← Chapters

ရန်ငြိုးဟောင်းကို အရင်ရှင်းမယ်

Vol. 8 Ch. 86

ရန်ငြိုးဟောင်းကို အရင်ရှင်းမယ်

Vol. 8 Ch. 86

စုန့်ဝမ်လည်း လူအုပ်စုနောက်နားက ပျံသန်းလိုက်ပါလာပြီး မှောင်မည်းနေတဲ့ ဝင်ပေါက်ထဲ ဝင်ရောက်ခဲ့တယ်။ ဝင်ဝင်ချင်း တိတ်ဆိတ်မှောင်မည်းနေတဲ့ တွင်းနက်ကြီးထဲ ကျသွားသလို ခံစားလိုက်ရပြီး၊ ထက်အောက် အရပ်မျက်နှာ ဝေခွဲမရ ဖြစ်သွားတယ်။ ခဏနေတော့မှ မြေပြင်ပေါ် ခြေချမိပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

ရောက်နေတဲ့နေရာက ခမ်းခြောက်သွေးဘုံဆိုတဲ့အတိုင်း အသက်ဓာတ် ရှိပါ့မလားတောင် ထင်ရတယ်။ မြေသားတွေက ခြောက်သွေ့အက်ကွဲနေသလို၊ အပင်ဆိုလို့ ကျောက်ကြိုကျောက်ကြားမှာ ပေါက်နေတဲ့အပင်ပုလေးတွေပဲ ရှိတယ်။ မျက်စိနဲ့ရော၊ ဝိညာဥ်အာရုံနဲ့ပါ ဖြန့်ကြတ်ရှာပေမယ့် မြင်နိုင်သလောက် ဧရိယာမှာတော့ လူတစ်ယောက်မှ မတွေ့ရဘူး။ အစီအရင်က ဝင်လာသူတိုင်းကို တကွဲတပြားစီဖြစ်အောင် ကျပန်းပို့ပေးတာ ဖြစ်နိုင်တယ်။

ပတ်ဝန်းကျင်ကို စစ်ပြီးတာနဲ့ လှေပျံပေါ်မှာ ဂိုဏ်းကပေးဝေခဲ့တဲ့ ကျောက်စိမ်းပြားလေးကို နဖူးမှာ ကပ်ပြီး ဝိညာဥ်အာရုံနဲ့ ဖတ်လိုက်တယ်။ ဒီထဲမှာ လျှို့ဝှက်နယ်မြေမြေပုံ ပါတယ်။ မြေပုံမှာ မြေမျက်နှာသွင်ပြင်၊ ဝိညာဥ်ဆေးပင် ရှိရာနေရာအပြင်၊ သားရဲနဲ့ မိစ္ဆာတွေအကြောင်းပါ ပါဝင်တယ်။ ဒါပေမယ့် အချက်အလက်က လွန်ခဲ့တဲ့ နှစ် ၃၀ က ဝင်ရောက်ခဲ့သူတွေ မြင်တွေ့ခဲ့တာကို အခြေခံထားတာဆိုတော့ ရာနှုန်းပြည့် အားကိုးလို့ မရဘူး။ အထူးသဖြင့် ရှင်သန်လှုပ်ရှားနေတဲ့ သားရဲနဲ့ မိစ္ဆာတွေပေါ့။ မြေပုံမှာ အနီရောင်အမှတ်အသား ၅ ခု ပါတယ်၊ အဲဒီနေရာတွေက အဖိုးတန်ဝိညာဥ်သစ်ပင်တွေ ပေါက်ရောက်သလို၊ စွမ်းအားကြီး သားရဲနဲ့ မိစ္ဆာတွေလည်း နေထိုင်ကြတယ်။

မြေပုံက ပုံကြမ်းဆိုပေမယ့် မြေပုံဖတ်ပညာ တီးမိခေါက်မိရှိတဲ့ စုန့်ဝမ် တခဏအတွင်းမှာပဲ သူရောက်နေတဲ့နေရာကို အတည်ပြုလိုက်နိုင်တယ်။ ဒီနေရာနဲ့ အနီးဆုံး ကောင်းကင်ဝိညာဥ်သစ်သီး ရှိနိုင်တဲ့နေရာက အရှေ့တောင်ဘက် မိုင်ငါးရာအကွာက တောင်ကြီးတစ်လုံးပဲ။ ရှိနိုင်တာက သုံးနေရာ၊ နှစ်နေရာက အတော်ဝေးလို့ ဒီတောင်ဆီ သွားဖို့ ဆုံးဖြတ်ခဲ့တယ်။

စုန့်ဝမ်လည်း လမ်းကြောင်းရွေးပြီးတာနဲ့ အချိန်ဆွဲမနေဘဲ ချက်ချင်းထွက်လာခဲ့တယ်။ လှေပျံစီးနေရင် အများအာရုံကို ဆွဲဆောင်မိပြီး ဒုက္ခများနိုင်တာကြောင့် ခြေလျင်ပဲသွားခဲ့တယ်။ ပြေးလိုက်၊ နားလိုက်နဲ့ နာရီဝက်လောက် ကြာတော့ တောအုပ်ငယ်တစ်ခုအနား ရောက်လာတယ်။ အလယ်မှာ ရေအိုင်ငယ်တစ်ခု ရှိပြီး ကျွန်းလေးတစ်ကျွန်းတောင် ရှိသေးတယ်။ တကယ့်အိုအေစစ်လေးပဲ။ မြေပုံပါ အညွှန်းအရဆို ဒီနေရာမှာ အခြေခံတည်ဆောက်ခြင်းဆေး ဖော်စပ်ရာမှာ အရန်ဆေးပင်အဖြစ် အသုံးပြုတဲ့ လေဝိညာဥ်ပန်းပွင့် ပေါက်ရောက်တယ်။ ဒီဆေးပင်က ကောင်းကင်ဝိညာဥ်သစ်သီးရဲ့ ပြင်းထန်တဲ့အာနိသင်ကို ခံနိုင်အောင် တွဲဖက်သုံးရတာ။ ဒီတော့ မဖြစ်မနေ ယူထားရမယ်။

စုန့်ဝမ်က သတိလက်လွတ် မချဥ်းကပ်ဘဲ၊ မဟူရာကူနှစ်ကောင် အရင်လွှတ်ပြီးမှ ပျံသန်းခြင်းနည်းစနစ်နဲ့ ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့တယ်။ မဟူရာကူနှစ်ကောင်က ချီစုစည်းခြင်း နဝမအဆင့်ခွန်အား ပိုင်ဆိုင်ထားတဲ့ အားအကိုးရဆုံးကောင်တွေ။ မြေပုံညွှန်းက ဒီကျွန်းမှာ သားရဲနဲ့ မိစ္ဆာတွေ မရှိဘူးဆိုထားပေမယ့် နှစ် ၃၀ ကြာခဲ့ပြီဆိုတော့ မျက်စိမှိတ်ယုံလို့ မရဘူး။ တောအုပ်ထဲ အန္တရာယ် မရှိတာ သေချာမှ စုန့်ဝမ် မြေပြင်ပေါ် ဆင်းခဲ့တယ်။ အဲဒီအချိန် ရေကန်ထဲ စူးစမ်းနေတဲ့ မဟူရာကူတွေဆီက ကျွန်းပေါ်မှာရှိတဲ့ ရေကန်ငယ်လေးနားမှာ အပြာရောင်ပန်းပွင့်ပါ ဝိညာဥ်မြက် ၇ ပင် ပေါက်နေကြောင်း သတင်းပို့လာတယ်။ ဒါက လေဝိညာဥ်ပန်းပွင့်တွေပဲ။ ဒီပန်းပွင့်တွေက ဝိညာဥ်ကောင်းကင်သစ်သီးရဲ့ ပြင်းထန်တဲ့ဆေးအာနိသင်ကို ထိန်းညှိရာမှာ အသုံးဝင်လို့ အရယူဖို့ ဆုံးဖြတ်လိုက်တယ်။

ဆေးပင်ရှိရာ ကျွန်းပေါ် ပျံသန်းမယ်အလုပ် လူတစ်ယောက် ချဥ်းကပ်လာတာ အာရုံခံမိလို့ အော်ရာကို ဖိနှိပ်ဖုံးကွယ်ရင်း တောအုပ်လေးထဲ ပုန်းခိုလိုက်တယ်။ ခဏနေတော့ ကျွန်းငယ်လေးနား လူတစ်ယောက် ဆင်းသက်လာတယ်။ ဝူလျှို့ပဲ၊ ဝူလျှို့က အလောင်းရုပ်သေး ထုတ်ယူပြီး လေဝိညာဥ်ပန်းပွင့်တွေ ခူးဆွတ်ဖို့ ပြင်နေတယ်။ စုန့်ဝမ်လည်း အခွင့်အရေးရသခိုက် ရေကန်အနား ပုန်းခိုခိုင်းထားတဲ့ မဟူရာကူနှစ်ကောင်ကို တိုက်ခိုက်ခိုင်းဖို့ စိတ်ကူးပြီး အခွင့်အရေးကို စောင့်နေခဲ့တယ်။

ဝူလျှို့ စေလွှတ်လိုက်တဲ့ အလောင်းရုပ်သေး ရေကန်ငယ်ပေါ် ဖြတ်ကျော်လိုက်တာနဲ့ ရေကန်ထဲက စပါးအုံးမြွေကြီးနှစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်တယ်။ ဝူလျှို့ ထိတ်လန့်သွားပေမယ့် အလောင်းရုပ်သေးဆီ ဝိညာဥ်စွမ်းအင် အဆက်မပြတ် ပို့လွှတ်ရင်း ခုခံတုက်ခိုက်တယ်။ ဒါပေမယ့် မြွေတွေက အစွမ်းထက်သလို၊ အလစ်ဖမ်း တိုက်ခိုက်တာဆိုတော့ အလောင်းရုပ်သေးလည်း နှစ်ပိုင်းပြတ်သွားပြီး ဝါးမျိုခံလိုက်ရတယ်။ ဝူလျှို့လည်း တန်ပြန်သက်ရောက်မှုကြောင့် ဝိညာဥ်ပင်လယ် ကြီးကြီးမားမား ထိခိုက်သွားလို့ အနားယူ အားဖြည့်ဖို့ ရေကန်နားက အမြန်ခွာလိုက်ရတယ်။ စုန့်ဝမ်က ဝူလျှို့နဲ့ စပါးအုံးမြွေနှစ်ကောင် တိုက်ခိုက်စေချင်တာကြောင့် မဟူရာကူတွေနဲ့ တိုက်ခိုက်မယ့်အကြံ စွန့်လွှတ်ပြီး ဆက်စောင့်ကြည့်နေခဲ့တယ်။

ဝူလျှို့တစ်ယောက် ဆက်ကြိုးစားရမလား၊ နောက်ဆုတ်ရမလား ဝေခွဲမရဖြစ်နေချိန် နောက်ထပ်လူနှစ်ယောက် ပျံသန်းလာတာ အာရုံခံမိလို့ အနားကသစ်ပင်အုပ်ထဲ ဝင်ပုန်းလိုက်တယ်။ ဒီတစ်ခါ ရောက်လာတာ နက်နဲယင်စွမ်းအင်ဂိုဏ်းက တပည့်တွေ။ အမျိုးသားက ချီစုစည်းခြင်း အဋ္ဌမအဆင့်နဲ့ အမျိုးသမီးက သတ္တမအဆင့် ရှိတယ်။ သူတို့တွေ ရေကန်ဖြတ်ကျော်ဖို့ ကြိုးစားတာနဲ့ စပါးအုံးမြွေနှစ်ကောင် ထွက်ပေါ်လာပြီး တိုက်ခိုက်တယ်။ ဒါပေမယ့် နက်နဲယင်စွမ်းအင်ဂိုဏ်းတပည့်က နှစ်ယောက်ဆိုတော့ နောက်မဆုတ်ဘဲ တက်ညီလက်ညီ ပြန်တိုက်ခိုက်တယ်။

အင်အားညီမျှချိန် လူသားကျင့်ကြံသူတွေက အဆောင်နဲ့ ဝိညာဥ်လက်နက်တွေ အသုံးပြု တိုက်ခိုက်နိုင်တာကြောင့် သိပ်မကြာခင် မြွေကြီးနှစ်ကောင်လုံး သေသွားတယ်။ အနိုင်ရသူ နက်နဲယင်စွမ်းအင်ဂိုဏ်းသားနှစ်ယောက်လည်း အတော်လေး အထိနာခဲ့တယ်။ ဝိညာ်စွမ်းအင် အများအပြား သုံးလိုက်ရသလို၊ မှော်အဆောင်တွေလည်း ကုန်လုနီးနီး ဖြစ်သွားတယ်။ အမျိုးသမီးဆို ဝိညာဥ်စွမ်းအင် ကုန်ခမ်းလုနီးနီး ဖြစ်သွားတဲ့အပြင်၊ မြွေတစ်ကောင်ရဲ့ရိုက်ချက် ထိမှန်ပြီး နံရိုးတွေပါ ကျိုးကုန်လို့ ဆေးသောက်ပြီး ကျင့်ကြံမှု လုပ်နေရတယ်။

အမျိုးသားတပည့်က မြွေရုပ်အလောင်းတွေ သိမ်းဆည်းပြီး၊ လေဝိညာဥ်ပန်းတွေပါ ခူးဆွတ်ခဲ့တယ်။ ကျွန်းပေါ်ကနေ ပြန်ကူးလာချိန် ဝူလျှို့ပုန်းနေတဲ့ သစ်ပင်အုပ်ထဲကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်သွားတယ်။ စုန့်ဝမ်က လျှို့ဝှက်စွမ်းအားကြောင့် သူ့အော်ရာကို လုံးဝဖုံးဖိနိုင်ပေမယ့်၊ ဝူလျှို့က အဲဒီလောက်ထိ ဖုံးဖိနိုင်စွမ်း မရှိဘူး။

“ဘယ်သူလဲ”

အမျိုးသားတပည့်ဖြစ်သူက အော်ဟစ်မေးမြန်းရင်း တစ္ဆေတစ်ကောင် ထုတ်ယူပြီး တိုက်ခိုက်စေလိုက်တယ်။

ဝူလျှို့လည်း ဆက်ပုန်းနေလို့ မရတော့တာကြောင့် ခုန်ထွက်ရင်း တစ္ဆေနှိမ်နင်းမှော်အဆောင် အသက်သွင်း ခုခံလိုက်တယ်။ ချက်ချင်းပဲ ရှည်လျာတဲ့ အနက်ရောင်ဓားသဏ္ဍာန် မှော်စွမ်းအင် စုဖွဲ့လာပြီး တစ္ဆေကို ခုတ်ချလိုက်တယ်။ အငိုက်မိသွားလို့ တစ္ဆေလည်း မရှောင်နိုင်တော့ဘဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်သွားတယ်။ ဝူလျှို့က အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ ကြံလိုက်ပေမယ့် နက်နဲယင်စွမ်းအင်ဂိုဏ်းတပည့်က အနားရောက်လာပြီး လှံရှည်နဲ့ ထိုးနှက်တိုက်ခိုက်လာလို့ ပြေးခွင့်မသာတော့ဘဲ ပြန်ခုခံလိုက်ရတယ်။

ခဏနေတော့ ကျင့်ကြံမှုအဆင့် တစ်ဆင့်နိမ့်သလို၊ ဝိညာဥ်ပင်လယ် ထိခိုက်ထားလို့ ဝူလျှို့ အခြေအနေ မဟန်တော့ဘဲ တဆုတ်တည်း ဆုတ်နေရတယ်။ နောက်ဆုံး တောင့်မခံနိုင်တော့ဘဲ ဖင်ထိုင်ကျသွားချိန် လှံရှည်က သူ့ရင်ဘတ်ဆီ တိုးဝင်လာလို့ မျက်စိစုံမှိတ်ပြီး သေခြင်းတရားကို စောင့်မျှော်လိုက်ရတယ်။

“စွပ်”

အသားထဲ သတ္ထုလက်နက်တစ်ခု ထိုးဖောက်သံကြောင့် ဝူလျှို့ တွန့်ခနဲ ဖြစ်သွားပေမယ့် နာကျင်မှု မခံစားရသလို၊ အသက်နဲ့ကိုယ် အိုးစားမကွဲသေးလို့ ကြောင်သွားတယ်။ ဝူလျှို့ မျက်စိဖွင့်ကြည့်တော့ နက်နဲယင်စွမ်းအင်ဂိုဏ်းတပည့် ခေါင်းမှာ ထုတ်ချင်းခတ် ဖောက်ထွက်အောင် စိုက်ဝင်နေတဲ့ ဓားကျိုးတစ်လက်ကို တွေ့လိုက်ရတယ်။

အေးခဲလဓား ... ဒီဓားကို လွန်ခဲ့တဲ့ ၆ လလောက်က စုန့်ဝမ် တောင်ခြေစျေးမှာ အမှတ်မထင် တွေ့လို့ ဝယ်ခဲ့တာ။ ဓားက ကျိုးပဲ့နေပေမယ့် အဆင့်မြင့် ဝိညာဥ်လက်နက်တစ်ခု ဖြစ်နေဆဲပဲ။ ဓားကို သန့်စင်၊ အသက်သွင်းဖို့က အခြေတည်အဆင့် ကျင့်ကြံသူသာ စွမ်းနိုင်တယ်။ အခြေတည်အဆင့် ကျင့်ကြံသူတွေက ကျိုးပဲ့ယိုယွင်းနေတဲ့ဓားကို အရေးမလုပ်သလို၊ ချီစုစည်းခြင်း ကျင့်ကြံသူတွေကျတော့ စျေးကလည်းကြီး၊ သန့်စင်နိုင်စွမ်းလည်း မရှိလို့ မဝယ်ကြဘူး။ ဒီလိုနဲ့ တောင်မရောက်၊ မြောက်မရောက် ဖြစ်နေတဲ့စုန့်ဝမ်လက်ထဲ ရောက်လာတာ။ သူ့ကျင့်ကြံမှုက ချီစုစည်ခြင်းနယ်ပယ်မှာပဲ ရှိသေးပေမယ့်၊ ဝိညာဥ်စွမ်းအင်က အခြေတည်အဆင့် ရောက်နေပြီလေ။ ဝိညာဥ်လက်နက် သန့်စင်တာ၊ အသက်သွင်းတာက ဝိညာဥ်စွမ်းအင်နဲ့ လုပ်ရတာဆိုတော့ အသုံးချလို့ ရသွားတယ်။ အရင်က သံချေးတက်နေတဲ့ ဓားကျိုးက သန့်စင်ပြီးချိန်မှာ မှန်လိုတောက်ပပြီး အေးစက်စက် အလင်းဓာတ် ဖြာထွက်နေပြီ။ ဒီဓားက အဆင့်မြင့်ဝိညာဥ်လက်နက်ပီပီ ဝိညာဥ်စွမ်းအားနဲ့ ထိန်းချုပ်စေစားနိုင်လို့ အနီးကပ်တိုက်ခိုက်ဖို့ အားမသန်သလို၊ ဓားပညာ မကျွမ်းကျင်တဲ့ စုန့်ဝမ်အတွက် အရမ်းအဆင်ပြေတယ်။ ဒီဓားကို အေးခဲလဓားလို့ နာမည်ပေးထားတယ်။

နက်နဲယင်စွမ်းအင်ဂိုဏ်းတပည့် သေဆုံးသွားလို့ ဝူလျှို့ ဝမ်းသာသွားပေမယ့် တောအုပ်ထဲက စုန့်ဝမ် ထွက်လာတာ မြင်တော့ တုန်လှုပ်သွားတယ်။ သူက ရန်စစော်ကားဖူးသလို၊ ဒဏ်ရာတွေကြောင့် လက်ရှိအချိန်မှာ ချီစုစည်ခြင်း ပဥ္စမအဆင့်ကိုတောင် အနိုင်ယူနိုင်စွမ်း မရှိဘူးလေ။ နောက်ပြီး ချီစုစည်းခြင်း အဋ္ဌမအဆင့်ရှိသူကို သတ်နိုင်တာ ကြည့်ရင် စုန့်ဝမ်က ပဥ္စမအဆင့် မကနိုင်ဘူးဆိုတာ ရိပ်မိသွားတယ်။ ပဥ္စမအဆင့်ဆို ဘယ်လောက်အငိုက်ဖမ်း တိုက်ခိုက်သည်ဖြစ်စေ တစ်ချက်တည်းနဲ့ သတ်နိုင်မှာ မဟုတ်ဘူး။

အဲဒီမှာ ကျင့်ကြံရင်း ဒဏ်ရာကုစားနေတဲ့ အမျိုးသမီးက ရုတ်တရက် ထပြေးတယ်။ ဒါပေမယ့် ခြေလှမ်းဆယ်လှမ်း မပြည့်ခင် အေးခဲလဓားချက်ကြောင့် ခေါင်းပြုတ်သွားတယ်။

စုန့်ဝမ်က ရှေ့တိုးလာပြီး ဝူလျှို့ခေါင်းကို အုပ်မိုးကိုင်လိုက်တယ်။

“ကျိ .. ကျိယင် .. ငါ့ကို ချမ်းသာပေးပါ။ ငါမှားခဲ့ပါတယ်၊ ရူးမိုက်ပြီး မလုပ်သင့်တာ လုပ် ...”

ဝူလျှို့ စကားတောင် ဆုံးအောင် မပြောလိုက်ရဘဲ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားတယ်။

စုန့်ဝမ်က လက်မှာ ပေကျံနေတဲ့သွေးတွေ သန့်ရှင်းပြီးတာနဲ့ ဝူလျှို့ရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူလိုက်တယ်။ နက်နဲယင်စွမ်းအင်ဂိုဏ်းသားတွေရဲ့ သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကိုလည်း စုပ်ယူခဲ့တယ်။ သိုလှောင်အိတ်နဲ့ အဖိုးတန်ပစ္စည်းတွေလည်း သိမ်းယူတယ်။ ပြီးတာနဲ့ ခြောက်ကပ်နေတဲ့ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်။

ထွက်ခါနီး စပါးအုံးမြွေကြီးတွေဆီ အကြည့်ရောက်သွားပြီး သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူခဲ့တယ်။ တကယ်တော့ သားရဲတွေဆီက သွေးအဆီအနှစ်နဲ့ ဝိညာဥ်ကို စုပ်ယူလို့ ရ၊မရ စမ်းသပ်ဖူးတယ်။ စုပ်ယူလို့ ရပေမယ့် အဆင့်တူလူသားနဲ့ နှိုင်းယှဥ်ရင် သုံးပုံတစ်ပုံလောက်ပဲ ရတယ်။ ဝိညာဥ်လည်း သိပ်မထူးဘူး၊ သန့်စင်ပြီးရင် သုံးပုံတစ်ပုံလောက်ပဲ အကျိုးရတယ်။ အလုပ်ရှုပ်တာနဲ့ မတန်ဘူး။ အခုဟာက လျှို့ဝှက်နယ်မြေဆိုတော့ စုပ်ယူနိုင်သမျှ စုပ်ယူထားရင် မမှားဘူးလို့ တွက်ချက်ပြီး စုပ်ယူခဲ့တာ။

အားလုံးလက်စသတ်ပြီးတာနဲ့ စုန့်ဝမ်လည်း ငှက်လိုက်ဖမ်းရင်း အလုပ်ရှုပ်နေတဲ့ မဟူရာကူကောင်ကို အတင်းပြန်ခေါ်ပြီး အိုအေစစ်တောအုပ်ထဲက ထွက်လာခဲ့တယ်။

...............

All Chapters