← Chapters

ငါ့ကို အပေါ်ရောက်အောင် ပို့ပေး

Vol. 1 Ch. 336

ငါ့ကို အပေါ်ရောက်အောင် ပို့ပေး

Vol. 1 Ch. 336

"ဟဲလောင်...ဒီနေရာက ပုဂ္ဂိုလ်ကြီးတစ်ဦး တံခါးပိတ်ကျင့်ကြံခဲ့တဲ့နေရာလို့ မင်းပြောခဲ့တယ်မလား၊ ရှားနိုင်ငံက ဗာဂျရာအဆင့်လူတစ်ယောက်လည်း ဝင်လာခဲ့ပြီး တစ်ခါမှ ပြန်ထွက်မလာခဲ့ဘူးဆို"

ဟဲလောင်သည် အပေါက်လေးထဲမှ အတင်းတိုးထွက်လာရင်း တားမြစ်နယ်မြေ၏ အကြောင်းကို ကျန်းရီအား ရှင်းပြလာခဲ့သည်။ ကျန်းရီသည် အချိန်တစ်ခုကြာအောင် ဆွံ့နေမိခဲ့သည်။ ဗာဂျရာအဆင့် လူတစ်ယောက်တောင် ထွက်မလာနိုင်လျှင် သူတို့ မည်သို့ ထွက်နိုင်မည်နည်း။

"တစ်ခုခုတော့ မဟုတ်သေးဘူး"

ကျန်းရီသည် မျက်မှောင်ကျုံ့၍ မေးလိုက်သည်။

"ဘာလို့ အဲ့ဒီဗာဂျရာအဆင့်လူရဲ့ ရုပ်ကြွင်းကို ငါမတွေ့ရသေးတာလဲ။ ကောလဟာလတွေအရဆို ဗာဂျရာအဆင့် လူတစ်ယောက်ရဲ့ ရုပ်ကြွင်းက သံမဏိထက်မာပြီး ဆွေးမြေ့သွားလေ့မရှိဘူးလို့ ပြောကြတယ်။ ပြီးတော့ ယွင်လုကရော ဘယ်မှာလဲ...သူ ကမ်းပါးကနေ ခုန်ချလိုက်တာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက်တယ်"

"ထိပ်ဆုံးအထပ်မှာ"

ဟဲလောင်သည် နန်းတော်ကြီးကို လက်ညှိုးထိုးပြကာ ဖြေလာခဲ့သည်။

"ယွင်လုကတော့ ဒုတိယထပ်မှာ ဖြစ်လောက်တယ်။ သူ့ကိုယ်ထဲမှာ ယွင်မိသားစုရဲ့ သွေးတွေစီးဆင်းနေတယ်။ ဒီတားမြစ်နယ်မြေရဲ့ ပိုင်ရှင်ကလည်း ယွင်မိသားစုကပဲ။ ယွင်လုက မျက်နှာအလိုက်ခံရမှာ သေချာတယ်။ သူ့ကို ဒုတိယထပ် သို့မဟုတ် တတိယထပ်လောက်ကို တိုက်ရိုက်ပို့ပေးလောက်တယ်။ ရှားနိုင်ငံရဲ့ ဗာဂျရာအဆင့်လူကကျတော့ အင်အားလည်းကြီးပြီး တာအိုဖွဲ့စည်းပုံတွေ အများကိုလည်း နားလည်ထားလောက်တယ်။ သူအပေါ်ဆုံးထပ်မှာ ရှိလောက်မယ်လို့ ကျွန်တော်ထင်တယ်"

"အပေါ်မှာဟုတ်လား...ငါတို့ အဲ့ကို ဘယ်လိုတက်ရမှာလဲ"

ကျန်းရီသည် နားမလည်နိုင်သော မျက်လုံးအစုံနှင့် မေးလိုက်သည်။

"ဟဲလောင်...မင်းလည်း တွေ့ခဲ့တာပဲ၊ ပထမထပ်မှာ ထွက်ပေါက်မရှိဘူး။ အပျက်အစီးရာတွေလည်း မတွေ့ရဘူး။ ဗာဂျရာအဆင့်လူက ဘယ်လောက်ပဲ အစွမ်းအစရှိတယ်ဆိုဆို အပေါ်ကို တိုက်ရိုက်တက်သွားလို့တော့ မရလောက်ဘူးလေ၊ ဟုတ်တယ်မလား"

"ကျွန်တော်လည်း သေချာ မပြောတတ်ဘူး"

ဟဲလောင်၏ မျက်ဝန်းထဲမှ အလင်းများသည် မှိန်ဖျော့သွားခဲ့ပြီး အရှက်ရသည့်ဟန်ဖြင့် ပြောလာခဲ့သည်။

"ကျွန်တော့်ရဲ့ အရည်အချင်းက အရမ်းမတော်လို့ တာအိုဖွဲ့စည်းပုံ တစ်မျိုးကိုပဲ နားလည်ခဲ့တယ်။ အစစ်အမှန် သိုင်းအမွေအနှစ်ခန်းမကို မဝင်ရသေးတော့ ဗာဂျရာအဆင့်တွေအကြောင်း ကျွန်တော်သိပ်မသိဘူး။ သူတို့ ဘယ်လိုအင်အားမျိုးတွေ ပိုင်ဆိုင်ထားလဲဆိုတာပါ ကျွန်တော်မသိဘူး။ ကျန့်ဂိုဏ်းက ဗာဂျရာအဆင့် တစ်ယောက်မှလည်း မမွေးထုတ်ဖူးသေးဘူး"

"ဒါဆို ငါတို့မှာ လွတ်မြောက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလား"

ကျန်းရီသည် အရေးပါဆုံးသော မေးခွန်းကို ထုတ်မေးလိုက်သည်။ ဟဲလောင်သည် အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်ကျော် နေထိုင်ခဲ့ပြီးပြီဖြစ်ရာ ဗဟုသုတ ကြွယ်ဝလေသည်။ သူမဖြစ်နိုင်ဘူးဟု ပြောလာလျှင် ဘယ်နည်းနှင့်မှ မဖြစ်နိုင်တော့။

"ရှိတာပေါ့"

ဟဲလောင်သည် အမြင့်ဆုံးအထပ်သို့ ညွှန်ပြကာ ပြောလာခဲ့သည်။

"ကျွန်တော်တို့ ပဉ္စမထပ်ကို ဝင်နိုင်ရင် လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်တယ်။ နန်းတော်ပိုင်ရှင် ချန်ခဲ့တဲ့ ရတနာတွေနဲ့ ရှေးဟောင်းမှော်ပညာကျင့်စဉ်တွေရဲ့ ဆက်ခံခွင့်ကိုပါ ရနိုင်သေးတယ်"

"ကောင်းပြီ"

ကျန်းရီသည် စိတ်နက်ကြွသွားကာ အော်ဟစ်လိုက်သည်။

"ဘာကိုစောင့်နေမှာလဲ...ဟဲလောင် ငါ့ကို အပေါ်ရောက်အောင်သာ ပို့ပေး။ ငါအပေါ်ဆုံးထပ်အနားကို ရောက်သရွေ့ နန်းတော်နံရံကို ဖောက်ပြီး တိုက်ရိုက်ဝင်နိုင်တယ်"

"အင်း"

ဟဲလောင်သည် ကျန်းရီတွင် နန်တော်နံရံကို လောင်ကျွမ်းစေနိုင်သည့် မီးဝိဉာဉ်ကျောက်တုံးရှိကြောင်း သိပြီးသားဖြစ်သည်။ သူသည် အသင့်ပဲဟူသော သဘောဖြင့် စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်သည်။

ဝှစ်...

ကျန်းရီသည် အားယူလိုက်ပြီး အတွင်းအားများ ထုတ်ဖော်လိုက်ကာ နန်းတော်ထံ အလွန်လျင်မြန်စွာ ပြေးသွားခဲ့သည်။ သူ၏ ခြေထောက်နှစ်ချောင်းသည် ကျောက်စိမ်းဖြူနံရံများကိုနင်းကာ အပေါ်သို့ အရှိန်ဖြင့် အစွမ်းကုန် တက်နေလေသည်။

ကျန်းရီသည် ခုန်ချက်သည် မီတာခြောက်ဆယ်ကျော်မြင့်၍ ထို့ထက်မြင့်အောင် သူမတက်နိုင်တော့ပေ။ သူ၏ ပထမကြယ်ထဲမှ အနီရောင်အတွင်းအားများသည် ရူးသွပ်စွာ ထွက်ပေါ်လာခဲ့ပြီး သူ့ထက်ထဲတွင် မီးနဂါးဓား ပေါ်ထွက်လာခဲ့သည်။ မီးနဂါးဓားမှ မီးနဂါးနှစ်ကောင် ထွက်ပေါ်သွားသော အခိုက်အတန့်တွင် သူအော်ဟစ်လိုက်သည်။

"ဟဲလောင်"

"သခင်လေးရီ...သတိထား"

ဟဲလောင်သည် ကျန်းရီနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ကျန်းရီ၏အတွေးကို နားလည်လိုက်သည်။ သူသည် မီးနဂါးနှစ်ကောင်ထံ ချိန်ရွယ်၍ ကောင်းကင်ထက်သို့ လက်ဝါးရိုက်ချက်တစ်ခု ပို့လွှတ်လိုက်သည်။ လက်ဝါးရိုက်ချက် ထုတ်ပြီးသွားသည်နှင့် သူအလျင်အမြန် ရှောင်တိမ်းလိုက်သည်။

ဗုန်း...

မီးနဂါးနှစ်ကောင်နှင့် လက်ဝါးရိပ်ကြီးတို့ ထိတွေ့သွားပြီးနောက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားခဲ့သည်။ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထုများပါ တုန်ခါသွားခဲ့သည်။ ပေါက်ကွဲမှုလှိုင်းလုံးကြီးသည် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ ဟဲလောင်၏ တိုက်ခိုက်မှုသည် အလွန်အားပြင်းရာ ပေါက်ကွဲမှုမှာ ပိုမိုပြင်းထန်လေသည်။ သို့သော် ဟဲလောင်သည် သူ့အင်အားကို တမင်ထိန်းချုပ်ထားခဲ့သည်။ မဟုတ်ပါက လက်ဝါးချက်သာ အနည်းငယ် ပိုမိုအားပြင်းသွားသည်နှင့် တွန်းကန်အားကြောင့် ကျန်းရီအပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။

"ဟဲလောင်...မင်းလည်း ဂရုစိုက်"

ကျန်းရီသည်လည်း ပြန်အော်ဟစ်လိုက်သည်။ သူ၏ မီးဝိဉာဉ်ပုလဲမှာ တောက်ပလာခဲ့ပြီး ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွားခဲ့သည်။

အောက်မှ ကန်ထွက်လာသော အားလှိုင်းကြီးသည် ကျန်းရီ၏ကိုယ်အား ပို၍မြင့်အောင် တွန်းတင်ပေးလိုက်သည်။ ကမ္ဘာ့မီးလျှံများသည် အားလှိုင်းကြီးနှင့် ထိတွေ့ကာ မီးပွားလေးများအဖြစ် ဖြာကျလာသည်။ ဟဲလောင်မှာ ကြက်သီးများပင် ထသွားရသည်။ သူသာ ကမ္ဘာ့မီးလျှံများနှင့် ထိတွေ့သွားပါက သူ့ကိုယ်ပေါ်တွင် အပေါက်များစွာ ရှိလာလောက်သည်။

"အောင်မြင်တယ်"

ဟဲလောင်သည် ကမ္ဘာ့မီးလျှံများကို ရှောင်တိမ်းလိုက်ပြီးနောက် ကျန်းရီ ပိုမိုမြင့်တက်သွားသည် မြင်လိုက်ရသည့်သဖြင့် ဝမ်းသာသွားခဲ့သည်။ ကျန်းရီ အမြင့်ဆုံးအထပ်သို့ ရောက်သွားပါက မီးဝိဉာဉ်ကျောက်တုံးကိုသုံး၍ နံရံကို ဖောက်ဝင်နိုင်သည်။ ထို့နောက် ကျန်းရီသည် ကြိုးတစ်ချောင်း ပစ်ချကာ သူ့အား ဆွဲတင်လိမ့်မည်။

ဝမ်...

ရုတ်တရက် အထူးအဆန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းရီ၏ကိုယ်သည် မီတာတစ်ရာခန့် မြင့်တက်သွားပြီး ဒုတိယထပ် အမြင့်လောက်သို့ ရောက်သွားခဲ့သော်လည်း ကောင်းကင်ယံသည် ရုတ်တရက်ကြီး အဖြူရောင်အလင်းများ ဖြာထွက်လာလေသည်။ ကျန်းရီ၏ကိုယ်သည် ထိုအဖြူရောင်အလင်းနှင့် ထိတွေ့မိသွားသည့်အခါ တွန်းကန်အားကို ခံစားလိုက်ရသည်။ ကျန်းရီသည် သွေးတစ်ပွက် အန်လိုက်ရပြီး ကမ္ဘာ့မီးလျှံများလည်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ကိုယ်မှ သဲအိတ်တစ်အိတ်ပမာ အောက်သို့ ပြုတ်ကျလာလေ၏။

"သခင်လေးရီ"

ဟဲလောင်သည် တုန်လှုပ်သွားခဲ့သည်။ သူသည် အလျင်အမြန် လေထဲသို့ ခုန်တက်ကာ ကျန်းရီအား ဖမ်းလိုက်သည်။ သူူသည် ကောင်းကင်ထက်မှ အဖြူရောင်အလင်းများ ဖြာထွက်နေသော အစီအရင်ကြီးအား ကြည့်ကာ ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။

"ဒီတားမြစ်နယ်မြေရဲ့ ပိုင်ရှင်က အညှာအတာမဲ့လွန်းတယ်။ ကောင်းကင်မှာတောင် မမြင်ရတဲ့ တားမြစ်အစီအရင်တစ်ခု လုပ်ထားခဲ့သေးတယ်"

"ဖူး..."

ကျန်းရီသည် အောက်မှ အားလှိုင်းကြောင့် မြင့်တက်သွားသော်လည်း အပေါ်ရှိ တားမြစ်အစီအရင်မှ ပြန်တွန်းကန်ခံရသည်။ နှစ်ဖက်လုံးမှ အားလှိုင်းများကြောင့် ကျန်းရီမည်မျှခံစားသွားရမည်ကို စိတ်ကူးကြည့်နိုင်ပါသည်။ ကံကောင်းထောက်မ၍ သူ့အရိုးများ တစ်ချောင်းမှ ကျိုးမသွားဘဲ အတွင်းဒဏ်ရာအချို့သာ ရသွားခဲ့ခြင်းဖြစ်သည်။

သူသည် ဆေးလုံးတစ်လုံး သောက်လိုက်ပြီး မျက်လုံးများမှိတ်ကာ အသက်ရှူသံမှန်သည်အထိ ငြိမ်နေလိုက်သည်။ ထို့နောက် စိတ်ပျက်မှုများ ပြည့်နေသော သူ့မျက်လုံးများ ပွင့်လာကာ ဟဲလောင်အား စကားပြောလာခဲ့သည်။

"ဟဲလောင်...ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့ အပေါ်ဆုံးထပ်ကို တိုက်ရိုက်သွားလို့ မရတာ သေချာနေပြီ"

"ဟူး..."

ဟဲလောင်သည်လည်း သက်ပြင်းချကာ နန်းတော်နံရံထက်မှ ကျန်းရီဖောက်ထားခဲ့သော အပေါက်အားကြည့်၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဒုတိယထပ်ကိုတက်ဖို့ တခြားနည်းလမ်းတစ်ခု ရှာကြရုံပဲပေါ့။ သခင်လေးရီ...အရင်ဆုံး ဒဏ်ရာတွေ ပြန်ကုစားသင့်တယ်။ ဒုတိယထပ်၊ တတိယထပ်နဲ့ စတုတ္ထထပ် အကုန်လုံးက အန္တရာယ်များလောက်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သတိကြီးကြီးမထားရင် ဒီနေရာမှာတင် သေသွားလိမ့်မယ်"

"အင်း"

ကျန်းရီသည် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဒဏ်ရာများကို ပြန်ကုစားလိုက်သည်။ ဟဲလောင်သည် ချိုင့်ဝှမ်းထဲတွင် ဟိုဟိုဒီဒီ လျှောက်သွား၍ ယန္တရားများ စတင်ရှာဖွေလေ၏။ ဤနေရာသို့ ဝင်ရောက်ခဲ့စဉ်တည်းက သေရန် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သော်လည်း မည်သူကမှ နေရင်းထိုင်ရင်း မသေချင်ကြပေ။ အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှိနေသရွေ့ သူနှင့်ကျန်းရီမှာ လက်လျှော့ကြမည် မဟုတ်ပေ။

ခြောက်နာရီကြာပြီးနောက် ဟဲလောင် ပြန်ရောက်လာခဲ့ပြီး ကျန်းရီမှာ ဒဏ်ရာများ ပြန်လည် ကုစားပြီးသွားခဲ့သည်။ သူတို့နှစ်ယောက်သည် ဘာစကားမှမပြောဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းရီသည် မီးဝိဉာဉ်ပုလဲထဲမှ ရိက္ခာခြောက်အချို့နှင့် ရေတို့အား ထုတ်ယူလိုက်သည်။ နှစ်ယောက်သားသည် ဗိုက်ပြည့်သည်အထိ စားသောက်ကြပြီးနောက် မတ်တပ်ထရပ်ကာ နန်းတော်နံရံထက်မှ အပေါက်ငယ်ထံ လျှောက်သွားလိုက်ကြသည်။

နန်းတော်၏ ပထမထပ်အတွင်းသို့ ဝင်ရောက်ပြီးနောက် ကျန်းရီနှင့် ဟဲလောင်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ကျန်းရီသည် နံရံတစ်ခုထံ ပြေးသွားကာ ခြောက်ဆယ်မီတာကျော်မြင့်အောင် ခုန်လိုက်သည်။ သူ့မီးဝိဉာဉ်ပုလဲထဲမှ အနီရောင်ကျောက်တုံးငယ်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ကျောက်တုံးအား လက်ဖြင့်ကိုင်၍ အပေါ်မှ မျက်နှာကျက်ထံ လှမ်းပစ်လိုက်သည်။

ရှဲ...ရှဲ...

မီးဝိဉာဉ်ကျောက်တုံးမှ အစိမ်းရောင်မီးတောက်များ ထွက်ပေါ်လာသော ခဏတွင် ဟဲလောင်သည် ထိတ်လန့်တကြား နောက်ဆုတ်လိုက်မိသည်။ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။ သူသည် မီးဝိဉာဉ်ကျောက်တုံးနှင့် မီတာတစ်ရာကျော် အကွာအဝေးတွင် ရှိနေသော်လည်း သူ့တစ်ကိုယ်လုံး လောင်ကျွမ်းနေသည့်အလား ခံစားနေရသည်။

မီးဝိဉာဉ်ကျောက်တုံးသည် တားမြစ်အစီအရင်ကို တိုက်စားနေသောကြောင့် သူ့ခေါင်းထက်ရှိ မျက်နှာကျက်ထံမှ မျက်စိကျိန်းမတတ်သော အဖြူရောင်အလင်း တောက်ပလာခဲ့သည်။ ထို့နောက် မျက်နှာကျက်သည် ဦးခေါင်းတစ်ခုစာမျှ ကျယ်သည့် အပေါက်တစ်ခု ပွင့်သွားခဲ့သည်။

"ပွင့်သွားပြီ"

ကျန်းရီသည် အောက်သို့ ပြန်ခုန်ချလာပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ သူသည် အပေါ်မှ အလင်းရောင်အချို့ကို မြင်လိုက်ရသောအခါ ပျော်ရွှင်သွားခဲ့သည်။ ဟဲလောင်သည် ပြေးလာခဲ့ပြီး စိတ်လှုပ်ရှားစွာ ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း ပြောလာခဲ့သည်။

"သခင်လေးရီ...သခင်ဘေးရဲ့ ဒီကျောက်တုံးတွေက တအားကြောက်ဖို့ကောင်းတယ်။ အဲ့ဒါတွေက ဒီလောက် အားကောင်းတဲ့ တားမြစ်အစီအရင်တွေကိုပါ လောင်ကျွမ်းနိုင်တယ်"

"ဟဲလောင်...နောက်ဆုတ်ဦး။ ငါဒီအပေါက်ကို ငါတို့ထွက်နိုင်တဲ့အနေရောက်အောင် ချဲ့ရဦးမယ်"

ကျန်းရီသည် အော်ပြောလိုက်ပြီးနောက် နံရံထံ ထပ်မံပြေးသွားခဲ့သည်။ သူသည် သူ့ကိုယ် လေထဲသို့ ရောက်သွားမည့်အချိန်ကို စောင့်လိုက်ပြီး နောက်ထပ် မီးဝိဉာဉ်ကျောက်တုံး တစ်ခုအား ထပ်ပစ်ထုတ်လိုက်သည်။

ကျန်းရီသည် အလွန်လက်တည့်ရာ မီးဝိဉာဉ်ကျောက်တုံးသည် ပွင့်နေသော အပေါက်ထံ တည့်တည့်ရောက်သွားပြီး သူတို့ဝင်ဆံ့နိုင်သည်အထိ လောင်ကျွမ်းပေးနေခဲ့သည်။ ထို့နောက် သူသည် အပေါက်မှတစ်ဆင့် ချောင်းကြည့်လိုက်ပြီး ထူးဆန်းနေသည့် လေသံဖြင့် ပြောလာခဲ့သည်။

"ဟဲလောင်...လာကြည့်ဦး။ ဒုတိယထပ်ကလည်း အခုပထမထပ်နဲ့ တစ်ပုံစံတည်းပဲ။ အန္တရာယ် ရှိပုံမရဘူး...အဲ့ဒီမှာ သက်ရှိတွေရဲ့ အငွေ့အသက်ကိုလည်း ငါမခံစားမိဘူး"

*****

All Chapters