လျှို့ဝှက်နယ်မြေဆီသို့
Vol. 8 Ch. 85
စုန့်ဝမ်အနေနဲ့ ခမ်းခြောက်သွေးဘုံနယ်မြေကို ဝင်ရောက်ဖို့ အတော်လေး ချင့်ချိန်ဆုံးဖြတ်ခဲ့ရတယ်။ ဒီနယ်မြေထဲ ဝင်ရောက်တဲ့ နတ်ဆိုးဂိုဏ်းကြီး ၃ ခုရဲ့ တပည့်တွေက နတ်ဆိုးကျင့်ကြံသူပီပီ ရန်လိုပြီး ရက်စက်ကြမ်းကြုတ်တယ်။ လျှို့ဝှက်နယ်မြေ ဖွင့်ခဲ့တိုင်း သေဆုံးနှုန်း အရမ်းမြင့်ပြီး၊ အသက်ရှင်ကျန်သူ နည်းတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားသူတွေနဲ့ စုန့်ဝမ်လို အကြောင်းတစ်ခုခုကြောင့် မဖြစ်မနေ ဝင်ရသူတွေပဲ ကိုယ့်ဆန္ဒနဲ့ ဝင်ကြတယ်။ တစ်ကြိမ်ဖွင့်တိုင်း တစ်ဂိုဏ်းကို လူတစ်ရာစီ ဝင်ခွင့်ရတယ်၊ တစ်ခါတစ်လေ လူမပြည့်ဘူး။ ဆန္ဒအလျောက်ဝင်သူ နည်းတဲ့နှစ်ဆို ဂိုဏ်းတွေက အတင်းအကြပ် စေလွှတ်လို့ မဖြစ်မနေဝင်ရသူတွေ ရှိပေမယ့်၊ အကျိုးအမြတ် နည်းနည်းပါးပါး ရှာဖွေပြီး ချောင်ကပ်ပုန်းနေကြတာ များတယ်။
အခုနောက်ပိုင်း အလောင်းနတ်ဆိုးဂိုဏ်းမှာ မိမိဆန္ဒနဲ့ ဝင်ရောက်ချင်တဲ့ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် လူတစ်ရာ မပြည့်တော့လို့၊ ချီစုစည်းခြင်း အလယ်အဆင့်တွေပါ ဝင်ခွင့်ပြုလာတယ်။ ဒီလိုနဲ့ စုန့်ဝမ် ဝင်ခွင့်ရခဲ့တာ။ လျှို့ဝှက်နယ်မြေက ပြန်ထွက်လာရင် ရခဲ့သမျှ ဂိုဏ်းကို အပ်ရတယ်၊ တန်ဖိုးသင့်ပြီးမှ နှစ်ဆယ်ရာခိုင်နှုန်းကို ဆုလာဘ်အဖြစ် ပေးတယ်။ စုန့်ဝမ်က ဆုလာဘ်ကို မလိုချင်ဘူး၊ သူလိုချင်တာ ကောင်းကင်ဝိညာဥ်သစ်သီးဆိုတော့ ခိုးထုတ်ဖို့ စဥ်းစားထားတယ်။
ခိုးထုတ်ဖို့က အခြေတည်ဝိညာဥ် နှောင်းပိုင်းအဆင့်ထိ ရှိနိုင်တဲ့ အကြီးအကဲတွေရဲ့ ဝိညာဥ်အာရုံ စစ်ဆေးမှုက ရှောင်ရမှာဖြစ်လို့ သိပ်တော့မလွယ်ဘူး။ ဒီအတွက် အလျား၊ အနံ တစ်လက်မစီရှိတဲ့ ကျောက်စိမ်းဗူး နှစ်ခု ပြင်ထားတယ်။ ကောင်းကင်ဝိညာဥ်သစ်သီးက သစ်ကြားသီးအရွယ်ဆိုတော့ ကောင်းကောင်းဆန့်တယ်။
စုန့်ဝမ်အကြံက ပောင်းကင်ဝိညာဥ်အသီးကို ကျောက်စိမ်းဗူးထဲ ထည့်သွင်းပြီး၊ သူ့နှလုံးရဲ့ ဘယ်၊ ညာအခန်းတွေထဲ တစ်လုံးစီ ထည့်သွင်းဖို့ပဲ။ နှလုံးသွေးက ကျောက်စိမ်းဗူးတွေကို ဖုံးဖိဖို့ လုံလောက်တယ်။ သူ့အော်ရာကိုတောင် ထိန်းချုပ်နိုင်တဲ့ စုန့်ဝမ်အတွက် ကောင်းကင်ဝိညာဥ်သစ်သီးအော်ရာကို ဖုံးဖိဖို့က သိပ်အခက်အခဲ မရှိဘူး။ ကျောက်စိမ်းဗူးတွေ မျိုချပြီးတာနဲ့ မဟူရာကူတွေ သုံးပြီး နှလုံးအခန်းတွေထဲ ထည့်သွင်းဖို့ ကြံရွယ်တာ။ နှလုံးက ဦးနှောက်လိုပဲ အထိမခံတဲ့ အစိတ်အပိုင်း ဖြစ်နေလို့ သေချာအောင် စမ်းကြည့်ထားရတယ်။ မဟူရာကူက နှလုံးမှာ ထိခိုက်ပွန်းပဲ့ရင် ပိတ်ဆို့ကုသနိုင်တာနဲ့ သွေးအဆီအနှစ် အားကောင်းတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သွေးပို့လွှတ်နှုန်း လျော့မှာကို ခံနိုင်ရည် ရှိနေတာကြောင့်သာ လုပ်ရဲတာ။ စမ်းသပ်ချိန်က သေလုမျောပါး ခံရပြီးမှ အောင်မြင်ခဲ့တယ်။ အထဲရောက်တာနဲ့ သူ့ရဲ့ အခြေတည်အဆင့် ဝိညာဥ်အာရုံက လုံးဝအာရုံမခံနိုင်တာ သေချာတော့မှ ဒီခရီးကို လိုက်ပါဖို့ ဆုံးဖြတ်ခဲ့တာ။
နေမြင့်လာတာနဲ့ ခန်းမရှေ့ရင်ပြင်မှာ လူစည်လာပြီး ဆူညံ့နေပြီ။ အများစုက မိတ်ဆွေအပါင်းအသင်းတွေကို လိုက်ပို့ရင်း နှုတ်ဆက်ကြတာ။ လျှို့ဝှက်နယ်မြေကနေ အသက်ရှင်ပြန်လာနိုင်သူက ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတာဆိုတော့ နောက်တစ်ခါ ပြန်ဆုံဖို့ သိပ်မသေချာဘူးလေ။
“တိတ်တိတ်နေကြစမ်း”
အခြေတည်အဆင့်အော်ရာနဲ့အတူ ကျယ်လောင်တဲ့အမိန့်သံက ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားစေတယ်။ ဓားပျံစီးနင်းလာတဲ့ အခြေတည်အဆင့် အကြီးအကဲ ဆယ်ယောက် ရင်ပြင်ပေါ် ရောက်လာကြပြီ။ မျက်ခုံးကောင်းကောင်း၊ မုတ်ဆိတ်ရှည်နဲ့ လူဝကြီးက ရှေ့ထွက်ပြီး ပြောလာတယ်။
“ငါက စည်းကမ်းထိန်းခန်းမက အကြီးအကဲကျောင်းတုပဲ။ ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေခရီးစဥ်ကို ငါကြီးကြပ်မယ်။ လိုက်ပါမယ့်သူတွေ နေခဲ့၊ လိုက်ပို့တဲ့သူတွေ ပြန်တော့”
ခဏနေတော့ ရင်ပြင်မှာ လူရှင်းသွားပြီး လိုက်ပါကြမယ့်သူ ၇၈ ယောက်ပဲ ကျန်ခဲ့တယ်။ ဒီတစ်ခါလည်း လူတစ်ရာ မပြည့်ပြန်ဘူး။ အကြီးအကဲကျောင်းတုက လူစစ်ပြီးတာနဲ့ သူနောက်မှာ ရပ်နေတဲ့ ခါးကုန်းအဘိုးကြီးကို ခေါင်းညိမ့်ပြတယ်။
“လှေပျံယူလာခဲ့”
ခဏနေတော့ ပေတစ်ရာလောက် ရှည်လျားတဲ့လှေပျံတစ်စီး အဝေးက ပျံသန်းလာရင်း ရင်ပြင်ပေါ် ရောက်လာတယ်။
“အားလုံး .. တက်ကြတော့”
အကြီးအကဲကျောင်းတုက အမိန့်ပေးပြီးတာနဲ့ ရှေ့ကဦးဆောင်ပြီး ပျံတက်သွားတယ်။ စုန့်ဝမ်တို့လည်း ပျံသန်းရေးနည်းစနစ် အသက်သွင်းပြီး လှေပျံပေါ် ပျံတက်လာခဲ့တယ်။
ဒီအဖွဲ့ထဲမှာ စုန့်ဝမ် သိတဲ့သူ အတော်များများ ပါတယ်။ ဂိုဏ်းကို ရောက်တဲ့နေ့ကတည်းက စငြိခဲ့တဲ့ဝူလျှို့လည်း ပါလာတယ်။ ဝူလျှို့က ချီစုစည်းခြင်း ဆဋ္ဌမအလွှာပဲ ရှိသေးတယ်။ နောင်မှာ အခြေတည်အဆင့် တက်လှမ်းနိုင်ဖို့ သူ့အနေနဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်း ချီစုစည်းခြင်း အလယ်အဆင့် ရောက်ဖို့ လိုအပ်နေပြီ။ ဒါကြောင့် လျှို့ဝှက်နယ်မြေမှာ စွန့်စားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်။ ဝူလျှို့ကလည်း စုန့်ဝမ်ကို မြင်ပေမယ့်၊ ဘာအမူအရာမှ မပြဘဲ မျက်နှာလွှဲသွားတယ်။ ဒီနှစ်တွေအတွင်း များပြားတဲ့ အတွေ့အကြုံက မဆင်မခြင်ပြုမူတတ်တဲ့ လူငယ်ကို အတိုင်းအတာတစ်ခုထိ ရင့်ကျတ်စေခဲ့ပြီ။
နောက်တစ်ယောက်က အလောင်းခွဲစိတ်ဂူမှာ တွေ့ခဲ့ဖူးတဲ့ ဝူစွေ့၊ ယင်နတ်ဆိုးခန်းမ အကြီးအကဲတစ်ယောက်ရဲ့မြေးလည်း ပါလာတာပဲ။
ဝူလျှို့နဲ့ စကားပြောနေတဲ့ အမျိုးသမီးကို မြင်လိုက်တော့ စုန့်ဝမ် အံအားသင့်သွားတယ်။ သူက စုန့်ဝမ် စျေးထဲမှာ တစ္ဆေဦးခေါင်းဒိုင်း ဝယ်ယူချိန်က ဆုံခဲ့ဖူးတဲ့ အရောင်းဝန်ထမ်း အမျိုးသမီး။ အရင်လို ပြာကလပ်စိန်ပုံစံ မဟုတ်တော့ဘူး၊ ရင့်ကျတ်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ကျက်သရေရှိရှိ လှပနေပြီ။ သူ့ဆီက ပြင်းထန်တဲ့ ညို့ငင်အားကို ခပ်လှမ်းလှမ်းကတောင် ခံစားမိနေတယ်။ ရင်ဘတ်ဟိုက်လွန်းတဲ့ ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားပြီး၊ ချိုသာတဲ့စကားသံ၊ ဆွဲဆောင်မှုရှိတဲ့အပြုံး၊ လုံးဝန်းပြည့်တင်းတဲ့ ရင်အစုံနဲ့ သွယ်လျလျခြေတံရှည်တွေက လှေပျံပေါ်က ရှိရှိသမျှ ယောက်ျားအပေါင်းကို ဖမ်းစားထားတယ်။ အခြေတည်အဆင့် အကြီးအကဲတချို့တောင် ခိုးခိုးကြည့်ကြတယ်။
ဝူလျှို့ရော၊ မိန်းမချောပါ တပည့်ရင်းဝတ်စုံ ဝတ်ဆင်ထားလို့ ဘယ်သူမှ အနားသွားပြီး မနှောင့်ယှက်ရဲကြဘူး။ ဒီဝတ်စုံက ကျောထောက်နောက်ခံကောင်း ရှိတာကို ပြနေတယ် မဟုတ်ပါလား။
စုန့်ဝမ် မျက်စိအစာကျွေးနေချိန် လူတစ်ယောက် သူ့ရှေ့တည့်တည့် ပေါ်လာလို့ လန့်သွားတယ်။ လခွမ်း .. အလောင်းခွဲစိတ်ဂူမှာ လာချဥ်းကပ်တဲ့ အရပ် ၆ ပေမြင့် ခပ်ဝဝ အမျိုးသမီးပဲ။
ခပ်ဝဝအမျိုးသမီးက စုန့်ဝမ်ကို စူးစိုက်ကြည့်ရင်း စကားစလာတယ်။
“မောင်လေးကျိယင်၊ မင်းလည်း ပါလာတာလား။ ခမ်းခြောက်သွေးဘုံက အန္တရာယ်များတယ်။ မင်းလို ချီစုစည်းခြင်း ပဥ္စမအဆင့်နဲ့ သွားသင့်တဲ့နေရာ မဟုတ်ဘူး”
စုန့်ဝမ် စိတ်လေသွားတယ်။ ဒီမိန်းမက သူနဲ့ ခင်မင်ရင်းနှီးတာ မရှိသလို၊ နာမည်တောင် မသိသေးဘူးလေ။ လှေပျံပေါ်မှာ ပြဿနာ မဖြစ်ချင်လို့ ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောခဲ့တယ်။
“အစ်မကြီး၊ ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ”
“ငါ့နာမည်ချိုးလီ၊ အစ်မချိုးလို့ပဲ ခေါ်ပါ။ မောင်ငယ်လေး မင်းက ငယ်ငယ်ချောချောလေးနဲ့ ဘာဖြစ်လို့များ အန္တရာယ်များတဲ့ လျှို့ဝှက်နယ်မြေထဲ ဝင်ချင်ရတာလဲ။ ဒီလှေပျံပေါ် ရောက်မှတော့ ပြန်ဆင်းလို့ မရဘူး၊ ဆင်းရင် အပြစ်ပေးခံရလိမ့်မယ်။ စိတ်မပူနဲ့၊ အထဲရောက်ရင် ဝိညာဥ်ဆေးပင် မရှိတဲ့နေရာမှာ ပုန်းနေ။ အဲဒီကို ဘယ်သူမှ မလာဘူး”
စုန့်ဝမ်က ပြန်မပြောဘဲ ငြိမ်နေတယ်။ ဒါနဲ့ ချိုးလီကပဲ အသံတိုးတိုးနဲ့ ဆက်ပြောလာတယ်။
“မောင်လေးကျိယင် .. ဒီတစ်ကြိမ် ငါတို့နှစ်ယောက် အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့ရင် တာအိုလက်တွဲဖော်အဖြစ် လက်တွဲရအောင်။ အရင်းအမြစ်တွေက အစ်မ တာဝန်ထား”
အခုချက်ချင်း စားမလို၊ ဝါးမလို ကြည့်နေတဲ့ ချိုးလီအကြည့်ကြောင့် စုန့်ဝမ် ဒေါသထွက်လာတယ်။ လှေပျံပေါ် တခြားသူတွေ ပါမလာရင် ချက်ချင်းထသတ်မိမှာ။ အခုတော့ ဒေါသထွက်ဟန် မပေါ်လွင်အောင် ထိန်းနေရတယ်။
“ဂိုဏ်းတူအစ်မ .. ကိုယ့်ကိုယ်ကို လေးစားမှုထားပါ”
ချီစုစည်းခြင်း ပဥ္စမအဆင့်ကောင်လေးက ပမာမခန့် ပြောဆိုငြင်းပယ်လိုက်လို့ ချိုးလီ ဒေါသထွက်သွားတယ်။
“ဟာသပဲကွ၊ မင်းလို ချီစုစည်းခြင်း ပဥ္စမအဆင့်လေးက ငါ့ကို သင်ကြားဆုံးမရဲတာလား။ ကောင်လေး .. မင်းငါ့လက်က မလွတ်ပါဘူး”
ချိုးလီက စုန့်ဝမ် ခါးအောက်ပိုင်းကို စူးစိုက်ကြည့်ပြီး ကျင့်ကြံမှုအော်ရာ အပြည့်ဝအဝ ထုတ်လွှတ်ရင်း လှည့်ထွက်သွားတယ်။
ချီစုစည်းခြင်း နဝမအဆင့်၊ ဒါကြောင့် ချိုးလီ မာနထောင်လွှားနေတာပဲ။ ကျားတစ်ကောင်လို အားကောင်းတဲ့ အော်ရာအရဆို သူလည်း ခန္ဓာကိုယ်ကျင့်ကြံသူပဲ။
ချိုးလီ ထွက်သွားတော့မှ စုန့်ဝမ် လှေပျံပေါ် ပါလာသူတွေကို ပြန်အကဲခတ်ရတယ်။ လှေပျံပေါ်မှာ သူတို့အုပ်စုအပြင် ရှိနှင့်နေပြီးသားလူ ၁၀ ယောက်ကျော် ပါသေးတယ်။ အပြင်စည်းတပည့်ဝတ်စုံ ဝတ်ဆင်ထားပေမယ့် အခြေခံကျင့်စဥ် ကွဲပြားတယ်။ ရုပ်အလောင်းကျင့်ကြံသူ၊ တစ္ဆေကျင့်ကြံသူနဲ့ အဆိပ်ကျင့်ကြံသူတွေ ပါတယ်။ ကြည့်ရတာ ဂိုဏ်းလက်အောက်ခံ မိသားစုတွေက ပါရမီရှင်တွေ ဖြစ်မယ်။
စုန့်ဝမ် ပတ်ဝန်းကျင်ကို အကဲခတ်နေချိန် လှေပျံကြီးက အရှိန်တင်ပြီး တရှိန်ထိုး ပျံသန်းသွားပါတော့တယ်။
………………
၃ နာရီကြာ ပျံသန်းပြီးတဲ့နောက် လှေပျံကြီး ကောင်းကင်ယံမှာ ရပ်တန့်သွားတယ်။ ခဏနေတော့ အဝေးက ချဥ်းကပ်လာတဲ့ လှေပျံကြီးနှစ်စီးကို စုန့်ဝမ်တို့ တွေ့လိုက်ကြတယ်။
လှေပျံတွေ အနားမရောက်ခင် အက်ရှရှအသံကြီးက အရင်ရောက်လာတယ်။
“ဟား ဟား .. ကျောင်းတု .. မင်းတို့ အလောင်းနတ်ဆိုးဂိုဏ်းမှာ လူမရှိတော့လို့ အခြေတည် နှောင်းပိုင်းအဆင့်တစ်ယောက်ပဲ လွှတ်လိုက်တာလား”
“ဟွန့်”
အေးစက်စက် နှာမှုတ်သံနဲ့အတူ ကျောင်းတုနောက် ရပ်နေတဲ့ ခါးကုန်းအဘိုးကြီးက လှေပျံပေါ်က ပျံတက်ပြီး ကောက်းကင်ယံမှာ မားမားမတ်မတ် ရပ်လိုက်တယ်။
“ရှို့ယွင် .. မင်းက ငါတို့ အလောင်းနတ်ဆိုးဂိုဏ်းကို စော်ကားချင်နေတာလား”
“ဟား ဟား .. ဘယ်သူများလဲလို့၊ ဖုတ်ကောင်အိုကြီးရှန့်ချီပါ ပါလာတာလား”
ပြောပြောဆိုဆို ရှို့ယွင်ဆိုသူ စီးနင်းလာတဲ့လှေပျံနဲ့ နောက်လှေပျံတစ်စီး အလောင်းနတ်ဆိုးဂိုဏ်းလှေပျံနား ရောက်လာပြီး ခပ်လှမ်းလှမ်းမှာ ဘေးချင်းယှဥ် ရပ်လိုက်တယ်။
နောက်ရောက်လာတဲ့လှေပျံက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဆွဲဆောင်မှု အားကောင်းတဲ့အမျိုးသမီးတစ်ယောက် ထွက်လာတယ်။
“အကိုကြီးရှန့်ချီ၊ အကိုကြီးရှို့ယွင် .. လူလည်း စုံနေပြီ။ စည်းတံဆိပ်ဖွင့်ပြီး လျှို့ဝှက်နယ်မြေခရီး စလိုက်ကြရအောင်”
နတ်ဆိုးဂိုဏ်း ၃ ခုက ကြားနယ်မြေမှာ ခမ်းခြောက်သွေးဘုံဆိုတဲ့ လျှို့ဝှက်နယ်မြေကို ရှာတွေ့ခဲ့ပေမယ့်၊ ဇစ်မြစ်ကိုတော့ မသိကြဘူး။ တစ်ဂိုဏ်းတည်းက မောင်ပိုင်စီး ထိန်းချုပ်နိုင်စွမ်းလည်း မရှိကြလို့ သုံးဂိုဏ်းပေါင်းပြီး နယ်မြေဝင်ပေါက်အပြင်မှာ ချိတ်ပိတ်စည်းအစီအရင် ချထားပြီး ပူးတွဲထိန်းချုပ်ခဲ့ကြတာ။
“နတ်မိမယ်ဟွမ်းယု ပြောတာ မှန်တယ်၊ ငါရှန့်ချီလည်း အချိန်မဖြုန်းချင်ဘူး။ စကြတာပေါ့”
ရှန့်ချီစကားဆုံးတာနဲ့ သုံးယောက်သား အစီအရင်ထိန်းချုပ်တဲ့ အနက်ရောင်တံဆိပ်ပြားတွေ ကိုယ်စီထုတ်ယူပြီး လေထဲ ပစ်မြှောက်လိုက်တယ်။ အစီအရင်ပြားတွေ အစီအစဥ်တကျ နေရာချပြီးတာနဲ့ ဝိညာဥ်စွမ်းအင် ပြိုင်တူပို့လွှတ်လိုက်ကြတယ်။ ချက်ခြင်းပဲ အစီအရင်ပြားတွေဆီက သွေးနီရောင်အလင်းတွေ ဖြာထွက်လာပြီး ပေတစ်ရာပတ်လည် အကျယ်ရှိတဲ့ အစီအရင်ကွက်တစ်ခု ဖွဲ့တည်လာတယ်။ အစီအရင်ဖွဲ့စည်းပုံ ချိတ်ဆက်မှု ပြည့်စုံသွားတာနဲ့ အောက်တည့်တည့် မြေပြင်ဆီက ကျယ်လောင်တဲ့မြည်ဟီးသံနဲ့အတူ ငလျင်လှုပ်သလို ခါယမ်းလာတယ်။ ခဏနေတော့ တောင်ကြားထဲက မြေပြန့်မှာ နက်မှောင်နေတဲ့ တွင်းပေါက်တစ်ခု ပေါ်လာတယ်။
တချိန်တည်းမှာ အံသြမင်သက် ငေးကြည့်နေကြတဲ့ ဂိုဏ်း ၃ ဂိုဏ်း တပည့်တွေနားထဲ ချိုမြမြအသံလှိုင်းတစ်ခု ဝင်လာတယ်။
“အဲဒီအပေါက်က လျှို့ဝှက်နယ်မြေ ဝင်ပေါက်ပဲ။ လျှို့ဝှက်နယ်မြေကို ၇ ရက် ဖွင့်မယ်၊ ဒါကို လုံးဝမမေ့ပါနဲ့။ ၇ ရက်နေလို့မှ ပြန်မလာနိုင်ရင် နောက်တစ်ကြိမ် ပြန်မဖွင့်မချင်း အထဲမှာ နှစ် ၃၀ ပိတ်မိနေလိမ့်မယ်။ ကဲ .. ဆင်းကြတော့”
နတ်မိမယ်ဟွမ်းယု ဆင်းဖို့ ပြောလိုက်တာနဲ့ ဝင်ရောက်ကြမယ့် ဂိုဏ်း ၃ ဂိုဏ်းက တပည့်တွေ လျှို့ဝှက်နယ်မြေဝင်ပေါက်ဆီ အလုအယက် ပြေးဝင်သွားကြတယ်။
.................