား ထိုစာရွက်တွေကို သူမဆီ ယူလာခိုင်းလိုက်သည်။
နှစ်ပိုဒ် ၊ သုံးပိုဒ်လောက် ဖတ်ကြည့်ပြီးသွားတော့ သူမ အနည်းငယ် မျက်မှောင်ကြုတ်သွားရလေသည်။ ဒီပထမစာပိုဒ်တွေ အကုန်လုံးက တန်ပြန်စပ်ဆိုဖို့ ခက်ခဲလွန်းပါသည်။ အထူးသဖြင့် အလွန် ပါးနပ်တဲ့ ကဗျာစပ်ဆိုပုံဖြင့် တည်ဆောက်ထားတဲ့ ပထမတစ်ပိုဒ်ပဲ ဖြစ်သည်။
ဒီလို ကျောင်းသားငယ်ငယ်လေးတွေက ဒီလောက်တောင် ပြောင်မြောက်တဲ့ ကဗျာတွေကို တကယ်ပဲ လက်တန်း စပ်ဆိုနိုင်တာလား … ။
နောက်ဆုံး ကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာကို မြင်ချိန်မှာ လီယောင့်ရဲ့ မျက်နှာအမူအရာက ပိုလို့တောင် မည်းမှောင်သွားရသည်။ ဒါက ပိုင်ချွမ်းခရိုင်ကို တည့်တိုး စော်ကားလိုက်တာပဲ … ။
ကဗျာစာရွက်တွေကို လီယောင် ဖတ်နေတုန်းမှာပဲ ရှုယို့ခိုင်က သူမဆီ လျှောက်လာသည်။ “ အမျိုးသမီးလီကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ”
“ အင်း။ ”
“ ဒီမနက် မြို့ဂိတ်တံခါးမှာ အမျိုးသမီးလီရဲ့ မိန့်ခွန်းကို ကျွန်တော် ကြားခဲ့တယ်။ နားထဲကို မိုးကြိုးပစ်ခွင်းသွားသလို အရမ်းကို အံ့သြထိတ်လန့်စရာကောင်းလွန်းတယ်။ ”
ယိကျိုးခရိုင်က ပညာရှိကျောင်းသားများသည် ရယ်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ရသည်။
ဒီနေ့မနက်တုန်းက သူတို့လည်း လီယောင့်မိန့်ခွန်းတုန်း ကြားခဲ့ပါသည်။ အခု ရှုယို့ခိုင် ထိုအကြောင်းကို သူမရှေ့မှာ ပြောနေတာက သူမကို ချီးကျူးဖို့ မဟုတ်တာတော့ သေချာသည်။ ကိစ္စတွေကို ပိုဆိုးသွားစေတာကတော့ အုပ်ချုပ်ရေးမှူးလီ ရှိနေသဖြင့် လီယောင် သူ့ကို ဒေါသထွက်လို့ မရပါ။
ဝမ်အာသည် လက်သီးနှစ်ဖက်ကို တင်းကျပ်နေအောင် ဆုပ်ထားခဲ့သည်။ ဒီကောင်ကများ ရာရာစစ လူကြားထဲမှာ အမေ့ကို လှောင်ပြောင်ရဲတယ် … ။ အုပ်ချုပ်ရေးမှူးလီနှင့် တရားသူကြီးစုန့်သာ ရှိမနေရင် သူ ထိုကောင့်ကို ဂျူဒိုပညာအား မြည်းစမ်းခိုင်းလိုက်ပြီ ဖြစ်သည်။
တရားသူကြီးစုန့်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ပြန်လည်ချေပဖို့ ပြင်နေတုန်းမှာပဲ လီယောင်က ရယ်မောပြီး ပြောလိုက်သည်။ “ ငါက ကိစ္စတွေ အများကြီးနဲ့ အလုပ်ရှုပ်နေတော့ သေချာ ပြင်ဆင်ဖို့ အချိန်မရခဲ့ဘူးလေ။ တော်တော်လေး အားယားနေပြီး တချို့ကိစ္စတွေကို ကျကျနန ပြင်ဆင်လာတဲ့ မင်းလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ”
လီယောင်က အဲ့ဒီလို ပြောပြီး သူမရဲ့ လက်ထဲက စာရွက်တွေကို စားပွဲပေါ် ပစ်တင်လိုက်သည်။ သူမ ပြောချင်တဲ့ အဓိပ္ပာယ်က ရှင်းသည်။
ကဗျာပထမစာပိုဒ်တွေက လက်တန်း စဉ်းစားထားတာ မဟုတ်ဘဲ ကြိုတင် ပြင်ဆင်ထားတာ ၊ သို့မဟုတ် တစ်နေရာရာက ကူးယူလာတာတောင် ဖြစ်ရင် ဖြစ်နေနိုင်သည်။
ရှုယို့ခိုင်က မလုံမလဲ ခံစားချက်ဖြင့် အိုးတိုးအမ်းတမ်း ရယ်မောလိုက်ပြီး အမြန် နောက်ပြန်ဆုတ်လာခဲ့လိုက်သည်။ အမှန်တရားသာ ထွက်ပေါ်လာရင် သူ့လူတွေအကုန်လုံး ပိုးစိုးပက်စက် အရှက်ကွဲရပါလိမ့်မည်။
…
အခန်း (၁၆၈ ) နာမည်အမှား။
လီယောင်လည်း ဒီကိစ္စတွေကို ဆက်သည်းမခံနိုင်တော့၍ ဝမ်အာကို ကြည့်ပြီး “ မင်း ဘာလို့ အရင်တုန်းက ကဗျာတွေကို မသုံးတာလဲ။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။
“ အဲ့ကဗျာတွေက ကျွန်တော် စပ်ထားတာမှ မဟုတ်တာ အမေရဲ့။ ကျွန်တော် ဘယ်လိုလုပ် သုံးလို့ ရပါ့မလဲ။ ”
ရိုးသားတဲ့ ကောင်ကလေးဟာ သူ့အပိုင် မဟုတ်တဲ့ ကဗျာတွေကို အသုံးပြုဖို့ ခိုင်ခိုင်မာမာ ငြင်းသည်။
“ ဒါဆို မင်း ဒီကဗျာတွေကို တန်ပြန်စပ်ဆိုဖို့ရော တစ်ခုမှ စဉ်းစားလို့ မရဘူးလား။ ”
“ ပထမစာပိုဒ်တွေကတော့ အရမ်းကို ထူးချွန်ပြောင်မြောက်လွန်းတယ်။ ကျွန်တော် အဲ့ကဗျာတွေကို တကယ် အမီမလိုက်နိုင်တာပါ။ ”
“ နောက်ဆုံးစာပိုဒ်ကိုတောင်မှလား။ ”
“ အဲ့ဒါက … ”
လီယောင့်ရဲ့ အကြည့်နှင့် ရင်ဆိုင်လိုက်ရချိန်မှာ ဝမ်အာသည် ဘာပြောလို့ ပြောရမှန်း မသိတော့ဘဲ စိတ်လှုပ်ရှားကာ စကားထစ်ငေါ့သွားရသည်။
“ အဲ့ဒါကတော့ … ကျွန်တော် မပြောရဲလို့ပါ။ ”
သူ တန်ပြန် မစပ်ဆိုနိုင်တာ မဟုတ်ဘဲ မပြောရဲတာပါ ဆိုတာကို ကြားတော့ တရားသူကြီးစုန့် ချက်ချင်းပဲ တက်ကြွသွားသည်။ ဒီနေ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေရာကနေ ပြန်အနိုင်ယူနိုင်တယ် ဆိုရင် ကျေနပ်စရာပါပဲ။
“ ဝမ်အာ … မင်း တန်ပြန်စပ်ဆိုနိုင်တယ် ဆိုရင် ရဲရဲဝံဝံ့ စပ်ဆိုပြလိုက်ပါ။ အုပ်ချုပ်ရေးမှူးလီရော ၊ ငါရော မင်းကို အဲ့ဒါအတွက် အပြစ်မတင်ဘူး။ ”
“ ဟုတ်တယ်။ လူငယ်တွေ ဆိုတာ ရဲရဲဝံဝံနဲ့ သတ္တိရှိသင့်တယ်။ ” ဟု အုပ်ချုပ်ရေးမှူးလီကလည်း ဝင်ရောက်ထောက်ခံသည်။
“ ကောင်းပါပြီ။ ဒါဆိုလည်း ကျွန်တော် စပ်ဆိုပါ့မယ်။ ”
ဝမ်အာက တည်ငြိမ်သော အမူအရာဖြင့် ရှေ့ထွက်လိုက်သည်။ သူ့ကို စော်ကားတာ ကိစ္စမရှိသလို ပိုင်ချွမ်းခရိုင်က ကျောင်းသားတွေကို စော်ကားတာလည်း ကိစ္စမရှိပါ။ သို့သော် သူ့အမေလီယောင်ကို စော်ကားတာကိုတော့ သူ လုံးဝ လက်သင့်မခံနိုင်ပေ။
“ မင်းရဲ့ ပထမစာပိုဒ်က ‘ အနောက်အရပ်က လာတဲ့ ငှက်တွေက အရှေ့အရပ်ကို ပျံသန်းသွားတယ် ၊ ဖီးနစ်ငှက်တွေကတော့ ဘယ်နေရာမှာမဆို နောက်ပြန်မသွားတတ်ကြဘူး ’ မဟုတ်လား။ ”
“ မှန်ပါတယ်။ ” ဟု ရှုယို့ခိုင်က ပြန်ပြောသည်။ “ မင်း တန်ပြန်စပ်ဆိုမယ့် ကဗျာက ဘာလဲ။ ”
ဝမ်အာသည် ခြေနှစ်လှမ်းစာ ရှေ့တိုးပြီးမှ တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်၏။ “ ကျွန်တော် တန်ပြန်စပ်ဆိုမယ့် ကဗျာကတော့ ‘ တောင်အရပ်က လာတဲ့ နတ်မြင်းတွေက မြောက်အရပ်ကို သွားတယ်။ မြောက်ဘက်တောင်တန်းပေါ်က သတ္တဝါဆိုးကြီးတွေကတော့ ပြားပြားဝပ် ဦးညွှတ်ထားကြတယ် ’ ဆိုတာပါ။ ”
ကဗျာစပ်ဆိုပုံ သပ်ရပ်မှုရှိလား ၊ မရှိဘူးလား ဆိုတာကို ဘေးဖယ်ပြီး ကဗျာအဟုန်ကိုပဲ ကြည့်ရင်တောင် ပထမကဗျာစာပိုဒ်ကို ထိထိမိမိ တုံ့ပြန်လွှမ်းမိုးသွားနိုင်သော ကဗျာမျိုး ဖြစ်သည်။
မင်းက ငါ့ကို သာမန်ငှက်တစ်ကောင်လို့ ခိုင်းနှိုင်းရင် ငါကလည်း မင်းကို သတ္တဝါဆိုးကြီးတစ်ကောင်နဲ့ ခိုင်းနှိုင်းပစ်မယ် … ။
ထိုအချိန်မှာတော့ အုပ်ချုပ်ရေးမှူးလီရဲ့ မျက်နှာပင်လျှင် မည်းမှောင်သွားလေသည်။ သူက မြောက်ဘက်တည့်တည့်မှာ ထိုင်နေတာလေ။ ဒါက သူ သတ္တဝါဆိုးကြီးလို့ အခေါ်ခံလိုက်ရတာလား။
“ ဝမ်အာ … မင်းကများ ရာရာစစ အတင့်ရဲလိုက်တာ။ ” ဟု ရှုယို့ခိုင်က ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်သည်။ “ မင်းကများ အုပ်ချုပ်ရေးမှူးလီကို ဒီလို စော်ကားရဲတယ်ပေါ့။ အခုချက်ချင်း ဒူးထောက်ပြီး မင်းအမှားကို တောင်းပန်စမ်း။ ”
“ မင်းကိုယ်မင်း ဘာထင်လို့ ငါ့သားကို လာအမိန့်ပေးနေတာလဲ။ ” လီယောင်က အေးစက်စွာ လှောင်ရယ်လိုက်သည်။
သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးကို ပိုင်ဆိုင်ထားခြင်းက ဒီကျောင်းသားလေးတွေရှေ့မှာတော့ အတော်လေး အသုံးဝင်သည်။ ရှုယို့ခိုင်က မကျေနပ်သော်လည်း သူမကိုတော့ ခွန်းတုံ့မပြန်ရဲဘဲ ဒေါသကို မျိုချကာ ဘေးမှာ တိတ်ဆိတ်စွာ သွားရပ်နေခဲ့သည်။
ရှုယို့ခိုင်ကို ဖိနှိပ်လိုက်နိုင်ပေမဲ့ အုပ်ချုပ်ရေးမှူးလီကို ကိုင်တွယ်ဖို့တော့ ကျန်သေးသည်။ ဒီအတွက်တော့ တရားသူကြီးစုန့်ကိုပဲ အားကိုးရပါမည်။
“ ဟားဟားဟား ၊ သိပ်ကောင်းတဲ့ တန်ပြန်ကဗျာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်မြန်လက်မြန်ရှိလိုက်ပုံများ မင်းက ငါ ငယ်ငယ်တုန်းကအတိုင်းပဲ။ ” ဟု တရားသူကြီးစုန့်က ပြောလိုက်သည်။ “ တခြားသူကို သရော်တာကတော့ ဘယ်သူပါ ဆိုပြီး အတိအလင်း နာမည်မတပ်သရွေ့ ကိစ္စမရှိပါဘူး။ ဟုတ်တယ်မို့လား အုပ်ချုပ်ရေးမှူးလီ။ ”
သူ့စကားနှင့် သူ့ကို ပြန်ပြီး ချည်ပြီးတုပ်ပြီး ရိုက်ချလိုက်သောအခါ အုပ်ချုပ်ရေးမှူးလီကို ဒေါသကို ခက်ခက်ခဲခဲ မျိုသိပ်လိုက်ရသည်။ “ တန်ပြန်ကဗျာစပ်ဆိုတာ မဆိုးပါဘူး။ လူတွေအပေါ် စော်ကားပြောဆိုဖို့တော့ လွယ်ပေမဲ့လို့ပေါ့။ ”
ဝမ်အာက “ အုပ်ချုပ်ရေးမှူးလီ … တစ်ဖက်လူရဲ့ ရန်စမှုကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း ဒီလိုမျိုး မတုံ့ပြန်မှာ အသေအချာပါပဲ။ ပြီးတော့ ဒီအဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာကို ပြောင်းလဲလို့လည်း ရပါတယ်။ ”
“ ဘယ်လို ပြောင်းလဲမှာလဲ။ ”
“ တောင်အရပ်က လာတဲ့ နတ်မြင်းတွေက မြောက်အရပ်ကို သွားတယ်။ မြောက်ဘက်တောင်တန်းပေါ်က သတ္တဝါဆိုးကြီးတွေကလည်း ကြိုဆိုနှုတ်ဆက်နေတယ်လို့ ပြောင်းလိုက်မှာပါ။ ”
အုပ်ချုပ်ရေးမှူးလီ တစ်ချက် တွေးလိုက်သည်။ ဒီလို ပြောင်းလဲလိုက်ရင် သူတို့ကို ထိပါးစော်ကားတဲ့ အသုံးအနှုန်းတွေလည်း မပါဝင်တော့ပါ။ ကဗျာအဟုန်က အားကောင်းနေဆဲ ဖြစ်ကာ ပထမစာပိုဒ်ကိုလည်း ဆက်လက်လွှမ်းမိုးနိုင်ဆဲပင်။
တကယ်လို့ အုပ်ချုပ်ရေးမှူးလီသာ ရှုယို့ခိုင်ကို ဆက်ကာကွယ်ပေးနေရင် ဘက်လိုက်တာ အရမ်း သိသာသွားလိမ့်မည်။ သူ ဝမ်အာကို နာမည်ကျော်ကြားရုံပဲ ရှိတဲ့ အခွံသက်သက် မဟုတ်ဘဲ စာပေအရည်အချင်း တချို့ အမှန်တကယ် ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“ အခု နောက်ဆုံးကဗျာရဲ့ ပထမစာပိုဒ်ကို စပ်ဆိုရမှာကတော့ ပိုင်ချွမ်းကျောင်းသားတွေရဲ့ အလှည့်ပဲ ဖြစ်ပါတယ်။ ”
ခုနတုန်းက ကဗျာကို တန်ပြန်စပ်ဆိုနိုင်လိုက်သည့်အတွက် ပိုင်ချွမ်းကျောင်းသားတွေ အားတက်သွားသော်လည်း သူတို့ထဲက ဘယ်သူမှ ကဗျာပထမစာပိုဒ်တွေကို မစပ်ဆိုရဲသောကြောင့် ဝမ်အာ့ကိုသာ ဝိုင်းကြည့်လိုက်ကြသည်။
မှင်အစင်းကြောင်းတွေ ပြည့်နေတဲ့ ဝမ်အာ့မျက်နှာကို မြင်တော့ လီယောင် ရယ်ချင်သွားသလို သူ့မှာ အရိပ်အကဲခတ်နိုင်စွမ်းလည်း လိုသေးသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ သူ့ကို အနားကို လာခဲ့ဖို့ ခေါ်လိုက်သည်။
“ သူတို့ စပ်ဆိုသွားတဲ့ ကဗျာပထမစာပိုဒ်တွေက တကယ်တော့ သူတို့ လက်တန်းစပ်ထားတာ မဟုတ်ဘူး ဆိုတာ မင်း သိလား။ ”
“ ဟမ်။ ” ဝမ်အာတစ်ယောက် မျက်လုံးပြူးသွားသည်။ “ ဒါပေမဲ့ ပထမကဗျာစာပိုဒ်တွေကို ဒီမှာ ရှိတဲ့ ပစ္စည်းတွေအပေါ် မူတည်ပြီး စပ်ဆိုထားတာလေ အမေ။ သူတို့က ဘယ်လိုလုပ် ကြိုတင်ပြင်ဆင်ထားနိုင်မှာလဲ။ ”
လီယောင်က ကာကွယ်ရေးခေါင်းဆောင်ကျန်းကို “ ဒီမှာ ပြင်ထားတဲ့ အပြင်အဆင်တွေကို ဘယ်သူ အလှဆင်ပေးတာလဲ ခေါင်းဆောင်ကျန်း။ ” ဟု မေးလိုက်သည်။
“ ကျွန်တော်တို့ပဲ အလှဆင်ထားတာပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးလီ လွှတ်လိုက်တဲ့ လူတွေကလည်း တချို့နေရာတွေမှာ ဝင်ကူပေးတယ်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေ ဆိုရင် အုပ်ချုပ်ရေးမှူးလီရဲ့ စိတ်တိုင်းကျ ပြင်ထားတာ။ ”
“ အလှဆင်ထားတဲ့ နေရာ စုစုပေါင်း ဘယ်နှနေရာ ရှိလဲ။ ”
“ ( ၉ ) နေရာပါ။ ”
ဝမ်အာ နားလည်သွားသည်။ ဒါဆို ကဗျာပထမစာပိုဒ်တွေကို ကြိုတင်ပြင်ဆင်ထားတာပေါ့ … ။ နောက်ဆုံး ကဗျာစာပိုဒ်မှာလည်း ပိုင်ချွမ်းကျောင်းသားတွေကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်ဖို့ စီစဉ်ထားမှာ သေချာသည်။ ဒါက တရားမျှတတဲ့ ကဗျာရွတ်ပွဲတစ်ပွဲ မဟုတ်တော့ပါ။ စာပေကို စော်ကားတဲ့ ပွဲတစ်ပွဲသာ ဖြစ်သည်။
“ ဒါဆို ကျွန်တော် ဘာလုပ်သင့်လဲ အမေ။ ”
“ အရိုးရှင်းဆုံး နည်းလမ်းကတော့ သူတို့ လုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း သူတို့ကို တုံ့ပြန်တာပဲ။ ငါ မင်းကို သင်ပေးထားတဲ့ အဆုံးကာရန်တူလုံးရေညီနှစ်ကြောင်းကဗျာတွေနဲ့ ရိုးရိုးကဗျာတွေကို မင်းဘာသာ စိတ်ကူးနဲ့ ပေါင်းစပ်လိုက်ရင် မင်းရဲ့ ကိုယ်ပိုင်အသိပညာ ဖြစ်လာလိမ့်မယ်။ အဲ့ဒီကဗျာတွေကို သင့်တော်သလို အသုံးပြုပါ။ မင်းဦးနှောက်ထဲမှာပဲ ဆွေးမြည့်မသွားစေနဲ့။ ”
“ ကျွန်တော် နားလည်ပါပြီ အမေ။ ”
ဝမ်အာက လက်သီး ခပ်တင်းတင်း ဆုပ်လိုက်သည်။ ဒီနေ့ ရှုယို့ခိုင်က သူ့အမေကို စော်ကားပြောဆိုထားတာမို့ သူလည်း သူ့အမေ သင်ပေးထားတဲ့ ကဗျာတွေကို အသုံးချပြီး သူတို့ကို နှစ်ဆ ပြန်ပေးဆပ်ခိုင်းမည်။
ဝမ်အာသည် ဝါးအဆောက်အအုံသို့ ပြန်ရောက်သောအခါ တုံ့ဆိုင်းနေတာတွေ ၊ တွန့်ဆုတ်နေတာတွေ မရှိတော့ဘဲ ပထမစာပိုဒ်ကို သွက်သွက်လက်လက် ချရေးခဲ့လေသည်။ “ သံဖြူအိုးလေးကို သယ်ပြီး အနောက်ရေကန်ကို လမ်းလျှောက်ထွက်တယ်။ သံဖြူအိုးလေးက အနောက်ရေကန်ထဲကို လိမ့်ကျသွားတယ် ၊ သံဖြူအိုးလေးအတွက် ကရုဏာသက်စရာပါပဲ။ ”
ထိုကဗျာကို ဖတ်ပြီးသည်နှင့် ရှုယို့ခိုင်နှင့် ကျန်တဲ့ ကျောင်းသားတွေ အကုန်လုံး ဆွံ့အသွားခဲ့ကြသည်။ ဒါက အလွန် ပါးနပ်တဲ့ သံတူကြောင်းကွဲ ကဗျာတစ်ပိုဒ် ဖြစ်ပြီး စည်းမျဉ်းတွေကိုလည်း ချိုးဖောက်မထားပေ။ သံဖြူအိုး ဆိုတာ အုပ်ချုပ်ရေးမှူးလီရဲ့ ရှေ့မှာ လက်ဖက်ခြောက်တွေ ထည့်ထားတဲ့ သံဖြူခွက်ကို ဆိုလိုတာ ဖြစ်သည်။
သူတို့ ဦးနှောက်တွေ အငွေ့ပျံမတတ် ထူပူနေအောင် ကုတ်ခြစ်စဉ်းစားခဲ့သော်လည်း ဝမ်အာ့ကဗျာကို ယှဉ်နိုင်တဲ့ စာတစ်ကြောင်းကိုတောင် စဉ်းစားမရ။
ဝမ်အာက “ အစ်ကိုရှု … မှင်ရည်နဲ့ မျက်နှာပေါ်မှာ ဆွဲလိုက်ပါ။ ” ဟု တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်တော့ ရှုယို့ခိုင်က အံတင်းတင်းကြိတ်သည်။ သို့သော် သူ တန်ပြန်ကဗျာ မစပ်ဆိုနိုင်ဘူး ဆိုကတည်းက သူ့မျက်နှာပေါ်ကို မှင်အစင်းကြောင်း ရေးဆွဲဖို့သာ တတ်ပါတော့သည်။
နောက်ဆုံးတော့ တန်ပြန်တိုက်ခိုက်လာတဲ့ ဝမ်အာ့ကို ကြည့်ပြီး စုန့်ကျယ်က ဘေးကနေ ခွက်ထိုးခွက်လန် ရယ်နေခဲ့သည်။ “ အစောကြီးကတည်းက မင်း ဒါမျိုး လုပ်ခဲ့သင့်တာကွ။ ”
….