နတ်ဘုရားအဆုံးသတ်ဓား
Vol. 112 Ch. 1570
ယန်ကျန်း၏စကားကိုကြားတော့မှ ရန်ကျောက်ကဲက အစောပိုင်းအခြေအနေများကို ပြန်လည်စဉ်းစားလိုက်မိသည်။
မြေဝါရောင်အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခွင်သို့ ပျံ့နှံ့သွားပြီး စကြာဝဠာနက်ရှိုင်းရာတွင် ပြည့်နက်နေသည်ဖြစ်ရာ ယန်ကျန်း၏ မူလပုံစံကို ပြင်ပလောကမှ တွေ့မြင်ခြင်းမရှိစေရန် ဖုံးကွယ်ပေးထားသည်။
ရန်ကျောက်ကဲ သဘောပေါက်သွားလေသည်။
“မူလပုံစံထုတ်ဖော်ပြသတဲ့အချိန်မှာတောင် ဘာလို့ ဒီလိုမျိုးဖုံးကွယ်ထားရသေးတာလဲ”
သူက ဆက်ပြီးမေးမြန်းလိုက်သည်။
“ဘယ်လိုလျှို့ဝှက်ချက်မျိုးမို့လို့ ခင်ဗျား ဒီလောက် သတိကြီးကြီးထားနေရတာလဲ”
ယန်ကျန်း အနည်းငယ် ပြုံးရယ်လိုက်ပြီး...
“ပြောရရင် ဒီကိစ္စက မင်းနဲ့ပတ်သက်နေတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။
“ကျုပ်နဲ့ ပတ်သက်နေတယ်... ဟုတ်လား”
ယန်ကျန်းက...
“အမှန်ပဲ...”
သူက ဆက်ပြောလိုက်သည်။
“ပြောရရင်... မင်းတို့အားလုံးနဲ့ ပတ်သက်နေတယ်လို့ ပြောရမယ် ၊ ငါ့အတွက်ကတော့ ဒီကိစ္စက ဖြတ်သွားဖြတ်လာ ကိစ္စတစ်ခုထက် မပိုပါဘူး”
ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။
“ခင်ဗျားက အတော်စကားရှည်တယ်နော် ၊ လိုရင်းကိုမရောက်တော့ဘူး”
ယန်ကျန်း သက်ပြင်းချလိုက်ပြီး...
“အမှန်ပဲ ၊ ငါ့ကို အဲဒီလိုဝေဖန်ကြတဲ့ မိတ်ဆွေအများစုတောင် အခု လောကမှာ မရှိကြတော့ဘူးလေ”
ရန်ကျောက်ကဲလည်း သက်ပြင်းချလိုက်မိသည်။
ယန်ကျန်းက ခေါင်းတစ်ချက်ခါယမ်းရင်း သက်ပြင်းချလိုက်ပြီးမှ တည်ကြည်လေးနက်သည့်မျက်နှာအမူအရာဖြင့် စကားဆက်ပြောသည်။
“ဒီကိစ္စက မင်းတို့ရဲ့ လက်ရှိအစီအစဉ်တွေနဲ့ အနီးကပ်ပတ်သက်နေတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ မျက်ဝန်းများတောက်ပသွားကြသည်။
ရန်ကျောက်ကဲက...
“ကျုပ်တို့ရဲ့ လက်ရှိအစီအစဉ် ဟုတ်လား... နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို ပြောတာလား”
ယန်ကျန်း ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ ၊ အခု မင်းတို့မှာ နတ်ဘုရားသုတ်သင်ဓား ၊ နတ်ဘုရားသတ်ဖြတ်ဓားနဲ့ နတ်ဘုရားထောင်ချောက်ဓားတွေ ရှိနေပြီ ၊ မင်းတို့လိုနေတာက... အရင်တုန်းက တောက်ရှင်ထျန်းကျွင်းကိုင်ခဲ့တဲ့ နတ်ဘုရားအဆုံးသတ်ဓားပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... မဟာကပ်ဘေးကြီး ဖြစ်ပွားချိန်မှာ တောက်ရှင်ထျန်းကျွင်း ကျဆုံးသွားခဲ့ပြီး နတ်ဘုရားအဆုံးသတ်ဓားရဲ့ပိုင်ရှင်လည်း ပြောင်းလဲသွားခဲ့တယ်”
ယန်ကျန်းက နက်ရှိုင်းသောအသံဖြင့်...
“ငါသိသလောက်... တခြားအပြောင်းအလဲမရှိဘူးဆိုရင် အခု နတ်ဘုရားအဆုံးသတ်ဓားရဲ့ပိုင်ရှင်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ပဲ”
ထိုစကားကြားတော့ ရန်ကျောက်ကဲ မျက်လုံးများ မှေးစင်းလိုက်သည်။
“နတ်ဘုရားအဆုံးသတ်ဓားက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်ထဲ ရောက်နေတာလား...”
ယန်ကျန်းက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
သူက ဆက်ပြောပြသည်။
“အရင်တုန်းက တောက်ရှင်ထျန်းကျွင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့တယ် ၊ ငါကိုယ်တိုင်မြင်တွေ့ခဲ့ရပေမယ့် သူ့ကို မကယ်တင်နိုင်ခဲ့ဘူး ၊ နောက်ပိုင်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ငါ့ကိုလိုက်သတ်ခဲ့တယ် ၊ ငါ လွတ်အောင်ပြေးနိုင်ပေမယ့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ် ၊ ရွှမ်တုကိုယ်တော်က ငါ့ကိုကယ်တင်ပေးခဲ့ပြီး ငါသေဆုံးသွားပြီဆိုတဲ့ပုံစံမျိုး အတုအယောင်ဖန်တီးခဲ့တယ် ၊ အဲဒီနောက်မှာတော့ ငါလည်း ဒဏ်ရာတွေပြန်သက်သာလာပြီး သိုးလွိနန်းတော်မှာပဲ နေထိုင်ခဲ့တယ်”
ရန်ကျောက်ကဲ မျက်နှာထက်မှ အံ့သြမှုအရိပ်အယောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
တာအိုအဆင့်နှင့် တာအိုအဆင့်အောက် ကွာခြားချက်က အကြီးမားဆုံးပင် ဖြစ်သည်။
တာအိုအဆင့်ကျင့်ကြံသူများအတွက် တာအိုအဆင့်အောက်ကျင့်ကြံသူများက ပုရွက်ဆိတ်မျှသာ ဖြစ်သည်။
ရှေးခေတ်အချိန်ကတည်းကပင် ကောင်းကင်နတ်ဘုရားတစ်ပါးက တာအိုအဓိပတိတစ်ပါးကို ဆန့်ကျင်တိုက်ခိုက်သည်ဆိုသော ဖြစ်ရပ်များမရှိခဲ့ပေ။
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံခဲ့သူ သောပေါင်ထျန်းကျွင်းကဲ့သို့ အားကြီးသူပင်လျှင် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသည် မဟုတ်ပါလား။
သို့သော် အလွန်တရာ စွမ်းအားကြီးမားသော ကောင်းကင်နတ်ဘုရားများဆိုလျှင် တာအိုအဓိပတိများအနေဖြင့် သူတို့ကို အနိုင်ယူနိုင်သည့်တိုင် သေချာပေါက် သတ်ဖြတ်ပစ်နိုင်မည်ဟု ယုံကြည်ချက်မထားနိုင်ပေ။
ချီထျန်းမဟာသူတော်စင် ယန်ကျန်း တိုက်ခိုက်စဉ်က လောင်ကျွင်းဤ ကူညီပေးမှုဖြင့် မျောက်မင်း မြေပြင်ထက်ကျသွားရသကဲ့သို့ ၊ ကျောက်စိမ်းဧကရာဇ်နှင့်တိုက်ခိုက်စဉ် စကြာမုနိဗုဒ္ဓက လက်ဖဝါးဖြင့်ဖိနှိပ်သကဲ့သို့ ဖြစ်လေသည်။
မဟာမာရူယိနှင့် တာအိုဆရာ’ကျူးထီ’ တို့တိုက်ပွဲတွင်လည်း ဤကွာခြားချက်ကို ပိုမိုအလေးပေးခဲ့ပြီး နောင်လာနောက်သားမျိုးဆက်များကို လုံလောက်စွာ သတိပေးခဲ့သည်။
ယန်ကျန်း၏တန်ခိုးစွမ်အားက ချီထျန်းမဟာသူတော်စင်နှင့် ကျောက်စိမ်းဧကရာဇ်တို့ထက် နိမ့်ကျနိုင်သော်လည်း တာအိုအဆင့်အောက် ကျင့်ကြံသူများထဲတွင် ထိပ်တန်းအဆင့် ဖြစ်နေဆဲပင်။
အထူးသဖြင့် သူ၏ အသွင်ပြောင်းပညာက အလွန်ထူးချွန်သည်။
ထို့ကြောင့် မဟာကပ်ဘေးဖြစ်ပွားသည့်ကာလ ပရမ်းပတာအခြေအနေများအောက်မှာပင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သူ့အား မသတ်ဖြတ်နိုင်ခြင်းမှာ အံ့သြစရာမရှိခဲ့ပေ။
ရန်ကျောက်ကဲက...
“မြေကမ္ဘာဘုရင်မ သေဆုံးသွားတာကို ခင်ဗျားနဲ့ သိုးလွိနန်းတော်ပဲ သိတာလား ၊ တခြားဘယ်သူမှ မသိဘူးလား”
ယန်ကျန်းက ခေါင်းညိတ်ရင်း...
“ဘယ်သူမှမသိကြဘူး ၊ မြေကမ္ဘာဘုရင်မကို သတ်ခဲ့တဲ့သူတွေကို ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ ၊ သူ့အလောင်းကိုလည်း ငါယူလာခဲ့တာ ၊ အစက ဘေးကင်းတဲ့နေရာမှာ မြှုပ်နှံသဂြိုဟ်ပေးဖို့ပဲ ၊ ဒါပေမဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရောက်လာခဲ့တယ်လေ”
သူက ဆက်ပြောသည်။
“နောက်တော့ ဆရာဦးလေး’ရွှမ်တု’ နဲ့ သိုးလွိနန်းတော်ကိုရောက်သွားတယ် ၊ အဲဒီမှာပဲ မြေကမ္ဘာဘုရင်မရဲ့အလောင်းကို မြှုပ်နှံသဂြိုဟ်လိုက်တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါဆိုရင်တော့... ခင်ဗျား မြေကမ္ဘာဘုရင်ပုံစံ ရုပ်ဖျက်ထားတာကို သူများတွေတွေ့သွားလည်း စိုးရိမ်စရာမရှိဘူးပေါ့”
သူက ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး နဖူးကိုအသာပွတ်လိုက်ရင်း...
“နတ်ဘုရားအဆုံးသတ်ဓားက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်လက်ထဲမှာဆိုတော့... အဲဒါက တကယ့်ပြဿနာပဲ”
ဖန်းယွင်ရှန်းက မျက်ခုံးများတွန့်ချိုးရင်း...
“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက်... နတ်ဘုရားအဆုံးသတ်ဓားကို ဘယ်သူမှ မသုံးခဲ့ကြဘူး ၊ အမတခုံရုံးကလူတွေလည်း မသုံးခဲ့ဘူး ၊ ကြည့်ရတာ... ဓားက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ကိုင်ထားတာ ဖြစ်ရမယ် ၊ သူက ကျွန်မတို့ကို စောင့်နေတာပဲ”
ရန်ကျောက်ကဲက တီးတိုးလေသံဖြင့်...
“ငါတို့မသွားရင် သူလည်းဘာမှလုပ်လို့ရမှာမဟုတ်ဘူးလေ... ၊ အင်း... နောက်ဆုံးတစ်ခေါက်တုန်းက ထူးဆန်းတယ်လို့ ခံစားနေရတာ မအံ့သြတော့ပါဘူး ၊ အဲဒီကိစ္စကြောင့်ပဲ ဖြစ်ရမယ်”
သူက ဖန်းယွင်ရှန်းကို ကြည့်လိုက်ပြီး...
“နတ်ဘုရားသုတ်သင်ဓား ရှာဖွေနေချိန်မှာ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ အဖြူရောင်ကြာပန်းသုခဘုံကလူတွေက အမတခုံရုံးနဲ့ အနောက်ဘက်သူတော်စင်ဘုံကလူတွေထက် အများကြီးပိုပြီးစိတ်အားထက်သန်နေတယ်လို့ မထင်မိဘူးလား”
ဖန်းယွင်ရှန်းက သဘောပေါက်သွားဟန်ဖြင့်...
“လက်ရှိမှာ အမတခုံရုံးနဲ့ အဖြူရောင်ကြာပန်းသုခဘုံက အပြင်းအထန်တိုက်ခိုက်နေကြတယ် ၊ ယင်ကျောက်နဲ့ ချွိစုသာမရှိရင် အဖြူရောင်ကြာပန်းသုခဘုံဘက်က ပိုပြီးအထိနာနိုင်တယ်”
သူမက ဆက်ပြောလိုက်သည်။
“ပြီးတော့ နတ်မိစ္ဆာမျိုးနွယ်ဘက်ကလည်း မဟာသူတော်စင်(၃)ယောက်တောင် ရောက်လာတယ် ၊ ဒါပေမဲ့ အနောက်ဘက်သူတော်စင်ဘုံကတော့ ပတ္တမြားတံခွန်ဗုဒ္ဓတစ်ပါးပဲ ရောက်လာတယ် ၊ ဘယ်သူကပိုပြီး စိတ်အားထက်သန်တယ်ဆိုတာ ရှင်းပါတယ် ၊ သူတို့လက်ထဲမှာ နတ်ဘုရားအဆုံးသတ်ဓားရှိနှင့်ပြီးသားဆိုတော့ သိပ်အရေးမစိုက်ဘူးပေါ့”
ရန်ကျောက်ကဲက အံတင်းတင်းကြိတ်ရင်း...
“သူတို့က ငါတို့ကို ဟန်ပြပဲတိုက်ခိုက်ခဲ့တာ ၊ ငါတို့ဘက်က သံသယမဝင်အောင် အသွင်ယူလိုက်တဲ့သဘောပဲ ၊ သူတို့အနေနဲ့က နတ်ဘုရားသုတ်သင်ဓားကို ရနိုင်ရင်တော့ အကောင်းဆုံးပေါ့ ၊ မရလည်း ဘာမှပြဿနာမရှိဘူးလေ”
သူက ဆက်ပြောလိုက်သည်။
“အမတခုံရုံးနဲ့ အနောက်ဘက်သူတော်စင်ဘုံက ငါတို့ (၄)ချောင်းမြောက်ဓားကို ရှာဖွေမယ့်အချိန်ကို စောင့်နေတာ ၊ ငါတို့သာ ထောင်ချောက်ထဲကျသွားလို့ကတော့ နတ်ဘုရားသုတ်သင်ဓား(၄)လက်ရော အစီအရင်ကိုပါ ဆုံးရှုံးလိုက်ရမှာပဲ”
ရန်ကျောက်ကဲက ယန်ကျန်းအား လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...
“ဒီသတင်းပြောပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်”
ယန်ကျန်းကပြုံးလိုက်ပြီး...
“လမ်းမှန်တာအိုဝါဒ တပည့်အချင်းချင်းပဲလေ ၊ ယဉ်ကျေးနေစရာမလိုပါဘူး”
ရန်ကျောက်ကဲက မချိပြုံးပြုံးလိုက်ရင်း...
“လောဘတက်ရင် အသက်ပါဆုံးတယ်ဆိုတာ အမှန်ပဲ ၊ ဒါပေမဲ့ လူတွေက လောဘရဲ့အကျိုးဆက်ကိုသိနေရင်တောင် မရပ်တန့်နိုင်ကြဘူးလေ”
သူက ဆက်ပြောလိုက်သည်။
“နတ်ဘုရားသုတ်သင်ဓား(၃)လက်နဲ့ (၄)လက်ကြားက ကွာဟချက်က အရမ်းကြီးမားတယ် ၊ ပြီးပြည့်စုံတဲ့ နတ်ဘုရားသုတ်သင်အစီအရင်က တာအိုအဓိပတိတစ်ပါးကို မလွှမ်းမိုးနိုင်ပေမယ့်... အစီအရင်တည်ဆောက်ချင်တယ်ဆိုရင်တော့ ဓား(၄)လက် မဖြစ်မနေလိုအပ်တယ်”
“ဓား(၄)လက် မပြည့်စုံရင်တော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တစ်ပါးတည်းကိုတောင် မနည်းရင်ဆိုင်ရလိမ့်မယ်”
ရန်ကျောက်ကဲက နဖူးကိုပွတ်သပ်ရင်း...
“ဒီလိုဖြစ်နေမလားဆိုပြီး တွေးတော့တွေးထားခဲ့ပါတယ် ၊ ဒါပေမဲ့ အရင်က လုပ်ခဲ့သမျှ အကုန်အဆင်ပြေနေတော့... ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်အထင်ရောက်သွားခဲ့တာ”
နတ်ဘုရားသုတ်သင်ဓား(၄)လက် ပေါင်းစည်းခြင်းက တန်ဖိုးအကြီးဆုံးဖြစ်သည်။ သူတို့အနေဖြင့် တန်ဖိုးကြီးလေ လောဘတက်မိလေပင် ဖြစ်၏။
အလယ်ခေတ်ကိုပြန်ကြည့်မည်ဆိုလျှင် ချိကျင်းကျီနှင့် သောပေါင်ထျန်းကျွင်းတို့ ကြမ္မာဆိုးရင်ဆိုင်ခဲ့ရပြီးနောက် နတ်ဘုရားသတ်ဖြတ်ဓားသည်လည်း ပျောက်ဆုံးသွားခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ဓား မည်သည့်အချိန်တွင် ပြန်လည်ထွက်ပေါ်လာမည်ကို မသိသည့်တိုင် လူအများက ကျန်ရှိသောဓား(၃)လက်ကို ပစ်မှတ်ထားရှာဖွေနေကြဆဲပင်။
ဓားအားလုံး လက်ဝယ်ရရှိထားခြင်းက အကောင်းဆုံးပင် မဟုတ်ပါလား။
သို့သော် မိမိလက်ထဲ ဓားအားလုံး မရရှိနိုင်ပါက အခြားသူများ ရရှိမသွးစေရန်လည်း ဟန့်တားရပေမည်။
ဓားတစ်လက်တည်းကို ပိုင်ဆိုင်ထားရုံဖြင့် ပြိုင်ဘက်အနေဖြင့် နတ်ဘုရားသုတ်သင်အစီအရင်ကို ပြုလုပ်နိုင်တော့မည် မဟုတ်လေရာ နတ်ဘုရားသုတ်သင်အစီအရင်ကို ဖျက်ဆီးလိုက်သလိုပင် ဖြစ်သွားသည်။
ကိုယ်တိုင်မရရှိနိုင်ခဲ့လျှင်တောင်မှ ရန်သူများထံမှခြိမ်းခြောက်မှုကို ဟန့်တားနိုင်ပေမည်။
တာအိုဆရာ'ယွိတင်' က နတ်ဘုရားထောင်ချောက်ဓားကို သေဆုံးသည်အထိ ကာကွယ်စောင့်ရှောက်သွားခြင်းကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
နတ်ဘုရားသုတ်သင်ဓားက ငရဲကိုးထပ်သို့ပါသွားပြီး နတ်ဘုရားအဆုံးသတ်ဓားက အမတခုံရုံးသို့ ရောက်ရှိသွားခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ပါဝင်ပတ်သက်သည့် အင်အားစုတစ်ခုစီတိုင်းက ထိုဓားများကိုရရှိရန် ကြိုးစားခဲ့ကြသည်ဆိုသော အဓိပ္ပါယ်ပင်။
ရန်ကျောက်ကဲမျက်ဝန်းများ ရုတ်တရက်တောက်ပသွားပြီး သူ့အကြည့်က ယန်ကျန်းဆီသို့ ကျရောက်သွားသည်။
“မင်း ဒီလျှို့ဝှက်ချက်ကိုထိန်းထားပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ ရည်ရွယ်ချက်ကို ထုတ်မပြခဲ့တာက... သူ့ရဲ့လှည့်ကွက်နဲ့ သူ့ကိုပြန်တိုက်ဖို့ ရည်ရွယ်ခဲ့တာလား”