ကောင်းကင်ဝိညာဥ်သစ်သီး
Vol. 8 Ch. 88
ရပေမယ့်
ချန်ရှို့မင် လှေပျံကို မော့ကြည့်ရင်း ဆဲဖို့ကြံလိုက်ပေမယ့် မျောက်ဝံဘုရင် လှမ်းပစ်လိုက်တဲ့ သစ်တုံးကြီး ဝင်လာလို့ ဝိညာဥ်အလံ ဝေ့ယမ်းပြီး ရိုက်ချလိုက်ရတယ်။
“ဖြောင်း ..”
သစ်တုံးက တစ်စစီ ဖြစ်သွားပေမယ့် ကြီးမားတဲ့လက်သီးဆုပ်ကြီး မြှောက်ရင်း ခုန်ဝင်လာတဲ့ မျောက်ဝံဘုရင်ကို မြင်လိုက်ရလို့ ချန်ရှို့မင် မျက်နှာပျက်သွားတယ်။ သူက ကျင့်ကြံသူအများစုလိုပဲ ရုပ်ပိုင်းသန်မာဖို့ ခန္ဓာကိုယ်ကျင့်ကြံမှုကျင့်စဥ် လေ့ကျင့်တာမျိုး မရှိဘူး။ မျောက်ဝံဘုရင်ခွန်အားနဲ့ ထိပ်တိုက်ရင်ဆိုင်ရင် လူသားပျော့ဖတ်ဖြစ်ရုံပဲ ရှိမယ်။ ရှောင်ချိန်လည်း မရတော့လို့ ဝိညာဥ်အလံ ဝေ့ယမ်းပြီး ဝှက်ဖဲဖြစ်တဲ့ နွားခေါင်းတစ္ဆေကို ထုတ်သုံးလိုက်ရတယ်။
မျောက်ဝံဘုရင်လည်း ချန်ရှို့မင်အစား သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ နွားခေါင်းတစ္ဆေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ခိုက်လိုက်ရတယ်။ နွားခေါင်းတစ္ဆေက အရပ် ၁၀ ပေ မြင့်ပြီး၊ တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်၊ ၃ ပေအရှည်ရှိ ဦးချိုတစ်စုံ ပါဝင်နေလို့ မျောက်ဝံဘုရင် အားစိုက်တိုက်ခိုက်နေရတယ်။ ချန်ရှို့မင်က ဝင်မတိုက်ဘူး၊ တိုက်ပွဲအခြေအနေကို အကဲခတ်တယ်။ သူတို့အုပ်စု စုစုစည်းစည်း ခုခံနေချိန်က မျောက်ဝံအုပ်စုကို ခုခံနိုင်ပေမယ့်၊ တကွဲတပြားစီ ဖြစ်သွားတာနဲ့ ရှုံးနိမ့်လုနီးနီး ဖြစ်နေပြီ။ အလှမ်းကွာဝေးကုန်လို့ ပြန်စုစည်းဖို့ မလွယ်တော့ဘူး။ ဝင်ရှုပ်တဲ့ အလောင်းနတ်ဆိုးဂိုဏ်းသားက ဒီလောက်နဲ့ ရပ်မှာ မဟုတ်ဘူး။ ချန်ရှို့မင် ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး ဝိညာဥ်အလံကို ဝေ့ယမ်းရင်း အနက်ရောင်မြူခိုးတွေ ထုတ်လွှတ် အကာအကွယ်ယူပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။ မျောက်ဝံတွေလည်း မြူခိုးတွေကြောင့် မတားလိုက်နိုင်သလို၊ ဘယ်လိုက်ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ပဲ ဒေါသကို ကျန်ခဲ့တဲ့ နက်နဲယင်နတ်ဆိုးဂိုဏ်းသားတွေဆီ ပုံချပြီး အမဲဖျက်ကြပါတော့တယ်။
မျောက်ဝံဘုရင်က နွားခေါင်းတစ္ဆေကို အနိုင်ယူပြီးချိန် ကောင်းကင်ဝိညာဥ်သစ်သီးရှိရာဆီ ကောင်းကင်ယံက သံကြိုးတစ်ချောင်း ကျလာတာ မြင်လိုက်ရလို့ ဒေါသတကြီး အော်ဟစ်ရင်း အပင်ဆီ အပြေးပြန်လာတယ်။
“ဂရား ..”
ဝူစွေ့လည်း ကောင်းကင်ဝိညာဥ်သစ်သီးကို သံကြိုးနဲ့ ရစ်ပတ် ဆွဲဖြုတ်ယူပြီး အမြန်ဆွဲတင်နေတယ်။ မျောက်ဝံဘုရင်ကလည်း အားကုန်ခုန်တက်ရင်း သံကြိုးကို လှမ်းဆွဲဖို့ ကြိုးစားတယ်။ သံကြိုးကို ပြန်ရုပ်နေပေမယ့် မလွတ်နိုင်တာ ရိပ်မိသွားတဲ့ ဝူစွေ့က ခါးမှာချိတ်ထားတဲ့ အလောင်းရုပ်သေးအိတ်ကနေ ချီစုစည်းခြင်း နဝမအဆင့် အလောင်းရုပ်သေးကို ထုတ်ယူလိုက်တယ်။ အလောင်းရုပ်သေးလည်း အပြင်ရောက်တာနဲ့ မျောက်ဝံဘုရင်ဆီ တရှိန်ထိုး ခုန်ဝင်တိုက်ခိုက်ခဲ့တယ်။
မျောက်ဝံဘုရင်လည်း ကောင်းကင်ဝိညာဥ်သစ်သီးကို မိလုဆဲဆဲ အလောင်းရုပ်သေးရဲ့ ရှည်လျားချွန်ထက်တဲ့ လက်သည်းတွေ သူ့ဦးခေါင်းဆီ တိုးဝင်လာတာ မြင်လိုက်ရလို့ လက်ပြန်ရုပ်ပြီး အသည်းအသန် ကာကွယ်လိုက်ရတယ်။
“ဝုန်း ..”
ပြင်းထန်ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ အလောင်းရုပ်သေး အဝေးကို လွင့်စင်သွားတယ်။ မျောက်ဝံဘုရင်လည်း မြေပြင်ပေါ် ဖင်ထိုင်ကျသွားတယ်။
မျောက်ဝံဘုရင်လည်း လူးလဲထရင်း ကြံရာမရတဲ့အဆုံး လူတစ်ဖက်အရွယ် ကျောက်တုံးကြီးကို ကောက်ယူပြီး လှေပျံဆီ အားကုန်လွှဲပစ်လိုက်တယ်။ ဝူစွေ့က နှာခေါင်းတစ်ချက်ရှုံ့ရင်း သံကြိုးကို လှုပ်ခါလိုက်တာ သံကြိုးက မြွေလိမ်မြွေကောက် လှုပ်ယမ်းပြီး ကျောက်တုံးကို ရိုက်ခွဲသွားတယ်။ အသက်တစ်ရှိုက်စာအတွင်း ဝူစွေ့က သံကြိုးကို ပြန်သိမ်းပြီး ကောင်းကင်ဝိညာဥ်သစ်သီးကို သိမ်းယူလိုက်တယ်။ လွင့်စင်သွားတဲ့ အလောင်းရုပ်သေးကိုလည်း ပြန်ခေါ်ယူပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်တယ်။
အဲဒီအချိန်မှာပဲ နက်နဲယင်စွမ်းအင်ဂိုဏ်းသားတွေကို သတ်ပြီးတဲ့ မျောက်ဝံအုပ်ကြီးကပါ လှေပျံကို သစ်တုံးတွေ၊ ကျောက်တုံးတွေနဲ့ ဝိုင်းပေါက်ကြတယ်။ လိုချင်တာ ရသွားတဲ့ဝူစွေ့က မျောက်ဝံတွေနဲ့ တိုက်ခိုက်ဖို့ စိတ်ကူးမရှိတာကြောင့် လှေပျံကို ကျွမ်းကျွမ်းကျင်ကျင် ရှောင်တိမ်းမောင်းနှင်ရင်း ထွက်ခွာလာခဲ့တယ်။ မျောက်ဝံအုပ်ကြီးက အော်ဟစ်ရင်း ပြေးလိုက်ပေမယ့် သိပ်မကြာခင် မျက်ခြေပြတ် ကျန်ခဲ့ကြတယ်။ သူတို့က ပျံသန်းနိုင်တဲ့သားရဲမှ မဟုတ်တာ။
စုန့်ဝမ် ဖြစ်စဥ်တလျှောက် ဝူစွေ့ကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာ။ ဝူစွေ့ခါးမှာ အလောင်းရုပ်သေးသိုလှောင်အိတ် ၂ လုံး ချိတ်ထားတယ်။ ဒါက အလောင်းရုပ်သေး ၂ ကောင် ပိုင်ဆိုင်ပြီး၊ ခွန်အားအဆင့် ကွာခြားတဲ့သဘောပဲ။ ခွန်အားကွာတဲ့ အလောင်းရုပ်သေး ၂ ကောင် အတူထားရင် အားကောင်းတဲ့ကောင်က အားနည်းတဲ့ကောင်ဆီက စွမ်းအင်ကို စုပ်ယူတတ်လို့ ခွဲခြားသိမ်းဆည်းရတာ။
ကောင်းကင်ဝိညာဥ်သစ်သီး ၂ လုံးကို အားစိုက်မထုတ်ရဘဲ ရလာလို့ ဝမ်းသာနေတဲ့ ဝူစွေ့က စုန့်ဝမ်ကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံလာတယ်။
“ဂိုဏ်းတူညီကျိယင် .. ဒီတစ်ခါ မင်းစွမ်းဆောင်ချက်လည်း ပါတယ်။ ဂိုဏ်းကို ပြန်ရောက်ရင် ထိုက်ထိုက်တန်တန် ဆုချမယ်”
“ဂိုဏ်တူအကိုက ချီးမွန်းလွန်းနေပါပြီ။ ကျနော်က ဘာတစ်ခုမှ မလုပ်ပေးနိုင်ခဲ့လို့ လက်မခံဝံ့ပါဘူး”
“ရသင့်တဲ့ဆု ရရမှာပေါ့ .. မင်းရဲ့ကျင့်ကြံမှုက နိမ့်ကျပေမယ့် ဥာဏ်ရည်ဥာဏ်သွေးက အတော်ကောင်းတယ်”
စုန့်ဝမ်လည်း ဆက်မပြောတော့ဘဲ အသာငြိမ်ရင်း အတွေးနယ်ချဲ့နေတယ်။ ဝူစွေ့ရဲ့ အနက်ရောင်သံကြိုးက အားကောင်းလွန်းတယ်။ အဆင့်မြင့်ဝိညာဥ်လက်နက်လားပဲ၊ အတိုအရှည်ကို အတွေးတစ်ချက်နဲ့ ချိန်ညှိနိုင်သလို တိုက်စစ်ရော၊ ခံစစ်ပါ အသုံးဝင်တယ်။ ဒီအနက်ရောင်သံကြိုးသာ မပါရင် ကောင်းကင်ဝိညာဥ်သစ်သီးကို လွယ်လွယ်ကူကူ ရမှာ မဟုတ်ဘူး။ စုန့်ဝမ်က ကောင်းကင်ဝိညာဥ်သစ်သီး ပေါက်ရောက်တဲ့နေရာမှာ အန္တရာယ် ကြီးကြီးမားမား ရှိနေပြီး၊ သူကျော်ဖြတ်နိုင်စွမ်း မရှိတာ သိတယ်။ ဒါကြောင့် ဝူစွေ့ကို တွေ့တာနဲ့ အရဲစွန့် ချဥ်းကပ်ခဲ့တာ။ အမျိုးအမည်မသိ အန္တရာယ်ပေါင်းစုံ ရင်ဆိုင်မယ့်အစား၊ ဝူစွေ့ဆီက ရယူဖို့ ကြိုးစားတာက အလားအလာ မဆိုစလောက် ပိုများတယ်လေ။
ဝူစွေ့ကို လုပ်ကြံဖို့က အပြောလွယ်ပေမယ့် အလုပ်ခက်တယ်။ သူ့ဆီမှာ အသက်ကယ်ဝှက်ဖဲတွေ ရှိနိုင်သလို၊ အဘိုးဖြစ်သူက ရွှေအမြုတေဘိုးဘေး ဖြစ်နေပြန်တယ်။ တစ်ချက်တည်းနဲ့ အသေသတ်မှကို ဖြစ်မှာ။ စုန့်ဝမ် ချိန်ဆရင်း အေးခဲလဓားကို အသင့်ပြင်ထားသလို၊ အလောင်းရုပ်သေး ၂ ကောင်ပါ ထုတ်ယူဖို့ ပြင်ဆင်နေပြီ။ လက်ရှိ ထုတ်ဖော်ထားတဲ့ ချီစုစည်ခြင်း ပဥ္စမအဆင့်ကနေ ဖိနှိပ်ထားတဲ့ နဝမအဆင့်အင်အားကို ပြောင်းလဲထုတ်ဖော် တိုက်ခိုက်ရမှာဖြစ်လို့ ဝူစွေ့ ပေါ့ပေါ့ဆဆ ဖြစ်မယ့်အချိန်ကို တွက်ဆနေရတယ်။
စုန့်ဝမ် စတိုက်ခိုက်ဖို့ စက္ကန့်ပိုင်းအလိုမှာ လှေပျံက ရုတ်တရက် ဘယ်ဘက်ကို ချိုးကွေ့ပြီး မြေပြင်ပေါ် အရှိန်နဲ့ ဆင်းသွားတယ်။ စုန့်ဝမ် ထိတ်လန့်သွားပြီး တိုက်ခိုက်မယ့်အကြံ စွန့်လွှတ်လိုက်ရတယ်။ ရှေ့ကို လှမ်းကြည့်တော့ ခပ်လှမ်းလှမ်း မြေပြင်မှာ အလာခရီးက လှေပျံပေါ်မှာ ဝူလျှို့နဲ့ စကားပြောနေတဲ့ ညို့ငင်ဆွဲဆောင်မှုအားကောင်းသူ အမျိုးသမီးကို တွေ့လိုက်တယ်။ စုန့်ဝမ် ကိုယ့်ကိုယ်ကို ကျိန်ဆဲမိလိုက်တယ်၊ ဝူစွေ့ကို သတ်ဖြတ်ဖို့ အာရုံစိုက်လွန်းပြီး ပတ်ဝန်းကျင်ကို သတိမမူမိခဲ့ဘူး။ ခုနက လှုပ်ရှားလိုက်မိရင် ဒီမိန်းမက မြင်သွားမှာ သေချာတယ်။ သူသာ ဝင်မစွက်ဖက်ဘဲ ဂိုဏ်းကို ပြန်ရောက်မှ ဝူလျှို့အဘိုးကို သတင်းပို့လိုက်ရင် ကိုယ်ကျိုးနည်းပြီပဲ။ စုန့်ဝမ်အတွေးထဲ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ လူမဆန်တဲ့ အပြစ်ပေးနည်းတွေ မြင်ယောင်ပြီး ကျောချမ်းသွားတယ်။ နောက်ဆို ပတ်ဝန်းကျင်ကို သတိလက်လွတ် လျစ်လျူရှုလို့ မဖြစ်ချေဘူး။
ဝူစွေ့က အမျိုးသမီးနားအရောက် လှေပျံကို ရပ်တန့်ပြီး ခုန်ဆင်းရင်း နှုတ်ဆက်လိုက်တယ်။
“ဂိုဏ်းတူညီမယင်နီ .. မင်းကို ဒီမှာ တွေ့ရမယ်လို့ ထင်မထားဘူး”
ယင်နီဆိုသူ မိန်းမချောကလည်း အရိုအသေပြုရင်း ညို့ငင်အားပြင်းတဲ့အပြုံးနဲ့ ပြုံးပြရင်း ပြန်နှုတ်ဆက်တယ်။
“ဂိုဏ်းတူအကိုဝူကိုလည်း တွေ့ရဖို့ မမျှော်လင့်ခဲ့မိဘူး။ ဒီလျှို့ဝှက်နယ်မြေက ထင်တာထက် အန္တရာယ် များတယ်။ ဂိုဏ်းတူအကိုလို စွမ်းအားကြီးသူနဲ့ တွေ့မှပဲ လုံခြုံမှုရှိသလို ခံစားရတော့တယ်”
ဒီမိန်းမ ဝူစွေ့ကို တောက်တဲ့ကပ် ကပ်တော့မှာပဲလို့ တွေးမိပြီး စုန့်ဝမ် စိတ်ညစ်သွားတယ်။ သူထင်တဲ့အတိုင်းပဲ၊ ဝူစွေ့လည်း လုံးဝကို ဖမ်းစားခံလိုက်ရတယ်။ ရင်ဘတ်ကို လက်နဲ့ပုတ်ပြီး ဂုဏ်ယူဝင့်ကြွားမှု အပြည့်နဲ့ အာမခံတယ်။
“စိတ်ချ .. ငါဝူစွေ့ ရှိနေသရွေ့ မင်းကို ဘယ်သူမှ ထိိခုက်အောင် လုပ်ခွင့်မပြုဘူး။ လာ .. ငါ့လှေပျံနဲ့ လိုက်ခဲ့”
ယင်နီက လှေပျံကို လှမ်းကြည့်ရင်း အံသြသွားဟန်လေးနဲ့ မေးလာတယ်။
“အယ် .. အကိုနဲ့အတူ အဖော်ပါလာသေးတာလား”
“အော် .. သူလား၊ သူက ကျိယင်လို့ခေါ်တဲ့ ဂျူနီယာတစ်ယောက်ပါ။ ကျင့်ကြံမှုအဆင့် နိမ့်ပေမယ့် ဥာဏ်ထက်လို့ အသုံးဝင်တာနဲ့ ခေါ်လာတာ။ ဂိုဏ်းတူညီမ အဆင်မပြေဘူးဆိုရင် သူ့ကို နေခဲ့ခိုင်းလိုက်မယ်”
“အို . မဟုတ်တာ၊ သူလည်း ဂိုဏ်းတူတပည့်ပဲလေ။ အချင်းချင်း ဖေးမကူညီရမှာပေါ့။ ဂိုဏ်းတူအကိုက သဘောထားကြီးမှတော့ ညီမလည်း သဘောထားကြီးရမှာပေါ့”
“ဟဲ ဟဲ .. ဟုတ်တာပေါ့။ ကဲပါ .. တက်တော့”
ဒီလိုနဲ့ သုံးယောက်သား လှေပျံစီးနင်းရင်း ခရီးဆက်ခဲ့တယ်။ ဝူစွေ့နဲ့ ယင်နီတို့ စကားလက်ဆုံ ပြောမကုန်ဖြစ်နေချိန် စုန့်ဝမ်က ဥာဏ်နီဥာဏ်နက် ထုတ်နေတယ်။ ကံကြမ္မာက ဝူစွေ့ဘက်များ လိုက်နေသလားပဲ။ သေခါနီး စက္ကန့်ပိုင်းလေးမှာမှ အလှည့်အပြောင်း ဖြစ်သွားတယ်။ ဒီကြားထဲ ချီစုစည်းခြင်း နဝမအဆင့်ရှိသူ ယင်နီပါ လှေပျံပေါ် ထပ်ရောက်လာတော့ ဘာမှကို လုပ်မရတော့ဘူး။ တိုက်ပွဲအတွေ့အကြုံ နည်းပါးလွန်းတာကြောင့် ဘယ်လိုပဲ စဥ်းစားစဥ်းစား နှစ်ယောက်လုံးကို တပြိုင်တည်း လုပ်ကြံဖို့ ဘာနည်းလမ်းမှ ထွက်မလာဘူး။ ကောင်းကင်ဝိညာဥ်သစ်သီးကို တွေ့နေရဲ့သားနဲ့ လက်လွှတ်ရဖို့ များနေတာကြောင့် စုန့်ဝမ် လဒမှိုင် မှိုင်နေတယ်။ လှေပျံရှေ့မှာ အတူထိုင်ရင်း စကားဖောင်ဖွဲ့နေတဲ့ နှစ်ယောက်ကတော့ သူ့ကို သတိမထားမိကြဘူး။ စုန့်ဝမ်အနေနဲ့ ယင်နီနဲ့ အနီးကပ်နေရလို့ သတိထားနေရတယ်။ ယင်နီက အရင်နဲ့ မတူတော့ဘူး၊ ညို့ငင်ဆွဲဆောင်ပညာကို အဆင့်တစ်ခုထိ အောင်မြင်ထားပုံ ရတယ်။ ချီစုစည်းခြင်း ပဥ္စမအဆင့်လေးက သူ့လွှမ်းမိုးမှု မခံရဘူးဆိုရင် ဝူစွေ့က သံသယဝင်သွားနိုင်တယ်။ ယင်နီကို ကြည့်နေရင်း သူ့လက်စွပ်ကို စုန့်ဝမ် သတိထားမိသွားတယ်၊ လက်စွပ်က အပြာရောင်လေး၊ ပုံမှန်လက်စွပ်တွေနဲ့ မတူသလိုပဲ။
ယင်နီက စကားပြောနေရင်း ဝူစွေ့ ရည်မှန်းချက်ကို သိချင်လာတယ်။
“ဂိုဏ်းတူအကိုဝူ .. အခု ဘယ်ကိုသွားမလဲ”
“သိမ်းငှက်သက်ဆင်းတောင်ကြား”
ဝူစွေ့က သူ့ရည်မှန်းချက်ဖြစ်တဲ့ ကျောက်စိမ်းသလင်းမြက်ကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ တောင်ကြားက ဒီနေရာနဲ့ဆို မိုင် ၂၀၀၀ ကျော် ဝေးသေးလို့ လှေပျံနဲ့တောင် အချိန်ယူရဦးမယ်။
ညရောက်ပေမယ့် ဝူစွေ့က မရပ်မနား ဆက်ပျံသန်းနေတယ်။ ခဏနေတော့ ယင်နီက ဝူစွေ့ပေါင်ပေါ် တက်ထိုင်လိုက်တယ်။ ဝူစွေ့လက်ကလည်း ဘယ်အငြိမ်နေပါတော့မလဲ၊ သယမ်းပြီပေါ့။ ယင်နီနှုတ်ခမ်းဖျားက မပီမသ ညည်းတွားသံလေးတွေ ခပ်တိုးတိုး ထွက်လာတယ်။ လှေပျံထဲ အတူထိုင်နေရတဲ့ စုန့်ဝမ် အခုမှ ဒုက္ခရောက်ပြီ၊ စိတ်ကို မနည်းထိန်းနေရတယ်။ နှစ်ယောက်လုံးကို ထသတ်ချင်စိတ် ပေါက်လာပေမယ့် မလုပ်မိအောင် ထိန်းထားရတယ်။ နှစ်ယောက်လုံးက ချီစုစည်းခြင်း နဝမအဆင့် ဖြစ်သလို၊ ဝူစွေ့ရဲ့ အနက်ရောင်သံကြိုးက အတွေးတစ်ချက်နဲ့ လိုသလို လှုပ်ရှားတိုက်ခိုက်နိုင်လို့ အန္တရာယ် အရမ်းကြီးတယ်။ ညသန်းခေါင်လောက်အရောက် ဝူစွေ့နဲ့ ယင်နီ အရှိန်သေမှပဲ စုန့်ဝမ် လောကငရဲက လွတ်သွားတယ်။
မနက်ရောင်နီပေါ်ပြီး မိုးသောက်ချိန်ရောက်တော့ လှေပျံလည်း သိမ်းငှက်သက်ဆင်းတောင်ကြားနား ရောက်လာတယ်။ တောင်ကြားက ကြီးမားတဲ့ တောင်ကြီးနှစ်လုံးကြားမှာ တည်ရှိတဲ့ ရှည်လျားပြီး အဆုံးရှိပါ့မလား ထင်ရအောင် နက်ရှိုင်းတဲ့ ချောက်ကြီးတစ်ခု ဖြစ်နေတယ်။ တောင်ကြားဆိုတာထက် ချောက်ကမ်းပါးလို့ ခေါ်တာကမှ ပိုမှန်လိမ့်မယ်။
“ဂရီး”
ကျယ်လောင်တဲ့အော်သံနဲ့အတူ ချောက်ကမ်းပါးထဲက လင်းယုန်ကြီးတစ်ကောင် ပျံတက်လာတာ တွေ့လိုက်ကြရတယ်။ လင်းယုန်က မြင်နေကျနဲ့မတူ အရမ်းကြီးတယ်၊ တောင်ပံတစ်ဖက်စီရဲ့ အလျားတင် ပေ ၃၀ လောက် ရှည်တယ်။ အမွှေးအတောင်တွေကလည်း သတ္ထုရောင် တောက်ပနေတယ်။ ခန္ဓာကိုယ်တစ်နေရာမှာ အမွှေးတွေ ကျွတ်နေပြီး နီရဲတဲ့သွေးတွေ အဆက်မပြတ် စီးကျနေတဲ့ ဒဏ်ရာကြီးတစ်ခု ရှိနေတယ်။ ကြည့်ရတာ တောင်ကြားထဲမှာ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပုံပဲ။ လင်းယုန်က ဒဏ်ရာပြင်းထန်ပေမယ့် ထွက်မသွားဘဲ ပတ်ချာလည် ပျံနေတယ်၊ တောင်ကြားထဲမှာ တန်ဖိုးကြီးတာ တစ်ခုခု ရှိနေမှာ သေချာတယ်။
လင်းယန်ကို ကြည့်ရင်း ယင်နီ့မျက်နှာမှာ စိုးရိမ်ဟန်တွေ ထင်ဟပ်လာတယ်။
“ချီစုစည်းခြင်း နဝမအဆင့် သံတောင်ပံလင်းယုန်ပဲ၊ ဘယ်သူက သူ့ကို ဒီလောက် အထိနာအောင် လုပ်နိုင်တာလဲ”
ဝူစွေ့လည်း မာနကြီးတဲ့အသွင် ပျောက်ကွယ်ပြီး လေးနက်လာပြီ။
“ကြေးနီဖုတ်ကောင်တွေ ဖြစ်မယ်၊ သံတောင်ပံလင်းယုန်ကို အနိုင်ယူနိုင်တာ သူတို့ပဲ ရှိတယ်”