← Chapters

ဝိညာဥ်ဆေးပင်

Vol. 8 Ch. 89

ဝိညာဥ်ဆေးပင်

Vol. 8 Ch. 89

လုကြပြီ

ကျောက်စိမ်းသလင်းမြက်ကို ရယူဖို့က ထင်ထားတာထက် ခက်ခဲကြမ်းတမ်းမယ်ဆိုတာ အားလုံးနားလည်သွားတယ်။ အဲဒီအချိန် စူးရှတဲ့အသံနဲ့အတူ အနက်ရောင် အခိုးအငွေ့တွေ ဖုံးလွှမ်းနေတဲ့ လူတစ်ယောက် လျင်မြန်တဲ့အရှိန်နဲ့ တောင်ကြားထဲက ပြေးထွက်လာပြီး သစ်တောထဲ ဝင်ရောက်ပျောက်ကွယ်သွားတာ တွေ့လိုက်ရပြန်တယ်။ မြန်နှုန်းက အခြေတည်အဆင့်လောက် ရှိတယ်၊ လျှို့ဝှက်နယ်မြေက အခြေတည်အဆင့်ကျင့်ကြံသူ ဝင်မရဘူး၊ ဒါဆို အဲဒီလူက အစွမ်းထက် လှုပ်ရှားမှုနည်းစနစ်တစ်ခု သုံးသွားတာ ဖြစ်မယ်။

သူတို့ထဲမှာ ပြင်ပလောက အတွေ့အကြုံများတဲ့ ယင်နီက ဖြစ်နိုင်ခြေကို ချက်ချင်းစဥ်းစားမိတယ်။

“ဒါ နက်နဲယင်စွမ်းအင်ဂိုဏ်းက ဝိညာဥ်လွတ်မြောက်နည်းစနစ်ပဲ။ ဒီနည်းစနစ်က ဝိညာဥ်ကင်းလှည့်အဖွဲ့ဆိုတဲ့ လက်ရွေးစင်အဖွဲ့ကိုပဲ သင်ပေးတာ။ ဒီလူက ဝိညာဥ်ကင်းလှည့်အဖွဲ့က အဖွဲ့သားဆိုတာ သေချာတယ်”

“ဝေါင်း”

ကျယ်လောင်တဲ့ဟိန်းဟောက်သံကြောင့် စုန့်ဝမ်တို့အုပ်စု အသံလာရာ လှည့်ကြည့်ရင်း မျက်လုံးပြူးသွားတယ်။ အဝတ်မပါ၊ ကြေးနီရောင်အသားအရေနဲ့ ခြောက်ကပ်ကပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ အရပ် ၇ ပေလောက်ရှည်တဲ့ ကြေးနီဖုတ်ကောင် တောင်ကြားထဲက ထွက်လာတာ မြင်လိုက်ရလို့လေ။ ကြေးနီဖုတ်ကောင်ကို ဖုံးလွှမ်းနေတဲ့ ရုပ်အလောင်းစွမ်းအင်က အဝေးကနေ အာရုံခံမိလောက်အောင် အားပြင်းတယ်။

ဒီတစ်ခါတော့ ဝူစွေ့လည်း မျက်နှာပျက်သွားပြီ။ သူ့အကြည့်မှာ မယုံနိုင်တဲ့ ခံစားချက်တွေ ရောပြွန်းနေတယ်။

“သောက်ကျိုးနည်း .. အဲဒါ ဒုတိယအဆင့် ကြေးနီဖုတ်ကောင်ပဲ။ သူ့ခွန်အားက အခြေတည် အစောပိုင်းအဆင့်နဲ့ ညီတယ်။ ဘယ်လို ဖြစ်နိုင်မှာလဲ၊ ဒီလျှို့ဝှက်နယ်မြေက အခြေတည်နယ်ပယ်တွေ ဝင်လို့လည်း မရ၊ ပေါက်ဖွားတာလည်း မရှိဘူး။ အခု ဘာတွေ ဖြစ်ကုန်တာလဲ”

ဝူစွေ့က မယုံနိုင်ဖြစ်ပြီး သေချာအောင် ထပ်အကဲခတ်တယ်။ ခဏနေတော့မှ အဖြစ်မှန်ကို နားလည်သွားတယ်။

“ဒါအစစ်အမှန် ဒုတိယအဆင့် မဟုတ်သေးဘူး။ ခန္ဓာကိုယ်က ဒုတိယအဆင့် ရောက်နေပေမယ့် အလောင်းစွမ်းအင်က ပထမအဆင့်မှာတင် ဖိနှိပ်ခံထားရတယ်။ နယ်မြေနိယာမတွေအရ ဒီထဲမှာ အခြေတည်အဆင့် ပေါက်ဖွားနိုင်စွမ်း မရှိဘူး။ ဒီကောင်က ဒုတိယအဆင့် ကြေးနီဖုတ်ကောင်တစ်ပိုင်းနယ်ပယ်ပဲ ရှိတယ်”

ဝူစွေ့ပြောတော့မှ စုန့်ဝမ်နဲ့ ယင်နီ သဘောပေါက်သွားတယ်။ ကြေးနီဖုတ်ကောင်က ရုပ်ခန္ဓာပိုင်းမှာ ဒုတိယအဆင့် ရောက်နေပေမယ့် လျှို့ဝှက်နယ်မြေ နိယာမတွေ ဖိနှိပ်တာ ခံရလို့ အလောင်းစွမ်းအင်က ပထမအဆင့် အထွတ်အထိပ်မှာ တန့်နေပြီး ဒုတိယအဆင့် မရောက်သေးတာ။ ဒါပေမယ့် အခြေတည်အဆင့်နဲ့ ညီမျှတဲ့ ရုပ်ခန္ဓာအင်အားက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေ ယှဥ်နိုင်တဲ့အရာ မဟုတ်ဘူး။ ပြောရရင် လျှို့ဝှက်နယ်မြေထဲမှာ ဘယ်သူမှ မယှဥ်နိုင်တဲ့ အမြင့်မားဆုံး ဖြစ်တည်မှု ဖြစ်နေပြီ။

ကြေးနီဖုတ်ကောင်က ဘယ်အရာကိုမှ ဂရုမစိုက်ဘူး။ ဝိညာဥ်ကင်းလှည့်သူ ထွက်ပြေးတဲ့နောက်ပဲ ပြေးလိုက်နေတယ်။ သူက လှုပ်ရှားမှုနည်းစနစ်လည်း သိပုံမရဘူး၊ ခွန်အားသက်သက်နဲ့ လိုက်နေတာ။ ဘူဒိုဇာတစ်စင်းလို ရှေ့က မြင်မြင်သမျှ ထုခြေဖြိုခွဲပြီး အပြေးလိုက်သွားတယ်။

ကြေးနီဖုတ်ကောင် ပြေးလိုက်သွားတာနဲ့ မကြာပါဘူး၊ တောင်ကြားထဲက လူရိပ်တွေ ထွက်ပေါ်လာပြီး ကြေးနီဖုတ်ကောင် ပြေးသွားတဲ့လမ်းအတိုင်း လိုက်သွားကြတယ်။ ဝူစွေ့လည်း ဘာဖြစ်နေလဲ မတွေးတတ်တော့တာနဲ့ လူအုပ်ရှေ့ဆုံးနားက ပြေးလွှားလိုက်နေတဲ့ အလောင်းနတ်ဆိုးဂိုဏ်းဝတ်စုံဝတ် ထောင်ထောင်မောင်းမောင်း အမျိုးသမီးဘေးက လိုက်ပါပျံသန်းရင်း စနည်းနာလိုက်တယ်။

“ဂိုဏ်းတူအစ်မချိုးလီ .. တောင်ကြားထဲ ဘာဖြစ်ခဲ့တာလဲ”

ချိုးလီက သွေးလွတ်မြောက်နည်းစနစ်နဲ့ ပြေးလွှားနေရင်း လှေပျံပေါ်က သက်တောင့်သက်တာ စီးနင်းလိုက်ပါနေတဲ့ ဝူစွေ့ကို မနာလိုတဲ့ဟန်နဲ့ မော့ကြည့်တယ်။ ဘာမှတော့ ပြန်မဖြေဘူး၊ အားလုံး ပင်ပင်ပန်းပန်း ပြေးလွှားလှုပ်ရှားနေရချိန် နောက်ခံတောင့်တဲ့သခင်လေးတွေက သာသာယာယာ သွားလာနိုင်နေတာ စိတ်တိုစရာပဲ မဟုတ်လား။

ဝူစွေ့က ချိုးလီ သဘောထားကို ရိပ်မိလို့ မက်လုံးပေးပြီး စည်းရုံးဖို့ ကြံလိုက်တယ်။

“ချိုးလီ .. မင်းတစ်ယောက်တည်း ဒုတိယအဆင့် ကြေးနီဖုတ်ကောင်ကို ကိုင်တွယ်နိုင်မယ် ထင်နေတာလား။ ငါနဲ့ ယင်နီပါဆို သုံးယောက် ပူးပေါင်းရင် ရင်မဆိုင်နိုင်တာ ဘာရှိမှာလဲ။ အကျိုးကျေးဇူးကို ညီတူညီမျှ ခွဲယူမယ်လေ”

ဝူစွေ့စကားကြောင့် စုန့်ဝမ် စိုးရိမ်သွားတယ်။ ချီစုစည်းခြင်း ပဥ္စမအဆင့်ပဲ ထုတ်ပြထားတဲ့သူ့ကို ဝူစွေ့က စာရင်းမသွင်းတာ သဘာဝကျပါတယ်။ စုန့်ဝမ်ကတော့ ကောင်းကင်ဝိညာဥ်သစ်သီး အရယူဖို့ ဘာပဲလုပ်ရလုပ်ရဆိုတော့ ဝူစွေ့နားက ခွာဖို့ မစဥ်းစားဘူး။

ချိုးလီလည်း ဝူစွေ့စကားက ကျိုးကြောင်းဆီလျော်တာ နားလည်လို့ စိတ်လျှော့လိုက်တယ်။

“နင့်စကားတည်ဖို့ မျှော်လင့်တယ်။ ဝိညာဥ်ကင်းလှည့်သူက သံတောင်ပံလင်းယုန်နဲ့ ကြေးနီဖုတ်ကောင် တိုက်ခိုက်နေချိန် သူ့အမြန်နှုန်းကို အသုံးချပြီး ကျောက်စိမ်းသလင်းမြက် ၃ ပင်လုံး ခိုးပြေးသွားပြီ”

“ဘာ .. အဲဒီ ၃ ပင်ပဲ ရှိတာလား၊ ဒီကောင် အကုန်မသွားလား”

“အေး ဟုတ်တယ်၊ သူ့ကို ဖြတ်တောက်ပိတ်ဆို့ဖို့ နည်းလမ်းရှာ၊ ဒီတိုင်း လိုက်နေလို့ကတော့ ဝိညာဥ်လွတ်မြောက်နည်းစနစ်နဲ့ဆို လိုက်မီမှာ မဟုတ်ဘူး”

ဝူစွေ့လည်း ဆက်မေးမနေတော့ဘဲ မန္တန်တွေ ရွတ်ဖတ်ရင်း လှေပျံကို အရှိန်အမြင့်ဆုံးထိ မြှင့်တင်လိုက်တယ်။ လှေပျံလည်း သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းထားတဲ့ ချိုးလီထက် နှစ်ဆလောက် ပိုမြန်တဲ့နှုန်းနဲ့ တဟုန်ထိုး ပျံသန်းသွားတယ်။ ဝူစွေ့မှာ ဝိညာဥ်လွတ်မြောက်နည်းစနစ်နဲ့ ပြေးတဲ့သူကို ခြေရာခံဖို့ နည်းလမ်း မရှိပေမယ့်၊ ကြေးနီဖုတ်ကောင်မှာ ရှိနေပုံ ရတယ်။ သူက ဝိညာဥ်ကင်းလှည့်သူနောက် တောက်လျှောက်လိုက်နေတာ။ ဝူစွေ့လည်း ကြေးနီဖုတ်ကောင် ပြေးလွှားသွားလို့ အပျက်အစီးတွေ ပုံနေတဲ့လမ်းကြောင်းအတိုင်း လိုက်ခဲ့တယ်။

စုန့်ဝမ်က လှေပျံရဲ့ အမြန်နှုန်းကို အံအားသင့်နေတယ်။ ဒီနှုန်းက သူ့လှေပျံထက် သိသိသာသာ ပိုမြန်တယ်။ ရွှေအမြုတေ ကျင့်ကြံသူ ကျောထောက်နောက်ခံ ရှိနေတာ အရမ်းသိသာတဲ့ အားသာချက်ပဲ။

သံတောင်ပံလင်းယုန်ကလည်း ကောင်းကင်အမြင့်ကနေ ခြေရာခံ လိုက်နေတယ်။ ကောင်းကင်မှာ ဘုရင်တစ်ဆူဖြစ်တဲ့ သူ့အမြန်နှုန်းနဲ့ မြင်နိုင်စွမ်းအောက်ကနေ ဘယ်သူမှ လွတ်အောင်မပြေးနိုင်ဘူး။ ခဏနေတော့မှ ကြေးနီဖုတ်ကောင်က သံတောင်ပံလင်းယုန် ပျံသန်းတဲ့လမ်းကြောင်းကတဆင့် ဝိညာဥ်ကင်းလှည့်သူကို ခြေရာခံ လိုက်နေတယ်ဆိုတာ ဝူစွေ့ ရိပ်မိသွားတယ်။

ဝိညာဥ်ကင်းလှည့်သူလည်း သံတောင်ပံလင်းယုန်ကြောင့် အကြပ်ရိုက်နေတယ်။ ဒီကောင် ရှိသရွေ့ ပြေးမလွတ်နိုင်တာ သဘောပေါက်သွားတယ်။

ဝိညာဥ်ကင်းလှည့်သူ ကွင်းပြင်တစ်ခု ဖြတ်ပြေးချိန်မှာ သံတောင်ပံလင်းယုန်က အခွင့်ကောင်းယူပြီး၊ ထိုးစိုက်ချရင်း ဦးခေါင်းကို ကုတ်ဆွဲတိုက်ခိုက်ဖို့ ပြင်လိုက်တယ်။ ဝိညာဥ်ကင်းလှည့်သူလည်း ပြေးမလွတ်တာ ရိပ်မိလို့ အရှိန်လျှော့ပြီး ခုခံလိုက်ရတယ်။ သူ့ခါးက နတ်ဆိုးမွေးမြူအိတ်ကို ပုတ်လိုက်တာနဲ့ မျက်နှာတစ်ခုလုံး မဲနက်နေတဲ့တစ္ဆေတစ်ကောင် ထွက်ပေါ်လာပြီး ထိုးစိုက်ဆင်းလာတဲ့ သံတောင်ပံလင်းယုန်ကို တရှိန်ထိုး ဝင်တိုက်ခိုက်လိုက်တယ်။

ဝိညာဥ်ကင်းလှည့်သူ နည်းနည်းလေး အရှိန်ကျတာနဲ့ ကြေးနီဖုတ်ကောင်က လိုက်မီလာတယ်။ ကြေးနီဖုတ်ကောင် ဘယ်လောက်ကြောက်စရာကောင်းလဲ သိနေလို့ ရင်ဆိုင်ဖို့ စိတ်မကူးဘဲ လမ်းလွှဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဝိညာဥ်ကင်းလှည့်သူက သိုလှောင်အိတ်ထဲ ထည့်ထားတဲ့ ကျောက်စိမ်းသလင်းမြက်တစ်ပင်ကို ထုတ်ယူပြီး ချဥ်းကပ်လာတဲ့ ဝူစွေ့ရဲ့လှေပျံဆီ လှမ်းပစ်လိုက်တယ်။

ကြေးနီဖုတ်ကောင်လည်း ဝိညာဥ်ကင်းလှည့်သူကို ဂရုမစိုက်တော့ဘဲ သူ့အပေါ်က ဖြတ်ပျံသွားတဲ့ ကျောက်စိမ်းသလင်းမြက်ကို ဖမ်းယူဖို့ အားယူခုန်လိုက်တယ်။ ကျောက်စိမ်းသလင်းမှိုကို တွေ့လိုက်ရလို့ ဝူစွေ့ ဝမ်းသာသွားပေမယ့် ကြေးနီဖုတ်ကောင် ခုန်တက်လာတာကြောင့် စိုးရိမ်သွားတယ်။ ချက်ချင်းပဲ အနက်ရောင်သံကြိုး ထွက်ပေါ်လာပြီး ကြေးနီဖုတ်ကောင် ရင်ဘတ်ကို ထိမှန်သွားတယ်။

“ဘုတ်”

ခပ်အုပ်အုပ် အသံနဲ့အတူ အနက်ရောင်သံကြိုးက ကြေးနီဖုတ်ကောင်ရင်ဘတ်ကို မထိုးဖောက်နိုင်ဘဲ ပြန်ကန်ထွက်လာတယ်။ ကြေးနီဖုတ်ကောင်က အရှိန်နည်းနည်း ကျသွားပေမယ့် ကျောက်စိမ်းသလင်းမြက်ကို မိမိရရ ဖမ်းဆုပ်မိသွားပြီး ဝူစွေ့တို့လှေပျံဆီ အရှိန်မပျက် ဆက်တိုးလာတယ်။

ဝူစွေ့လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး လှေပျံကို ပြန်သိမ်းလိုက်တာကြောင့် သုံးယောက်သား လေထဲကနေ ခြေလွတ်လက်လွတ်နဲ့ ပြုတ်ကျသွားတယ်။ ဝူစွေ့နဲ့ ယင်နီက ကြေးနီဖုတ်ကောင်နဲ့ ဝေးရာဘက်ဆီ ပျံသန်းသွားချိန် စုန့်ဝမ်လည်း ရှောင်မယ်အလုပ် အားလှိုင်းတစ်ခုက ကြေးနီဖုတ်ကောင်ဆီ တွန်းပို့တာ ခံလိုက်ရတယ်။ အားလှိုင်းလာရာကြောင့် ဝူစွေ့လက်ချက်ဆိုတာ စုန့်ဝမ် သိလိုက်ရတယ်၊ ဝူစွေ့က သူနဲ့ ယင်နီ ဘေးမသီ ရန်မခ လွတ်မြောက်ဖို့ တမင်ထိုးကျွေးတာပဲ။

“ဒီခွေးသားတော့ကွာ ..”

စုန့်ဝမ် ဝူစွေ့ကို ကျိန်ဆဲလိုက်မိတယ်၊ ဒီကောင်က အကျပ်အတည်း ရင်ဆိုင်ရချိန်မှာ နတ်ဆိုးကျင့်ကြံသူစိတ်ဓာတ်ကို ပြသွားတာပဲ။ ကြေးနီဖုတ်ကောင်က လက်တစ်ဖက်မှာ ကျောက်စိမ်းသလင်းမြက် ကိုင်စွဲရင်း နောက်တစ်ဖက်က လက်သည်းရှည်ကြီး တယမ်းယမ်းနဲ့ ခုန်ပျံဝင်လာပေမယ့် စုန့်ဝမ် သိပ်စိတ်မပူဘူး။ သွေးစတေးပညာ ထုတ်သုံးပြီး ကျဆင်းနှုန်းကို အရှိန်မြှင့်လိုက်တယ်

“ဗုန်း”

တရှိန်ထိုး ပြုတ်ကျသွားတဲ့စုန့်ဝမ် ကြေးနီဖုတ်ကောင်လက်က လွတ်သွားပေမယ့် မြေကြီးထဲ ဆယ်ပေလောက် နစ်ဝင်သွားတယ်။ ကိုယ်ခန္ဓာကျင့်ကြံသူဖြစ်လို့သာ တော်ရော့တယ်၊ မဟုတ်ရင် ကျိုးကန်းကုန်မှာ။ မြေပြင်ပေါ် ရောက်တာနဲ့ စုန့်ဝမ် အချိန်မဆွဲရဲဘူး။ သွေးလွတ်မြောက်နည်းစနစ်အပြင် မြန်နှုန်းမြင့်အဆောင်ပါ ထပ်အသက်သွင်းပြီး အဝေးက တောအုပ်ဆီ ခြေကုန်သုတ်ပြေးပြီး ပုန်းအောင်းပါတော့တယ်။

ဖုတ်ကောင်လည်း သူ့ရှေ့ကသားကောင် ရုတ်တရက် ပျောက်သွားလို့ အူကြောင်ကြောင် ဖြစ်သွားပြီး မြေပြင်ပေါ် ခြေချမိတာနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေတယ်။ အသက်မရှိတဲ့ အလောင်းကောင်ဆိုတော့ စဥ်းစားဥာဏ်လည်း မရှိသလောက် နည်းပါးလို့ ဘယ်ရောက်သွားလဲဆိုတာ မရှာတတ်တော့ဘူး။

ဝူစွေ့နဲ့ ယင်နီက ဝိညာဥ်ကင်းလှည့်သူနဲ့ ခပ်လှမ်းလှမ်းမှာ ဆင်းလာကြတယ်။ ဝူစွေ့လည်း အဝေးက မြေပြင်ပေါ်မှာ ရပ်ပြီး ယောင်တောင်တောင်ဖြစ်နေတဲ့ ကြေးနီဖုတ်ကောင်ကို တွေ့လိုက်ရတော့ အံအားသင့်သွားတယ်။

“ကျိယင် ဘယ်ရောက်သွားတာလဲ”

ယင်နီလည်း အံအားသင့်သွားတယ်။ ချီစုစည်းခြင်း ပဥ္စမအဆင့်က ဘယ်လိုလုပ်ပြီး ကြေးနီဖုတ်ကောင်လက်က လွတ်သွားလဲဆိုတာ တွေးမရဖြစ်နေတယ်။

“ဘယ်လိုလုပ်ပြီး လွတ်သွားတာလဲ၊ မဖြစ်နိုင်တာ”

ဝူစွေ့ ခေါင်းယမ်းလိုက်တယ်။

“မသိဘူး၊ ကံကောင်းလွန်းလို့လား၊ သက်ကယ်အဆောင်မျိုး ရှိနေတာလား။ တစ်ခုခုတော့ တစ်ခုခုပဲ”

စကားပြောနေပေမယ့် နှစ်ယောက်သား ဝိညာဥ်ကင်းလှည့်သူဆီ အပြေးသွားနေကြတယ်။ ဝိညာဥ်ကင်းလှည့်သူက ချီစုစည်းခြင်း နဝမအဆင့်တစ္ဆေကို အသုံးချပြီး သံတောင်ပံလင်းယုန်ကို ခုခံရင်း ကျောက်စိမ်းသလင်းမြက်တစ်ပင် လွှင့်ပစ်ပြီး ကြေးနီဖုတ်ကောင်ကို အဝေးထွက်သွားအောင် လုပ်လိုက်ရတယ်။ သူထွက်ပြေးဖို့ ပြင်လိုက်ချိန် အနက်ရောင်သံကြိုးတစ်ချောင်း ကျရောက်လာပြီး ပြေးလမ်းပိတ်တာ ခံလိုက်ရတယ်။

“ဝိညာဥ်ကင်းလှည့်သူ .. ငါက အလောင်းနတ်ဆိုးဂိုဏ်းက ဝူစွေ့ပဲ၊ ငါ့ကို ကျောက်စိမ်းသလင်းမြက် ဝေစုတစ်ဝက် ခွဲပေးရင် ကြေးနီဖုတ်ကောင်ကို ခုခံဖို့ ငါကူညီမယ်”

ဝိညာဥ်ကင်းလှည့်သူက ဝူစွေ့ကို လုံးဝမယုံကြည်ဘူး။ ပေးလိုက်ရင် ဝူစွေ့က လှေပျံနဲ့ ထွက်ပြေးမယ်ဆိုတာ သိသားပြီးသား။ ဝူစွေ့ကလည်း ဒီလူ သူ့ကို မယုံဘူးဆိုတာ ရိပ်မိတယ်၊ ပါးစပ်က ကမ်းလှမ်းနေပေမယ့် သံကြိုးနဲ့ ဝိညာဥ်ကင်းလှည့်သူရင်ဘတ်ကို ထိုးဖောက်ဖို့ ကြိုးစားနေတယ်။

ဝိညာဥ်ကင်းလှည့်သူလည်း အခက်ကြုံနေချိန် အခွင့်ကောင်းယူ တိုက်ခိုက်တာ ခံရလို့ ဒေါသတကြီး ကျိန်ဆဲရင်း ဝိညာဥ်အလံငယ်တစ်ခုနဲ့ ပစ်ပေါက် ကာကွယ်လိုက်တယ်။ သံကြိုးနဲ့ ၃ ပေအကွာမှာ ဝိညာဥ်အလံငယ် ပေါက်ကွဲသွားပြီး ယင်လေပြင်းနဲ့အတူ ချီစုစည်းခြင်း နဝမအဆင့်တစ္ဆေတစ်ကောင် ပေါ်လာတယ်။ သံကြိုးက ယင်လေပြင်းထဲ ရောက်သွားတာနဲ့ တစ္ဆေက လေပြင်းအရှိန်ကို အလိုက်သင့်သုံးပြီး ဖမ်းကိုင်လိုက်တယ်။ ဝူစွေ့လည်း သံကြိုးက ရှေ့ဆက်မတိုးနိုင်လို့ တစ္ဆေကို အထပ်ထပ် ရစ်ပတ်ရင်း အပြတ်ရှင်းဖို့ လုပ်နေရတယ်။

ဝိညာဥ်ကင်းလှည့်သူ ဝမ်းသာသွားတယ်။ အလောင်းနတ်ဆိုးဂိုဏ်း မျိုးဆက်သစ်တွေထဲက နာမည်ကျော်ဝူစွေ့နဲ့ သူ့ဝိညာဥ်လက်နက် အနက်ရောင်သံကြိုးအကြောင်း သိထားပြီးသား။ အနိုင်ယူဖို့ မဖြစ်နိုင်ပေမယ့် ဘယ်လို ထိန်းချုပ်ခုခံရမယ်ဆိုတာ သိတယ်။ အခု ဝူစွေ့ကို ဟန့်တားနိုင်သလို၊ သံတောင်ပံလင်းယုန်နဲ့ ကြေးနီဖုတ်ကောင်လည်း အာရုံမစိုက်နိုင်ချိန် ဖြစ်နေတာကြောင့် အခွင့်အရေးယူပြီး ကိုယ်လွတ်ရုန်းပြေးဖို့ ကြံလိုက်တယ်။ ဝိညာဥ်လွတ်မြောက်နည်းစနစ် အသက်သွင်းမယ်အလုပ် နားထဲကို ကြည်လင်ချိုမြပြီး ဆွဲဆောင်မှုရှိတဲ့အသံလေး ဝင်လာလို့ တုံ့ဆိုင်းသွားတယ်။

“ဝိညာဥ်ကင်းလှည့်သူ .. ဒီမိန်းကလေးမှာ မင်းအတွက် လက်ဆောင်လေးတစ်ခု ရှိတယ်”

အသံနဲ့အတူ ညို့ငင်လွှမ်းမိုးနိုင်တဲ့ရနံ့တစ်မျိုးပါ ပါလာတယ်။ ဖမ်းစားနိုင်လွန်းတဲ့ အသံနဲ့ ရနံ့ကြောင့် ဝိညာဥ်ကင်းလှည့်သူ အရိုးတွေတောင် ပျော်ကျတော့မယောင် ခံစားလိုက်ရပြီး ဝိညာဥ်လွတ်မြောက်နည်းစနစ် အသက်သွင်းဖို့တောင် မေ့သွားတယ်။

…………………

All Chapters